Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း ၁၁

အခုဆိုရင် အထွေးတောင် မြို့ကြီးမှာ ကျောင်းတက်နေတာ တစ်နှစ်ကျော်ရှိသွားခဲ့ပြီ။အထွေးဟာ ပိုပြီးတော့လည်း လှလှပပလေး ဖြစ်လာခဲ့သည်။အထွေး ကျောင်းပိတ်လို့ ရွာကိုပြန်တဲ့အခါတိုင်း ကာလာသားများက လိုက်ပိုးရသည်။ထိုအချိန်ဆို ကိုကိုနဲ့ကိုကြီးဇေယျာတို့ လက်ချက်နဲ့ ထိုးကြိတ်ခံရသလို ထိတ်တုန်းစာလည်း မိကြရလေသည်။

ခင်ဦးကို ထိုကာလာသားတွေ စကားလိုက်ပြောလိုက်နှောက်ယှက်တဲ့ အခါမျိုးမှာတော့ ကိုကိုနဲ့ကိုကြီးဇေယျာက မသိသလိုနေကြသည်။ထိုအချိန်ဆို ခင်ဦး ကောင်းကို သိပ့်ကိုသတ်ိရမိတယ်။ကောင်းဆို ခင်ဦးကို ကာကွယ်မယ်မှာ..။

"အမေ သမီးအတွက်လည်း အထွေးလို ရွှေဆွဲကြိုးလေး လုပ်ပေးပါလား..သမီးလည်း အလှူအတန်းတွေသွားရင် သူများတွေလို ဝတ်ချင်တယ်...''

"အထွေးကို လုပ်ပေးတယ်ဆိုတာ အထွေးက မြို့ကျောင်းမှာ ကျောင်းတက်နေရလို့ သူများသူစိမ်းတွေကြားမှာ မျက်နှာမငယ်ရအောင်မသိမ်ငယ်ရအောင် လုပ်ပေးထားတာ..ရှိလွန်းလို့လုပ်ပေးထားတယ်လို့ မထင်နဲ့ ခင်ဦး..ညည်းသွားရတဲ့ အလှူအတန်းဆိုတာ ကိုယ့်ရွှာနီးခြောက်စပ်ကိုပဲသွားရတာ..ဝတ်စရာမလိုပါဘူးအေ..''

"သမီးလည်း မိန်းကလေး လှချင်တယ်ပချင်တယ် အမေရဲ့..အမေ့ မျက်လုံးမှာ သမီးကို ဘယ်တော့မှ မမြင်ဘူး..အထွေးကိုပဲ မြင်တာ..ဟိုဟာချက်လည်း အထွေးအတွက်...ဒီဟာချက်လည်း အထွေးအတွက်.. ဘာစားချင်လဲ မေးရတာနဲ့ပဲ အချိန်ကုန်ခဲ့တာလေ.. သမီးကျရင် ဘာစားချင်လည်းလို့ တစ်ခွန်းတောင် အမေမဟဖူးဘူး...အိမ်မှာရှိတဲ့ အလုပ်ကြမ်းတွေ မှန်သမျှ သမီးကပဲ လုပ်ရတာပါ အမေ...နေပူပူ ယာထဲမှာ ယောကျ်ားတစ်ယောက်လို လုပ်နေရတာလဲ ကိုကိုမဟုတ်တဲ့ ဟောဒီက အမေ့သမီးခင်ဦးပါတော်...အထွေးက အရိပ်မှာနေပြီး စာလုပ်နေရတဲ့သူပါ..ဘာစားချင်လဲ မေးရမယ့်နေရာမှာ အထွေးမဟုတ်တဲ့ ဟောဒီက သမီးကိုပါ အမေရဲ့...''

ထိုသို့ပြောပြီး ခင်ဦး ခြံထဲကနေ ပြေးထွက်လာခဲ့သည်။ ရက်လနှစ်တွေမှာ မြိုသိပ်ထားပေမယ့် နာကျင်တာတွေ များလာတော့ ပွင့်ထွက်လာသည်ထင်ပါရဲ့။တစ်ခါမှ ပြန်မပြောဖူးတဲ့ အမေ့ကို ခင်ဦး လေသံမာမာနဲ့တောင် ဒီတစ်ခါမှာတော့ ပြန်ပြောလိုက်မိသည်။

ခင်ဦးအရွယ်ရောက်လာတာနဲ့အမျှ အမေ့ရင်ထဲမှာ ခင်ဦးမရှိဘူးဆိုတာ သိလာရသည့်အခါ ခင်ဦး ဘယ်လောက်လုပ်လုပ်ပေးလုပ်လုပ်ပေး အမေ့ စိတ်ထဲမှာ ခင်ဦးက ရှိမနေပါလေ။တွေးကြည့်တိုင်း ခင်ဦးရဲ့ ခံစားချက်ကို အမြဲဘေးကို ပို့ထားသည့် အမေ့ကို ခင်ဦး မုန်းမိသည်။နာကျည်းမိသည်။

ရွှာအဝင်လမ်းနားက ကိုက္ကုပင်ကြီးက ခင်ဦးရဲ့ရင်ဖွင့်သံတွေ နားထောင်ပေးသည့် ခင်ဦးရဲ့အဖော်ပင်။ခင်ဦး စိတ်တွေ မပျော်တဲ့အခါမျိုးမှာ ကောင်းကို လွမ်းတဲ့အခါတွေမှာ ဒီအပင်ကြီးအောက်ကို အမြဲလာတက်သည်။ကောင်းရယ် အကြည်နဲ့လုံးလုံးရယ် ခင်ဦးအနားမှာမရှိတော့ထဲက ခင်ဦးရဲ့ ရယ်မောသံ ငိုကြွေးသံတွေကို ဒီအပင်ကြီးကပဲ ဒိုင်ခံနားထောင်ပေးရှာသည်။

"ခင်ဦးက ဘာလို့မချစ်မခံရတာဟင်...ဘာလို့အားလုံးက အထွေးမှအထွေးမှ ဖြစ်နေရတာလဲ..အထွေးကို အခုလိုပညာတက်ကြီးဖြစ်အောင် ခင်ဦး အနစ်နာခံပေးတာကျ အားလုံးက မမြင်ချင်ယောင်ဆောင်ကျတယ်..အထွေးကို ပညာတက်ကြီး တစ်ယောက်ဖြစ်ဖို့အရေး ခင်ဦးက နေပူမရှောင်မိုးရွာမရှောင် ယာထဲမှာ ယောကျ်ားတစ်ယောက်လို လုပ်ခဲ့ရတယ်..အပူတရှိန်းရှိန်းထနေတဲ့ ကြေးမီးပူကို ကိုင်တွယ်ပြီး ခြေသလုံးကြွက်သားတွေနာကျင်ခံပြီး အထွေးကို ခင်ဦး ပုခုံးပေါ်ထမ်းတင်ပြီး ပညာတက်တစ်ယောက်ဖြစ်အောင် တွန်းတင်ပေးခဲ့တာ...''

အမေက အထွေးကို ဆရာမဖြစ်မယ့်သူဆိုပြီး ဖူးဖူးမှုတ်မှုတ်ထားသလို ရွှာကသူတွေကလည်း ရွှာကို အကျိုးပြုမည့် ဆရာမလေးတစ်ယောက်ပေါ်လာတယ်ဆိုပြီး အထွေးကို ဝိုင်းချီးကျုးကြလေသည်။ခင်ဦးကိုလည်း အမေသာကျောင်းမထုတ်ခဲ့ရင် ခင်ဦးလည်း အထွေးလို ပညာတက်တစ်ယောက်ဖြစ်မှာ ရွှာကိုအကျိုးပြုမယ့် ဆရာမလေးတစ်ယောက် ဖြစ်မယ်ဆိုတာ အာမခံရဲပါသည်။

"ကောင်း နင်ပြန်လာမယ့် ရက်ကို မျှော်နေရတာ ငါ သစ်ကုလားအုပ်ကြီး ဖြစ်တော့မယ် သိလား..နင်က ဆံပင်ရှည်ထားဆိုလို့ ငါ ဆံပင်ထားထားတာ တင်ပါးထိရောက်နေပြီဟ...နင် ငါ့ကို တွေ့ရင် အရမ်းဝမ်းသာသွားမှာ သိလား ကောင်း...ငါလေ နင့်ကို အရမ်းလွမ်းတယ်...နင်လည်း ငါလွမ်းသလို ငါ့ကိုလွမ်းနေမယ်မဟုတ်လား..''

ခင်ဦး သူမရဲ့ တင်ပါးထိရှည်တဲ့ ဆံနွယ်တွေကို တယုတယကိုင်တွယ်ပြီး တိုးညင်းသော လေသံသဲ့သဲ့လေးနဲ့ ရေရွတ်လိုက်သည်။

"ခင်ဦး ဒီမှာ ဘာလုပ်နေတာလဲ..ငါတို့တွေ နင့်ဆီ အထည်လာအပ်တာ...ကြည့်ပေးအုန်း ငါ့အမေဝယ်လာတဲ့အဆင်က လှရဲ့လားလို့အေ...''

"အင်း.. လှပါတယ် အဌေးရယ်..စိန်စိန်ရဲ့ အဆင်လေးလည်း လှတယ်..ကြီးသန်းက လူကြီးဆိုပေမယ့် မျက်လုံးကောင်းသားတော်...''

"အလှူအမှီချုပ်ပေး လှလှလေးနော် ခင်ဦး..ဟိုဘက်ရွာသူတွေထက် ပိုလှချင်လို့ပါအေ...''

"အေးပါ အဌေးရယ်...''

"ဒါနဲ့ အလှူကို တို့ရွှာရဲ့ ကိုးတောင်ကိုင် ပန်းတောင်ကိုင်မဟုတ်တဲ့ တစ်ရွှာလုံးရဲ့ အချောအလှ အထွေးလေးလာမှာလား ခင်ဦး..''

"လာမယ်ထင်ပါတယ်...အထွေးမလာဖြစ်လာမှာပေါ့ အဌေးရယ်..ဒီအလှူဘယ်သူ့အလှူမို့လည်း..နင်တို့လည်း သိတဲ့အတိုင်းပဲကို ငါ့ကိုမေးနေသေးတယ်နော်...''

"မသိဘူးလေ ခင်ဦးရယ်...အထွေးကကျောင်းတက်နေတာဆိုတော့ မလာဘူးလားလို့ပါ..''

"အေးပါ..ဒါနဲ့ အတိုင်းရှိပြီးသားဆိုတော့..မတိုင်းတော့ဘူး..ပိတ်စပဲ ခင်ဦးကို ပေးသွားလိုက်နော်...''

"အေးအေး...ငါတို့သွားပြီနော်..နင်လည်းပြန်တော့ ခဏနေ မှောင်တော့မယ်...''

"အင်း..''

ခင်ဦး သူမလက်ထဲက ပိတ်စလေးတွေကို ကိုင်ပြီး နာနာကျင်ကျင် ပြုံးလိုက်မိသည်။ခင်ဦးလည်း အမေ ခင်ဦးအတွက် သီးသန့်ဝယ်ပေးတာကို ဝတ်ချင်မိသား။ဘယ်တော့ဖြစ်ဖြစ် ခင်ဦးက အထွေးအကျကိုသာ ဝတ်ရသည်။အရင်ကအချိန်တွေကို ခင်ဦး တွေးလိုက်ပြန်ပါသည်။

"အမေ အထွေးဝတ်ပြီးသားကြီး မဝတ်ချင်ဘူး..သမီးကိုလည်း အသစ်တစ်စုံ ဝယ်ပေးပါလား.. တန်ဆောင်တိုင်မှာ အကျီအသစ်လေးချုပ်ဝတ်ချင်လို့ပါ...''

"သမီးညီမလေးက မြို့မှာကျောင်းတက်နေတာလေ..အဟောင်းဝတ်ရင် ကဲ့ရဲ့ခံရမှာပေါ့ကွယ်...သမီးအတွက် တစ်စုံဝယ်ပေးလိုက်ရင် ညီမလေးအတွက် တစ်စုံဟာ သွားမှာပေါ့..သမီးက အကြီးဆိုတော့ နားလည်ပေးရမယ်နော်..''

"ဟုတ်..''

"သမီးညီမလေးအဝတ်အစားတွေကလည်း အကောင်းတွေပါပဲအေ..မောင်ဇေယျာ ဝယ်ပေးတဲ့ဟာတွေဆို စျေးကြီးတော့ အသစ်တိုင်းပဲ..အလှူတန်းသွားတဲ့အခါ အဲတာလေးတွေကို ဝတ်လို့ရပါတယ်...''

အမေပြောသလို ခင်ဦးလည်း တန်ဆောင်တိုင်ပွဲမှာ ကိုကြီးဇေယျာ အထွေးအတွက် ဆိုပြီး မြို့ကနေ လက်ဆောင် ပါလာတဲ့ ဟာလေးကို ယူဝတ်လိုက်မိပါသည်။အသစ်မဟုတ်တော့ပေမယ့်လည်း လက်ဆောင်ပေးထားသည့် သူက မကြိုက်ပေ။

"ခင်ဦး..နင့်ကိုယ်ပေါ်က အကျီတွေကို အခုချွတ်..''

"ရှန်...''

"ကိုယ်နဲ့မတန်မရာကို ဝတ်ပြီး လှချင်နေတယ်..နင်က ဒေါင်းယောင်ဆောင်တဲ့ ကျီးလိုပဲ..''

ခင်ဦး အိမ်ပေါ်အမြန်တက်ပြီး အကျီချွတ်လိုက်ရသည်။သစ်လွင်နေပေမယ့်ဟောင်းနွမ်းနေသည့် ခင်ဦးရဲ့ အကျီလေးကိုသာ ကိုယ်ပေါ်မှာ ဝတ်ဆင်လိုက်တော့သည်။

"ဘယ်မှာ အဝတ်အစားတွေ..''

"ရှန်..''

"ငါ့ကို မသိသလို မျက်နှာဘေးနဲ့ မော့မကြည့်နဲ့..သွားယူလိုက် ခုနက နင်ဝတ်ထားတဲ့ အဝတ်အစားတွေ ..''

"သြော်..ဟုတ်..''

ခင်ဦး အိမ်ပေါ်အမြန်တက်ပြီး အဝတ်အစားတွေကို ယူလာပြီး ဇေယျာ့ကို ကမ်းပေးလေသည်။

"နင့်ဝတ်ထားတာကို ငါက ကိုင်စရားလား...ရွံ့လို့ လက်ဖျားနဲ့တောင် မတို့ဘူး...အောက်မှာပုံပြီး မီးရှို့လိုက်...''

"ဟင်...''

ခင်ဦး အထွန့်လည်းမတက်ရဲ့ပါ။ကိုကြီးဇေယျာ ပြောတဲ့အတိုင်း နှမြောပေမယ့် တုန်တုန်ရင်ရင်နဲ့ မီးရှို့လိုက်ရသည်။တောက်လောင်လာသော မီးတွေကိုကြည့်ပြီး ခင်ဦးမျက်ရည်ကျခဲ့ရသည်။မီးစားသွားသည့် အဝတ်အစားတွေကိုကြည့်ပြီး နှမြောလို့ ငိုတာမဟုတ်ပေမယ့် ခင်ဦးကို ရွှံ့လို့ဆိုသည့် စကားကြောင့် ဝမ်းနည်း၍ မျက်ရည်ကျလာခြင်းသာ။

ရှေ့ဖြစ်နောက်ဖြစ်အတွေးတွေကို တွေးတောလိုက်သည်မှာ မှောင်ရီတောင်ပျိုးလာလို့ နွားရိုင်းဝင်ချိန်​တောင်ရောက်လာခဲ့သည်။ကိုက္ကုပင်ကြီးရဲ့ အရွက်တွေကလည်း အိပ်တန်းတက်သွားတော့သည်။အိမ်ပြန်ရောက်ရင်တော့ အမေ့ရဲ့ အဆူကို ကျိန်းသေမုချ ခံရပေအုန်းမည်။

***************** *****************

"မောင်.. ဒီတစ်ခါ မောင်တို့ရွာကိုပြန်ရင် ဆွေလည်း လိုက်ခဲ့လို့ရလားဟင်..မောင့်မိဘတွေနဲ့လည်း မိတ်ဆက်ပြီးသားတစ်ခါတည်း ဖြစ်သွားတာပေါ့...''

"ဆွေက လိုက်ချင်လို့လား.. ဆွေလိုက်ချင်ရင် မောင်က ခေါ်ပြီးသားပါ..ဒါပေမယ့် လမ်းကကြမ်းတော့ ဆွေပင်ပန်းမှာ ဆိုးတယ်...''

"အလေ့အကျင့်ရတာပေါ့.. တစ်ချိန်ချိန်မှာ သျှောင်နောက်ဆံထုံးပါ မောင့်နောက်ကို ဆွေက လိုက်ခဲ့ပေးရမှာပဲ မဟုတ်လား မောင်ရယ်...''

"ဟုတ်ပါပြီဗျာ...''

ကောင်းဟာ ဆွေမာမြင့်ဆိုတဲ့ ဆွေလို့ခေါ်သည့် ချစ်ရသူလေးကို အကြင်နာအနမ်းလေးပေးပြီး ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်ထားလိုက်သည်။ကောင်းကတော့ မြို့ကြီးပြကြီးမှာ အချစ်နဲ့ပျော်ရွှင်နေတာကြောင့် သူ့ကိုမျှောင့်စောင့်စားနေသည့် ခင်ဦးကို မေ့သွားခဲ့လေပြီ။

မြို့ရောက်ရင် ရည်းစားမထားပါဘူးဆိုသည့် ခင်ဦးကို ပေးထားသည့် ကတိနဲ့ လုပ်ရက်က လားလားမှမသက်ဆိုင်တော့ပေ။ခင်ဦးကို လွမ်းတိုင်း ကဗျာလေးတွေ ရေးဖွဲ့သီကုံးမယ်ဆိုသည့် စကားပင်လည်း ထိုနည်း၎င်းပင် ။

"မောင်..''

"အွန်း..''

"မောင် ဆွေ့ကို ချစ်လားဟင်...''

ဆွေက ကောင်းရဲ့ လက်ချောင်းတွေကို တစ်ချောင်းချင်းဆုပ်ကိုင်ရင်း မျက်နှာလေးကို ရင်ဘတ်ပေါ် အသာမှီလိုက်သည်။ကောင်းက ဆွေရဲ့ ဆံနွယ်တွေကို သပ်ပေးရင်း ခပ်ဖွဖွပြုံးလိုက်သည်။

"ချစ်တာပေါ့..သိပ့်ချစ်တာပေါ့ ဆွေရယ်...ဘယ်လိုများ မေးလိုက်တာလဲ..ဆွေဆိုတဲ့ မြို့ကြီးသူလေးကို ဟောဒီ ကောင်းကောင်းဆိုတဲ့တောသားလေးက ငုံထားမတက် ချစ်ပါသတဲ့ဗျာ..''

"နောက်ပြီး မောင့်မျက်လုံးထဲမှာ ဆွေက အလှဆုံး မိန်းကလေးလား မောင်...''

ဆွေ့ရဲ့ စကားကြောင့် ပြုံးရွင်နေသော ကောင်းရဲ့မျက်နှာဟာ တည်သွားလေ၏။တစ်ဆက်တည်းမှာပင် သူ့ကို ခင်ဦး မေးခဲ့သည့် စကားလုံးတွေကိုပါ ပြန်ကြားယောင်မိလာသည်။

"ကောင်း နင့်မျက်လုံးထဲမှာ ငါက အလှဆုံးမဟုတ်လားဟင်...''

"အင်း..ငါ့မျက်လုံးထဲမှာ နင်က ငါ့မေမေပြီးရင် ငါ့အတွက်အလှဆုံး မိန်းကလေးပဲ ခင်ဦး...''

"ငါ့မျက်လုံးထဲမှာလည်း နင် အချောဆုံးပဲ သိလား...''

"ဟို..ဟိုရောက်ရင် ရည်းစားမထားပါနဲ့လား ကောင်းရယ်...''

"နင် တကယ် ရည်စားမထားရဘူးနော်...ငါ့ကို ကတိပေး ကောင်း..''

ခင်ဦးရဲ့ ထိုစကားတွေကို ကြားယောင်လာသည့်အခါ ကောင်း ဆွေလိုချင်သည့် အဖြေကို ပြန်ဖြေပေးဖို့ အားမရှိချေ။ခင်ဦးရဲ့ ရယ်လိုက်ရင် မျက်လုံးလေးမှေးဆင်းပြီး ပါးချိုင့်ခွက်ကလေးပေါ်လာသည့် ဖြူစင်စွာ ရယ်မောနေသည့် ပုံရိပ်ကလေးက သူ့စိတ်အစဥ်မှာ ပုံရိပ်ယောင်တစ်ခုလို ထင်ဟပ်လာသည်။

"ငါ တောင်းပန်ပါတယ် ခင်ဦး...နင့်ကို ပေးထားတဲ့ ကတိကို ငါမတည်နိုင်ခဲ့လို့ ငါတောင်းပန်တယ်...အခုတော့ ငါကိုယ်တိုင် အဲဒီကတိကို ချိုးဖောက်နေပြီ... ဒီအကြောင်းသိရင် ငါ့ကို ဘယ်လောက်စိတ်ပျက်သွားမလဲ ခင်ဦး..."

ကောင်း သူစိတ်ထဲမှာ ခင်ဦးကို အကြိမ်ကြိမ် တောင်းပန်နေတော့သည်။

"မောင်..ဆွေက အလှဆုံးလားလို့ မေးနေတယ်လေကွာ...''

"မောင့်အတွက် ဆွေက အလှဆုံးပါပဲ...''

ပြောသာပြောလိုက်ရတာ ကောင်းရဲ့ရင်ထဲမှာတော့ ခင်ဦးအပေါ် အပြစ်ရှိသလို ခံစားနေသည်။ခင်ဦးရဲ့ ပြုံးရယ်နေသည့် မျက်နှာကလေးသာ မြင်ယောင်နေ၏။

ရွာဝင်ရဲ့ ကိုက္ကုပင်အောက်မှာ ခင်ဦးကတော့ ကောင်းပြန်လာမယ့်ရက်ကို လက်ချိုးရေတွက်ရင်း ပျော်နေရှာတာ...ခင်ဦး အမြတ်တနိုးသိမ်းထားတဲ့ ကတိတစ်ခုကို ကောင်းက မြို့ကြီးတစ်နေရာမှာ ချိုးဖောက်ပြီးသား ဖြစ်နေခဲ့လေပြီ။

« ရှေ့အခန်း - အပိုင်း၁၀ နောက်အခန်း - အပိုင်း ၁၂ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ