နွေဦးရာသီ ဥသြငှက်ကလေးများ၏ အသံလေးကြောင့် ခင်ဦး ကောင်းကို လွမ်းမိပါတယ်။ဥသြငှက်ကလေးများက သူတို့မိဘကိုမျော်နေသလို ခင်ဦးလည်း ကောင်းအလာကို မျှော်လင့်မိပါသည်။အထွေးလည်း ရွှာပြန်ရောက်နေသလို အကြည်နဲ့လုံးလုံးလည်း ပြန်ရောက်နေတာကြောင့် ပြန်မလာသည့် ကောင်းကို လွမ်းရသလို စိတ်ပူမိရပြန်သည်။
မခင် ကိုကြီးကောင်းတို့ ပြန်ရောက်လာပြီ...မြို့ကကိုကြီးနှစ်ယောက်တောင် ပါလာသေးတယ်...
တကယ်လား မောင်ပိုက်ထွေး...မင်း ငါကောင်းကိုမျှော်နေမှန်းသိလို့ နောက်တာဆိုရင် ငါ ရိုက်မှာနော်...
တကယ်ပြောတာ မယုံရင်နေပေါ့...
တကယ်ဆိုလည်း ပြီးတာပဲ... ဘာလို့ နှုတ်ခမ်းကြီးထော်ထားတာပဲ...အိမ်မှာ ခဏနေပေးနော်.. မခင် မုန့်ဖိုးပေးမယ် သိလား...
ကောင်းပြန်ရောက်နေလို့ မောင်လေးဆီကနေ ကြားတာနဲ့ စက်ချုပ်နေရာက ထလိုက်ပြီး ဖိနပ်ပင်မပါဘဲ ကောင်းတို့အိမ်ဘက်ကို ခင်ဦးအပြုံးတွေနဲ့ ပြေးထွက်လာခဲ့သည်။ကောင်းကို တွေ့ရမယ်ဆိုသည့်အသိက ရင်ခုန်လှုပ်ရှားနေခဲ့တယ်။
အဘယ့်ကြောင့် ဟု သေချာမတွေးနိုင်သော
ပျော်ရွှင်သည့် ခံစား ချက်နှင့်အတူ
ရင်ထဲမှ တမျိုးတမည်မသိ။မျက်နှာလေးမှာ ဝမ်းသာ၍ ပြုံးမိလာလေ၏။
တဖြည်းဖြည်းနှင့် ရွာ မြောက်ပိုင်းလမ်းနှင့်
အနောက်ပိုင်းတို့ စပ်ဆုံ သောလမ်းကွေ့ ကို ရောက်လာခဲ့၏။ဖိနပ်ပင် ပါမလာခဲ့တော့ ခြေဖဝါးလေးများ ကြိမ်းတွနေသော်လည်း ကောင်းကို တွေ့ရတော့မယ် အသိက ကြီးစိုးနေတာဖြစ်လို့ အပြေးလေးပင် မရပ်တန့်ခဲ့ပေ။
ကောင်းတိူ့ အိမ်ကိုတောင်နီးပြီပဲ။ခဏနေ ကောင်းကို ခင်ဦး တွေ့ရတော့မည်။
"ကောင်း...''
မောဟိုက်နေသော အသံနဲ့ သူ့ကိုခေါ်လိုက်ပြီး အသက်ကိုအဝရှုနေသော ခင်ဦးကိုတွေ့တာနဲ့ ကောင်း ခင်ဦးဆီကို ပြေးလာပြီး ပွေ့ဖက်လိုက်တော့သည်။ခင်ဦးကို ဖက်လိုက်တဲ့အခါ စန္ဒကူးရနံ့လေးကြောင့် စိတ်ကြည်လင်သွား၏။ ခင်ဦးပုခုံးသားလေးကို နမ်းလိုက်ပြီး ပို၍ပင်တင်းကြပ်စွာ ဖက်လိုက်တော့သည်။
"တောင်းပန်ပါတယ် ခင်ဦးရယ်...''
တိုးညင်းသော လေသံအေးအေးလေးနဲ့ ကောင်းမှာ ခင်ဦးကို နှစ်ကိုယ်ကြားရုံမျှ တောင်းပန်စကားဆို၏။ကောင်းရဲ့ တောင်းပန်စကားကြောင့် ခင်ဦး ကြောင်သွားရသည်။သို့သော် ကောင်းရဲ့အသံဟာ ဝမ်းနည်းနေသော အသံလေးဖြစ်တာကြောင့် ကောင်းရဲ့ ကျောပြင်လေးကို နှစ်သိမ့်သလိုလေး ပုတ်သတ်လိုက်သည်။
"လွှတ်ပါဦး..ငါအသက်ရှူကြပ်နေပြီ...''
ခင်ဦး အသက်ရှူကြပ်နေပြီပြောလိုက်သော်လည်း ကောင်းက မလွှတ်သေးပါ။ခင်ဦး လွမ်းနေသလို ကောင်းလည်း ခင်ဦး လွမ်းလို့ ဖြစ်မည်ဟု တွေးဆရင်း ခင်ဦး ပြုံးမိပြန်သည်။
"ခဏလေးပါ ခင်ဦးရယ်..ငါလိုချင်တဲ့ အဖြေကို သိချင်လို့ပါ..ခဏလေး သည်းခံပေးနော်.. နင့်ကို ငါက ဘယ်တော့မှ နာကျင်အောင်မလုပ်ဘူးဆိုတာ နင်ယုံမယ်မဟုတ်လား...''
အင်း...
ကောင်းပြောလိုက်သည့်အခါ ခင်ဦး ပြုံးနေဆဲ ။ခင်ဦးနဲ့ကောင်းကို ကြည့်ပြီး ပြုံးစစဖြစ်နေသော ခင်ဦး မမြင်ဖူးတဲ့ လူနှစ်ယောက်ကြောင့် ခင်ဦး ရှက်လာတာနဲ့ ကောင်းကိုတိုးတိုးလေးပြောလိုက်၏။
"ကောင်း လွှတ်တော့ လူတွေကြည့်နေတယ်.. ငါ ရှက်လို့...''
ကောင်း သူ ဖက်ထားသည့် ခင်ဦးကို သူ့ရင်ခွင်ထဲက ဖယ်လိုက်ပြီး ပုခုံးလေး နှစ်ဖက်ကို ဆုပ်ကိုင်ပြီး တည်ကြည်တဲ့အပြုံးနဲ့ ခင်ဦးရဲ့ မျက်ဝန်းတည့်တည့်ကို စိုက်ကြည့်လိုက်ပြီး
"မရှက်ပါနဲ့...နင့်အကြောင်းတွေကို ငါ သူတို့ကို ပြောပြထားပြီး နင်ငါ့ကို ဘယ်လောက်ချစ်လဲဆိုသူတို့သိသလို ငါလည်းနင့်ကို ဘယ်လောက်ချစ်လဲ ဆိုတာ သူတို့သိတယ်..''
"ဟင်...''
ခင်ဦး ကောင်းရဲ့စကားကြောင့် အပြုံးလွင်လွင်လေးနဲ့ မော့ကြည့်လိုက်၏။
"ကောင်း မင်းပြောတဲ့ ခင်ဦးဆိုတာ သူမလေးလား...''
"ဟုတ်တယ်...ခင်ဦး သူတို့နှစ်ယောက်က ငါနဲ့အဆောင်မှာတစ်ခန်းထဲနေတဲ့ သူငယ်ချင်းတွေလေ..ခင်မောင်တိုးနဲ့ထွန်းနိုင်ဦးတဲ့...''
"အင်း...တွေ့ရတာ ဝမ်းသာပါတယ်..ခင်ဦးနာမည်ကို သိနေကြတော့ ခင်ဦးနာမည်မပြောတော့ဘူးနော်..''
ကောင်းနဲ့အတူပါလာတဲ့ သူငယ်ချင်းတွေက မိန်းကလေး မဟုတ်တာကြောင့် ခင်ဦးပျော်သွားတာက အမှန်ပါ ။ကောင်းရဲ့ အချစ်ခံ ကာကွယ်ပေးမှုတွေကို ခင်ဦးအတွက်သာ ဖြစ်ချင်တယ်။ခင်ဦးဘဝ ခင်ဦးချစ်ပေးကာကွယ်တဲ့သူဟာ ကောင်းတစ်ယောက်သာရှိတာကြောင့် ကောင်းကို မြို့မှာ မိန်းကလေးသူငယ်ချင်းလည်းမရှိချင်သလို ချစ်သူမိန်းကလေးလည်း မရှိချင်ပါ။ခင်ဦး အတ္တများကြီးသွား သလား။
ကောင်းရဲ့ မြို့ကပါလာသည့် သူငယ်ချင်းတွေက ခင်ဦးတို့ကို ကောင်းကို ခင်သလို ဖော်ဖော်ရွေရွေလည်း ဆက်ဆံသည်။အကြည်နဲ့လုံးလုံးကိုတော့ သိပုံရတယ် စလိုက်နောက်လိုက်နှင့် ရယ်မောနေသည်။ ခင်ဦး မေ့သွားတာပဲ။အကြည်နဲ့လုံးလုံးကလည်း မြို့မှာကျောင်းတက်နေတာဆိုတော့ ကောင်းသူငယ်ချင်းတွေနဲ့ သိတာမဆန်းပါဘူးလေ။ကျောင်းချင်းမတူသော်လည်း ကျောင်းပိတ်ရက်တွေမှာတော့ တွေ့ကြလို့ သိကြမှာပေါ့လေ။
"ခင်ဦးက ကောင်းပြောပြတာထက်တောင် ပိုချောတယ်ဗျာ...တောစံပယ်အတိုင်းဖြူဖြူစင်စင်လေးပဲ... မာယာများတဲ့ ဆူးနှင်းဆီတို့ထက် လှတယ်...''
"ကောင်းသူငယ်ချင်းတွေက ခင်ဦးကိုမြှောက်တက်သား..ဒါပေမယ့် ခင်ဦးချောသည်လှသည်ဖြစ် မချောမလှသည်ဖြစ်စေ ချီးမွမ်းစကားကို ကြားရလို့ ဝမ်းသာပါတယ်...''
"တကယ်ပြောတာ ခင်ဦး...ခင်ဦးက ယဥ်သကိုအလှလေးပါဗျာ...''
ကောင်း သူ့ကို မခံချင်အောင် ခင်ဦးအလှကို ပါးပစ်အရသာခံပြီး ပြောနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို မကျေနပ်ချေ။ထိုနှစ်ယောက်ကို ပြုံးပြီး စကားပြန်ပြောနေသော ခင်ဦးကို စိတ်ဆိုးချင်သည်။
"တော်ပြီ..ငါ ဗိုက်ဆာနေပြီ.. ထမင်းစားကြမယ်..ခင်ဦး အကြည် လုံးလုံးပါ တစ်ခါတည်း ဝင်စားကြမယ်...လာ..''
"ငါ မစားတော့ပါဘူး ကောင်းရယ်...ပြန်လိုက်ဦးမယ်..အိမ်မှာ ဘယ်သူမှမရှိဘူး.. မောင်လေးကို အိမ်စောင့်ထားခဲ့ရတာ သိတ်သိပ့်မချရဘူး..နောက်ပြီး ကြီးကြီးဝင့်ဝါတို့ အလှူအတွက် အထည်တွေချုပ်နေရတာ..ငါမပြီးရင် ရွာအပျိုတွေ ငိုနေပါလိမ့်မယ်.. မနက်မှပြန်တွေ့မယ်...
ငါ နင့်ကို ပြောစရာတွေအများကြီးရှိတယ် သိလား ...''
ကောင်း ခင်ဦးက သူ့ကိုပြောစရာရှိတယ်ဆိုတဲ့စကားကြောင့် မနက်တောင် မြန်မြန်ရောက်ချင်သွားပြီ။သူလိုချင်တဲ့ အဖြေကိုလည်း သိလိုက်ရ၍ တစ်ဖြတ်နားပြီးလို့ ကျောင်းပြန်တက်ဖို့ မြို့ကိုပြန်သွားရင် ဆွေနဲ့ကိစ္စ အပြီးသတ်ဖို့ ဆုံးဖြတ်ထားလိုက်သည်။
သူတကယ်ချစ်တာ ခင်ဦး...သူ့ရင်ထဲမှာ ဘယ်အချိန်ထဲက ခင်ဦးက ရောက်မှန်းမသိရောက်နေခဲ့တာကို သူသတိမမူခဲ့တာ..အချိန်မလွန်ခင် သိခွင့်ပေးတဲ့ ခင်မောင်တိုးနဲ့ထွန်းနိုင်ဦးကို ကျေးဇူးတင်၍မဆုံးပေ။
"မေမေ ခင်ဦးကို ဒေါ်လေးက မရိုက်တော့ဘူးမှတ်လား...''
"ယဥ်မေကတော့လေ..သူမွေးလို့ လူဖြစ်တယ်ဆိုပြီး ရိုက်ချင်သလိုရိုက်နေတာပဲ...အပျိုအရွယ်လေးလည်း ရိုက်တုန်းပါပဲ သားရယ်..မေမေတော့လေ သူ့အပေါ်ကောင်းသည့်သူနဲ့ အိမ်ထောင်ရက်သားကျစေချင်မိသားကွယ်...''
ထိုအခါ ကောင်း ပြုံးလိုက်မိသည်။ခင်ဦးအတွက် သူဟာ လူကောင်းတစ်ယောက်ဖြစ်ရမည်။ခင်ဦး ယုံကြည်အားကိုးရတဲ့ သူတစ်ယောက် ဖြစ်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ပြီးသားဖြစ်သည်။
**************** ****************
ကောင်းကိုတွေ့ပြီး ပြန်လာပြီးနောက် အိမ်ထဲဝင်လာတော့ အိမ်ရှေ့ မန်ကျည်းပင်ကြီးအောက်မှ ကွက်ပျစ်လေးမှာ ကိုကိုနဲ့ကိုကြီးဇေယျာတို့ အရက်ဝိုင်းဖွဲ့နေကြတာကို တွေ့မြင်လိုက်သည်။ခင်ဦးလည်း မမြင်ချင်ယောင်ဆောင်ပြီး အိမ်ပေါ်တက်ဖို့ ပြင်လိုက်၏။
"ခင်ဦး..အမြည်းလုပ်ပေး..''
မလုပ်ပေးဘူးပြောရင်လည်း ဘုရင်လိုတင်မြှောက်ထား သူ့သားနဲ့ ရွှေသမက်ငွေသမက် ကို အမေက မလုပ်ပေးရကောင်းလားဆိုပြီး အတူခံရပါအုန်းမယ်။ဒီလိုမှန်း သိရင် ပြန်မလာခဲ့သေးပါဘူး။
"ဘာလုပ်ပေးရမလဲ ကိုကြီးဇေယျာ ..ငါးခြောက်ဖုတ်ပေးရမလား..ပဲခြမ်းသုတ်ပေးရမလား...''
"ကြွက်ကြော် စားချင်တာ..''
မဖြစ်နိုင်တာကို တောင်းသည့် ကိုကြီးဇေယျာကို ခင်ဦးဒေါသထွက်သည်။ကောင်းရောက်လာလို့လားတော့မသိ အားရှိသွားဟန်တူသည်။ခါးလေးကိုထောက်ပြီး ဇေယျာကို ကြည့်ပြီး ကြောက်ရကောင်းမှန်းမသိ ပြန်ပြောလိုက်မိ၏။
"ကြွက်ကြော်ကို မြည်းချင်ရင် ဘကြီးစိန်တို့ ထန်းရည်တောကို သွားပါလား.. အဲ့မှာဆိုရင် အကုန်ရတယ် သိလား...နောက်ပြီး ခင်ဦး တစ်ခါတည်းပြောလိုက်ပါမယ်အုန်း..ကိုယ်က ကလေးတွေကို ရှေ့ဆောင်လမ်းပြလုပ်ပေးတဲ့ ကျောင်းဆရာတစ်ရောက်ဆိုတာကိုလဲ သတိထားဦး..ခင်ဦးကိုကိုနဲ့ပေါင်းပြီး မကြာခင်မှာ အရက်သမားဖြစ်သွားလိမ့်မယ်...ခင်ဦးက စေတနာနဲ့ ပြောပြတာ သိလား...''
"ခွမ်း...''
"အမလေး...''
ခင်ဦးက ဘာရယ်ညာရယ်မဟုတ် ပြောလိုက်တဲ့စကားလုံးတွေက ကိုကြီးဇေယျာရဲ့ အရှိုက်ကို ထိဟန်တူရဲ့။မျက်လုံးများက နီးမြန်းသွားပြီး မျက်ထောင့်နီးကြီးနဲ့ ခင်ဦးကြည့်ကာ အနားမှာရှိတဲ့ အရက်ပုလင်းကို ကောက်ကိုင်ပြီး ခင်ဦးရှေ့တည့်တည့်ကို ပစ်လိုက်တာကြောင့် ခင်ဦး ထိုနေရာမှ တဖွားမှမခွာပဲ ရပ်လျက်သာ မျက်လုံးကိုသာ မှိတ်ထားလိုက်တော့သည်။တော်သေးတယ် ပုလင်းက ခင်ဦးထည့်ထည့်ကို မရောက်လို့ မဟုတ်ရင် ခင်ဦး ခေါင်းကွဲတော့မလို့..။
"နင်က ဘာအဆင့်ရှိလို့ ငါ့ကို ဆရာလာလုပ်နေတာလဲ...နင် ဘယ်တုန်းက ငါ့ကို အခုလိုပြောဖူးလို့လဲ..ဘာလဲ နင့်အကောင်ရောက်လာလို့ သတိတွေရှိသွားတယ်ပေါ့ ဟုတ်လား...''
ခင်ဦး အကြောက်လွန်ပြီး တစ်ကိုယ်လုံး တုန်ယင်လျက် မျက်ရည်တို့ပိုးပိုးပေါက်ပေါက်ကျလာတော့သည်။ခင်ဦးကိုကြည့်ပြီး ဇေယျာ တောက်ပြင်းပြင်းတစ်ချက် ခေါက်လိုက်သည်။
"တောက်...''
"ခင်ဦး နင်သွားတော့...''
ကိုကိုက သွားဆို၍ ခင်ဦး အိမ်ပေါ်ကို ပြေးတက်လာခဲ့သည်။ ကိုကြီးဇေယျာကတော့ မကျေမနပ်နဲ့ တောက်တစ်ခတ်ခတ်နဲ့သာ ထိုနေရာမှာ ခါးထောက်လျက် အိမ်ဘက်ကို ကြည့်နေခဲ့သည်။
အိမ်ပေါ်ရောက်တော့ မောင်လေးက ခင်ဦးကို ပြေးဖက်ပြီး ငိုရှာလေသည်။ဒီမိသားစုမှာ မောင်လေးက ခင်ဦးအတွက် နွေးထွေးတဲ့ ရင်ခွင်ငယ်လေးတစ်ခုပင်။
"မခင် အရမ်းကြောက်သွားလား..''
"အွန်း...''
"သားကြီးလာရင် မခင်ကို လုပ်တဲ့သူကို သားလုပ်မှာ သိလား...''
"တကယ်လား ပိုက်ပိုက် ...''
"ဟုတ်..''
"အပြောလေးနဲ့တင် မခင်အားရှိသွားပါပြီ ပိုက်ပိုက်ရယ်...''
"သား တကယ်ပြောတာ...''
"အွန်းပါ...''
ခင်ဦး ကောင်းဆီကိုသွား၍ အပြီးသေးသော အကျီကို လက်စသတ်လိုက်ပြီးနောက် နောက်ထပ် အသစ်တွေကို ကိုက်ပြီးတာနဲ့ ဆက်ချုပ်လိုက်သည်။ပိုက်ပိုက်ကတော့ ခင်ဦး အနားကမဖွာတော့ပေ။ကလေးဆိုတော့ ကိုကြီးဇေယျာ ခင်ဦးလာရိုက်ထင်၍နဲ့တူပါသည်။သွားဆော့ခိုင်းလည်း မသွားဆော့ချေ။
ညနေဘက်ရောက်တော့ အမေနဲ့အထွေး မြို့ကနေပြန်လာကြသည်။ကြီးကြီးဝင့်ဝါတို့အလှူက ရက်ပိုင်းသာလိုတော့တာဆို၍ ပစ္စည်းသွားလုပ်ကြသည်လေ။အထွေးကတော့ သူလိုချင်တာ ရလာလို့နဲ့တူပါရဲ့ မျက်နှာကလေးကို ပြုံးရွှင်လို့ရယ်။
အမေ့ကိုတော့ ခင်ဦးအတွက် ပါလားလို့ မမေးတော့ပေ။အမေနူတ်က ပြောလာမယ့် စကားကို ခင်ဦး မကြားဝင့်တာကြောင့်ပါ။ မမျော်လင့်ရဲတော့တာလည်း မှာပါလိမ့်မယ်...သို့သော်
အခန်းမှတ်ချက်များ (0)