ကောင်း ဆွေနဲ့ တွေ့ပြီး အဆောင်ပြန်လာသည့် လမ်း၌ သူ့တို့နှင့်အသက်မတိမ်းတယိမ်းကွာသည့် မိန်းကလေးတစ်ယောက်ကို မိန်းမကြီးတစ်ယောက်က ရိုက်နှက်နေတာကို မြင်လိုက်ရ၍ အမြဲအရိုက်ခံရသည့် ခင်ဦးကို ပြေးမြင်သွားသည်။
အဆောင်ကို ရောက်လာတော့လည်း စိတ်တွေ ရွှာမှာရှိနေသည့် ခင်ဦးဆီကိုသာရောက်တော့သည်။သူ့ကို လွမ်းတဲ့အခါ ရွှာအဝင်လမ်းက ကိုက္ကုပင်ကြီးအောင်က ခုံတန်းလျားပေါ်မှာထိုင်ပြီး သစ်ခေါင်းဝကနေ ခေါင်းအမြဲထွက်ပြီး ညအမှောင်ကို စောင့်နေသည့် ဇီးကွက်ကြီးနဲ့များ စကားပြောမလား။သူ့ကို ပေးထားသည့်ကတိတွေကို ယနေ့ထိ ခင်ဦး တည်နေသေးလား သိချင်မိသည်။
မိုးသားကောင်းကင်ကြီးက နေအလင်းကြောင့် ကြည်လင်နေသော်လည်း ကောင်းရဲ့စိတ်တွေကတော့ နေရောင်ကို တိမ်လွှမ်းသလို မကြည်မလင် ဖြစ်နေပါ၏။ဆွေနဲ့ ချစ်သူဘဝစရောက်ထဲက ခင်ဦးမေ့နေခဲ့သည်မှာ ယနေ့ထိပင်။မေ့မသွားဖူးပြောပြီး မေ့ပျောက်သွားခဲ့တယ်။
မတည်နိုင်ဘဲ ပေးခဲ့သည်သိ ကတိတွေကြောင့်လည်း ကောင်း ရှက်မိပါသည်။
"ချစ်သူနဲ့သွားတွေ့တဲ့ မင်းရဲ့ မျက်နှာက မကောင်းပါလား..ဘာလဲ ချစ်သူတို့သဘာဝ စိတ်ဆိုးစိတ်ကောက် စကားများ ကြလို့လား..''
"ငါတို့ စကားများကြဘူး ခင်မောင်...လမ်းမှာ မိန်းကလေးတစ်ယောက် ရိုက်ခံနေရတာကိုကြည့်ပြီး ခင်ဦးကို သတိရသွားလို့ပါကွာ...''
"ဘာ...''
အဆောင်အတူတူနေကြသည့် ထွန်းနိုင်ဦးရယ် ခင်မောင်တိုးရယ်က ဘာဟုဆိုကာ ပါးစပ်အဟောင်းသားနဲ့ ကောင်းကို ကြည့်လိုက်တော့သည်။ထိုအခါ ကောင်းတစ်ယောက် ခေါင်းလေးညိတ်လိုက်၏။
"မင်းငါတို့ကို ပြောပြောပြနေတဲ့ ခင်ဦးဆိုတဲ့ တစ်ယောက်လား...သူလေးက ကိုယ်တို့နဲ့အရွယ်တူပဲမဟုတ်လား...အပျိုအရွှယ်မိန်းကလေးတစ်ယောက်ကို သူ့အမေက မရိုက်လောက်တော့ပါဘူး...''
"မင်းတို့မသိလို့ပါ...ဒေါ်လေးက ခင်ဦးကိုရိုက်ရင် ကျွဲရိုက်နွားရိုက် ရိုက်တာ..ဒါတောင် ခင်ဦးက လူဖြစ်နေလို့ ကြိမ်နဲ့မတို့တာပဲ ရှိတာ...''
"ဟုတ်လား...ခင်ဦးအမေက မိထွေး မို့လို့လား...''
"မဟုတ်ဘူး...''
"ငါတောင် မမြင်ဖူးတဲ့ ခင်ဦးကို သနားသွားပြီ...ခင်ဦး အမေ့က အပျိုရွယ်ထိ ရိုက်တာဆိုရင် မင်းတို့တွေလည်း သူ့အနားမှာ မရှိတော့ သူ့အမေရိုက်ရင် အရမ်းဝမ်းနည်းနေမှာပဲ...မင်း သူငယ်ချင်း ခင်ဦးက ကျေးတောသူ အချော အလှလေးသာဆိုရင် ကိုယ့်လူနဲ့ ရွာကိုလိုက်ခဲ့ရင် အချစ်ကြောင်းတွေပြောပြီး မြို့ကိုအပိုင်ခေါ်လာလိုက်တော့မယ်ကွာ...''
"ဟား..ဟား...''
ခင်မောင်တိုးရဲ့စကားကြောင့် ထွန်းနိုင်ဦးတစ်ယောက် လက်ခုပ်တီးကာ ရယ်ပါတော့သည်။ ကောင်းကတော့ မျက်နှာကြီးနီမြန်းပြီး နှာတင်း၍ မကျေနပ်သောအကြည့်ဖြင့် မီးဝင်းဝင်းတောက်နေသည့် အလား ကြည့်လိုက်၏။
"ခင်ဦးကို ထိရင် ငါနဲ့ငြိမယ်...မျက်လုံးတစ်ချက်လေးတောင် စွေကြည့်ရဲကြည့် မင်းတို့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်...''
"ဟားဟား..ကောင်း ငါချစ်ရေးဆိုမယ့်သူက မင်းနှမလည်းမဟုတ်သလို မင်းချစ်သူဆွေမာမြင့်လည်း မဟုတ်ဘူးလေကွာ..သူက မင်းနဲ့ ဘာမှမဆိုင်တာ.. ''
"ခွပ်..ခွပ်...''
ခင်မောင်တိုးရဲ့ စကားအဆုံး၌ ဘာကြောင့်မှန်းမသိ စိတ်ထဲက အလိုလိုဒေါသထွက်လာ၏။ထိုကြောင့် ကောင်းကောင်း၏ လက်သီးဟာ ခင်မောင်တိုး၏ ပါးသောင်ထက်ကို ကျသွားတော့သည်။ခင်မောင်တိုးလည်း ပူထူသွားကာ ပါးစပ်ထဲမှာ ငံဂျီ့ဂျီ့အရသာကို ခံစားလိုက်ရ၍ နူတ်ခမ်းပေါက်သွားသည်ကို သိလိုက်ရသည်။
"ခင်ဦးက ငါ့နှမ ငါ့ချစ်သူမဟုတ်ပေမယ့် ငါအချစ်ဆုံးသူငယ်ချင်းကွ...''
"မင်းတောင် ချစ်သူရည်းစား ထားပြီး..မင်းသူငယ်ချင်း ခင်ဦးက မထားရတော့ဘူးလား...မင်းက အိမ်ထောင်ပြုပြီး ခင်ဦးက အိမ်ထောင်မပြုရတော့ဘူးလား ကောင်း...ဒါ တော့မဟုတ်သေးဘူး... မင်း.. မင်းသူငယ်ချင်း ခင်ဦးကို ချစ်နေလို့လား...''
ထွန်းနိုင်ဦးရဲ့ စကားကြောင့် ခင်မောင်ဦး၏ အကျီကော်လံကို တင်းကြပ်စွာ ဆွဲကိုင်ထားသည့် သူ၏ လက်ဟာ ပြေလျော့သွားခဲ့သည်။
"သူ ခင်ဦးကို ချစ်နေသည်တဲ့လား...''
***************** *****************
အချိန်တွေကုန်လွန်လာလိုက်တာ မြို့မှာ ကျောင်းသွားတက်သည့် အထွေးတောင် ကျောင်းတစ်ဖြတ်ပြီးပြန်လို့ အိမ်ကိုပြန်ရောက်လာတော့မည်။
အမေကတော့ နေလုံးကြီးပင် မထွက်သေး... ကြက်ဖတွန်ချိန်ထဲက ခင်ဦးကို နိုးပြီး အထွေးအတွက် ချက်ပြုတ်ခိုင်းပါတော့သည်။အထွေးပြန်ရောက်တဲ့ နေ့ရက်တွေမှာဆို ဟင်းကောင်းစားရသလို ဟင်းကတမယ်ထဲမဟုတ်တာကြောင့် မောင်လေးအတွက် အပျော်ဆုံးအချိန်ဖြစ်လေသည်။
"ကိုကို ထအုန်း...''
"ဘာလဲဟာ..ငါ ဒီမှာ အိပ်လို့ကောင်းနေတယ်..ထပ်မနိူးနဲ့ ထပ်နိူးရင် စောက်ကန်လိုက်မယ်...''
"အထွေးကို သွားကြိုရမယ်လေ..ကိုကို ဒီအချိန်ထမှ ဟိုကိုရောက်မှာလေ..ကြက်လည်း လုပ်ပေးအုန်း...ခင်ဦး ညထဲက ဖမ်းပြီးအုပ်စောင်းနဲ့အုပ်ထားတယ်...''
"ကျစ်...''
ကိုကို အိပ်ချင်မူတူးနဲ့ ထလိုက်ပြီး စုတ်သတ်လိုက်၏။အထွေးကြောင့်မို့လို့နဲ့ တူပါတယ်.. ခင်ဦး အိပ်ရေးပျက်အောင်လုပ်တယ်ဆိုပြီး စောက်မကန်ပေ။သူ့ရဲ့ အားနည်းချက်က အထွေးဖြစ်နေလို့နေမှာပါ။ခင်ဦး ခေါင်းလေးကိုရမ်းထုတ်လိုက်ပြီး ခြင်ထောင်ကိုဖြုတ်ပြီး စောင်ခေါက် ဖျာကိုလိုက်ပြီး နေရာတကျ သိမ်းလိုက်တော့သည်။
ကိုကို ကတော့ မျက်နှာသစ် ကြက်လုပ်ပေးပြီးတာနဲ့ နွားလှည်းကိုဆင်ပြီး အထွေးကို သွားကြိုဖို့လုပ်နေသည်။အမေကတော့ လှည်းမန်တိုင်ကိူ ကိုင်ပြီး မျက်နှာထက် ပြုံးနေသည်မှာ ဝင်းပနေသည့် လမင်းကြီးလိုပင်။ခင်ဦးကတော့ ကိုကိုလုပ်ပေးသွားသည့်ကြက်ကို ရေနွေးအိုးထဲနစ်ပြီး အမွှေးနုတ် ခုတ်ထစ် ဆေးကြောပြီး မီးဖိုပေါ် လုံးထားလိုက်တော့သည်။အိမ်နောက်ဖေးက ဗူးဆင်ကိုသွားပြီး အထွေးအကြိုက်ဖြစ်တဲ့ ကြက်ကုလားသားချက်ကို ချက်ဖို့ ဗူးသီးနုနုလေးကို ခူးယူလိုက်ပါတော့သည်။
"မခင် သားကို အသဲဖယ်ပေးထားနော်...''
"အသဲစားချင်းလား...''
"ဟုတ်..''
"အဲဒါဆိုရင် မထွေးလို စာကြိုးစားရမယ်နော်...''
"ဟုတ်မခင်...သား စာအများကြီး ကြိုးစားမယ် သိလား..အသဲကျွေးနော်..''
"အင်း..''
မီးဖိုထဲမှာ ခင်ဦးနဲ့မောင်လေး စကားပြောနေခိုက်
"ကျော်ကျော်..ကျော်ကျော်ရေ...''
ခင်ဦး အသံပိုင်ရှင်ကို သိလိုက်တာကြောင့် သက်ပြင်းလေးချပြီး မီးဖိုထဲကနေ ထွက်လာခဲ့သည်။ကိုကြီးဇေယျာက ကိုကို့ကိုမတွေ့တာကို နှုတ်ခမမေးဘဲ ခင်ဦးကို စိုက်ကြည့်နေတာကြောင့် ကိုကြီးဇေယျာရဲ့ အကြည့်စူးစူးကို မခံနိုင်တာကြောင့် မမေးဘဲ ခင်ဦးက အရင်ဖြေလိုက်သည်။
"ကိုကို အထွေးကို သွားကြိုတယ် ကိုကြီးဇေယျာ..အမေလည်းမရှိဘူး..ခင်ဦးနဲ့မောင်လေးပဲရှိတယ်..''
ကွက်ပျစ်လေးမှာ ထိုင်လိုက်သည့်ပုံထောက်ရင် စောင့်နေမယ်ဆိုသည်သဘောနှယ်..။ခင်ဦးတို့ဆက်ဆံရေးက ဘေးနားမှာ ထိုင်ပြီး စကားပြောရလောက်တဲ့ ဆက်ဆံရေးမဟုတ်တာကြောင့် မီးဖိုထဲပြန်ဝင်လာပြီး မောင်လေးကိုသာ စကားပြောဖော် လုပ်ခိုင်းလိုက်သည်။
"အထွေးတောင် ကျောင်းပိတ်လို့ ရွှာကိုပြန်လာနေပြီ ကောင်းရေ..နင်ရော ဘယ်နေ့ပြန်လာမှာလဲဟင်...ငါ ဒေါ်လေးကို မေးကြည့်တော့ နင်ဘယ်နေ့လာမလဲ မသိသေးဘူးတဲ့...နင်နဲ့အတူ ငါတို့ရွာကို လိုက်လာမယ့် နင့်မြို့မှာခင်တဲ့ သူငယ်ချင်းတွေပါမယ်လို့ပြောတယ်သူငယ်ချင်းက မိန်းကလေးလားယောကျ်ားလေးလား သိချင်လိုက်တာဟာ...''
ခင်ဦးက အချစ်မခံရတဲ့ သူဖြစ်တာကြောင့် သူမအပေါ် ချစ်ပေးတဲ့ ကာကွယ်ပေးတက်တဲ့ ကောင်းအပေါ် အရမ်းခင်တွယ်လေသည်။ကောင်းလည်း ခင်ဦးအပေါ် ခင်တွယ်သည်မဟုတ်ပါလား..။
မိန်းကလေးတော့ မဟုတ်လောက်ပါဘူး..
ကောင်းက ခင်ဦးကို ပြောဖူးတယ်..မြို့သူတွေလှတယ်..ဒါပေမယ့် ခင်ဦးလောက်မလှဘူးတဲ့..ဒါကြောင့် ကောင်းနဲ့ပါလာမယ့် သူငယ်ချင်းတွေက မိန်းကလေး မဖြစ်နိုင်ဘူး ယောကျာ်းလေးတွေပဲနေမှာပါလေ။
"မခင်ရေ အမေတို့လာပြီ...''
လှည်းပေါ်ကနေ ဆင်းလာသော အထွေးကို ခင်ဦးငေးကြည့်မိသည်။စစသွားတက်တဲ့နှစ်က ပြန်လာတုန်းကနှင့်မတူတော့ပေ။ပိုလှလာသည်။ခင်ဦးလို ပါးပြင်ခက်ဝယ် သနပ်ခါးတို့ စန္ဒကူးတို့ လိမ်းကျံထားသည်မျက်နှာကလေးမဟုတ်တော့ဘဲ ဆေးဆိုးပန်းရိုက်မျက်နှာကလေး ဖြစ်လာသည်။
"အထွေးက လှလာလိုက်တာ တကယ့်မြို့သူလေးအတိုင်းပဲကွာ..ကိုကြီးတော့ စိတ်မချချင်တော့ဘူး...အခုထဲက မေမေတို့ကို တောင်းခိုင်းလိုက်တော့မယ်...''
"စိတ်မချလည်း ခဏတော့သည်းခံပေးနော်...ကျောင်းပြီးမှ လာတောင်းသိလား ကိုကြီး...''
သူတို့စကားပြောနေတာကို မဖြတ်ချင်သော်လည်း အမေက ထမင်းစားဖို့ ခေါ်ခိုင်းလိုက်တာကြောင့် ခေါ်ရလေသည်။
"ကိုကြီးဇေယျာနဲ့အထွေးကို အမေက ထမင်းစားဖို့ ခေါ်နေတယ်...''
ထမင်းစားဝိုင်းရောက်တာနဲ့ အမေဟာ အထွေးပန်းကန်ထဲကို အထွေးကြိုက်တဲ့တောင်ပံအမြစ်တွေထည့်ပေးလိုက်၏။ဟင်းပန်းကန်ကို မွှေနေပုံထောက်ရင် အသဲကိုရှာနေတာ ဖြစ်လိမ့်မည်။
"ခင်ဦး..''
"ရှန် အမေ...''
"အသဲက အိုးထဲမှာ ကျန်ခဲ့တာလား...ဒီမှာ မပါဘူး... ပြန်သွားထည့်ခဲ့အုန်း...''
"ဟို..ဟိုလေ အမေ..အသဲကို ခင်ဦးစားလိုက်တယ်...''
"ဒေါက်..ဒေါက်..''
အမေဟာ ခင်ဦးရဲ့ခေါင်းကို အားပြင်းပြင်းနဲ့ နှစ်ချက်ဆင့်ပြီး ခေါက်ချလိုက်တော့သည်။ခေါင်းတစ်ခုလုံး ပူထူသွားတာကြောင့် မျက်လုံးအိမ်မှ မျက်ရည်ဥတို့ ဝဲရစ်လာတော့သည်။စားလက်စ ထမင်းပင် လည်ချောင်းဝမှာ မြိုချ၍မရအောင် ဆို့နစ်သွားခဲ့သည်။အရွယ်ရောက်လာတော့ သူစိမ်းယောကျာ်းလေးရှေ့မှာ ထိုသို့ အခေါက်ခံလိုက်ရ၍ ရှက်ရွံံ့စိတ်ကြောင့် မျက်ရည်တို့ဟာ တားဆီးလိုက်လို့ မရတော့ပေ။မိုးပမာပြိုဆင်းလာတော့၏။
"သမီး တော်ပြီ အမေ...''
"အေး..ကောင်းတယ် မမြိုနဲ့...''
ခင်ဦး ထမင်းပန်းကန်ကို ကိုင်ကာ ထမင်းဝိုင်းထဲက ထွက်လာခဲ့သည်။လှည့်ထွက်လာခံနီး ကိုကြီးဇေယျာကို တစ်ချက်ကြည့်လိုက်မိသည်။အသဲရဲ့ ရာဇဝင်ကို သိနေပေမယ့် ခင်ဦးဘက်ကနေ ဝင်ကူမပြောပေးတာကြောင့် ခင်ဦး မဲ့ပြုံးလေး ပြုံးပြီးကြည့်ကာ လှည့်ထွက်လာခဲ့သည်။
"နင်ကတော့ ငါ့ကိုကာကွယ်ပေးမယ်မှတ်လား ကောင်း...ငါ့ဘဝရဲ့အလင်းရောင် ငါ့ဘဝရဲ့မျှော်လင့်ချက်က နင်ပါ ကောင်းရယ်...''
အခန်းမှတ်ချက်များ (0)