Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၁၄

"မမ.. မမအတွက်ပါ အမေ နားကပ်လုပ်လာတယ်..ကြည့်ပါဦး.. လှတယ်မှတ်လား..သမီးရွှေးလာတာ...''

ဝမ်းသာလုံးဆို့၍ ချက်ချင်း ခင်ဦးပြန်မပြောနိုင်ပါ။မျက်လုံးများမှလည်း မျက်ရည်ကြည်ဥတို့ တွဲခိုကာ အမြင်တွေတောင် ဝေဝါးလျက်..။ အထွေးပြသည့် နားကပ်လေးကိုတောင် သဲသဲကွဲကွဲ မမြင်ရတော့ချေ။ခင်ဦးကိုကြည့်ပြီး ပြုံးပြနေသည့် အထွေးရဲ့မျက်နှာလှလှကလေးကိုတောင်မှ သဲသဲကွဲကွဲ မမြင်ရတော့ဘဲ ယေးယေးလေးသာ မြင်ရတော့၏။

"သမီးပန်ပေးမယ်..မမနားက သမီးနားထက်လှတယ်...နားကပ်နေဆိုတော့ တအားလှသွားပြီ...အထွေး ဆရာမဖြစ်လို့ လစာရရင် မမရဲ့လက်လှလှလေးမှာ လက်စွပ်လှလှလုပ်ပေးမယ် သိလား...''

အထွေးနူတ်ကနေ ခင်ဦးမမျှော်ထားသော စကားကို ကြားလိုက်ရတော့ နားကြားမှားတာလားလို့ ထင်မိပါရဲ့။အထွေးက ခင်ဦးအတွက် ဘယ်တုန်းကများ အခုလိုတွေးပေးခဲ့ဖူးလို့လဲ။မဟုတ်မှ ခင်ဦးရဲ့ အနစ်နာခံပေးမှုတွေကို အရွယ်လေးရောက်လာလို့ သိသွားလို့များလား။

အမေက ခင်ဦးကိုကြည့်ပြီး ပြုံးလိုက်တာကို ခင်ဦးတွေ့လိုက်ရ၏။အမေ့ရင်ထဲမှာ ခင်ဦးအတွက် နေရာလေးတစ်ကန့်လောက်ရှိနေတာ သိရတာကြောင့် ခင်ဦး ပျော်ပါသည်။

"အထွေး အမေ မဝင့်ဝါတို့အိမ်မှာ ပိတ်စထုတ်ကျန်ခဲ့တယ်..သွားယူပေးအုန်း..''

"ဟုတ် အမေ...''

အထွေး ထွက်သွားတာနဲ့အမေဟာ ခင်ဦးကိုကြည့်၍

"ခင်ဦး ..''

"ရှန်...''

"အထွေး အိမ်ထောင်ကျသွားရင် သမီးအတွက် အမေအကုန်လုပ်ပေးမယ်နော်...ညီမလေးကို အများကြီးလုပ်ပေးတယ်ဆိုပြီး စိတ်မကောင်းမဖြစ်နဲ့ကြားလား ခင်ဦး...''

"ဟုတ် အမေ...''

ခင်ဦးကို အထွေးအိမ်ထောင်ကျသွားရင် အကုန်လုပ်ပေးမယ်ဆို၍ ခင်ဦး ပျော်သွားသည်။တစ်ဆက်တည်း စိတ်ထဲမှာ တွေးလိုက်သည်က အထွေးနဲ့ကိုကြီးဇေယျာ မြန်မြန်ညားပါစေလို့ ဆုတောင်းလိုက်တော့၏။

"သမီးက အကြီးဆိုတော့ အမေအပေါ် နားလည်းပေးနော်...သမီးညီမလေး ဝင်ရမယ့် အသိုင်းဝိုင်းကကြီးတော့ ညီမလေး မျက်နှာမငယ်ရအောင် အမေတို့သမီးတို့က ပြည့်စုံအောင် လုပ်ပေးရမယ်လေ...''

"ဟုတ်ကဲ့...''

ခင်ဦးက အမေလုပ်လာပေးတဲ့ ရွှေနားကပ်လေးကြောင့် အပျော်လွန်ကာ တစ်ညလုံး အိပ်လို့မပျော်ဖြစ်ရလေသည်။ခင်ဦးနဲ့အတူအိပ်သည့် မောင်လေးကတော့ အိပ်ပျော်နေသည်မှာ အာပုတ်ရည်တွေကျနေရဲ့..။

မနက်လင်းကြက်တွန်သံကြားတာနဲ့ ခင်ဦးထလိုက်တော့သည်။မျက်နှာကလေးသစ်ပြီး မီးဖိုပေါ် ထမင်းအိုးလေးတည်ထားလိုက်သည်။နွားတင်းကုတ်ထဲ ဝင်လိုက်ကာ နွားတွေကို အပြင်လွတ်လိုက်ပြီး နွားချေးကြုံးလေတယ်။

ထမင်းအိုး ကျက်တာနဲ့ ရေနွေးအိုးတည်ထားပြီး ခြံထဲမှာ လှဲကျဥ်းရသည်။အိမ်ရှေ့က သနပ်ခါးပန်းနဲ့သရဖိပန်းပင်အောက် အပွင့်တွေများ ကြွေချနေသည်မှာ မြေကြီးအောက်ဝယ် ဝါထိန်လို့နေသည်။

ခင်ဦးက သရဖီပန်းကိုတော့ မပန်ဆင်သော်လည်း သနပ်ခါးပန်းကိုတော့ ပွင့်တဲ့နေ့ကစလို့ နေ့တိုင်း ဆံနွယ်ထက်မှာ ပန်ဆင်သည်။သနပ်ခါးပန်းရနံ့ကို ကြိုက်လွန်းတော့ သနပ်ခါးလိမ်းရင်တော့ ထည့်လူးသည်။

"ပိုက်ပိုက် ထတော့...ငါးနာရီခွဲနေပြီ...''

"သား အိပ်ချင်သေးတယ် ခဏလေးပါ မခင်...''

"နင် အိပ်ရာထနောက်ကျရင် ကိုယ်စောင့်နတ်က သူနတ်သဘင်အစည်းဝေးနောက်လို့ သူအဆူခံရလို့ နင့်ကို စိတ်ဆိုးပြီး ကျိန်ဆဲလိုက်မယ်...နင်မကြောက်ဘူးလား ပိုက်ပိုက်...''

"ကြောက်တယ်..ကြောက်တယ် မခင်..သားထပြီနော်..''

မောင်လေးထသွားတာနဲ့ ခင်ဦးလည်း အိပ်ယာ သိမ်းလိုက်တော့သည်။လူပျိုခန်းမှာ အပ်နေသည့် ကိုကို့ကို နိုးရပြန်သည်။ဒီတစ်ခါတော့ ခင်ဦးကို ရန်မလုပ်ဘဲ အေးအေးလူလူ ထသည်။ထုံးစံအတိုင်း အိပ်ယာကို မသိမ်းသွားတာကြောင့် ခင်ဦးသာ သိမ်းလိုက်ရသည်။

"အထွေး မမ အထွေးအတွက် မုန့်စိမ်းပေါင်းဝယ်ထားတယ်..အထွေးအကြိုက် အဖြူများများယူထားတယ်...''

"ကျေးဇူး မမ...အထွေး ကြီးပျိုကြီးရဲ့လက်ရာကို စားချင်နေတာ ကြာပြီ..ကြာရွက် အနံံ့ကိုမွှေးနေတာပဲ..''

"မခင် သားအတွက်ရော မဝယ်ထားဘူးလား..''

"ဝယ်ထားပါတယ် ပိုက်ပိုက်ရယ်..ငါမစားရရင်နေပါစေ...ရှင်တို့အတွက် အမြဲဝယ်ထားပြီးသားပါတော်...''

ခင်ဦး ပိုက်ပိုက်ရဲ့ ခေါင်းကိုပုတ်လိုက်၏။ထို့နောက် လုပ်စရာရှိတာကို လုပ်လေသည်။ခဏအကြာမှာတော့ ကောင်းကို သွားတွေ့ပြင်သည်။ခင်ဦး ဆံပင်တွေရှည်နေပြီဆိုတာကို ကောင်းသိကောင်လို့ အရင်ထုံးဖွဲ့မထားတော့ဘဲ ကျစ်စာမြီးပဲ ကျစ်လိုက်၏။အိမ်ရှေ့၌ ပွင့်နေသော သနပ်ခါးပန်းတွေကိုခူးယူပြီး ပန်ဆင်လိုက်သည်။

မကြာခင် သနပ်ခါးပန်းပွင့်တဲ့ ရာသီကုန်တော့မှာဆိုတော့ နောက်လတွေမှာ ခင်ဦးရဲ့ခေါင်းမှာ သနပ်ခါးပန်းကို မြင်တွေ့ရတော့မည်မဟုတ်တော့ပေ။မှန်ထဲက ကိုယ်မျက်နှာကလေးကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်တော့သည်။

ငယ်ငယ်ကလေးဘဝထဲက အမြဲလာဆော့နေတဲ့ ဒီအပင်ကြီးတော့ ဘာမှပြောင်းလဲမသွားဘူး ။ရွက်ဟောင်ကြွေလို့ရွက်သစ်တွေဝေပြီး ရဲရဲနီသော အပွင့်အဖူးများနှင့် လှပနေဆဲ..။သစ်ကိုင်းထက်မှာ နွေသြဥများကလည်း သာယာတေးသံတွေနဲ့ ပန်းများပိုမို၍ ဖူးပွင်အောင် လုပ်ဆောင်နေသလား မပြောတက်ပါ။

သူ့ဘေးနားမှာ ရှိနေတဲ့ ခင်ဦးကတော့ လှသွေးကြွယ်တဲ့ အရွယ်ကလေးကို ပြောင်းလဲသွားပြီ။ရွှေဥဒေါင်းလို အရောင်အသွေးစုံလင်လာပြီး အလှနတ်သမီးလေး ဖြစ်လာခဲ့ပြီ။အရင်တိုနှံ့နှံ့ဆံပင်မဟုတ်တော့ဘဲ တင်ပါးလောက်ရှိတဲ့ ပိတုန်းရောင် ဆံနွယ်ရှည်ရယ်၊ဝလုံးလေးလို ပါးကွက်ကြီးအစား လှပညီညာစွာ လိမ်းကျံထားသည့် မှုန်ညက်ညက် သနပ်ခါးရယ်၊ချေးတွေကြောင့် မဲညှစ်နေတယ် အသားရည်အစား ညိုစိမ့်လေးနဲ့စိုစိုပျိုပျို အသားရည်လေးနဲ့က တကယ် လှပလာခဲ့သည်။

ကောင်း ခင်ဦးရဲ့ ဆံပင်ကို ကိုင်လိုက်ပြီး နမ်းရှိုက်လိုက်သည်။နှာခေါင်းထဲကို ထိုးဝင်သနပ်ခါးပန်းရနံ့ကလေးနဲ့ ပို၍ နမ်းရှိုက်လို့ကောင်းလေသည်။ထိုအချိန် သူ့ရင်ထဲမှာ ကတုန်ကရင်တွေဖြစ်ပြီး လှိုင်းထန်နေတော့သည်။ရင်ခုန်သံတွေ တားဆီးလို့မရတော့ ခင်ဦးကြားသွားမှာတောင် ဆိုးရိမ်မိသည်။

"ခင်ဦး နင် ဆံပင်ရှည်ထားတာ ငါ့အတွက်မဟုတ်လား...''

"အင်း...နင်က ငါ့ဆံပင်ကို နမ်းရတာ ကြိုက်တယ်ဆို..ငါက ဆံပင်ရှည်လေးနဲ့မှ လိုက်တာဆိုတော့ ပင်ပန်းလဲ ထားရတာပေါ့...''

"ငါတောင်းပန်တယ် ခင်ဦး..ငါက နင့်အပေါ် တကယ်မကောင်းတဲ့သူပါဟာ..အခုစပြီး နင့်အပေါ်ကို အများကြီးကောင်းပေးမယ်နော်...''

"မဟုတ်တာ..နင်က ငါ့အပေါ်အကောင်းဆုံးပဲ သိလား..နင့်လောက် ငါ့အပေါ်ဘယ်သူမှ မကောင်းပေးဘူး...''

"ခင်ဦးရယ်...''

ကောင်း ခင်ဦးရဲ့ ကိုယ်လေးကို အတင်းဆွဲဖက်လိုက်တော့သည်။

"မရုန်းဘဲ ဒီအတိုင်းငြိမ်ငြိမ်လေး နေပေးနော်...''

"အင်း...''

"နင် ငါ့ကို လွမ်းနေခဲ့လား...''

"ဘယ်လိုမေးလိုက်တာလဲ ကောင်းရယ်...ငါ လွမ်းတာပေါ့... နေ့တိုင်းကိုလွမ်းတယ်..အရမ်းလွမ်းနေခဲ့တာ...ငါနင့်ကို ဘယ်လောက်လွမ်းသလဲဆိုရင် ဟောဒီကိုက္ကုပင်ကြီးကို ကျိန်တွယ်ပြောရဲပါတယ်...''

"မကျိန်ပါနဲ့ ခင်ဦးရယ်...ငါ ယုံပါတယ်...''

"ငါလေ နင့်ကိုပေးထားတဲ့ ကတိတွေ တစ်ခုမှမဖျက်ဘူး သိလား ကောင်း...ငါ့ကို ရည်းစားစကားလာပြောတဲ့ ကာလာသားတွေကို ငါရန်တွေ့ပြီးငြင်းတာ သိလား..''

"အင်း..''

သူ့ကို ခင်ဦး လွမ်းနေခဲ့တာတဲ့လေ။ထိုအချိန်တွေမှာ သူကတော့ ခင်ဦးကို မေ့နေခဲ့ပြီး ချစ်သူနဲ့ပျော်နေခဲ့တာပဲ။ကောင်း သူ့ကိုယ်သူ မုန်းမိသည်။သူ့ကိုပဲ တမ်းတလွမ်းဆွတ်နေသည့် သူမလေးကို သူမေ့လျော့နေခဲ့ရသလားဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထိုးချင်စိတ်တွေက တဖွားဖွားပင်။

ခင်ဦး သူ့မပုခုံးထက် စိုစွတ်သလိုခံစားလိုက်ရတာကြောင့် ကောင်းဖက်ထားရာကနေ ကောင်းကို ကြည့်လိုကတော့ မျက်ရည်စတွေကို တွေ့လိုက်တာအသောအခါ ကောင်းရဲ့ပါးက မျက်ရည်တွေကို သူမလက်နဲ့ သုတ်ပေးရင်း မေးလိုက်သည်။

"ကောင်း နင်ငိုနေတယ်...ဘာလို့လဲ...ငါကြောင့် ဝမ်းနည်းသွားလို့လား...''

"ငါ အပြစ်ရှိသလို ခံစားလိုက်ရလို့ပါ..နင်က ငါ့ကိုအမြဲသတိရလွမ်းနေခဲ့ပေမယ့် ငါက နင့်ကို အမြဲမလွမ်းခဲ့လို့ ခင်ဦး...''

ခင်ဦး ရယ်လိုက်၏။

"နင်က ဟိုမှာ ကျောင်းတက်နေရတာကိုဟ..နင့်စာတွေနဲ့ ငါ့ကိုဘယ်အမြဲလွမ်းနိုင်ပါ့မလဲ...နောက်ပြီး မြို့သူအချောအလှလေးတွေကိုလည်း လိုက်ကြည့်နေရတော့ ငါနားလည်ပါတယ်...''

"ဟာ..ငါတကယ်ပြောနေတာ..''

"ငါလည်း တကယ်ပြောနေတာပဲကို ကောင်းရယ်...ဟိဟိ...''

"ခင်ဦး ငါ ဒီတစ်ခါ ကျောင်းဖွင့်လို့ပြန်ပြီး ကျောင်းပိတ်လို့ ပြန်လာရင် နင့်ဆီက ငါလိုချင်တာတစ်ခုတောင်းမလို့ နင် ငါ့ကို ပေးမယ်မှတ်လား...''

"နင် တောင်းတဲ့အရာ ဘာမဆိုငါအကုန်ပေးမယ် သိလား...''

"တကယ်လား ခင်ဦး..နင် တကယ်ပေးမှာလား..''

"တကယ်ပါဆိုနေ..ငါက နင့်ကိုညာဖူးလို့လား ကောင်းရယ်...''

ကောင်း ရယ်မောရင်း ပျော်သွားတော့သည်။ခင်ဦး ငယ်ငယ်ကလို ပျော်နေသော ကောင်းကိုကြည့်၍ ပြုံးလိုက်သည်။ကောင်းရဲ့ အပျော်တွေ သူမကိုပါ ကူးစက်သွားသလို ခံစားလိုက်ရ၏။ကောင်းရဲ့ ရယ်မောသံ ခင်ဦးရဲ့ရယ်မောသံ အပင်မှာ နားနေသော ကျေးငှက်တို့ရဲ့ တေးဆိုသံတွေက ကိုက္ကုပင်ကြီးအဝိုက် ပျဲ့လွင့်နေသည်။

ကောင်းတို့အိမ်မှာ ကျန်ခဲ့သည့် ခင်မောင်တိုးနဲ့ထွန်းနိုင်ဦးဆိုတဲ့ နှစ်ယောက်နဲ့ အကြည်နဲ့လုံးလုံးတို့ ဘယ်လို နှစ်ပါးသွားနေသလဲတော့ မပြောတက်ပါ။ကောင်းနဲ့ခင်ဦး သူငယ်ချင်းနှစ်ယောက်ကတော့ ကိုက္ကုပင်ကြီးအောက် ကလေးဘဝတုန်းကလို စိန်ပြေးလိုက်တိုင်း ဆော့ကစားလျက်..။

"ကောင်စုတ်..''

ဟော အကြည်ရဲ့အသံပင်..။မနီးမဝေးနေရာကနေ ခါးထောက်ပြီး အော်လိုက်သည့် အကြည်ပါ။

ကောင်းကတော့ အကြည့်ရဲ့ လက်စာမိတော့မှာ မြင်ယောင်မိပါရဲ့။

"သူတို့နှစ်ယောက်က ငါ့သူငယ်ချင်းတွေလား..ငါတို့သူငယ်ချင်းတွေလား ဟမ်..''

"ဟဲဟဲ..ငါ့သူငယ်ချင်းတွေကလည်း နင်တို့သူငယ်ချင်းပဲလေဟာ..ဟုတ်တယ်မှတ်လား ခင်ဦး...''

"ဟမ်..သြော်..ဟုတ်..ဟုတ်တယ်...''

"ခင်ဦး..''

"အေး..ပြောလေ အကြည်...''

"နင် ငါတို့ဘက်ကလား..ကောင်းဘက်ကလား...''

"နှစ်ယောက်လုံးဘက်ကလေ...နှစ်ဖက်လိုက်ပေါ့...ညီမျှသွားအောင်လို့..''

"ခင်ဦး...ငါတို့ ငယ်ငယ်ကလို ဆော့နေတာမဟုတ်ဘူးနော်...''

"သြော်..အေး..ငါ မေ့သွားတယ်..ဒီအရေးထဲ ငါထွက်မယ်နော်...''

"ခင်ဦး..''

အကြည့်နဲ့လုံးလုံးရဲ့ အသံက စည်ထွက်လာတော့သည်။

"ဖလပ်ဖလပ်..ဖလပ်ဖလပ်..''

"အမလေး အမေကယ်ပါ..''

"အမလေး လန့်တာ အကြည့်နဲ့လုံးလုံးရယ်..ငါ့နှလုံးတောင် အပြင်ထွက်တော့မလားဘဲ...နင်တို့အသံ ငါတောင် မပြောနဲ့ ငှက်တွေတောင် လန့်ပြီး ပျံသွားပြီ..''

ရင်ဘတ်ကို လက်နဲ့အုပ်ပြီး တကယ်လန့်သွားသလို လုပ်နေတဲ့ ကောင်းကို အကုန်လုံး ဝိုင်းကြည့်ပြီး ရယ်ကြလေသည်။ခင်ဦးတို့ရဲ့စူးရှသည့်အသံ ကျယ်လောင်သော ရယ်မောသံကြောင့် သစ်ခေါင်းဝက ဇီးကွက်ကြီးတောင် အဝကို ထွက်လာပါလေရဲ့..။

« ရှေ့အခန်း - အပိုင်း ၁၃ နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ