Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း ၅

မနက်မိုးလင်းအိပ်ရာထတာနဲ့ ခင်ဦးရယ် ကိုကိုရယ် အထွေးရယ် ခင်ဦးတို့မောင်နှမသုံးယောက် တစ်ယောက်တစ်လှည့်စီ စာမေးစာတိုင်ရင်း စာကျက်ကြလေသည်။အဖေကတော့ မနက် အစောကြီးထဲက နွားထုတ်ပြီး ပေါက်တူးထမ်းပြီး ယာထဲသွားတော့သည်။အမေ့ကတော့ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေရသည်။

ခင်ဦး ကျောင်းမသွားခင် လယ်ထွန်သွားတဲ့ အဖေ့ကို ကောင်းကောင်းတို့မဟုတ်တဲ့ သူငယ်ချင်းတွေနဲ့အတူ ထမင်းချိုင့်ကိုယ်စီနဲ့ ပျော်ပါးစွာ သွားပို့သည်။ပိုးပြီးပြန်လာတဲ့ ကန်စင်းလမ်းတစ်လျောက် ဂဏန်းလေးများကိုတွေ့ရင် လိုက်ဖမ်းရင်း ရယ်မောကြလေသည်။

လယ်ထဲမှာ အစာရှာနေသော ဗျိုင်းအုပ်တွေကလဲ ဖွေးဖွေးလှုပ်ပင်။ခင်ဦးတို့တွေ လိုက်မောင်းတဲ့အခါ ထိုဗျိုင်းတွေက ဝေါခနဲ့ ပျံတက်သွားတာကိုကြည့်ပြီး ကလေးသဘာဝ ထူးဆန်းဖြစ်ကာ ရယ်မောရပြန်သည်။

အိမ်ပြန်ရောက်တဲ့အခါ ရေချိုး သနပ်ခါးလိမ်း အဝတ်အစားဝတ်ပြီး ဆံပင်ကို အုန်းဆီထည့် ဖြီးလိမ်းပြီးတာနဲ့ စည်းလိုက်ပြီး အိမ်ရှေ့၌ ဝါထိန်နေအောင် ပွင့်နေသော သနပ်ခါးပန်းလေးကို ခူးလိုက်ပြီး ခေါင်းမှာပန်လိုက်သည်။

"အထွေး ပန်းပန်မလား...မမခူးပေးလို့...''

"မပန်ချင်ဘူး...''

အထွေးက မပန်ချင်ချင်ဘူးဆို၍ အထွေးအတွက် မခူးတော့ပေ။အကြည်နဲ့လုံးလုံး အတွက်သာ ခူးလိုက်သည်။ဆရာမလေးတွေကို ပေးချင်တာကြောင့်လည်း ထပ်ခူးလိုက်သည်။ကျောင်းသွားဖို့ အာလုံးပြင်ပြီးတာနဲ့ မောင်နှမသုံးယောက်သား အိမ်ကနေ ကျောင်းသို့ထွက်လာခဲ့ကြသည်။

"ခင်ဦး ပိုက်ဆံပေး...''

ကျောင်းရောက်တော့ ကိုကိုဟာ မမေ့မပျောက် ခင်ဦးဆီကနေ ပိုက်ဆံလာယူလေသည်။ခင်ဦး မုန့်စားချင်ပေမယ့်လည်း ကိုကို့ကို မုန်းဖိုးအကုန်ပေးလိုက်ရသည်။သူများစားတာကိုသာ မျှော်နေကြည့်နေရတော့သည်။

"ကျော်ကျော် မင်းညီမ ငါတို့စားတာကို မျှော်နေတယ်...အငိုမင်းသမီးလေးကို ငါ သွားစအုန်းမယ်..''

"အသံပြဲကြီးနဲ့ ငိုသွားမယ် ဇေယျာ..မင်းစချင်ရင် ညနေကျောင်းဆင်းမှညစကွာ...''

ဇေယျာက ကျော်ကျော်ဦးပြောတာကို ပုခုံးတွန့်ပြပြီး ခင်ဦးဆီကို လှမ်းလာခဲ့လေသည်။ခင်ဦးကတော့ သူ့ကို မုန်းလာကျွေးသည်အထင်နဲ့ မျက်လုံးကလေးများ မှေးသွားသည်အထိ သူ့ကို ရယ်ပြလိုက်၏။

"သူများစားတာကို မျှော်နေတဲ့ အငတ်မလေး...

စားမလား..ကျွေးမယ်လေ...''

ကိုကြီးဇေယျာက ခင်ဦးကို အငတ်မလေးလို့ ပြောလိုက်တော့ ခင်ဦး ရယ်ပြနေရာကနေ နူတ်ခမ်းလေးဆူပြီး ပြောလိုက်၏။

"မစားဘူး...''

"စားချင်လို့ မျှော်နေတာမလား...''

"မဟုတ်ဘူး...''

"မလိမ်နဲ့...''

"မဟုတ်ဘူးဆိုမှ...''

ဇေယျာလည်း ခင်ဦးကို မထိတထိစလေသည်။ထိုအခါ ခင်ဦး မျက်ရည်တွေ ဝဲရစ်လာ၏။

ဇေယျာ သူ့ရှေ့က ခင်ဦးကိုကြည့်၍ ဟားတိုက်ပြီး ရယ်လိုက်သည်။သူ စ၍ ခင်ဦးငိုတဲ့အခါ ကျောင်းသားအားလုံးက ခင်ဦးကိုကြည့်လာကြသည်။

"ဘုန်း...''

ကောင်းကောင်းရဲ့ လက်သီးသေးသေးလေးက ရယ်မောနေတဲ့ ဇေယျာ၏ ရင်ဘတ်ပေါ်ကို ကျရောက်လာခဲ့လေသည်။ဇေယျာ နာသွားတာကြောင့် ကောင်းကောင်းကို ဒေါသထွက်ပြီး စောင့်တွန်းလိုက်တော့သည်။ထိုအခါ ကောင်းကောင်း ဖင်ထိုင်လျက်လေး လှဲကျသွားသည်။

"မင်း ငါလုပ်ရင်သေမယ်..မင်းကို ငါ ဘာပြောလို့ ငါ့ကိုလာလုပ်တာလဲ...မင်း အရင် ရန်စတာနော် ကောင်းကောင်း ...ငါလုပ်မှ အသံဗြဲနဲ့ မငိုနဲ့...''

"ကိုကြီးက ဘာလို့ခင်ဦးကို စတာလဲ...သားသူငယ်ချင်းကို မစနဲ့ သားမကြိုက်ဘူး...သား သူငယ်ချင်းကို ငိုအောင်စရင်တော့ သားက လုပ်မှာပဲ...

ခင်ဦးနဲ့အကြည်လည်း ကောင်းကောင်းကို ဆွဲထူလိုက်လေသည်။ခင်ဦး ကောင်းကောင်းကို တွန်းလိုက်သည့် ကိုကြီးဇေယျာကို ဆူစောင့်စောင့်မျက်နှာကလေးနဲ့ ကြည့်လိုက်ပြီး မျက်စောင်းထိုးလိုက်သည်။

"ကလောင်...ကလောင်...''

ကျောင်းတက်ခေါင်းလောင်းထိုးတဲ့အခါ ဇေယျာနဲ့ကောင်းကောင်းတို့ စကားများတာကိုကြည့်နေတဲ့ ကျောင်းသားကျောင်းသူတွေလည်း ကိုယ်စီ သူတို့အခန်းထဲကို ဝင်သွားကြလေသည်။ကိုကိုနဲ့ကိုကြီးဇေယျာလည်း သူတို့အခန်းထဲ ဝင်သွားကြ၏။

"ကောင်းကောင်း နင် ကိုကြီးဇေယျာကို မကြောက်ဘူးလား..သူက လူကောင်အကြီးကြီးပဲနော်..သူထိုးရင် နင်နာမှာ..နင်က လူကောင်သေးသေးလေး...''

"ကြောက်တာပေါ့ဟ...''

"ကြောက်ရင် ရန်မစနဲ့...သူနဲ့ကိုကိုက နင့်ကို ထိုးလိုက်မယ်...သူတို့က လူဆိုးတွေ အကျင့်မကောင်းဘူး...

ခင်ဦးပြောတဲ့အခါ ကောင်းကောင်းက ခေါင်းညိတ်သည်။အကြည်ကလည်း ခင်ဦးပြောတာကို ထောက်ခံသည့်အလား ဝင်ပြောလေသည်။

"ဟုတ်တယ် ကောင်းကောင်း ..ခင်ဦးအကိုနဲ့ ကိုကြီးဇေယျာက အကျင့်မကောင်းဘူး..ငါလေ သူတို့ကို မုန်းလိုက်တာ အရမ်းပဲ...ကိုကြီးဇေယျာကို ပိုမုန်းတယ်..သူက ခင်ဦးကို အမြဲအနိုင်ကျင့်လို့လေ...''

"ရူး..ဆရာမလေး ငါတို့ဘက်ကိုကြည့်နေတယ်...မြေဖြူစာမိလိုက်မယ်..''

လုံးလုံးက ပြောတော့မှ ခင်ဦးနဲ့အကြည် ကောင်းကောင်းတို့လည်း အသံလေးတွေ တိတ်သွားတော့သည်။ဆရာမလေး နောက်ကိုလှည့်ကြည့်အခါ သူတို့လေးယောက် ငြိမ်ပြီး နားထောင်နေသည်။

နေ့လည်မုန့်စားကျောင်းဆင်းတဲ့အခါ သူငယ်ချင်းတွေစုပြီး ထမင်းစားပို့ပြင်လေသည်။ဘယ်သူဟင်းကောင်းလဲမကောင်းဘူးဆိုတာ ကလေးသဘာဝ သိချင်တာကြောင့် ချိုင့်မဖွင့်ခင် မေးကြ၏။

"အကြည် နင်က ဘာဟင်းချက်လဲ..လုံးလုံးနဲ့ကောင်းကောင်းရော ဘာဟင်းလဲ..ငါကတော့ ဘဲဥကြော်တယ်...''

"ငါက ငါးဟင်း...ငါက ပုဇွန်ကြော်.. ငါက ကြက်သားကြော်တယ်...နင့်အတွက် မေမေ့ကို ပိုထည့်ပေးခိုင်းထားတယ်...''

ခင်ဦး ကျောင်းတက်ရတာကို ပျော်တယ်..။နေ့လည်ကျောင်းလွှတ်ရင် မုန့်စားရတာကို သဘောကျတယ်...။သူငယ်ချင်းတွေအများကြီးနဲ့ ဆော့ရတာကိုလဲ ကြိုက်တယ်...။ကျောင်းတက်ချိန်ဆို အမေ့ရဲ့ ဆူတာကိုလည်း မခံရဘူး..။လိုက်ဆွဲရတဲ့ မောင်လေးကိုလဲ မထိန်းရဘူး...။သူငယ်ချင်းတွေရဲ့ ဟင်းကောင်းကောင်းလည်း စားရတယ်..။ထို့ကြောင့် ကျောင်းတက်ချိန်က ခင်ဦးအတွက် အပျော်ဆုံးဖြစ်လေသည်။

ကျောင်းလွှတ်ခေါင်းလောင်းအသံကြားဟာ ကလေးတွေအတွက် အပျော်ဆုံးအချိန်ဖြစ်လေသည်။အဖြူအစိမ်း ဆင်တူဝတ်စုံလေးများ ဝတ်ဆင်ထားသည့် ကလေးတွေက ရွှာပေါင်းစုံကဆိုတော့ လမ်းအပြည့်ပင်။

"မနက် ထမင်းချိုင့်သွားပို့ရင် နင်တကယ် လိုက်မှာလား ကောင်းကောင်း..!"အား..."

စကားမဆုံးခင်မှာ ခင်ဦးရဲ့ ခန္ဓာကိုယ်သေးသေးလေးက ရှေ့ကို ဟန်ချက်ပျက်ပြီး မြေကြီးပေါ် လှဲကျသွားသည်။ ဒူးနဲ့ ဖန်ကွဲကို တိုက်မိသွားတော့ စူးခနဲ နာကျင်သွားသည်။ ဒူးပေါ်ကနေ သွေးနီနီလေးတွေ စီးကျလာတာကို မြင်လိုက်ရတော့ ခင်ဦး ကြောက်လန့်ပြီး မျက်ရည်တွေ အလိုလို ဝဲတက်လာသည်။

"ဟီး... အရမ်းနာတယ်... သမီး မထနိုင်ဘူး..."

ငိုသံလေးဟာ တဖြည်းဖြည်း ကျယ်လာသည်။ လမ်းပေါ်က ကျောင်းသားကျောင်းသူတွေကလည်း ရပ်ကြည့်လာကြသည်။

ဇေယျာကလည်း သူ ခြေထိုးခံလိုက်တာ လွန်သွားမှန်း သိသွားပြီး ရယ်ချင်စိတ်တောင် ပျောက်သွားသည်။ ခင်ဦးရဲ့ လွယ်အိတ်နဲ့ ထမင်းချိုင့်ကို အမြန်ကောက်ယူလိုက်ပြီး ဘေးမှာ မတ်တပ်ရပ်နေမိသည်။

ကောင်းကောင်းကတော့ ခင်ဦးရဲ့ ဒူးပေါ်က သွေးတွေကို ကြည့်ပြီး မျက်နှာလေး ရှုံ့သွားသည်။

"မငိုနဲ့နော်... ခဏနေရင် သက်သာသွားမှာ..

ကိုကြီးဇေယျာလုပ်လိုက်တာကို ကိုကိုက မြင်လိုက်ပေမယ့် ခင်ဦးကိုသာ အပြစ်ပြောလိုက်သည်။

"နင် လမ်းမလျှောက်တက်ဘူးလား...ထ မငိုနဲ့..လူတွေကြည့်နေတယ်.. မရှက်ဘူးလား...''

"သမီးမထနိုင်ဘူး ကိုကို...အရမ်းနာတယ်...သွေးတွေလဲ ထွက်နေတယ်...''

"ကျော်ကျော် မင်းတွဲလိုက်...ငါ အထွေးကို ခေါ်လာလိုက်မယ်...''

"အေး...''

ဇေယျာလဲ သူ စတာလွန်သွားတာဖြစ်၍ ခင်ဦးလေးကို မထူလိုက်ပြီး ခင်ဦးရဲ့ လွယ်အိတ်လေးနဲ့ထမင်းချိုင့်ကို သူ ယူလိုက်သည်။ကောင်းကောင်းကတော့ နှာခေါင်းပွစိပွစိနဲ့ ဇေယျာကို မကျေနပ်သော အကြည့်ဖြင့် ကြည့်နေတော့သည်။ကလေးဆိုတော့ ကြောက်စိတ်ကလေးကရှိနေတော့ ပြန်မပြောရဲပေ။မနက်ကလို စောင့်တွန်းခံရမှာကို ကြောက်ရပြန်သည်။

"နင် အရမ်းနာလား ခင်ဦး...''

"အင်း...''

ခင်ဦးက ငိုပြီး ခေါင်းလေးညိတ်ပြတဲ့အခါ ကောင်းကောင်းက ဘေးပတ်လှည်ကိုကြည့်ပြီး ကုက္ကိုပင်ကိုရှာကြည့်လေသည်။ခြံတိုင်းမှာ ကုက္ကိုပင်တွေအများအပြားဆိုတော့ ကောင်းကောင်းဟာ ကုက္ကိုရွက်ကလေးများကို ခူးပြီး လုံးခြေလိုက်ကာ ရလာသည့်အရည်ကို ခင်ဦး ခြေထောက်က အနာထဲထည့်ပေးလိုက်သည်။ထိုအခါ စပ်တာကြောင့် ခင်ဦးက ပိုငိုတော့သည်။

"ခဏနေပျောက်သွားလိမ့်မယ်..ခဏလေး စပ်တာ..''

"ဖယ်ဖယ်...''

ကျော်ကျော်က ကောင်းကောင်းကို အတင်းဖယ်လိုက်ပြီး ခင်ဦးကို ကျောပိုးလိုက်၏။ကျော်ကျော်ဟာ ခင်ဦးကို တစ်လမ်းလုံး အိမ်ရောက်သည်အထိ ကျောဖိုးလာရသည်။ခင်ဦးကတော့ အနာကနာပေမယ့် ကျော်ကျော်ဦးရဲ့ ကျောပေါ်မှာ ပြုံးနေတော့၏။

"ဘာဖြစ်လာလဲ...''

အမေရဲ့ အသံမာမာကြောင့် ခင်ဦးကြောက်ရသည်။အမေဟာ ချော်လဲလျှင် မထူပေးတဲ့အပြင် ထပ်ရိုက်တက်သည်။ထို့ကြောင့် ကိုကိုရဲ့ ကျောပေါ်မှာထဲက ခင်ဦးကို ရိုက်မှာကို ကြောက်ရပြန်သည်။ကိုကို့ရဲ့ ကျောပေါ်က ဆင်းပြီး

အားကိုတကြီး ကိုကိုနဲ့ ကိုကြီးဇေယျာကို မျက်နှာငယ်လေးနဲ့ မော့ကြည့်မိပါသည်။

"ချော်လဲလာတာ အမေ...''

ကိုကိုဟာ ခင်ဦးမပြောခင် အမေ့ကို ပြောလိုက်သည်။ခင်ဦး ကိုကို့ကို ကြည့်ပြီး ပြုံးလိုက်မိသည်။

"ကျော်ကျော် ပြဲနေတဲ့ ပုဆိုးတစ်ထည် သွားယူခဲ့...ဇေယျာလည်း ဒေါ်လေးကို ရေခပ်ပေးပါလားကွယ်...''

"ဟုတ်ကဲ့..''

အမေဟာ ကိုကြီးဇေယျာက ခပ်ပေးတဲ့ရေနဲ့ ခင်ဦးရဲ့ ဒူးကသွေးတွေကို ဆေးကျောပေးတယ်။ဆပ်ပေမယ့်လည်း အမေရိုက်မှာ ကြောက်၍ အသံအထွက်ရဲပေ။ကိုကို ယူလာပေးတဲ့ အဖေရဲ့ ပုဆိုးကို ဆွဲဖြဲလိုက်ပြီး ဒူးကိုစည်းလေသည်။

"အမေ သမီးကို မရိုက်တော့ဘူးလား...''

ခင်ဦးက အသံတိုးတိုးလေးနဲ့ မေးလိုက်သည်။ မျက်လုံးဝိုင်းဝိုင်းလေးတွေထဲမှာ ကြောက်ရွံ့မှုက မဖျောက်နိုင်သေးပေ။

"နောက်မှ ပေါင်းရိုက်မယ်...''

အမေ့က ခင်ဦးကို ဒီနေ့တော့ မရိုက်တော့ဘူးဆို၍ ခင်ဦး အရိုက်မခံရတော့ ပျော်သွားလေသည်။အနာကြောင့် မောင်လေးကိုလဲမထိန်းရသလို အိမ်အလုပ်တွေလဲ အမေ့ကို ဝိုင်းမလုပ်ပေးရတာကြောင့် ခင်ဦးမျက်မှာလေးမှာ အပြစ်ကင်းစင်တဲ့ အပြုံးလေးထွက်ပေါ်လာသည်။ခင်ဦး စာရေးတဲ့အနားကိုတောင် မောင်လေးက လေးဘက်ထောက်ပြီး ရောက်လာတက်သည်။

"ဒီကလေးလေးနဲ့နော်..ငါစာရေးမလို့ ငြိမ်ငြိမ်လေးနေ... မနေရင် ငါဆွဲဆိတ်လိုက်မှာ...''

"ဟိဟိ...''

မောင်လေးကို ထိန်းနေသည့် အထွေးကိုကြည့်ပြီး ခင်ဦး ရယ်လိုက်၏။ထိုအခါ အထွေးက မျက်ဆူပုတ်ပုတ်လေးနဲ့ ခင်ဦးကို ပြန်ပြောလေသည်။

"သမီး ကလေးထိန်းရတာ မမကြောင့်...ရော့ ကိုယ့်မောင် ကိုယ်ထိန်း...သမီး စာရေးမလို့..''

ခင်ဦးလည်း အထွေးကို သနားတာနဲ့ မောင်လေးကို ကူထိန်းပေးလိုက်သည်။ခင်ဦး မောင်လေးကို ကူထိန်းပေးတဲ့အခါ အမေကမြင်တော့ ခင်ဦးကို ဆူလေသည်။ခင်ဦးကိုဆူတဲ့အပြင် အထွေးကိုပါ ဆူလေ၏။တစ်ခါမှ အဆူမခံရဘူးတဲ့ အထွေးက ဆူခံရတော့ အာ​ဖြဲလန်အောင် ငိုပါလေသည်။

"အမေက နားညီးတယ် ဆိုပြီး တုတ်နဲ့ရိုက်လိုက်မယ် မငိုနဲ့အထွေး..''

အင်း...

ညနေခင်း အဖေလာမည့်အချိန်ကို ခင်ဦးနဲ့အထွေး အိမ်ပေါက်ဝလေးကနေ မျှော်ကြသည်။ဖေဖေလာရင် တစ်တစ်တူးဥ စားရလို့ဖြစ်သည်။နွားနှစ်ကောင်နှင့်ပေါက်တူးထမ်းပြီး ခြံထဲဝင်

လာသည့် အဖေ့ကို မြင်တော့ ခင်ဦးနဲ့အထွေးရဲ့ အသံစာလေး ထွက်ပေါ်လာခဲ့သည်။

"အဖေလာပြီ...''

တစ်တစ်တူးဥတွေ အဖေပါလာတဲ့အခါ အမေက ပြုတ်ပေးသည်။ခင်ဦးကတော့ အိမ်ပေါက်ဝလေးမှာထိုင်ပြီး ရေလဲပုဆိုးလေးကိုင်ပြီး အဖေရေချိုးအပြီးကိူ ထိုင်စောင့်နေသည်။ကိုကိုကတော့ မောင်လေးနဲ့ ဆော့နေသည်။အထွေးကတော့ အမေ့နားမှာ ရှိနေသည်။

ညနေ မှောင်ရီပျိုးလာတာနှင့်အတူ မိုးတိမ်တွေကလည်း ကောင်းကင်တခွင်မှာ မဲမှောင်လာခဲ့သည်။လေရူးကလေးများကလည်း စတင်တိုက်ခတ်လို့ လာ၏။မိုးပေါက်တွေ တဖွဲဖွဲကျရာကနေ ဝေါခနဲ ပြိုဆင်းလာတော့သည်။

ခင်ဦးကတော့ တံစပ်မိတ်နားကနေ လက်ကလေးကို အပြင်ထုတ်ပြီး မိုးရေခံကာ ဆော့နေသည်။အဖေကတော့ ခင်ဦးကိုကြည့်ပြီး ပြုံးနေသည်။ခင်ဦးကို အမေအော်လိုက်တော့မှ အဖေ့အပြုံးလေး တည်သွားလေ၏။

"ခင်ဦး..ရေစိုမယ်လေ..ပြောမှသိမယ့်အရွယ်မဟုတ်တော့ဘူးနော်...အမေ နေရာတကာ လိုက်မပြောချင်ဘူး...''

"သမီးက ကလေးပဲ ယဥ်မေရယ်..ဆော့ပါစေကွာ..မင်းကိုက နေရာတကာလိုက်ပြောလွန်းတယ်...''

"ကျွန်မ ကလေးတွေကို ဆုံးမနေရင် ကြားကနေ ရှင် ကာစီးကာစီး မလုပ်နဲ့ ကိုခင်မောင်ဦး...ရှင့်သမီးဆော့လွန်းလို့ အနာဖြစ်လာတယ် ရှင်သိလား...''

ခင်မောင်ဦးလည်း ယဥ်မေ့ကို ဘာမှပြောတော့ပေ။သမီးလေးကတော့ သူ့အမေ အော်လိုက်ထဲက အိမ်ပေါ်ရောက်သွားတော့သည်။သမီးလေး သူမအော်လိုက်၍ ကြောက်ရွံ့နေတဲ့ ပုံကိုကြည့်ပြီး ယဥ်မေ ရင်ထဲမကောင်းပေ။

« ရှေ့အခန်း - အပိုင်း ၄ နောက်အခန်း - အပိုင်း ၆ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ