တဖြေးဖြေးနဲ့ မိုးကုန်လို့ ဆောင်းကူးလာခဲ့သည်။စိမ်းစိုနေသော စပါးပင်တွေကနေ အချိန်တွေကုန်လာတာနဲ့ ဝါဝင်းတဲ့စပါးနှံခင်းကြီး အဖြစ် ပြောင်းလဲလာခဲ့သည်။ပျိုးစိုက်ချိန်ကနေ ပိုးရိတ်သိမ်းချိန်ကို ရောက်လာခဲ့ပြန်သည်။
ပျိုးရိတ်သိမ်းပြီးတာနဲ့ လှည်းနဲ့နယ်ရပြန်သည်။ထိုအခါ စပါးနယ်ချိန်ဆို ကလေးတိုင်းအတွက် ပျော်စရာကာလတစ်ခုဖြစ်သည်။
ကောက်ပြန့်တွေကို လှည်းနဲ့နယ်သည့်အခါ ကလေးများက လှည့်လိုက်စီးကြသည်မှာ ရယ်မောပျော်ရွှင်လျက်။
လှည်းကို သုံးလေးပတ်လောက် စီးလိုက်ပြီးဆိုရင် ခေါင်းတွေနှောက်လာသည့်အခါ လှည်းပေါ်ကခုန်ဆင်းကြသည်။ပြန်စီးချင်လာသောအခါ လှည်းနောက်မှီးကနေ ခိုတွယ်ပြီး တက်ကြလေတော့သည်။တန်ဆောင်မုန်းလ၏ အလင်းရောင်ကလည်း တလင်းပြင်မှာ ထွန်းလင်းတောက်ပလျက်။
ခြောက်သွေ့သော ရာသီဘက်ကို ကူးပြောင်းလာတာကြောင့် ကလေးတိုင်းအတွက် ပျော်စရာပင်။လရောင်လင်းတဲ့ ညတွေမှာဆို ဥပစ်တိုင်း၊ထုတ်စီးထိုးတိုင်း၊ကိုကိုးထိုးတိုင်း၊ ကစားကြလေသည်။ထုံးစံအတိုင်း အဆော့မက်သည့် ခင်ဦးအတွက်တော့ နေ့တိုင်းလိုလို ခြေသလုံးနဲ့ ဝါးစိမ်းတုတ်နဲ့က မဖြတ်ချေ။
"ကိုကို သမီးကို ကိုကို့စွန် ခဏပေးပါလား.. သမီးလည်း လွှတ်ချင်လို့...''
"မပေးပါဘူး..ဘာလို့ပေးရမှာလဲ..လွှတ်ချင်ဝယ်ပေါ့...သူများဟာကို လိုက်တောင်းနေတယ်..နင်က သတောင်းစားလား...''
"မဟုတ်ဘူး...''
"အဲ့ဆို လိုက်မတောင်းနဲ့...''
ကိုကိုပြောတဲ့အခါ မျက်နှာငယ်နဲ့ ပြောပြီး နောက်ဆုတ်လိုက်ကာ မိုးပေါ်မှာ ပျံဝဲနေသော စွန်တွေသာ ခင်ဦး ငေးကြည့်နေလိုက်သည်။သူတို့စွန်တွေ ကျော်တက်သွားသည့်အခါ အော်ဟစ်သံတွေက ကွင်းပြင်မှာ ဟိန်းထွက်နေတော့သည်။
အထွေးကတော့ သူ့စွန်လေး အမြင့်ကို ရောက်သွားတဲ့အခါ လက်ဝါးတီးကာ ကိုကိုနဲ့ကိုကြီးဇေယျာကို ကြည့်ပြီး ပျော်နေတော့၏။အထွေးပျော်တော့ ခင်ဦးလဲ ပျော်ပါသည်။ခင်ဦးရဲ့ အပြုံးလေးဟာ မိုးသားကင်းစင်နေသော ကောင်းကင်ကြီးလိုပင် ကြည်လင်နေရှာသည်။ကောင်းကင်ပေါ် ပျံဝဲနေသော စွဲတွေကို မျက်လုံးများ မှေးစင်းသည့်အထိ ငေးမောကြည့်နေခိုက်
"ခင်ဦးရေ..ခင်ဦးရေ..နင့်အတွက် ကောင်းကောင်းက စွန်နဲ့အပ်ချည်လုံးဝယ်လာတယ်...''
ကောင်းကောင်းက ခင်ဦးအတွက် စွယ်ဝယ်လာတယ်ဆို၍ ခင်ဦး ပျော်သွားတော့သည်။အော်ပြေးလာတဲ့ အကြည်တို့ ယတွေဆီကို ခင်ဦးအပေါ်ကို ငေးမောနေရာမှ ထပြီး ပြေးသွားလိုက်၏။ကောင်းကောင်းတို့ဆီ ရောက်တဲ့အခါ စွန်ကို ကြည့်ပြီး အပျော်လွန်ပြီး ခုန်ပေါက်နေတော့သည်။
"ခင်ဦး ပန်းရောင်လေးက နင့်အတွက်..အပြာရောင်လေးက ငါ့အတွက် ဝယ်လာတယ်.. နင် ကြိုက်တာယူပါ...နင်မကြိုက်တဲ့ အရောင်ငါယူမယ်...''
"ဘာဟာဖြစ်ဖြစ်ရတယ်..စွန်လွှတ်ရရင်ပြီးရော..ငါက စွန်ပဲ လွှတ်ချင်တာ...''
ကောင်းကောင်းရယ် အကြည့်နဲ့ခင်ဦးရယ် လုံးလုံးတို့ စွန်လွှတ်တဲ့အခါ ခင်ဦးရဲ့စွန်ဟာ အမြင့်ဆုံးကို ရောက်သွား၏။ထိုအခါ ခင်ဦးဟာ ကောင်းကောင်းတို့ကို လှမ်းပြီးပြောလိုက်၏။
"ကောင်းကောင်းရေရေ အကြည် လုံးလုံးရေ..ဒီမှာ ကြည့်အုံး..ငါ့စွန် ဟိုးအမြင့်ကြီး ရောက်သွားပြီ တွေ့လား...''
ခင်ဦးပြောသည့်အခါ ကောင်းကောင်းတို့လည်း ခင်ဦးစွန်ကို ကြည့်လိုက်ကြသည်။ ကောင်းကောင်းက လက်ခုပ်တီးလေသည်။
"ဟုတ်တယ်ဟ..ခင်ဦးရဲ့စွန်ကို သေးသေးသာ မြင်ရတော့တယ်...သူ့စွန်နားမကပ်နဲ့တော့.ငါတို့ဝေးဝေးမှာ လွတ်ရအောင် အကြည်နဲ့လုံးလုံးရေ...နီးရင် ကြိုးညိပြီး ပြတ်သွားမယ်...''
"အေးအေး...''
ခင်ဦး သူ့စွန်းလေးကိုကြည့်ပြီး ပီတိဖြာနေတော့သည်။သို့သော် ထိုပျော်ရွှင်မှုလေးဟာ ကြာကြာမခံလိုက်ပါ။တစ်ဖက်က ကိုကိုနဲ့ကိုကြီးဇေယျာကြောင့် ခင်ဦးစွန် ကြိုးပြတ်သွားတော့သည်။ ခင်ဦးလေး ဝမ်းနည်းပြီး ငိုရပါတော့သည်။ကိုကိုနဲ့ကိုကြီးဇေယျာက ငိုနေတဲ့ ခင်ဦးကိုကြည့်ပြီး ရယ်ကြလေသည်။
ခင်ဦးရဲ့ ငိုသံကြားတဲ့အခါ ကောင်းကောင်းတို့ သုံးယောက် စွန်လွတ်နေကြတဲ့ စွန်တွေကို လွှတ်ချပြီး ခင်ဦးဆီ ပြေးလာခဲ့လေသည်။အနားရောက်တော့ ခင်ဦးအကိုနဲ့ကိုကြီးဇေယျာ ရယ်နေကြတာတွေ့မြင်လိုက်တော့ ကောင်းကောင်း အပေါ်ကို မော့ကြည့်လိုက်၏။အပေါ်မှာ ခင်ဦးရဲ့ စွန်ဟာရှိမနေတော့ပေ။
"ကိုကြီးတို့ကို သား ဆရာမနဲ့တိုင်ပြောတယ်.ခင်ဦးကို အနိုင်ကျင့်နေတယ်ပါတယ်လို့..''
"တိုင်တိုင်ကွာ.. စောက်ကလေးလေး...သူ့ကိုလုပ်တာလဲ မဟုတ်ဘဲနဲ့..အတိုင်ကျောထူချင်တယ်...''
ဇေယျာ ကောင်းကောင်းကိုပြောပြီး ခင်ဦးငိုတာကိုကြည့်ပြီး ရယ်လိုက်ပြန်သည်။
ကောင်းကောင်း ခင်ဦးငိုတာကိုကြည့်ပြီး မျက်ရည်တွေကို သူ့လက်သေးသေးလေးနဲ့ သုတ်ပေးလိုက်ပြီး
"တိတ်..တိတ်..မငိုနဲ့...မနက်မှ ငါတို့ထပ်ဆော့မယ်...ကြီးကြီးတို့ဆိုင်မှာ အများကြီး ကျန်သေးတယ်...''
"မရောင်းဘူး...မင်းတို့လေးယောက်ဆိုရင် မရောင်းဘူး...ငါ့အမေကို ပြောထားမှာ...''
"မရောင်းရင် မဝယ်ဘူး...စွန်မလွတ်ရလို့ မသေသွားဘူး...တခြားဟာ ဆော့လို့ရတယ်...တခြား ရွာလည်း သွားဝယ်လို့ ရတယ်...''
ကောင်းကောင်းမှာ ပြောသာပြောလိုက်ရတာ ကိုကြီးဇေယျာ့ကို ကြောက်ရသည်။ဇေယျာက သူ့ကိုပြန်ခံပြောပါတယ်ဆိုပြီး မေမေ့ကို လာလာတိုင်တက်သည်။ထိုအခါ မေမေကလဲ အကြီးပြန်ပြောရသလားဆိုပြီး သူ့ကို မရိုက်သော်လည်း ဆူသည်။
"ဘာလို့ ပြန်ပြောလိုက်တာလဲ ကောင်းကောင်း
ကိုကြီးဇေယျာက ဒေါ်လေးစူပူးကို လာတိုင်ရင် နင်အဆူခံရတော့မယ်...''
အကြည်ပြောတဲ့အခါ ကောင်းကောင်းဟာ မျက်နှာပျက်သွားသည်။ခင်ဦးလေးကတော့ ကောင်းကောင်းကိုမော့ကြည့်ပြီး
"ကောင်းကောင်း ဒေါ်လေးစူပူးကို နင်အဆူမခံရအောင် ငါလိုက်ပြောမေးမယ်..နင် မကြောက်နဲ့နော်...''
"အင်းပါ...''
သူတို့လေးယောက် ရွှာပြင်မှာ စွန်မလွတ်တော့ဘဲ ပြေးလွှားရင်း ရွှာထဲဝင်လာသည့်အခါ တစ်စုံတစ်ယောက်ကို မြင်လိုက်ရ၍ ခြေလှမ်းတွေ ရပ်တန့်သွားလေသည်။
"ခင်ဦး နင့်အမေ တုတ်ကြီးနဲ့ နင့်ကိုရိုက်မလို့လားမသိဘူးနော်...''
"အင်း..''
"နင်အရမ်းကြောက်နေလား ခင်ဦး...''
ခင်ဦးလေးဟာ မျက်ရည်တွေဝဲရစ်လျှက် ကောင်းကောင်းပြောတာကို ခေါင်းလေးညိတ်ပြလိုက်သည်။
"အမေ့ ရိုက်ရင် တအားနာတယ်..ငါ အရမ်းကြောက်တာပဲ ကောင်းကောင်း...''
တဖြေးဖြေးနဲ့ အမေဟာ ခင်ဦးတို့အနားကို ရောက်လုနီးပါး ဖြစ်လာခဲ့၏။မောင်လေးကလဲ အမေ့လက်ထဲမှာ ကော့ထိုး၍ ငိုနေသည်။ထိုအခါ အမေဟာ ပိုပြီး ဒေါသထွက်သလားမသိ ခင်ဦးကို လှမ်းခေါ်လေသည်။
"ဟဲ့..ခင်ဦး..ညည်းမလာဘဲ အဲမှာ ဘာရပ်လုပ်နေတာလဲ.. ဟိုကလေးတွေလဲ ကိုယ့်အိမ်ကိုယ်ပြန်တော့လေ...''
"ဟုတ်..''
ကောင်းကောင်းတို့သုံးယောက်လည်း ယဥ်မေ့ကို ပြောပြီး ခင်ဦးကို လှည့်ကြည့်လှည့်နဲ့ ကိုယ်အိမ်ကိုယ် ပြန်ရတော့သည်။
"ခင်ဦး...''
"ရှန်...''
"ညဥ်းကို ငါဘာပြောလိုက်လဲ...ကလေးထိန်းရမယ်လို့ မပြောလိုက်ဘူးလား.. ဒီအရွယ်နဲ့ငါ့စကားကို နားမထောင်ဘူး..ရွတ်..ရွှတ်..နားမထောင်ချင်အုန်း..ရွှတ်..''
"ဟီးဟီး...အမေ့ သမီးနာတယ်...''
"ရွတ်..ရွှတ်...အသံမထွက်နဲ့.. အသံထွက်ရင် ပိုနာမယ်...အသံကိုမြိုချပစ်..ရှိုက်သံတောင် မထွက်နဲ့...''
အမေ့၏ လက်နဲ့ရွယ်ပြီး ခြေသလုံးကို ဝါးစိမ်းတုတ်နဲ့ လွဲရိုက်တဲ့အခါ ခင်ဦးမှာ ပူရှိန်းသွားပြီး ဆက်ဆက်ခါအောင် နာသည်။ပြေးရင် ပိုရိုက်တက်တဲ့ အမေကြောင့် မပြေးရဲသလို အမေကြီးတို့ဆီကိုလည်း ခင်ဦး မပြေးရဲပါ။တစ်ခါ အမေရိုက်၍ ခင်ဦး အမေကြီးအိမ်ကို ပြေးခဲ့ဖူးသည်။ထိုအခါ အမေဟာ ခင်ဦးကို အိမ်ပေါ်ကနေ ဆွဲချပြီး အမေကြီးရှေ့တွေ ရိုက်ခဲ့လေသည်။အဲချိန်ကစလို့ ခင်ဦး အမေရိုက်တိုင်း မပြေးတော့ပေ။
"ဟီးဟီး..သမီးနာတယ် အမေ..မရိုက်ပါနဲ့နော်..နောက်မဆော့တော့ပါဘူး..''
ယဥ်မေဟာ သူမလက်ထဲက ကလေးတစ်ဖက်နဲ့ ကို ခင်ဦးလေးကို ရိုက်နေဆဲပင်။ရိုက်ချက်တွေ များလာတဲ့အခါ အမြင်မတော်တာကြောင့် ကိုကြီးဇေယျာ့ရဲ့အမေ ကြီးကြီးဝင့်ဝါနွယ်က အမေ့ကို လှမ်းပြောလေသည်။
"ယဥ်မေ..ကလေးကို အဲလောက်ကြီး မရိုက်ပါနဲ့ လား...ကလေးကငယ်ငယ်လေးရှိသေးတယ်..စကားနဲ့ပဲ ဆုံးမပါလားအေ...''
"ကျွန်မမွေးထားတဲ့သမီးကို သေအောင်တော့မရိုက်ပါဘူး အစ်မရယ်...အစ်မတို့ ပြောနေပုံကြီးက ကျွန်မက မိထွေးကျနေတာပဲရှင်...''
"ကလေးကငယ်သေးတော့ ဒဏ်ဖြစ်မှာဆိုးလို့ အမြင်မတော်လို့ ပြောတာပါအေ..ညည်းကို မိထွေးလို့မပြောပါဘူး ယဥ်မေရယ်..ကိုယ့်သားသမီးကို ရိုက်ဆုံးမတာလဲဆုံးမတာပေါ့အေ..တစ်ချက်နှစ်ချက်ဆို တော်ရောပေါ့..''
ယဥ်မေလည်း ဝင့်ဝါနွယ် ပြောလိုက်တာနဲ့ ဆက်မရိုက်တော့ဘဲ လက်ထဲက တုတ်ကိုလွတ်ပစ်လိုက်သည်။တခြားသူဆို ပြန်ပြောပြီး ဆက်ရိုက်မှာ အသေအချာပင်။အခုပြောလိုက်သူက ရွှာသူကြီးမိန်းမဖြစ်တဲ့အလျှောက် တစ်ရွာလုံးမှာ အချမ်းသားဆုံး သူဖြစ်တာကြောင့် အားမတန်၍မာန်လျော့လိုက်ရလေသည်။
"မောင်လေးကိုခေါ်သွားတော့..အမေ စျေးဝယ်အုန်းမယ်...ရေချိုးပေးပြီး ထမင်းကျွေးထားလိုက်...''
"ဟုတ် အမေ...''
ခင်ဦးလေးဟာ တသိမ့်သိမ့်နဲ့ ရှိုက်နေရင်းပင် ယဥ်မေလက်ထဲကနေ မောင်ပိုက်ထွေးလေးကို ယူချီလိုက်၏။အိမ်ရောက်တာနဲ့ မောင်နှမနှစ်ယောက် ရေးချိုးပြီး သနပ်ခါးတွေ မှုန်နေအောင် လိမ်းကျန်ထားကြသည်။ထမင်းဝါးခွံ့ရင်း ဘာမှမသိတဲ့ ကလေးကို ပြောလိုက်၏။
"နင်ကတော့ ကြီးရင် ငါ့ကိုချစ်နော်..နင့်ကို မခင်က ထိန်းရတာ..ထမင်းတွေ ဝါးခွံ့ပေးရတာ သိလား...ကိုကို့ကို အထွေးက ချစ်တယ်...နင်ကတော့ မခင်ကိုချစ်ရမယ်နော်...''
"ခစ်ခစ်...''
"ငါ့မောင်လေးက ချစ်ဖို့ကောင်းလိုက်တာ..မွမွ..''
ရိုက်ခံရ၍ နာတာကိုမေ့ပျောက်သွားသလို မောင်ပိုက်ထွေးလေးကို နမ်းပြီး၏ါ မောင်ပိုက်ထွေးလေးကလည်း တခစ်ခစ်နဲ့ ရယ်တဲ့အခါ သူမလေးပါ လိုက်ရယ်မောတော့သည်။
"မမ..မမကို အမေရိုက်သေးလား..''
"အထွေးကို ဘယ်သူပြောလဲ..ငါ ရိုက်ခံရတာကို.. အမေပြောလိုက်တာလား...''
"အထွေးတို့ ကိုကြီးဇေယျာတို့အိမ်မှာ အမေ့ကိုတွေ့လို့ မုန့်ဝယ်ကျွေးခိုင်းတာ...ရွှံ့တွေပေလူးလာတဲ့ ကိုကြီးဇေယျာကို ကြီးကြီးဝင့်ဝါက ငါလည်းနင့်ကို ယဥ်မေ ခင်ဦးကို ရိုက်သလို ရိုက်ရမလားဆိုပြီး ပြောတာ..အင့်..အမေက မမအတွက်တဲ့ မုန့်ဝယ်ပေးလိုက်တယ်..''
"တကယ်လား အထွေး...''
"အင်း...''
ခင်ဦးဟာ အထွေး ကမ်းပေးတဲ့ မုန့်လေးကို လှမ်းပြီး ပျော်ပျော်ကြီး စားပါတော့သည်။ အနားမှာရှိတဲ့ မောင်လေးက တအန်းအန်းနဲ့လက်ကမ်း၍ ခင်ဦးရဲ့ လက်ထဲက မုန့်ကို တောင်းတဲ့အခါ ဝါးပြီး ခွံ့ကျွေးလိုက်သည်။မကျွေးရင် မိက်ရည်တွေ ဗူးသီးလုံးလောက်ကျပြီးငိုတော့မှာ ခင်ဦးအသိပင်။ကျွေးတဲ့အချိန်မှာ လက်ကို ကိုက်ခံလိုက်ရတာကြောင့် ခင်ဦး ထအော်လေသည်။
"အား...နာလိုက်တာ...''
လက်ကလေးကို ခါထုတ်ပြီး နာကျင်သွားတာကြောင့် မျက်ရည်တွေဝဲတက်သွားသည်။အပေါ်သွားနှစ်ချောင်းအောက်သွားနှစ်ချောင်းနဲ့ ကြိတ်ပြီး ကိုက်ချလိုက်တာ အသဲခိုက်သွား၏။အထွေးကတော့ ခင်ဦးကိုကြည့်ပြီး ရယ်ရင်းပြောလိုက်၏။
"မမက သွားကျွေးတာကို..သမီးဆို မကျွေးဘူး အဲကောင်လေးကို...မုန်းလို့...''
အထွေးဟာ အငယ်ဆုံးမဖြစ်ရတာကြောင့် မောင်လေးကို မကြည်ပေ။အမေလစ်ရင်လစ်သလို ဆွဲဆွဲဆိတ်တက်သည်။မောင်လေးကလဲ သူခေါ်ရင်မလိုက်ပါ။ခင်ဦးကိုသာ ခင်တွယ်လေသည်။မောင်လေးက ခင်ဦးကို ခင်တွယ်တာကြောင့် ပျော်သည်။
"နောက်တစ်ခါ မရိုက်ရဘူးနော်... ခွေးမှကိုက်တာ သိလား..ထပ်ကိုက်ရင် မောင်လေးကို ခွေးလေးလို့ ခေါ်မှာနော်..''
"ခစ်ခစ်...''
"အဖေ ပြန်လာပြီ မမ...''
"သမီး..သမီးအမေရော ဘယ်သွားလဲ...''
ပေါက်တူးကို ပုခုံးပေါ်တင်လာပြီး ရွံ့နွံတွေပေကျန်ကာ အိမ်ထဲဝင်တဲ့အဖေက ကဗုန်ကြားကနေ ဥသေးသေးလေးတွေကို ထုတ်ပြီး အမေ့ကို မေးလာသည်။
"အမေ စျေးသွားဝယ်တယ် အဖေ...ဒါ ဘာဥလေးတွေလဲ အဖေ...ဘဲဥလိုလဲ မဟုတ်ဘူး..သေးသေးလေးတွေ... ''
"ဗုံတလုတ်ဥလေ သမီး..သမီးတို့မောင်နှမတွေကို ပြုတ်ကျွေးမလို့ ဖေဖေကောက်လာတာ...အဖေ့ကို ရေလဲပုဆိုး ယူပေး...''
"ဟုတ် အဖေ..''
အဖေရေချိုးပြီးလို့ ဥသေးသေးလေးတွေကို ပြုတ်တဲ့အခါ ခင်ဦးနဲ့အထွေးဟာ အဖေ့အနားကနေ ကြည့်နေသည်။
"သမီးတို့ အစ်ကိုရော..ပြန်မလာသေးဘူးလား..''
"ကိုကိုက ကြီးကြီးဝင့်ဝါတို့အိမ်မှာ နေခဲ့တယ် အဖေ...ကိုကြီးဇေယျာနဲ့ စာကျက်မလို့တဲ့..စာရမှ ပြန်လာခဲ့မယ်တဲ့...''
"သမီးတို့ရော စာမကျက်ဘူးလား..''
"သမီးက စာတွေရသွားပြီ..''
"သမီးက စာတွေရသွားပြီ..''
ခင်ဦးနဲ့အထွေးရဲ့ ပြန်ဖြေတဲ့ အသံဟာ သံပြိုင်လေးဖြစ်သွားတော့သည်။ထိုအခါ ခင်ဦးနဲ့အထွေးက တဟိးဟိးနဲ့ ရယ်မောလိုက်၏။ အထွေးနဲ့ ခင်ဦးလေးရဲ့ ရယ်မောသံလေးများက မီးဖိုထဲလေးမှာ ပျံ့လွင့်လျက်။
အခန်းမှတ်ချက်များ (0)