Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း ၆

"ရပြီ အကြည်ရေ..ငါ တစ်ကောင်ရပြီ...ကောင်းကောင်း နင်ဂဏန်းချိတ်ဖူးလား..''

"မချိတ်ဖူးဘူး...ငါတို့ကပိုက်ဆံရှိလေ..ဝယ်လို့ရတယ်...နင့်လို ချိတ်စရာမလိုဘူး ခင်ဦး..''

"ဟိဟိ..မေ့သွားလို့..''

ဂဏန်းချိတ်ဖို့အတွက် ကြွင်းတွေထဲက ရေက ကြည်နေလား..နောက်နေလားဆိုတာ ခင်ဦးတစ်ယောက် ကြည့်ရလေသည်။ကောင်းကောင်းက အသံစာစာနဲ့ ဂဏန်းကြွင်းတွေ့ကြောင်း အားရဝမ်းသာ ပြောသည့်အခါ ခင်ဦးလည်း ကောင်းကောင်း နေရာကို အပြေးလာကြည့်လိုက်ရသည်။ကြွင်းကို ကြည့်လိုက်တော့ ဂဏန်းကြွင်းမဟုတ်ချေ။

ရေကြည်နေရင် မြွေကြွင်းကြီး ကောင်းကောင်းရဲ့..မှာချိတ်မိလို့ မြွေကထွက်လာပြီး ငါတို့ကို ပေါက်မှ သေနေမယ်...''

ခင်ဦးက လက်ကလေးကို အမောက်ပုံစံလေး လုပ်ပြလေသည်။ခင်ဦးရဲ့ စကားကြောင့် အကြည်နဲ့လုံးလုံးရယ် ကောင်းကောင်းက ကြောက်သွားကြ၍ ထိုကြွင်းနားက ဖယ်ရှောင်လိုက်သည်။

"ဒီကြွင်းနောက်တယ် ခင်ဦး...ဂဏန်းကြွင်းနေမှာ..ငါထိုးကြည့်တာလည်း ဒုတ်ဒုတ်လို့မြည်တယ်...''

အကြည်ပြောသလို ဂဏန်းကြွင်းဖြစ်နေသည်။ခင်ဦး အကြည့်ဆီက ဂဏန်းချိတ်တံကို ယူလိုက်ပြီး ကိုယ်တိုင် ချိတ်လိုက်သည်။ခင်ဦး ချိတ်နေတုန်း ကောင်းကောင်းက အနားက စုပ်စုလေသည်။

"ခင်ဦး နင် မြွေကြွင်း ဂဏန်းကြွင်းဆိုတာ ဘယ်လိုသိတာလဲ..''

"ငါအဖေပြောတာ... ရေကြည်ဆိုရင် ဂဏန်းကြွင်းမဟုတ်ဘဲ မြွေကြွင်းတဲ့..ရေနောက်မှသာ ဂဏန်းကြွင်းတဲ့...''

"ခင်ဦး ဒီမှာ နောက်တစ်ကြွင်း..''

အကြည်က နောက်ထပ် ဂဏန်းချိတ်တံနဲ့ ကြွင်းထဲကိုထိုးကြည့်ပြီး ခင်ဦးကို ဂဏန်းကြွင်းဆိုပြီး ပြောတာနဲ့ ခင်ဦး ပြေးရလေသည်။အကြည်တို့ဆီကို ရောက်တော့ ကြွင်းကိုကြည့်လိုက်တဲ့အခါ တကယ် ဂဏန်းကြွင်း ဖြစ်နေပြန်သည်။ထိုအခါ ဂဏန်းချိတ်ကို မယူတော့ဘဲ ချက်ချင်းပင် ဝမ်းယားကုန်းမှောက်လိုက်ပြီး လက်နဲ့နှိုက်ဖို့ပြင်လိုက်တော့သည်။

"ခင်ဦး...နင်လက်နဲ့ နှိုက်မလို့လား...''

"အင်း..လက်နဲ့ကမြန်တယ်လေ..ချိတ်နဲ့ဆို သူတို့ကတော်တော်နဲ့ မချိတ်ဘူး..''

"ဒီမှာ ရပြီ တွေ့လား...''

ခင်ဦး ဂဏန်းကြွင်းတွေ့တိုင်း မချိတ်တော့ဘဲ လက်နဲ့သာ နှိုက်သည်။ဂဏန်းနှစ်ကောင်ရှိတဲ့ ကြွင်းမှာတော့ လက်ကို အညှပ်ခံလိုက်ရ၏။ဂဏန်းညှပ်လိုက်သည်မှာ လက်ညိုးလေး သွေးကြေတောင်စို့သွားသည်။

"အား..နာလိုက်တာ...''

"ဂဏန်းမသာ ငါတို့သူငယ်ချင်းကို ကိုက်တယ်..တတောင်းစားဂဏန်း...''

ထိုအခါ ခင်ဦးလေးက လုံးလုံးရဲ့ ပါးပစ်လေးကို သူ့ရဲရွှံ့တွေပေနေသည့် လက်နဲ့ လှမ်းပိတ်လိုက်သည်။ခင်ဦး လက်အုပ်ချီကာ မျက်လုံးလေးမှိတ်ပြီး ပြောနေတာကို အကြည် ကောင်းကောင်း လုံးလုံးတို့က အကြောင်သား နားထောင်နေသည်။

"ကွင်းပိုင်ယာပိုင်ပြီး သမီးတို့ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါ..အပြစ်သားလေးမို့ ဗွေမယူပါနဲ့..

"ဘာတွေပြောနေတာလဲ ခင်ဦး...''

"နင်တို့ ဆဲလိုက်လို့ ငါတောင်းပန်လိုက်တာ...

ငါ့အဖေကပြောတယ် လယ်ထဲယာထဲတွေသွားရင် မဆဲရဘူး..ဆဲမိရင် တောင်းပန်ရတယ်..မဟုတ်ရင် ကွင်းပိုင်ယာပိုင်ကြီးက စိတ်ဆိုးပြီး အပြစ်ပေးတယ်တဲ့...''

ခင်ဦးပြောတဲ့အခါ ကောင်းကောင်းတို့ကလည်း လက်အုပ်လေးချီကာ ခင်ဦးလို ပြောဆိုပြီး တောင်းပန်ကြလေသည်။ဂဏန်းချိတ်လာတဲ့ ကန်စင်းတစ်လျှောက် စပါးခင်းတွေထဲမှာ ကြာပြာ ကြာနီတွေ တွေ့တဲ့အခါ သူတို့လေးတွေ ခူးလာခဲ့သည်။

ရွာအဝင်ကို ရောက်တော့ ခင်ဦးတို့လေးယောက် လူစုကွဲထွက်သွားတော့သည်။ဂဏန်းချိတ်တဲ့သူက ခင်ဦးတစ်ယောက်ထဲ..အကြည်ရယ် လုံးလုံးရယ် ကောင်းကောင်းက ခင်ဦးနဲ့ အဖော်လိုက်ကြသည်။ခင်ဦး အိမ်ထဲဝင်တာနဲ့ အမေ့ကို မတွေ့တာနဲ့ မေးလိုက်၏။

"ကိုကို အမေရော...''

"ရွှာထဲသွားတယ်..ဘာလုပ်မလို့လဲ.. ''

"သမီး ဂဏန်းတွေအများကြီးလည်း ရလာတယ်..ကြာရိုးတွေလည်း ခူးလာတယ်...''

"ကြာပန်းတွေအများကြီးပဲ..ငါ့ကို တစ်ပွင့်ပေး.. အထွေးကို ဆွဲကြိုးလုပ်ပေးမလို့...''

"နှစ်ပွင့်ပေးမယ်...သမီးကိုလည်း လုပ်ပေး ကိုကို..''

"အထွေးကမလုပ်တက်ဘူး..မလုပ်တက်လို့ လုပ်ပေးတာ..နင်က လုပ်တက်တယ်..ကိုယ့်ဘာသာကိုယ် လုပ်...''

"ပြီးရော...''

ခင်ဦးကို မလုပ်ပေးဘူး ဆို၍ မျက်နှာကလေးတော့ ပျက်သွား၏။

အမေရွှာထဲက ပြန်လာတဲ့အခါ အမေက ဂဏန်းတွေကို ဖဲ့သည်။ခင်ဦး ယူပြီးဖဲ့မယ်လုပ်တဲ့အခါ လက်ကို ဖြတ်ရိုက်လိုက်သည်။ထို့ကြောင့် ခင်ဦး ဂဏန်းကိုပြန်ချပြီး အမေ့နားမှာ အမေလုပ်တာကို ထိုင်ကြည့်လေသည်။ဂဏန်းဖဲ့နေရင်း အမေ မျက်ရည်ဝဲနေတာကို ခင်ဦးတွေ့လိုက်သည်။အိမ်ပြန်ရောက်တဲ့အဖေက အမေဖဲ့နေတဲ့ ဂဏန်းဇလုံဆွဲယူပြီး အမေ့ကိုမလုပ်ခိုင်းဘဲ တစ်ယောက်ထဲ ဖဲ့နေသည်။

"သမီး နောက်တစ်ခါ ဂဏန်းသွားမချိတ်ရဘူးနော်...အမေပြောတာကို တစ်သက်လုံးမှတ်ထားရမယ်နော်...ချိတ်တဲ့နေ့ လက်တွေကို ကျိုးအောင်ရိုက်မှာ ကြားလား...''

"ဟုတ်...''

"ကျော်ကျော်နဲ့အထွေး ရေချိုးပြီးပြီလား...''

"မချိုးရသေးဘူး အမေ..''

"ချိုးတော့ ခဏနေ ထမင်းစားချိန်ရောက်ပြီ...''

ခင်ဦးက ရေချိုးပြီးပြီဆိုတော့ ချိုးစရာမလိုပါ။ကိုကိုနဲ့အထွေးက ရေးချိုးချိန် အထွေးက မောင်လေးကို ထိန်းရသည်။ခင်ဦး စတဲ့အခါ မောင်လေးက တစ်ခစ်ခစ်နဲ့ ရယ်မောသည်။အမေ မောင်လေးအူတက်သွားမယ်ဆို၍ ခင်ဦး မောင်လေးကို ကလိထိုးပြီး မစတော့ပေ။

ထမင်းဝိုင်းထဲ ရောက်တဲ့အခါ ဂဏန်းဆီချက်အနံ့လေးက မွှေးနေတော့သည်။ဂဏန်းဆီချက်ကို မြင်တဲ့အခါ အကြည်ရယ် လုံးလုံးရယ် ကောင်းကောင်းကို ကျွေးချင်သွားလေသည်။

"အမေ မနက်ကြရင် သမီး ထမင်းချိုင့်ကို ဂဏန်းတီချက်လေး ထည့်ပေးပါလား...''

"မနက်ထည့်ပေးဖို့ မလောက်ဘူး..သမီးညီမလေးနဲ့တင် ပျက်နေပြီ..သမီးနဲ့သားကတော့ အမေ ဘဲဥကြော်ထည့်ပေးလိုက်မယ်နော်...ဂဏန်းဆီချက်ကို နောက်ရက်မှ ထည့်ပေးမယ်နော်...''

"ဟုတ်...''

သမီး ဖြစ်သူ မျက်နှာကလေးပျက်ယွင်းသွားတာကို ခင်မောင်ဦး မြင်လိုက်ရသည်။ထို့ကြောင့် လက်ထဲက ပန်းကန်ကို လက်လွတ်လိုက်ပြီး ယဥ်မေ့ကို ကြည့်ပြီး ပြောလိုက်သည်။

"ယဥ်မေ ငါ ခဏနေမှ စားမယ်...မနက် မျိုးကို လက်ကြားလား ပြောင်နူတ်မှာလားလို့ ရွှာသူကြီးအိမ်ကို သွားမေးလိုက်ဦးမယ်...''

"စားပြီးမှ သွားပါလားရှင်..တစ်ရွှာထဲ ဘယ်အချိန်သွားသွား ရနေတာပဲကို...''

"သူများအိမ်ကို မိုးချုပ်ကြီး မသွားချင်ပါဘူးကွာ...အခုသွားတာပဲကောင်းတယ်...မင်းတို့သားမိတွေပဲ စားထားနှင့်ကြကွာ....''

"ပြောမရတော့လဲ တော့်သဘောပဲတော်ရေ ...''

ထမင်းဝိုင်းကနေ ထထွက်သွားသော အဖေ့ကို ခင်ဦး ထမင်းဝိုင်းကနေ နောက်လှည့်ကြည့်လိုက်သည်။

"ခင်ဦး အမေဘာပြောထားလဲ..ထမင်းဝင်တော့မယ်ဆိုထဲက ဟိုကြည့်ဒီကြည့်မလုပ်ရဘူး..ထမင်းစားရင် စကားမပြောရဘူးလို့ မှာထားတယ်မဟုတ်လား...''

"နောက်မလုပ်တော့ဘူး အမေ...သမီးကို မရိုက်နဲ့နော်...''

အမေဟာ ဘာမှမပြောဘဲ ခင်ဦးတို့မောင်နှမသုံးယောက်ကို ပန်းကန်လေးတွေနဲ့ ဟင်းကိုယ်စီ ထည့်ပေးသည်။အမေပုံပေးထားသည့် ဟင်းကုန်သွားရင် နောက်ထပ် မရတော့ပေ။ကြာရိုးဟင်းခါးကတော့ ကြိုက်သလောက် စားလို့ရသည်။ကိုကိုနဲ့ညီမလေးကတော့ ခေါင်းမဖော်တမ်း စားနေကြသည်။အမေကတော့ မောင်လေးကို ဝါးပြီးခွံ့ကျွေးရင်းစားသည်။ခင်ဦးလေးမှာကတော့ ဂဏန်းဟင်း ကုန်မှာဆိုး၍ လက်ကလေးနဲ့နည်းနည်းယူပြီး ထမင်းနဲ့လူးကာ ကြာရိုးဟင်းကို အားပြုပြီး စားသည်။

ကောင်းကောင်းတို့တွေကို ကျွေးချင်တာကြောင့် ဂဏန်းဟင်းကို ခင်ဦး မစားတော့ပေ။ဟင်းပိုရင် ကိုကိုက တောင်းစားတက်သည်။ထို့ကြောင့် ခင်ဦး ထမင်းကို ဆွဲပြီး စားရသည်။ထမင်းဝိုင်းမှာ သူတစ်ယောက်ထဲ ရှိတဲ့အခါမှ တပန်ကန်ကို ဖွက်ထားလိုက်တော့သည်။

"ခင်ဦး အိပ်မယ်...''

"သမီးမအိပ်သေးဘူး ကိုကို..စာကျက်အုန်းမယ်...''

"မနက်ပဲ စာမေးပွဲက ဖြေတော့မှာ နင်မရသေးဘူးလား..''

"ရနေပြီ..ပြန်ဆိုမလို့...သမီးဆိုတာ မှန်လားမှား ကိုကိုကြည့်ပေးပါလား...''

"ငါ အိပ်ချင်နေပြီ..နင်လဲမနက်ကျက်..မနက်မှ ကြည့်ပေးမယ်..မှားရင် ခေါက်မှာနော်...''

"ဟုတ်...''

မီးခွက်ထွန်းလိုက်ရင် ကိုကိုနဲ့ညီမလေး အိပ်လို့မရမှာကြောင့် မှောင်ရီရီဖြစ်နေတာတောင် မီးခွက်မထွန်းဘဲ အိမ်ပေါက်ဝလေးကနေ အဖေ့ကိုစောင့်ရင်း အပေါက်နားမှာ ဝမ်းလျားမှောက်ပြီး စာထွက်ဆိုနေသည်။တစ်ယောက်ထဲ လက်လေးပိုက်ပြီး စာဆိုနေသည်မှာလည်းမှာလဲ ခပ်တိုးတိုးလေးပင်။

"အဖေ ပြန်လာပြီ...''

"သမီးက မအိပ်သေးဘူးလား....စာဆိုနေတာ မီးခွက်ထွန်းထားတာ မဟုတ်ဘူး...မှောင်တော့ ဘယ်မြင်ရမလဲ သမီးရယ်...''

"သမီးက စာဆိုနေတာ..ရပြီးသားဆိုတော့ မီးထွန်းစရာမလိုဘူး...ဒီနေ့မိုးမရွှာတော့ လသာတယ်လေ...အပေါက်ကနေ အလင်းရောင်ရတော့ အဲနား စာအုပ်ချလိုက်ရင် အကုန်မြင်ရတယ်...''

"အဖေ့သမီးကို သနားလိုက်တာ...''

"အဖေငိုနေတယ်..ဘာလို့လဲ.. သမီးလက်က ဂဏန်းညှပ်တဲ့ ဒဏ်ရာကြောင့်လား...သမီးမနာဘူးနော် အဖေ...''

"သမီးက သတ္ထိခဲလေးပေါ့..''

"ဟိဟိ...''

အပြစ်ကင်းစင်ပြီး ဘာမှမသိတဲ့ သူ့သမီးလေးကို လိမ်လိုက်ရသည်။သူ ရွှာသူကြီးအိမ်က ပြန်လာတာ ကြာလှနေပြီ။ အိမ်ထဲမဝင်သေးဘဲ ထမင်းဝိုင်းမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ သမီးလေးကို အမှောင်ထဲကနေ ငေးကြည့်ရင်း မျက်ရည်တွေကို တိတ်တဆိတ် သုတ်နေခဲ့တာပါ။..ထမင်းဝိုင်းမှာ တစ်ယောက်ထဲကျန်နေတဲ့ သမီးလေးက ယဥ်မေထည့်ပေးထားသည့် ဂဏန်းဆီချက်ကို ပန်းကန်ကို သိမ်းလိုက်တာကို သူမြင်လိုက်ရ၍ အပြင်မှာအချိန်ကြာ ငိုးကြွေးနေခဲ့ခြင်း ဖြစ်၏။

"အဖေ ထမင်းစားတော့မလား...သမီး မီးခွက်ထွန်းလိုက်တော့မယ်...''

"အဖေတစ်ယောက်ထဲ မစားချင်ဘူး.. သမီးပါ အဖေနဲ့အတူ ပြန်စားပေးမလား...''

"တကယ် အဖေ...''

သမီးရဲ့ ရွှင်ပျသွားတဲ့ မျက်နှာကလေးကို မြင်တော့ ပြုံးလိုက်သည်။သူခွံ့ကျွေးတဲ့အခါ သမီးကပြုံးပြုံးကြီး စားပြန်သည်။ထမင်းစားပြီးလို့ ဟင်းပိုတဲ့အခါ သမီးလေး၏ မျက်နှာဟာ ကောင်းကင်ယံမှာ သာနေသည့်လလို ဝင်းပသွားလေ၏။

"အဖေ ဟင်းတွေပိုနေတယ်..သမီးကို ပေးပါလား..မနက် ထမင်းချိုင့်ထည့်သွားချင်လို့ပါ...ဂဏန်းတွေအများကြီးရအောင် အကြည်နဲ့လုံးလုံးရယ် ကောင်းကောင်းက ကူပေးထားတာ.. သမီးသူတို့ကို ကျွေးချင်လို့ ပေးပါလား...''

"ယူပါ သမီးရယ်...''

ခင်ဦးလေးဟာ ဂဏန်းပန်းကန်လေးကို အတင်းပင်ယူပြီး သူသိမ်းထားသည့် ပန်းကန်ထဲကို ထည့်လိုက်တော့သည်။ဟင်းတွေကို ကြည့်ပြီး ပြုံးနေပါသည်မှာ ပစ်တိုင်းတောင်အရုပ်ကလေးလိုပင်။

« ရှေ့အခန်း - အပိုင်း ၅ နောက်အခန်း - အပိုင်း ၇ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ