Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း ၈

"ငါးနှစ်ခန့် ကြာပြီးနောက်''

ဆယ်ငါးနှစ်ဆိုတဲ့ အရွှယ်တစ်ခုဖြစ်လာတော့ ခင်ဦးက အပျိုအရွယ်လေး ဖြစ်လာခဲ့၏။ညိုညိုညက်ညက်အသားရည်လေးနဲ့ ညိုသူချောဆိုသည့် စကားပုံတိုင်း ချောမောတဲ့ မိန်းမငယ်လေး တစ်ယောက်ဖြစ်နေပြီ။

အထွေးဟာ ဆိုလည်း ခင်ဦးနှင့်နှစ်နှစ်ပဲကွာ၍ ထိုနည်း၎င်းပင်။ဖြူဖွေးသော အသားရည်လေးနဲ့ တရုတ်မလေးလို မိန်းမလှလေး တစ်ယောက်ဖြစ်လာခဲ့သည်။

"အမေ သမီးကို ကျောင်းမထားတော့ဘူးဆိုဟုတ်လား...''

"ဟုတ်တယ် ...သမီးအစ်ကိုကလည်း ဒီနှစ်တော့ပြန်တက်မယ်ပြောတယ်..သူကပြန်တက်မယ်ဆိုတော့ပြန်ထားရအုန်းမယ်လေ...ညီမလေးနဲ့မောင်လေးကိုလဲ ကျောင်းထားရအုန်းမှာ..လေးယောက် စားရိတ်ဆိုတော့ အမေတို့မနိုင်ဘူး...သမီးလည်းရှစ်တန်းထိ တက်ပြီးပြီ..မိန်းကလေးပဲ ရေးတက်ဖတ်တက်ရင် တော်ပြီပေါ့အေ..''

"ကိုကိုကျတော့ရော အမေ...ကျတာကိုတောင် ဘာလို့ ပြန်ထားပေးတာလဲ...''

"သူကယောကျာ်းလေးလေ..အိမ်ထောင်ကျရင် သူ့မယားကို သူကလုပ်ကျွေးရမှာ...အဲတော့ ပညာတက်မှဖြစ်မှာပေါ့အေ့...''

ကျောင်းမတက်ကတော့ဘူးဆို၍ အမေကြီးအိမ်ကိုသွားပြီး နောက်ဖေးမှာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။တစိမ့်စိမ့်တွေးရင်း တနူတ်နူတ်ခံစားရလေသည်။အဖေဟာ အမေ့စကားတစ်ခွန်းနဲ့ ပြီးနေတဲ့သူဖြစ်တာကြောင့် ခင်ဦး အားကိုးလို့မရပါ။အားရစွာ ငိုပြီးတဲ့အခါ အိမ်ကိုပြန်လာခဲ့တယ်။အိမ်ရောက်တော့ အထွေးနဲ့မောင်လေးက အမေဝယ်ပေးတဲ့ အဖြူအစိမ်းအကျီလေးတွေကို ဝတ်ကြည့်ပြီး ပျော်မြူးနေကြသည်။ထိုမြင်ကွင်းကို ခင်ဦးဆက်မကြည့်နိုင်တာကြောင့် အိမ်ခန်းထဲပြေးဝင်သွားပြီး ခေါင်းအုံးကို မျက်နှာအပ်ပြီး ငိုကြွေးလိုက်တော့လေသည်။

"ဘာလို့လဲ..ခင်ဦး ဘာပဲလုပ်ပေးလုပ်းပေး အမေက ခင်ဦးကို မချစ်တာလဲ...ဘာလို့ ခင်ဦး ဖြစ်ချင်တာတွေကို လုပ်ခွင့်မပေးတာရတာလဲ...''

ခင်ဦး ထမင်းဟင်းချက်ပြုတ်နိုင်သည့်အရွယ်ရောက်တဲ့အခါ အမေသက်သာအောင် ချက်ပြုတ်ပေးတယ်။ရေတစ်ထမ်းနိုင်သည့်အခါမှာလည်း အဖေသက်သာအောင်လည်း ကူထမ်းပေးတယ်။ခင်ဦးဘက်က ကောင်းသလောက် အမေနဲ့အဖေက ဘာလို့ ခင်ဦးအပေါ် မကောင်းရတာလဲဆိုတာ ခင်ဦးသိချင်သည်။

"မမ အမေခေါ်နေတယ်...''

"အင်း..ထွက်လာပြီ..''

ပါးပြင်က စိုစွတ်နေသော မျက်ရည်တွေကို လက်ဖမိုးကလေးနဲ့ ပွတ်သက်လိုက်ပြီး ထွက်လာခဲ့သည်။

"ဘာခိုင်းမလို့လဲ အမေ...''

ခင်ဦးမေးလိုက်သည့် အသံလေးက ငိုသံတွေရောယှက်နေသည်။

"မဝင့်ဝါအိမ်မှာ သမီးညီမလေးနဲ့မောင်လေးအတွက် ကျောင်းတက်ပစ္စည်းတွေ မှာထားတယ်..အမေမအားလို့ သမီးသွားပေးနော်..အထွေး သမီးအမနဲ့ အဖော်လိုက်သွားလိုက်အုန်း..''

"ဟုတ် အမေ..''

အမှန်တိုင်းပြောရရင် ခင်ဦး အထွေးကို မနာလိုဖြစ်မိသည်။အထွေးကို အမေကလည်းချစ်သလို ကိုကိုကလည်း ချစ်သည်။အခုဆို ငယ်ငယ်က ခင်ဦးမှခင်ဦးဆိုသည့် မောင်လေးကတောင် အထွေး ချစ်လေသည်။

"မမ အရမ်းဝမ်းနည်းနေလားဟင်..''

"ဟင့်အင်း...''

ခင်ဦး မပီပြင်သော အပြုံးတုလေးနဲ့ ခေါင်းရမ်းကာ အထွေးကို ပြုံးပြလိုက်၏။

ကြီးကြီးဝင့်ဝါတို့အိမ်ကို ရောက်တဲ့အခါ ကျောင်းသားတွေအများကြီးကိုတွေ့ရသည်။တစ်ချို့က ကျောင်းတက်ပစ္စည်းတွေ ဝယ်နေကျသလို တစ်ချို့က အဖြူအစိမ်းတွေ ဝယ်နေကြသည်။သူတို့တွေရဲ့ မျက်နှာထက်မှာတော့ အပြုံးပြည့်လျှံလျက်ပေါ့။ခင်ဦး ရင်ထဲမှာတော့ တင်းကြပ်ကြပ်ကြီးနဲ့ ငိုချင်တာပဲသိတယ်။

"ခင်ဦးနဲ့အထွေးပါလား..ယဥ်မေကတော့ အချောအလှလေးကို မွေးထားတာပဲ...''

"ကျေးဇူးပါ ကြီးကြီး...''

အထွေးကတော့ ပြုံးရယ်လိုက်ရင်း နုတ်ကနေ ချစ်စဖွယ်အသံလေးနဲ့ပြောလိုက်၏။ခင်ဦးကတော့ ခေါင်းသာညိတ်လိုက်သည်။

"ခင်ဦး..ဘာလာဝယ်တာလဲ.. စာအုပ်လား..ဘောပင်လား ..အကျီလား..''

"ကောင်း..အကြည်.. လုံးလုံး..''

တစ်ယောက်တစ်မျိုးစီ မေးလာကြသည်။သူတို့ကိုကြည့်ပြီး ထိန်းထားသည့် မျက်ရည်တို့ကျချင်လာသည်။လူတွေအများကြီးမို့ မျက်ရည်မကျမိအောင် မျက်တောင်တို့ကို ပုတ်ခတ်ပြီးပြီး မျက်ရည်မကျအောင် ထိန်းရသည်။

"အင်း..ဒါပေမယ့် ငါ့အတွက်မဟုတ်ဘူးကောင်း...အထွေးနဲ့မောင်လေးအတွက်ပါ...''

"ဘယ်လို..ဘယ်လို..ဘာလို့နင့်အတွက်မပါတာလဲခင်ဦး..''

"ငါ့ကို အမေက ကျောင်းမထားတော့ဘူး..ကျောင်းထုတ်လိုက်ပြီဟ..ငါ နင်တို့နဲ့အတူတူ ကျောင်းမတက်ရတော့ဘူး ကောင်း...''

ခင်ဦးခံစားရတဲ့ ဝမ်းနည်းမှုတွေကို မျှဝေခံစားပေးတဲ့ သူတွေဆိုလို့ ကိုယ့်သွေးသားရင်းချာမဟုတ်တဲ့ ဒီသူငယ်ချင်း သုံးယောက်ပဲ မဟုတ်လား။ခင်ဦးပျော်နေရင်သူတို့တွေလည်း ပျော်ကြသည်။ခင်ဦး ဝမ်းနည်းရင် သူတို့လည်း ဝမ်းနည်းကြလေသည်။

"နင် မတက်ရင် ငါတို့လဲ မတက်တော့ဘူး...''

"မဟုတ်တာ..နင်တို့သုံးယောက်က ကျောင်းတက်ရမယ်နော်...ငါမတက်ကပေမယ့် ငါသူငယ်ချင်းတွေ ကျောင်းတက်နေတာကို မြင်ရင် ငါပျော်တယ်...နင်တို့မတက်ရင် ငါပိုပြီးဝမ်းနည်းနေမှာ..''

"ငါ အသက်မြန်မြန်ကြီးလာရင် ကောင်းမှာပဲ.. အဲဆိုရင် ခင်ဦးကို အိမ်ခေါ်ထားလို့ရပြီ...''

"ဟိဟိ..ခင်ဦးက နင့်အိမ်ကို လိုက်နေမှာတဲ့လား..''

"အကြည် နင်နော်..ငါကအမှန်ပြောနေတာ..ငါ့မေမေကပြောတယ် ငါလူကြီးဖြစ်ရင် ခင်ဦးက လိုက်ချင်ရင် ခေါ်လို့ရတယ်တဲ့..အဲဆို သူ့အမေ လဲ ရိုက်လို့မရတော့ဘူးလေ..''

ကောင်းရဲ့စကားကြောင့် ညိုးနွမ်းနေသည့် ခင်ဦးရဲ့ မျက်နှာဟာ အပြုံးတွေ ဝေဆာလာတော့သည်။ပြုံးလိုက်လျှင် ပေါ်ထွက်လာသည့် ပါးချိုင့်လေးနှစ်ဖက်ကြောင့် အပြုံးလေးဟာ ပိုပြီး ပြည့်စုံသွားသလိုပင်။

"မမ ငါ ရွေးပြီးသွားပြီ..ပြန်ကြမယ်...''

"လာပြီ..!ငါ ပြန်တော့မယ် ..''

သူမလဲ သူငယ်ချင်းတွေကို ပြောပြီး အထွေးထိုင်နေတဲ့ အနားကို ရောက်လာခဲ့သည်။နှစ်ယောက်သယ်ဖို့ ခွဲထားတဲ့ အိတ်နှစ်ခုထဲက

တစ်ခုစီကို ယူပြီး ထွက်လာတဲ့အချိန်မှာ

"နေဦး..ကိုကြီးလည်း လိုက်မယ်အထွေး...''

အသံသြသြနဲ့ ဟန့်တားလိုက်သလို ခေါ်လိုက်တာကြောင့် ဘာရယ်မဟုတ် ခင်ဦး နောက်ကို လှည့်ကြည့်လိုက်မိ၏။တစ်နှစ်ကျော်ကြာ မတွေ့ဖြစ်ခဲ့တဲ့အချိန်အတွင်းမှာ ကိုကြီးဇေယျာက အရပ်ရှည်ရှည် ပခုံးကျယ်ကျယ်နဲ့ လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။မျက်ခုံးထူထူ..ချွန်မြတဲ့ နှာတံ... စူးရှတဲ့မျက်ဝန်းတစ်စုံ..နီထွေးနေတဲ့ နှုတ်ခမ်းတစ်စုံ..ဖြူဖွေးတဲ့အသားရည်..

အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို လက်မောင်းထိ ခေါက်တင်ထားပြီး အနက်ရောင်ပုဆိုးကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတာကြောင့် ချောမောခန့်ညားတဲ့ အသွင်ကိုဆောင်သည်။ ပြုံးလိုက်တိုင်း ပါးတစ်ဖက်မှာ ခပ်ရေးရေးချိုင့်ဝင်သွားပြီး အရင်လို စနောက်တတ်တဲ့ အပြုံးမျိုးမဟုတ်တော့ဘဲ တည်ငြိမ်နွေးထွေးတဲ့ အပြုံးမျိုးဖြစ်သည်။တစ်နှစ်အတွင်းမတွေ့မမြင်လိုက်ရတဲ့အချိန်မှာ တခြားသူတစ်ယောက်လို ပြောင်းလဲသွားသော ပုံစံကြောင့် မမြင်ဖူးသလို ငေးကြည့်မိပါသည်။တဆက်ထဲမှာတင် ကောင်းလည်း မြို့ရောက်သွားရင် ကောင်းလဲ ဒီလိုပြောင်းလဲသွားမှာလားဆိုပြီး တွေးကြည့်ကာ ပြုံးလိုက်မိသည်။

"နင်က ငါ့ကိုပြုံးပြရအောင် ငါတို့က ရင်းနှီးလို့လား..''

"ကောင်းအကြောင်းတွေးလိုက်လို့ ပြုံးမိတာပါ..ကိုကြီးဇေယျာကို ကြည့်ပြီးပြုံးရတာမဟုတ်ဘူး...''

"ကိုကြီးရယ်..မမကို လိုက်မစပါနဲ့..မမက ကျောင်းမတက်ကလို့ ဝမ်းနည်းနေတာ..မမကို မစနဲ့နော်...အထွေးကိုပဲ စ သိလား...''

"အတက်ကလေး...အထုတ်ကြီး ကိုကြီးကို ပေး ကူသယ်ပေးမယ်...''

ဇေယျာဟာ အထွေး၏ လက်ထဲက အိတ်ထုတ်ကိုယူသယ်လိုက်ပြီး နှစ်ယောက်သား လမ်းတစ်လျောက် ရယ်မောရင်း စကားတွေ ပြောကြသည်။ခင်ဦးကတော့ သူတို့နောက်ကနေ အထုတ်လေးပိုက်ပြီး တိတ်ဆိတ်စွာ လိုက်ခဲ့ရသည်။အရှေ့ကနေ အတွဲညီတဲ့ ကိုကြီးဇေယျာနဲ့အထွေးကို ကြည့်ပြီး ဘာရယ်မဟုတ် ပြုံးလိုက်မိ၏။

"သားဇေယျာ..ဘယ်နေ့ကပြန်ရောက်နေတာလဲကွယ်..ငါ့တူရီးက မတွေ့တာကြာတော့ ချောလာပြီးလူရည်သန့်လာသလိုပဲ..မြို့မှာ ကျောင်းတက်ရတာလဲ အဆင်ပြေရဲ့လား..''

"ပြေပါတယ် ဒေါ်လေး...ရွှာကိုလွမ်းတာနဲ့ သုံးလေးရက်လောက်ပြန်လာလည်တာ..ကျော်ကျော်လဲ ဒီနှစ်ဆယ်တန်းပြန်ဖြေမှာဆို...''

"ဟုတ်တယ် သားရေ..သူလည်း မင်းလိုမြို့မှာ ကျောင်းတက်ချင်တယ်တဲ့လေ..တက်ချင်တယ်ဆိုတော့လဲ မထားပေးလို့မကောင်းဘူးလေကွယ်..ပိတ်ပင်ရာချတယ်မဟုတ်လား...''

"ဟုတ်တာပေါ့ ဒေါ်လေး..ဒါနဲ့ကျော်ကျော်ကို မတွေ့ပါလား...''

"နွားတွေ လုပ်နေလို့ ခဏနေလာလိမ့်မယ်..အထွေးနဲ့ စကားပြောနှင့်ကြနော်..''

"ဟုတ် ဒေါ်လေး..''

ခင်ဦးကျတော့ ဘာလို့မထားပေးရတာလဲ အမေရယ်လို့ မေးချင်မိသည်။သို့သော် ခင်ဦး မမေးရဲပါ။ရိုက်ခံရမှာကို ကြောက်သည်ထက် ခင်ဦး အရွယ်ရောက်လာလို့နဲ့တူပါတယ်.. ရှက်တက်လာခဲ့သည်။

အကြီးဆိုတဲ့စကားလုံးနဲ့ အိမ်မှုကိစ္စတွေ အကုန်လုပ်ရသည်။နည်းနည်းချက်ပြုတ်တက်တဲ့အရွယ်လေးရောက်လာတော့ ချက်ပြုတ်ရပြန်သည်။မနိုင်မနင်းနဲ့ တစ်အိမ်သာလုံး ရေချိုးဖို့အတွက် အဖေ့ကို ရေထမ်းရသည်။ရေတော့မထမ်းချင်ဘူး ကိုကို့ကို ထမ်းခိုင်းပါလားပြောတဲ့ခါ ခြေကျိုးထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကိုင်ပေါက်သည်။ခင်ဦးရဲ့ အားနည်းချက်က အဖေဖြစ်တာကြောင့် အလုပ်တွေမနားတမ်းလုပ်နေရတဲ့ အဖေ့ကို သနားတာကြောင့် ခင်ဦးထမ်းရလေသည်။

"မမ အမေခေါ်နေတယ်..အိမ်ရှေ့ကိုလာအုန်းတဲ့..ဘာခိုင်းမလို့လဲ မသိဘူး...''

"ထမင်းအိုးဆူနေပြီ.. ခဏနေငှဲ့ရတော့မှာ..အမေခိုင်းမလို့ဆိုရင် ငါ့အစား အထွေးလိုပ်ပေးလိုက်ပါလား...''

ခင်ဦးက အဲလိုပြောလိုက်တော့ အထွေးဟာ နူတ်ခမ်းဆူသွားလေသည်။

"ထမင်းအိုးကလဲ ဒီအချိန်ကြမှ ဆူရတယ်လို့...ငါ့မျက်ခုံးတွေလှုပ်နေတာ အမေဆူခံရမလားမသိဘူး...မနက်က ငိုပြီးသွားပြီ...ယတြာချေသွားပါပြီ...မဆူလောက်ဘူး...''

စိတ်ထဲကနေ တွေးပြီး ဆိုးရိမ်နေတာကို မေ့ပျောက်ထားလိုက်တော့သည်။

"အမေ မမက ထမင်းအိုးတည်နေလို့ မအားဘူးတဲ့...''

ယဥ်မေလဲ ဒေါသထွက်သွားကာ ထိုင်ရာမှ ထလိုက်ပြီး မီးဖိုတဲထဲကို ဝင်လေသည်။ထင်းစင်က ထင်းချောင်းကိုယူပြီး ထမင်းအိုးငှဲ့နေသော ခင်ဦးရဲ့ ကျောပြင်ကို ရိုက်ပါတော့သည်။ခင်ဦးဟာ အငယ်ငယ်ကလို အသံထွက်မငိုဘဲ ကြိတ်ခံတက်လာသည်။မျက်ရည်တို့ကတော့ ထိန်း၍မရပေ။

"ငါ့အလုပ်က အရေးကြီးလား.. ညည်းအလုပ်ကအရေးကြီးလား ခင်ဦး...ညည်းက ဘယ်လောက်ရိုက်ရိုက် အမှတ်သည်းခြေကိုမရှိဘူး..နွားများလို အရည်ထူနေပြီ...''

ဒီတစ်ခါ အမေရိုက်တာ ခင်ဦး တော်တော်နာသည်။တစ်နေရာထဲကို လှိမ့်ရိုက်တာကြောင့် ကျောပင်အောင့်လေသည်။အိပ်ရင်တောင် ပက်လပ်လှန်နိုင်မည်မထင်ပါ။

ထမင်းနှပ်လို့ မီးဖိုထဲကနေ ထွက်လာခဲ့တယ်။အိမ်ရှေ့မှာထိုင်နေတဲ့ ကိုကိုနဲ့ ကိုကြီးဇေယျာရယ် အထွေးနှင့်မောင်လေးရယ်ကိုကြည့်လိုက်မိသည်။မောင်လေးရဲ့ မျက်လုံးက မျက်ရည်ဥတွေကလွဲလို့ ကျန်တဲ့မျက်လုံးပိုင်ရှင်တွေကတော့ အငယ်ငယ်အတိုင်း ခင်ဦး ဆူခံရရင် ရိုက်ခံရရင် ပျော်နေကြသည့်အတိုင်းပါပဲ။အနည်းငယ်တောင် ပြောင်းလဲသွားချင်းမရှိခဲ့ပါလေ။

"ကောင်းရယ် နင်မြန်မြန် လူကြီးဖြစ်ပါတော့ဟာ...ငါ အိမ်မှာမနေချင်တော့ဘူး...''

« ရှေ့အခန်း - အပိုင်း ၇ နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ