ကောင်း အဆောင်ရှေ့၌ သနပ်ခါးပန်းတွေကိုမြင်ရသည့်အခါ သနပ်ခါးပန်းအလွန်ကြိုက်သည့် ခင်ဦးကို သတိရလေသည်။ကောင်း သနပ်ခါးပန်းကို ခူးယူပြီး နမ်းရှိုက်ကာ အခန်းထဲကို ဝင်လာခဲ့သည်။ခင်ဦးကို လွမ်းတဲ့အခါ ကဗျာလေးတွေရေးထားတဲ့ စာအုပ်ကြားထဲကို ခူးလာသည့် သနပ်ခါးပန်းလေးကို ညှပ်လိုက်၏။
စာအုပ်လေးကို ရင်ဝယ်ပိုက်ပြီး ခင်ဦး၏ ညိုညက်ညက်အပြုံးမျက်နှာကလေးကို မြင်ယောင်ပြီး နှစ်ဦးသား တွေ့မြင်နေသလို စကားတွေ ပြောနေတော့သည်။
"ငါ နင့်ကို လွမ်းလိုက်တာ ခင်ဦးရယ်...နင့်အသံလေးနဲ့မျက်နှာလေး မကြားရတာ ဘာလိုလိုနဲ့ တစ်နှစ်ပြည့်တော့မယ်...ကျောင်းပိတ်ခံနီးမှ နင့်ကို ပိုလွမ်းသလိုပဲဟာ...ငါတို့ အဆောင်ရှေ့မှာ နင်ကြိုက်တဲ့ သနပ်ခါးပန်းတွေ ပွင့်နေတာ တစ်ပင်လုံး အဝါရောင်ကို ဖိတ်ဖိတ်တောက်နေတာပဲ သိလား...မြို့က မိန်းကလေးက သနပ်ခါးပန်း မကြိုက်ဘူးနဲ့တူတယ်...မမြင်သလို ကျော်တာပဲ ခင်ဦ...ငါတို့လို တောရွာက လာတက်တဲ့ မိန်းကလေးတွေလည်း ဒီလိုပါပဲဟာ...သူတို့တွေက ဆူးနှင်းဆီမှ ပန်းထင်နေသလား မသိပါဘူး...''
ကောင်း အခန်းပြင်က ခြေသံကြားလိုက်တာကြောင့် နှုတ်ကရေရွတ်နေသော အသံကို တိတ်လိုက်ပြီး ရင်ဝယ်ပိုက်ထားသည့် စာအုပ်လေးကို အလျင်အမြန်သိမ်းလိုက်ကာ လွယ်အိတ်ထဲ စာအုပ်လေးတစ်အုပ်ကို ယူ၍ စာလုပ်နေသည်လို ပြုမူလိုက်သည်။
"အပိုတွေ လုပ်မနေပါနဲ့ကွာ...ခင်ဦးကိုသာ အားရပါးရ လွမ်းလိုက်စမ်းပါ...
မင်းလည်း သူငယ်ချင်းမလေးကို လွမ်းတာတောင် ခိုးချောင်ခိုးဝှက်နဲ့ မပြောချင်ဘူး...''
"မင်းတို့ကြားသွားတာလား...''
"မင်းက စိတ်မှာမပြောဘဲ အပြင်ကိုနှုတ်ဖွင့်မှတော့ ငါတို့ကြားတာပေါ့ကွ...မကြားဘူးလို့ပြောရင် ငါတို့မှာ နားမပါလို့ပဲ...လွမ်းချင်လည်း ဆက်လွမ်းလိုက်ဦး...ငါတို့ ရေးချိုလိုက်ဦးမယ်...''
"အေးအေး...''
ခင်မောင်တိုးနဲ့ထွန်းနိုင်ဦးတို့ အခန်းထဲက ရေချိုးဖို့ထွက်သွားတာနဲ့ ကောင်းလည်း စာအုပ်ကိုပြန်ပိတ်လိုက်ပြီး လွယ်အိတ်ထဲ ပြန်ထည့်ပြီးသိမ်းလိုက်သည်။မတွေ့တာနှစ်ပတ်လောက်ရှိနေပြီဖြစ်တဲ့ အကြည်နဲ့လုံးလုံးကို ပိတ်ရက်မှာ တွေ့ဖို့ ဖုန်းဆက်ရန် အခန်းထဲက ထွက်လာသည်။
သနပ်ခါးပန်းပင်နားမှာ မိန်းကလေးတစ်ယောက်က ခင်ဦးအမြတ်တနိူး ခေါင်းကဆံနွယ်ထက်မှာ ပန်ဆင်သည့် သနပ်ခါးပန်းတွေကို ထိုမိန်းကလေးက သနပ်ခါးပန်းတွေကို ခူးယူပြီး မြေပြင်ပေါ် သို့ ချွေချနေတာကြောင့် ကောင်း အလိုမကျဖြစ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ပန်းတွေကို ဘယ်အချိန်ထဲက ချွေချနေသလဲမသိ အဝါရောင်အလုံးသဏ္ဍာန်ပန်းပွင့်လေးတွေဟာ မြေပြင်ပေါ်ပြန့်ကြဲနေသည်က မြင်ရက်စရာရှိပါ။အပင်မှာ လှပစွာ ပွင့်နေသော ပန်းပွင့်တွေကို ရန်သူတစ်ယောက်လို ပြုမူနေသည့် ထိုမိန်းကလေးအနားကို ကောင်း ခြေလှမ်းကျဲများဖြင့် ရောက်လာခဲ့သည်။
"ဒီမယ် အမိ...''
"ဆွေ့ကို ခေါ်လိုက်သလားရှင့်...''
"ဟုတ်ပါတယ် အမိ...''
"ဒါဖြင့် ဒီက ဆွေ့ကို သိလို့လားရှင်...''
"အမိကို ကျွန်တော် မသိပါဘူး...''
"မသိဘဲ ဘာလို့ ခေါ်တာလဲ..ဆွေ့ကို ပိုးပန်းချင်လို့လား...''
"မဟုတ်ရပါဘူးဗျာ... ဒီက အမိက ပန်းတွေကို ခြွေယူနေတာကို အမြင်မတော်လို့ မခြွေဖို့ပြောမလို့ ခေါ်လိုက်တာပါ...''
"သြော်...ပန်းတွေမချွေဖို့လာပြောတာလား...ဆွေက မသိပါဘူး..ဆွေ့ကိုများ ပိုးပန်းချင်လို့ စကားလာပြောသလားမှတ်လို့ကွယ်..''
"မဟုတ်ရပါဘူးဗျာ...''
"ဆွေ ရှင်နဲ့ခင်ချင်တယ်...ဆွေ့နာမည်အပြည့်စုံက ဆွေမာမြင့်တဲ့..မှတ်ထားနော်...ရှင် ဆွေ့ကို မခင်ဘူးဆိုရင် ဒီသနပ်ခါးပန်းပွင့်တွေကို နေ့တိုင်း လာချွေပစ်မယ်...ဒါနဲ့ ရှင့်နာမည်က ဘာပါလိမ့်...''
ပန်းတွေကို ပျက်စီးချင်တဲ့ ထိုမိန်းကလေးကို ကောင်း ဘဝင်ကျပေ။ခင်ဦး ကြိုက်တဲ့ပန်းတွေကို အချိန်မတိုင်ခင် ကြွေသွားမှာကို မမြင်ရက်တာကြောင့် အောင့်သက်သက်နဲ့ သူ့နာမည်ကို ပြောလိုက်သည်။
"ကောင်းသုတ...''
ဒီလိုနဲ့ ကောင်းနဲ့ဆွေဟာ သူငယ်ချင်းဖြစ်သွားတော့သည်။တစ်ကျောင်းထဲ အတူတူဆိုတော့ ရင်းနှီးမှုက ခရီးရောက်လာခဲ့သည်။အကြည်နှင့်လုံးလုံးတို့နဲ့ တွေ့တဲ့အခါတိုင်းမှာလည်း ခင်ဦးအကြောင်းပြောကြတာနဲ့ ကောင်း သူငယ်ချင်းမိန်းကလေးတစ်ယောက် ရနေပြီဖြစ်တဲ့ အကြောင်းကို မပြောဖြစ်ခဲ့ပေ။
"ကောင်း မင်းနဲ့ဟိုဘဲကြီးက ရုပ်ဆင်တယ်...မင်းတို့က တစ်ရွာထဲသားတွေဆိုတော့ ညီအစ်ကိုတွေများလား...''
"အင်း..အရင်းတော့မဟုတ်ဘူး...''
"ကောင်းတို့ ညီအစ်ကိုတွေက အချောတွေကြီးပဲ...ရူပါတွေသာ မိုက်တာပါ...ညီအစ်ကိုနှစ်ယောက်စလုံး တစ်ယောက်မှ မစွံပါဘူး...''
"အဲ့အကိုက ဒီနှစ်ဆို ကျောင်းပြီးပြီမဟုတ်လား...အဲ့ဒါကို ကောင်မလေးမရှိဘူး မဟုတ်လား ဆွေ...''
"ဟုတ်တယ် ကိုခင်မောင်...ဆွေ့သူငယ်ချင်းဆို အဲ့အစ်ကိုကို ကြိုက်လို့ ရေလာမြောင်းပေးလုပ်တာတောင် မရဘူး...ချေလိုက်တာမှလည်း ပြောမနေပါနဲ့ သူငယ်ချင်းတောင် ပေးမလုပ်ဘူး...''
ကောင်း ဆွေပြောတာကို နားတောင်ပြီး ပြုံးလိုက်၏။စိတ်ထဲတွင်လည်း ကိုကြီးဇေယျာလို လူမျိုးက မိန်းသူငယ်ချင်း ဘယ်တော့မှ ထားမှာမဟုတ်ဘူးလို့ ပြောမိသည်။ကိုကြီးဇေယျာဟာ မိန်းကလေးကို ခင်တာဆိုလို့ ခင်ဦး ညီမ အထွေးတစ်ယောက်သာ ရှိသည်မဟုတ်ပါလား။
အချိန်တွေကုန်လာတာနဲ့ ကောင်းတို့ စာမေးပွဲက နီးကပ်လာခဲ့သည်။ထို့ကြောင့် ခင်ဦးအတွက် လက်ဆောင်ဝယ်ရန် အကြည်တို့နဲ့ ကျောင်းပိတ်ရက်မှာ တွေ့ဖို့ချိန်လိုက်သည်။ကျောင်းပိတ်ရက်ရောက်တော့ ကောင်း အကြည်တို့ဆီကို သွားလိုက်သည်။မြို့ရောက်မှ မင်းသမီးတွေလို ပြင်ထားသည့် အကြည်နဲ့လုံးလုံးကို ကြည့်ပြီး ကောင်းပြုံးလိုက်သည်။ကောင်းတို့ ဈေးရောက်တော့ အကြည်က နှုတ်ခမ်းနီဝယ်သည်။လုံးလုံးက ပေါင်ဒါဗူးဝယ်သည်။ကောင်းကတော့ ခင်ဦးနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ ဆံထိုးလှလှလေးတစ်ချောင်းကို ဝယ်လာခဲ့သည်။
"ခင်ဦး ဆံထိုးလေးက နင့်ဆံနွယ်ထက်မှာ အလှကြီးလှနေတော့မှာပဲ...ငါ့ အတွေးထဲမှာတောင် ဆံထိုးလေးနဲ့ ထုံးဖွဲ့ထားတဲ့ ပုံစံလေးက မဟာဆန်ပြီး ကျက်သရေရှိပြီး လှနေလိုက်တာ ခင်ဦးရယ်....''
စာမေးပွဲပြီးလို့ ရွှာကိုပြန်လာတဲ့အချိန်က ကောင်းအတွက်အပျော်ဆုံးအချိန်တစ်ခုဖြစ်သည်။အကြည်နဲ့လုံးလုံးလည်း ကောင်းလို ပျော်နေမည်ဟု ထင်သည်။ကောင်းတို့ ကျောင်းတစ်ဖြတ်ပြီးလို့ ရွာကိုပြန်လာသည့်ထဲမှာ ကိုကြီးဇေယျာလည်း ပါသည်။ကိုကြီးဇေယျာကတော့ ကျောင်းပြန်ဖွင့်လည်း ကျောင်းတက်စရာမလိုတော့ပေ။
"ကောင်း ခင်ဦး ငါတို့ကို တွေ့ရင် အရမ်းပျော်သွားမှာသိလား...''
ခင်ဦးက ကောင်းတို့ကိုတွေ့ရင် ဘယ်တောင်များ ပျော်နေလိုက်မလဲဆိုတာ ကောင်းတို့တွေ တွေးရင်း သုံးယောက်သား ပြုံးမိကြသည်။အခုတောတောဆယ်မှာတော့ ခင်ဦးကို တွေ့ချင်လွန်း၍ ကောင်းတို့တွေကအရင် ပျော်နေကြသည်။လှည်းပေါ်မှာလည်း ခင်ဦးအကြောင်း တစ်လမ်းလုံး ပြောလာကြသည်။ကိုကြီးဇေယျာကတော့ လှည်းမောင်းတဲ့ ဦးလေးကြီးနဲ့သာ စကားပြောနေသည်။
"မခင်ရေ...မခင်...သတင်းထူး သားဆီမှာ ပါတယ်ဗျို့...''
"ဘာလို့ မခင်ကို လိပ်ခေါင်းထွက်မတက် အော်ခေါ်နေရသလဲ မောင်ပိုက်ထွေး...''
"ဟဲ..သားပြေးလာရတာ မောသွားလို့ ရေအရင်တစ်ခွက်လောက်တိုက်ပါ...''
"ရှော့ ကိုယ်တော်...ဖြေးဖြေးသောက် ရေနင်မယ်...ရေနင်ရင် သေတက်တယ်....''
"ဟုတ် မခင်...''
မောင်လေး ရေသောက်ပြီးတာနဲ့ ခင်ဦး ရေခွက်ကို ပြန်ယူပြီး ရေအိုးစင်မှာ ပြန်သွားထားလိုက်သည်။ပြီးမှ မောင်လေးဆီကို ပြန်လာခဲ့ပြီး
"ကဲ...ဘာသတင်းထူးလဲ ပြောပါဦး....''
"ကိုကြီးကောင်းကောင်းတို့ ကိုကြီးဇေယျာတို့ ပြန်လာနေပြီ... သားတို့ ဆော့နေတုန်း တွေ့ခဲ့တယ်...''
ကောင်းတို့တွေ ပြန်ရောက်လာပြီဆိုတော့ ခင်ဦး ပျော်သွားပြီး နှုတ်ခမ်းထက်မှာ အပြုံးတွေကလည်း ထွက်ပေါ်လာခဲ့သည်။ချက်ချင်း ပြေးပြီး သွားတွေ့ချင်ပေမယ့် ထမင်းအိုးက တည်လက်စကြီးဆိုတော့ ထမင်းအိုးကျက်မှ သွားတွေ့ရဖို့ ဖြစ်လာခဲ့သည်။ကောင်းတို့တွေကို တွေ့ချင်စိတ်က လောနေ၍လားမသိ...ဒီနေ့ထမင်းအိုးတည်ရတာ အရင်ရက်တွေကထက် ပို၍ကြာနေသယောင်ယောင်..။
ခင်ဦး ထမင်းအိုးကျက်တော့ ကောင်းတို့ဆီကို သွားမယ်ပြင်တော့ အမေက ကိုကြီးဇေယျာကို ညေန အိမ်မှာထမင်းခေါ်ကျွေးမှာမို့လို့ ဟင်းပါချက်ခိုင်းလာတာကြောင့် ခင်ဦး ငိုချင်သွားသည်။ရေနွေးအိုးဆူတာနဲ့ ဦးကြွက်နီ လုပ်ပေးသွားတဲ့ ကြက်ကို အမွှေးနုတ်ပြီး ခုတ်ထစ်ပြီး ရေသန့်စင်အောင် ဆေးကျောပြီးတာနဲ့ ချက်လိုက်တော့သည်။လည်ချောင်းရိုး ခါးရိုး ခေါင်းတို့ကိုတော့ ဂွေးတောက်ရွက်နဲ့ ဟင်းချိုလေး ချက်လိုက်သည်။
"အထွေးရေ ငါ ကောင်းတို့ရောက်နေလို့ သွားလိုက်ဦးမယ်...''
"ဟုတ် မမ...''
ခင်ဦး အထွေးကိုမှာပြီး ကောင်းတို့အိမ်ဘက်ကို ထွက်လာခဲ့သည်။ကောင်းတို့ အိမ်ရှေ့ရောက်တော့ အကြည်နဲ့လုံးလုံးကလည်း ရှိနေသေးသည်။ကောင်းက အရင်ကထက် အသားပိုဖြူလာသလားပဲ...အကြည်နဲ့လုံးလုံးက ဆင်ပြင်တက်လာတော့ အရင်ကထက် ပိုလှလာသည်။တစ်ဆက်တည်းမှာ ခင်ဦး ခေါင်းထဲ အတွေးတစ်ခု ဝင်လာခဲ့သည်။အထွေးလည်း မြို့မှာ ကျောင်းသွားတက်တဲ့အချိန်ကျရင် ပိုပြီး လှသွေးကြွယ်လာတော့မှပဲလို့...ခင်ဦး နှုတ်ခမ်းလေးတွေ ကွေးတက်သွားသည်အထိ ပြုံးလိုက်သည်။
"ကောင်း...အကြည်....လုံးလုံး...''
ခြံဝနေ ခင်ဦးရဲ့အသံကြောင့် ကောင်းတို့ဟာ လှည့်ကြည့်လာ၏။ကောင်းက အိမ်ပေါ်ကနေ အတင်းပြေးဆင်းလာပြီး ခင်ဦး၏ ကိုယ်လေးကို ဖက်လာသည်။အကြည်နဲ့လုံးလုံးကလည်း ကောင်းလို ခင်ဦးကို လာဖက်ကြသည်။ကောင်းက သူ ခင်ဦးကို အကြာကြီးမဖက်လိုက်ရလို့ အကြည်နဲ့လုံးလုံးကို မျက်မှောင်ကြုတ်ပြီး ကြည့်တော့ ခင်ဦး ရယ်လိုက်မိ၏။
"ငါ အိမ်မှာ ထမင်းဟင်းချက်နေလို့ နောက်ကျသွားတယ်...''
"ရပါတယ် ခင်ဦးရဲ့...ငါတို့သုံးယောက် နင့်အတွက် လက်ဆောင်ဝယ်လာခဲ့တယ်...နင် သုံးရမယ်နော်...မသုံးရင် ငါတို့စိတ်ဆိုးပစ်လိုက်မှာ..''
"စိတ်တော့မဆိုးလိုက်ပါနဲ့ အကြည်ရယ်...ငါ အကုန်သုံးပါ့မယ်...ဘာလေးတွေလဲဟင်...ငါ အရမ်းကြည့်ချင်နေပြီ...''
ခင်ဦးပြောတဲ့အခါ အကြည်နဲ့လုံးလုံးက နှုတ်ခမ်းနီလေးနဲ့ပေါင်ဒါဗူးလေးကို ခင်ဦးလက်ထဲကိုထည့်ပြီး ခင်ဦးအတွက်ဆိုပြီး ပေးလာတာကြောင့် ခင်ဦး ပျော်လွန်းပြီး မျက်ရည်တို့ဝဲရစ်လာသည်။ကောင်းပေးတဲ့ ဆံထိုးလေးက လှလွန်းလို့ ခင်ဦးခေါင်းမှာ မပန်ဆင်ရက်ပါ။
"ဆံထိုးလေးက လှလိုက်တာ ကောင်းရယ်...ဒါပေမယ့် ဆံထိုးလေးက ငါနဲ့ မဖက်လိုက်သလိုပဲ...''
"နင်နဲ့မလိုက်ဖက်တာ ဘာမှမရှိဘူး ခင်ဦး...နင်နဲ့လိုက်ဖက်လွန်းလို့ ငါ့ အတွေးထဲမှာတောင် နင်ကဆံထိုးလေးနဲ့ အရမ်းလှနေတာ သိလား...''
ခင်ဦးက ကောင်းကိုကြည့်ပြီး ခေါင်းငြိတ်ပြလာသည်။ခင်ဦး အခုလို အားနည်နေတာကို ကောင်းမကြိုက်ချေ။ကောင်းပေးတဲ့ ဆံထိုးလေးကို ဆုပ်ကိုင်ထားသည့် လက်ကလေးမှာ သွေးထွက်နေတာကို မြင်လိုက်ရ၍ ကောင်း ခင်ဦးလက်ကို ဆွဲယူလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး ကောင်းရဲ့...ငါ ကြက်လုပ်တာ နင်တို့ဆီကို လာချင်စိတ်များပြီး ပြာပြာနဲ့လုပ်လိုက်တာ ဓားထိသွားတာ...နည်းနည်းရှပ်ထိသွားတာပါ မနာတော့ပါဘူး...''
ကောင်း ခင်ဦးက ပြန်မပြောဘဲ ရေလဲပုဆိုးကို ယူပြီး အနည်းငယ် ဖြဲလိုက်ပြီး ဓားထိထားသည့် လက်ညိုးကို ပတ်ပြီးစီးပေးလိုက်သည်။ခင်ဦး ကောင်းကိုကြည့်ပြီး ပြုံးနေလိုက်သည်။ငယ်ငယ်ထဲ ခင်ဦးကို ဂရုစိုက်တဲ့ကောင်းက အရွယ်တစ်ခုရောက်လာလည်း ခင်ဦးအပေါ် အရင်လိုဂရုစိုက်တာကြောင့် ခင်ဦး ပျော်ရသည်။
အခန်းမှတ်ချက်များ (0)