Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၉

"ခင်ဦး မနက်မှပြန်တွေ့မယ်နော်...ကောင်းတို့ အတန်းဝင်ပြီနော်...''

"အင်း''

ကျောင်းတက်ခေါင်းလောင်းတီးတဲ့အခါ ခင်ဦး ဘယ်လိုဝမ်းနည်းလို့ဝမ်းနည်းမှန်းမသိပါ။မျက်ရည်တို့ဟာ ပိုးပိုးပေါက်ပေါက် ကျလာသည်မှာ တားစီး၍မရချေ။ ကျောင်းသားကျောင်းသူတွေဟာ ခေါင်းလောင်းသံလေးကြောင့် ဆော့ရာကနေ အတန်းကိုယ်စီ ပြေးကာဝင်သွားကြသည်။

ခင်ဦးလဲ ကျောင်းတက်ခဲ့ရင် ကောင်းတို့လို့ အတန်းထဲကို ပြေးလွှားဝင်မှာရမယ် မဟုတ်လား။သူတို့ကိုယ်ပေါ်က အဖြူအစိမ်းဝတ်စုံလေးက အခုတော့ ခင်ဦးနဲ့ လားလားမှမသက်ဆိုင်တော့ပေ။

မောင်လေးကို အစာပြေကျောင်းလွတ်ချိန် ထမင်းလာကျွေးတဲ့အချိန်မှသာ ကောင်းတို့နှင့် ဆုံရတော့သည်။အတန်းကြီးတော့ သူတို့လည်း စာနှင့်လုံးပမ်းရတော့ ခင်ဦးဆီကို မလာဖြစ်ပေ။ ကောင်းကောင်းတို့တွေနဲ့ စကားပြောနေတာကြောင့် ကျောင်းပြန်တက်မှသာ ပြန်လာခဲ့သည်။အိမ်ရောက်တဲ့အခါ အမေမရှိ၍ တော်သေးသည် ပြောရမည်..မဟုတ်ရင် ထမင်းသွားကျွေးတာ အဲ့လောက်ကြာရသလားဆိုပြီး ရိုက်ခံရအုန်းမယ်။

"ခင်ဦး..''

"ရှန်..''

အမေ့ရဲ့ခေါ်သံကြောင့် အိမ်ပေါ်ကနေ ဆင်းလာခဲ့သည်။ရေအိုးစင်ကနေ ရေတစ်ခွက်ပါ အမေ့အတွက် တစ်ခါတည်း ခပ်လာခဲ့သည်။အမေဟာ ခင်ဦး ကမ်းပေးသည့် ရေကို သောက်ပြီးတာနဲ့ ခင်ဦးကို ပြောလာခဲ့၏။

"ညည်းအဖေ ပြန်ရောက်ပြီလား...''

"မရောက်သေးဘူး အမေ..ညနေလောက်မှ ပြန်ရောက်မယ်ထင်တယ်...''

ခင်ဦးလဲ ပြောပြီး ခြံထဲကထွက်ဖို့ ပြင်လိုက်၏။

"ဒါဘယ်လဲ..''

"မှိုသွားခူးမလို့ပါ အမေ...''

"အမြန်သွားပြီး အမြန်ပြန်လာခဲ့...အဲတစ်လုပ်ထဲနဲ့ အချိန်မကုန်စေနဲ့အုန်း..အမေ လယ်ထဲပြန်သွားရအုန်းမှာ...ညဥ်းအဖေမရှိတော့ အမေတစ်ယောက်ထဲ ပင်ပန်းတယ်အေ..အိမ်အလုပ်တွေ ငါ့သမီးရှိလို့တော်သေးတယ်...''

အမေအားကိုးရတဲ့ သမီးတစ်ယောက်ဖြစ်တော့လည်း ခင်ဦး ပျော်ပါသည်။ဒီရက်ထဲ အမေပင်ပန်းနေတာကို လက်ခံပါသည်။အဖေက မြို့ပေါ်သွားတာ သုံးလေးရက်လောက်ဆို ယာအလုပ်ကို အမေသာ ဒိုင်ခံလုပ်နေရသည်။

ခင်ဦးတို့ စလင်းဘေးနားက ကောက်ရိုးပုံရှိရာကို မှိုခူးဖို့ရန် ခင်ဦး ထည့်စရာယူပြီး ထွက်လာခဲ့သည်။နေ့ခင်းပိုင်းခူးလိုက်တာဆိုတော့ မှိုတွေက အငုံလေးတွေသာ ဖြစ်၏။ရိုးထဲက ကန်စွန်းရွက်လေးပါ မှိုနဲ့ချက်ရန် ခင်ဦးခူးစိပ်လာခဲ့သည်။

ခင်ဦး အိမ်ရောက်ဖို့ တစ်အိမ်ကျော်လောက်အလိုမှာ ခင်ဦးတို့အိမ်ထဲ လူတွေရုံးစုရုံးစုနဲ့ ထွက်လိုက်ဝင်လိုက်လုပ်နေတာကို မြင်လိုက်ရကြောင့် လက်ထဲက မှိုခြင်းလည်း လွတ်ချသွားတော့သည်။အမေများ တစ်ခုခုဖြစ်လို့လား ဆိုသည့်အသိက ရင်ကို လှုပ်ခတ်သွားတာကြောင့် အပြေးပင် အိမ်ထဲဝင်လာခဲ့သည်။

အိမ်ထဲရောက်တော့ အမေ့ကိုတွေ့ရတာကြောင့် စိတ်အေးသွားရသည်။သို့သော် အမေဟာ ပြိုလဲမတက်ငိုကြွေးနေသည်။ကိုကိုနဲ့အထွေးကလည်း ငိုနေသလို ဒေါ်လေးပူစူးလက်ထဲက မောင်လေးကလည်း အမေ့ကိုကြည့်ပြီး ငိုနေတော့သည်။

"အဖေ..အဖေများ တစ်ခုခုဖြစ်လို့လား...''

ခင်ဦး အမေကြီး ငိုနေတာကို မြင်လိုက်တော့မှ ချက်ချင်းဆိုသလို အဖေတစ်ခုခုဖြစ်နေပြီဆိုတာကို စိတ်ထဲမှာသိသွားလေသည်။သို့သော် ထို့အသိကို လက်မခံချင်ပေ။

"ဒေါ်လေး သမီးအဖေ..အဖေ တစ်ခုခုဖြစ်.ဖြစ်နေတာတော့ မဟုတ်ဘူးမလားဟင်...ခင်ဦးတို့အဖေ ဘာမှမဖြစ်ဘူးလို့ ပြောပေးပါ ...''

နောက်ဆုံး၌ ခင်ဦး လက်မခံချင်သော အမှန်တရားကို လက်ခံလိုက်ရတော့သည်။အဖေဟာ ခင်ဦးတို့ဘဝထဲကနေ အပြီးပိုင် ထွက်ခွာသွားခဲ့ပြီ။နောက်ဆုံးအနေနဲ့ အဖေရဲ့ မျက်နှာကလေးတောင် ခင်ဦးတို့ မမြင်လိုက်ရပေ။

ကိစ္စမပြီးသေးတဲ့ ခုနစ်ရက်မှာတော့ ဖဲချကြသည့်သူတွေနဲ့ အမျိုးတွေရှိတာကြောင့် ဝမ်းနည်းပူဆွေးနေသည့် ဝေဒနါဟာ သက်သာပေမယ့် ကိစ္စပြီးသွားသည့်နောက်ပိုင်းဟာ ခင်ဦးတို့အိမ်မှာ တစ်ခုခုလစ်ဟာနေသလို ခံစားရပြီး အဖေ့အကြောင်းတွေးလိုက်တဲ့အခါ ရင်ထဲမှာ ဘာမှမရှိတော့သလိုပင်။မနက်ခင်း ယာထဲပေါက်တူးထမ်းသွားသည့် အဖေ့ပုံရိပ်တွေ ညနေပြန်လာသည့် အဖေရဲ့ ပုံတွေက အခုတော့ အိပ်မက်တစ်ခု ပျောက်ကွယ်သွားခဲ့ပြီ။

တဖြေးဖြေးနဲ့အချိန်တွေကုန်လာခဲ့တာ ခင်ဦးတောင် ဆယ့်ခုနစ်နှစ်အရွယ်ကို ရောက်လာခဲ့သည်။အဖေမရှိတော့သည့် နောက်ပိုင်း ယာအလုပ်တွေကို အမေနဲ့ခင်ဦး လုပ်ရသည်။အမေ ပင်ပန်းတာမကြည့်ရက်တာကြောင့် ယာအလုပ်ကို ဆယ့်ခုနစ်နှစ်အရွှယ် ခင်ဦးကသာ ဦးဆောင်ရလေသည်။လယ်သမား သားသမီးဟာ လယ်လုပ်ရမှာဘဲ ဆိုတဲ့ စကားက ခင်ဦးအတွက် သွေးထွက်အောင်ကို မှန်ခဲ့လေသည်။

"ခင်ဦး သမီးညီမလေးက ကျောင်းတက်ချင်တယ်တဲ့လေ...အမေလည်း အထွေးကို ကျောင်းဆက်ထားချင်တယ်...''

"ခင်ဦးက ဆုံးဖြတ်ရမယ့်သူမှ မဟုတ်ဘဲ အမေ..အမေ့ သဘောပဲလေ.. အမေ့ကထားချင်ရင် ထားပေါ့...''

"ဘာလည်း ညည်းက ကိုယ့်ညီမ ပညာတက်ဖြစ်မှာကို မလိုတာလား ခင်ဦး...''

"မဟုတ်ပါဘူး အမေရယ်.သမီးက အမှန်ကို ပြောလိုက်တာ..အမေသာ သမီးကို နေရာတကာ အပြစ်မြင်နေတာပါ..''

"ညည်း..''

"ခဏလေး အမေ..သမီးကိုဆူချင်ရင် နောက်မှဆူ ရိုက်ချင်လည်း နောက်မှသာ ရိုက်..သမီးလည်း အမေ့ဆီကနေ ခွင့်တောင်းမလို့..သမီး ဒေါ်လေးနုနုဆီမှာ စက်ချုပ်သင်လို့ပါ..''

"ညည်းကို နုနုက သင်ပေးမယ်ပြောလို့လား...''

"သမီးမေးပြီးပြီ..သင်ပေးမယ်ပြောတာ်..စက်တစ်လုံးတော့ အရင်ဝယ်ရမယ်တဲ့..စက်ကတော့ ဝယ်စရာမလိုဘူး အမေကြီးဆီက ခင်ဦး တောင်းပြီးသွားပြီ ...''

အမေဆီကနေ ခွင့်ပြုချက်ရတာနဲ့ ခင်ဦး စက်ချုပ်သင်ခဲ့သည်။ခင်ဦး ချုပ်တက်သွားအခါ အရင်ဆုံး အကြည်နဲ့လုံးလုံးက လာအပ်လေသည်။ပုံလေးကျသည့်အခါ တခြားရွှာက ကျောင်းအတူတက်ခဲ့ဖူးသည့် သူငယ်ချင်းတွေကလည်း ခင်ဦးဆီ လာချုပ်ကြသည်။

အထွေးကတော့ ခင်ဦးချုပ်ပေးတိုင်း သဘောကျလေသည်။အစ်မက စက်ချုပ်တက်တော့ အထွေးအတွက် ရေကန်အသင့်ကြာသင့်ကို ဖြစ်လို့နေခဲ့သည်။ကိုကြီးဇေယျာက ရွှာကိုလာသည့်အခါမှာလည်း အထွေးအတွက် ပိုးသားပိတ်စလေးတွေ လက်ဆောင်ဝယ်လာတက်သည်။ခင်ဦးက အထွေးကို လှလှလေးတွေ ချုပ်ပေးရလေသည်။

"မမ မနက်ကြရင် ဆယ်တန်းအောင်စာရင်း ထွက်မှာ သိလား..''

"ဟုတ်သားပဲ.. မမမေ့နေတာ..ကောင်းတို့တော့ ဘယ်လောက်များ ရင်ခုန်နေမလဲ မသိဘူး..မမတော့ သူတို့သုံးယောက်အစား ရင်ခုန်နေပြီ အထွေးရယ်...''

"အထွေးလည်း ရင်ခုန်တယ် သိလား မမ...''

"အထွေးလည်း ဆယ်တန်းအောင်ရင် ဘာလုပ်မလဲ..စဥ်းစားတာ ရှိလား...''

"အထွေးက ကိုကြီးဇေယျာလို ဖြစ်ချင်တာ..အဲဒါကြောင့် အထွေးက ဆရာမလုပ်ဖို့ စဥ်းစားထားတယ်...မမ ထားပေးမယ်မဟုတ်လား..''

"အင်း...''

အထွေးကို အထွေးဖြစ်ချင်တဲ့ ဆရာမဖြစ်အောင် ပံ့ပိုးပေးနိူင်အောင်လို့ ခင်ဦးကြိုးစားရအုန်းမည်။ကိုကို့ကိုတော့ အားကိုးလို့မရတာ သိနေတာကြောင့် သူ့ကိုတော့ မမျှော်လင့်တော့ပေ။ဆယ်တန်းကို ဖြေတိုင်းကျလို့ နောက်ဆုံးသူကိုယ်တိုင် လက်လျော့လိုက်တာဖြစ်သည်။ကျောင်ပြန်မတက်သလို ယာထဲကို မဆင်းနိုင်ဘူးဆိုကာ ဘာမှမလုပ်ပေ။

ကြက်တိုက်လိုက် ကိစ္စပေါ်ရင် ခုနှစ်ရက်ခုနှစ်လီ ဖဲရိုက်လိုက်နဲ့ အချိန်ကုန်ဆုံးစေသည်။အမေလည်း ကိုကို့ကို မနိုင်သည့် အဆုံးလွတ်ထားလိုက်ရတော့သည်။

အောင်စာရင်းထွက်မယ်ဆို၍ ခင်ဦး ရင်တွေခုန်ပြီး အိပ်လို့မရချေ။ကိုယ့်အတွက်မဟုတ်သော်လည်း ကောင်းတို့အတွက် စိတ်လှုပ်ရှားနေရသည်။အိပ်ရာထဲမှာ ဟိုလိမ့်ဒီလိမ့်နဲ့ မနက်သာမိုးလင်းသွားတယ် တရေးမှမအိပ်လိုက်ရပေ။

မျက်နှာသစ်ပြီးတာနဲ့ မနက်အစောကြီး ကောင်းတို့အိမ်ဘက်ကို ခင်ဦး ထွက်လာခဲ့၏။

"ကောင်းရေ..ကောင်း..နင် အောင်လား..အောင်တယ်မှတ်လား...''

ခြံစည်းရိုးတံခါးပိတ်လေးကနေ လှမ်းအော်ခေါ်ပြီး မေးလိုက်သည်။ခင်ဦးအသံကြောင့် ထင်ပါရဲ့ ကောင်းက အိမ်ပေါ်ကနေ ပြေးဆင်းလာပြီး တံခါးကိုဖွင့်ကာ ခင်ဦးကိုယ်လေးကို တင်းကြပ်စွာ ဖက်လာသည်။

"ငါအောင်တယ် ခင်ဦး..ဂုဏ်ထူးတစ်ဘာသာတောင်ပါတယ်ဟ..''

"ဟုတ်လား ကောင်း..နင်အရမ်းတော်တာပဲ..ဒါနဲ့ အကြည်နဲ့လုံးလုံးရော အောင်လား..''

"အင်း ငါတို့သုံးယောက်လုံး အကုန်အောင်တယ်..သူတို့က ရိုးရိုးပဲ..''

"ဘာပဲဖြစ်ဖြစ် အကုန်အောင်တယ်ဆိုတော့ ငါဝမ်းသာတယ် ကောင်းရယ်...ငါ အကြည်နဲ့လုံးလုံး တို့ဆီကို သွားအုန်းမယ်နော်...''

"ငါပါလိုက်မယ်... ''

ကောင်း ခင်ဦးကိုယ်လေးကို ဖက်ထားရာကနေ လွတ်လိုက်ပြီး အကြည်နဲ့လုံးလုံးတို့ အိမ်ဘက်ကို နှစ်ယောက်သား စကားပြောရင်း လမ်းလျှောက်လာခဲ့ကြသည်။

"ခင်ဦး ငါတို့တွေစာမေးပွဲအောင်တာကို နင်အရမ်းပျော်နေလားဟင်...''

"အင်း..ငါအရမ်းပျော်တယ်.. ''

အကြည်နဲ့လုံးလုံးတို့အိမ်က မျက်နှာချင်းဆိုင်ဆိုတော့ အကြည်တို့အိမ်၌သာ ခင်ဦးတို့လေးယောက်သား စုလိုက်ကြသည်။အန်လေးအေးမာ ချလာပေးသည့် ပဲကြော်ကိုဝါးပြီး ရေနွေးကြမ်းလေးသောက်ပြီး ကျောင်းဆက်တက်မည့်အကြောင်းကိုသာ ပြောကြလေသည်။

ခင်ဦး အိမ်ပြန်ရောက်တာနဲ့ အထွေးကို စာကြိုးစားဖို့ တစ်ဖွဖွ ပြောသည်။ အထွေး ဆယ်တန်းအောင်ရင် မမ လက်စွပ်လုပ်ပေးမယ်ဟုလည်း စားကြိုးစားအောင် ပြောလိုက်သေးသည်။အထွေးက ပြုံးပြီး ခေါင်းပြသည်။

ဘာလိုလိုနဲ့ ကောင်းရယ် အကြည်ရယ် လုံးလုံးရယ်က မကြာခင်မှာ မြို့ကို ကျောင်းသွားတက်ရတော့မည်။ကောင်းတို့ မြို့ကိုသွားတော့မယ်ဆိုတော့ ငိုချင်လေသည်။ဘာကို ဝမ်းနည်းလို့ဝမ်းနည်းမည်ကိုမသိ။

"ကောင်း...''

"အင်း... ပြောလေ...''

"နင် ဟိုရောက်ရင် ငါ့ကို မေ့မသွားရဘူးနော်..''

ကောင်း အံ့သြနေသော်လည်း ခင်ဦးကတော့ ဝဲရစ်နေသောမျက်ရည်ကြည်ဥတွေ ဖုံးလွမ်းနေသော မျက်ဝန်းတစ်စုံဖြင့် ကောင်းကို ကြည့်နေသည်။

"ငါက နင့်ကို မေ့သွားစရာလား ခင်ဦးရယ်...''

"ဟို..ဟိုရောက်ရင် ရည်းစားမထားပါနဲ့လား ကောင်းရယ်...''

"မထားပါဘူးဟာ..ဘာဖြစ်လို့မေးတာလဲ ခင်ဦး...ဘာလဲ...ငါ နင့်ကို မချစ်တော့မှာ ကြောက်လို့လား...''

"မ..မဟုတ်ပါဘူး...မြို့သူတွေက ချောတယ်ဆိုတော့ နင်ရည်စားထားမိမှာ ဆိုးလို့ပါဟယ်...''

"နင့်ကို မြို့သူတွေ ချောတယ်လို့ဘယ်သူပြောလဲ..အကြည်လား..လုံးလုံးလား..''

"နင် တကယ် ရည်စားမထားရဘူးနော်...ငါ့ကို ကတိပေး ကောင်း..''

"ကတိဟာ ကတိ...''

သူ့ကို မှာတမ်းခြွေနေသော ခင်ဦးကို ကြည့်ပြီး အကြည့်ချင်းဆုံသွားတဲ့အခါ ရင်ခုန်ရလေသည်။

"ငါ့ကို ရည်းစားမထားနဲ့ပြောပြီး နင်လည်းရည်းစားမထားရဘူးနော် ခင်ဦး...ငါ နင့်ကို ရည်းစားမထားစေချင်ဘူး...''

"မထားပါဘူး ကောင်းရယ်...''

ခင်ဦးက အပြုံးလေးနဲ့ ပြောတော့မှ ကောင်းပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ငါ ယုံမယ်နော် ခင်ဦး...အမြဲတမ်းလဲ နင့်ကိုသတိရနေမယ်...ငါ နင့်ကို လွမ်းတဲ့အခါ ကဗျာတစ်ပုဒ်ရေးမယ် သိလား...''

« ရှေ့အခန်း - အပိုင်း ၈ နောက်အခန်း - အပိုင်း၁၀ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ