ဒီနေ့ အဖေကို ထမင်းသွားပို့ရမယ့် နေရာက အရင်လယ်ထက် ဝေးသွားတာကြောင့် ခင်ဦး မသွားရဲပေ။မသွားရဲဘူးလို့လည်း အမေ့ကို မပြောရဲ...အမေ ရိုက်မှာကို ခင်ဦးကြောက်သည်။ခင်ဦး တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကိုကို့ကို ကြည့်လိုက်မိ၏။
"ဘာကြည့်တာလဲ...အဖေ့ကို ထမင်းသွားပို့မှာမဟုတ်လား...သွားလေ..မသွားဘဲနဲ့ ဘာရပ်လုပ်နေတာလဲ...''
"ကိုကို အဖော်လိုက်ခဲ့ပေးပါလား...သမီးးတစ်ယောက်ထဲမသွားရဲ့လို့ပါ...အမေ့ကိုပြောပြီး လိုက်ခဲ့ပေးပါလားဟင်...ကျောင်းမုန့်ဖိုးတွေ ကိုကို့ကို သမီး အကုန်ပေးမယ်လေ...''
"တကယ်လား...နင်လိမ်ရင် ငါအကြောင်းသိမယ်နော်...''
"ဟုတ်..''
ကျောင်းမုန့်ဖိုးတွေ အကုန်ပေးမယ်ဆိုတော့ ကိုကိုက လက်ခံလိုက်လေသည်။ကိုကိုက အမေ့ကို ပြောပြီး ခင်ဦးနဲ့အဖော်လိုက်ခဲ့ပေးသည်။ခင်ဦးနဲ့ အဖော်လိုက်လာသည်က ကိုကိုတစ်ယောက်ထဲမဟုတ်ဘဲ ကိုကို့ကို ဆော့ဖို့လာခေါ်တဲ့ လက်တစ်ဝက်က ကိုကြီးဇေယျာပါ ပါလေ၏။
ခင်ဦးအဖို့ ကျားနှစ်ကောင်ကြားကယုန်သူငယ်လို ကုတ်နေရသည်။ကိုကိုနဲ့ကိုကြီးဇေယျာတို့ သူတို့အတန်းက မိန်းကလေးတွေ အကြောင်းပြောနေတာကိုသာ နားထောင်နေရသည်။သူတို့ရယ်စရာပြောတဲ့အခါမှာလည်း ခင်ဦး လိုက်မရယ်ရဲပါ။ခင်ဦး ခေါင်းကိုခေါက်မှာ ဆိုးသည်။
"ခင်ဦး..ဟိုနေ့က ဒေါ်လေးရိုက်တာ နာလား...''
ခင်ဦး မဖြေတဲ့အခါ ကိုကြီးဇေယျာက နောက်ကနေ ခင်ဦးရဲ့ ဆံပင်ကို လှမ်းဆွဲလိုက်၏။နာတာကြောင့် ကိုကြီးဇေယျာကို အော်လိုက်မိသည်။
"အား..နာတယ်လို့..ဘာလို့ သူများဆံပင် ဆွဲတာလဲ..''
"အဲဆို ငါမေးတာ ဖြေလေ..နာလားမနာဘူး..''
ခင်ဦး မဖြေမချင်းနောက်ကနေ ဆက်ဆွဲပြန်သည်။
"နာတယ်...''
"နည်းတောင်နည်းသေးတယ်..နောက်ခါဆို ဒေါ်လေးကို များများရိုက်ပါလို့ ပြောဦးမယ်...''
ကိုကြီးဇေယျာက ခင်ဦးကိုနာအောင်လုပ်တာကို ကိုကိုက ရယ်ပြီးကြည့်နေသည်။ခင်ဦးကို အမြဲတမ်း အနိုင်ကျင့်ကြတဲ့ သူတွေဆိုတော့ ကိုကိုက ရယ်နိုင်တာပေါ့။ခင်ဦးကတော့ ကိုကို တခြားသူတွေနဲ့ ရန်ဖြစ်လို့ ဒဏ်ရာရလာရင် အဲသူတွေကို ရန်သွားတွေ့လိုက်ရတာ အမောပင်။
"ငါတို့ ဒီမှာ ရေဆော့မလို့...နင်တစ်ယောက်ထဲ သွားရဲ့လား..''
"ဟုတ်...''
လယ်မထွန်ရသေးသော လယ်ကွက်တွေထဲမှာ ကိုကိုနဲ့ကိုကြီးဇေယျာက ရေကူးဖို့နေခဲ့တာကြောင့် အဖေ့ဆီကို ခင်ဦးတစ်ယောက်ထဲ သွားဖို့ဖြသ်လာ၏။ခမောက်ကြီးစောင်းပြီး နွားနီကြီးနှစ်ကောင်နဲ့ လယ်ထွန်နေသော အဖေကို မလှမ်းမကမ်းနေရာကနေ လှမ်းမြင်လိုက်ရတာကြောင့် ခင်ဦး တစ်ယောက်ထဲသွားဖို့ ခေါင်းညိတ်လိုက်သည်။လယ်ထွန်နေသော အဖေ့ဆီကိုရောက်တော့မှ ခင်ဦး ပျော်နိုင်တော့သည်။ခင်ဦးလေးအတွက် အချစ်ဆုံးဟာ ဖခင်ဖြစ်သလို သူမကို ချစ်ပေးတဲ့သူဟာလဲ ဖခင်သာဖြစ်လေသည်။
"အဖေ့...''
အဖေဟာ ခင်ဦးအသံကြောင့် လယ်ထွန်နေရာကနေ ရပ်လိုက်ပြီး လက်ထဲက ကြိမ်တုတ်လေးကို ထွန်တုံးဘေးနားထားပြီး လယ်အလည်ကနေ ကန်စင်းပေါ်ကိုလာခဲ့သည်။ခင်ဦးကို တွေ့တာနဲ့ ပင်ပန်းနေတာတောင် ပြုံးပြလေ၏။
"အဖေ ဗိုက်ဆာနေပြီလား...''
"အဖေမဆာသေးပါဘူး သမီးရယ်...သမီးတစ်ယောက်ထဲ လာတာလား...''
"မဟုတ်ဘူးအဖေ...ကိုကိုနဲ့ကိုကြီးဇေယျာပါတယ်...အကြည်တို့လယ်ထဲမှာ ရေဆော့နေတယ်...ရေကကြည်စိမ်းနေတာပဲ..လယ်မထွန်ရသေးလို့နေမယ်နော် အဖေ..''
"ဟုတ်တယ် သမီး...'
ဒီလောက်ချစ်စရာကောင်းတဲ့ သမီးလေးကို ယဥ်မေ ရိုက်ရက်သည်တဲ့လား။သမီးလေးကို မွေးတုန်းက ယဥ်မေက သိပ်ချစ်ခဲ့တာ သူအသိဆုံးပါ။သမီးလေးက ခဏခဏချူချာလို့ ရွှာဦးကျောင်းဆရာတော်ဘုရားဆီမှာ သူမကိုယ်တိုင် လဏ္ခာကြည့်ခဲ့သည်။သမီးလေးက စနေသမီးဖြစ်တဲ့အပြင် မရဏဖွားလဲဖြစ်လို့ တစ်ရှောင်ရှောင်ဖြစ်တာဆို့လို့ ဆရာတော်က သူ့သမီးအဖြစ် သမီးလေးကို တစ်ကျပ်နဲ့ သူတို့ဆီက ဝယ်ခဲ့လေသည်။တမာသားလေးကို အဆောင်လက်ဖွဲ့ကြိုးမှာပါ တစ်သားတည်းဖြစ်အောင် ချည်နှောင်ပေးလိုက်ပေးလိုက်ပါသေးတယ်။
သမီးလေးက ကျန်းမာရေးကောင်းလာပေမယ့် သူတို့ရဲ့ စီးပွားရေးကတော့ ယိုင်နဲ့လာခဲ့သည်။ဘာလုပ်လုပ် အဆင်မပြေဖြစ်လာခဲ့၏။ပတ်ဝန်းကျင်က ပြောလာသည့် ကလေးက စနေမို့လို့ ခိုက်တာဆိုတဲ့ စကားလိုကို ယဥ်မေက ယုံပြုလာသည်။တဖြေးဖြေးနဲ့ သူတို့စီးပွားရေးတွေ ပြိုပျက်သွားတော့တဲ့အခါမှာတော့ ယဥ်မေဟာ
သမီးလေးက စနေနေ့သမီးလေးမို့ သူတို့တွေ စီးပွားကျတာဆိုပြီး တယူသန်စိတ်နဲ့ သမီးအပေါ် အပြစ်ပုံချခဲ့တာ သမီးလေးဆယ်နှစ်ရောက်ခဲ့သည်အထိပင်။
"သမီးက ရေဆော့ချင်လို့လား..''
"မဆော့ချင်ပါဘူး..သမီး မျှော့ကြောက်တယ်...အဖေ ထမင်းစားတော့လေ..သမီး အိမ်ပြန်ရောက်ရင် အိမ်စာတွေလုပ်ရအုန်းမယ်..''
"ကဲ..အဖေ့သမီးက စားခိုင်းတော့လည်းစားရတော့တာပေါ့...''
ခင်ဦးပြောလိုက်တာနဲ့ အဖေဟာ ထမင်းအဖြူချိုင့်ထဲကိုဟင်းလေးနည်းနည်းထည့်လိုက်ပြီး အပေါ်မြှောက်၍ နူတ်ကနေ တိုးတိုးလေးရေရွတ်ပြီးမှစားလေသည်။ခင်ဦးကတော့ အဖေ့ကို မျက်တောင်မခတ်တမ်း ကြည့်လေသည်။
"သမီး စားမလို့လား...''
"သမီး စားပြီးပြီ..အဖေ ခုနက ဘာလို့ အဲလိုလုပ်ရတာလဲဟင်..ဘာလို့ ဒီတိုင်းမစားတာလဲ...''
"အဲဒါ ကွင်းမြှောက်တာလို့ခေါ်တယ်...စားဦးစားဖျားကို မြှောက်ပြီးမှ စားလို့ရတာ..သမီးကြီးလာရင် သိလာပါလိမ့်မယ်..''
"ဟုတ်..''
လယ်ထဲယာထဲမှာ ထမင်းစားမယ်ဆိုရင် စားဦးစားဖျားကို ကွင်းပိုင်အား မြှောက်လေသည်။မမြှောက်ဘဲ စားမိရင် သတိပေးတဲ့အနေတဲ့ လယ်ထဲယာထဲမှာ မွေးပွေး မွေဟောက်ကို တွေ့ရတက်သည်။ဆဲရေးတိုင်းထွာမိလျှင်လည်း ကွင်းကြမ်းတဲ့ တစ်ချို့ကွင်းတွေဆို မြွေကိုက်၍ အကုန်သေကြသည်ကများသည်။
တောလက်ကျေးရွာရဲ့ နတ်ကိုးကွယ်မှုတွေကလည်း အမျိုးမျိုးရှိကြသည်။ဝါဝင်ဝါထွက် အန္တရာယ်ကင်းတင်ရသလို အိမ်တွင်းလည်း မြှောက်ရသည်။ရွှာနှင့်သက်ဆိုင်တဲ့ ရွာတော်ရှင်ကိုလည်း တစ်ရွာလုံးစုပေါင်းပြီး တင်ကြရလေသည်။မိုးဦးကာလ နွားရှိတဲ့ အိမ်တွေဆိုရင်ကိုအောင်တိုင်ကို မြှောက်ရသေးသည်။သုံးနှစ်တစ်ကြိမ် ရိုးရာနတ်ထည့်ရပြန်သည်။ရိုးရာနတ်ထည့်တာကိုတော့ လူတိုင်းမထည့်ကြပေ။မိရိုးဖလာ ထည့်ကြသည့် သူများသာထည့်ရလေသည်။
"အဖေ သမီးပြန်တော့မယ်နော်...''
အဖေ ထမင်းစားပြီးတာနဲ့ ခင်ဦး ချိုင့်လေးယူပြီး ပြန်လာခဲ့သည်။အကြိုင်တို့ လယ်ထဲမှာ ရေဆော့ နေတဲ့ ကိုကိုနဲ့ကိုကြီးဇေယျာကို လှမ်းခေါ်လိုက်တော့သည်။
"ကိုကိုနဲ့ကိုကြီးဇေယျာ...''
"နင်ကြာတယ်..မုန့်ဖိုး သုံးရက်စာ ငါ့ကိုပေးရမယ်...''
"ကိုကိုကလည်း.. သမီးလည်း မုန့်စားချင်တာပေါ့လို့...''
"မရဘူး...နင်မပေးရင်.. နင့်စာအုပ်တွေ ကုန်ပြီနော်...''
"ယူယူ..''
ခင်ဦး စာအုပ်တွေကို ပျက်စီးမှာဆိုး၍ မပေးချင်ပေးချင်နဲ့ ယူလို့ ပြောလိုက်၏။သုံးရက်တောင် မုန့်မစားရဘူးဆိုတဲ့ အသိကြောင့် ဝမ်းနည်းလာပြန်သည်။
"ခင်ဦး..နင့်ခြေထောက်မှာ မျော့ကြီး..''
"အမေရေ မျှော့ကြီး ကြောက်တယ်..ဟီးဟီး.. ကိုကိုရေ လုပ်ပါဦး..သမီးခြေထောက်မှာ မျော့ကြီးတွယ်နေတယ်..သမီး ကြောက်တယ်..ကိုကြီးဇေယျာရေ မျှော့ကြီး လုပ်ပါဦး...ဟီးဟီး.. ''
ခင်ဦး ကန်စင်းပေါ် ဖင်ထိုင်ချလိုက်ပြီး မျက်လုံးမှိတ်ကာ ငိုကြွေးရင်း ကိုကိုနဲ့ကိုကြီးဇေယျာကို အကူအညီတောင်းလိုက်သည်။သို့ပေမယ့် သူတို့နှစ်ယောက်က ခင်ဦးခြေသလုံးမှာ တွယ်နေသော မျော့ကို မချွေပေးတဲ့အပြင် ကိုကိုက ခင်ဦး အပြစ်ပြောပြီး ကိုကြီးဇေယျာက ဝိုင်းရယ်လေသည်။
"မျော့ကို ကြောက်စရာလား ခင်ဦး...ငါ့ညီမ လုပ်ပြီး သတိလည်းမရှိဘူး...''
"ဟား..ဟား...မျှော့လေးကို ကြောက်တယ်တဲ့...ကြောက်ချီးမလေး...''
ဘယ်သူမှ မချွေပေးတဲ့အဆုံး ခင်ဦးကိုယ်တိုင်ပင် မြက်နဲ့ပွတ်ပြီး ချွေလိုက်ရသည်။
ပြန်လာတဲ့တစ်လမ်းလုံးမှာလည်း ငိုရလွန်း၍ ရှိုက်နေသည့် ခင်ဦးကို စနေတော့သည်။ခင်ဦးနေရာမှာ အထွေးဆိုရင် သူတို့ ရယ်နိုင်မှာမဟုတ်ဘဲ သဲသဲလှုပ်နေမှာ ခင်ဦးသိတယ်။ခင်ဦးကိူ ဘာလို့ မချစ်တာလဲ။ခင်ဦးက ရုပ်ဆိုးနေလို့လား။အထွေးလို အသားမဖြူလို့ မချစ်တာလား။
"ဘယ်လိုဖြစ်လာတာလဲ..ထမင်းချိုင့်သွားပို့တာ မျက်ရည်နဲ့မျက်ခွက်နဲ့လား..''
"မျော့တွယ်လို့ ငိုလာတာ အမေ...''
ကလေးထိန်းထား...အမေ ညနေစာအတွက် စျေးသွားဝယ်အုန်းမယ်...''
"သမီးအကျီမှာ ရွံ့တွေနဲ့ အမေ...''
"အကျီအထည် အင်လဲထားလိုက်...အမေပြန်လာမှ ရေချိုးလိုက်အေ...''
"ဟုတ်...''
ခင်ဦးမှာတော့ မောင်လေးကိုထိန်းနေရလို့ ရေးလဲမချိုးရသေးပါ။ဆရာမပေးလိုက်တဲ့ အိမ်စာတွေလဲ မလုပ်ရသေးပါ။ကိုကိုနဲ့အထွေးကတော့ ရေချိုးပြီးလို့ အိမ်စာတွေ လုပ်နေကြသည်။အိမ်စာမပြီးရင် ရိုက်မယ်လို့ မှာလိုက်သည့် ဆရာမ စကားကြောင့် ခင်ဦး လန့်နေတော့သည်။အိမ်ရှေ့ထွက်ထွက်ပြီး အမေ့ကိုသာ မျှော်နေမိသည်။မပေါ်မလာသေးသည့် အမေကြောင့် မောင်လေးကို ဘေးချထား စာရေးလိုက်သည်။စာပဲ ခေါင်းထဲရောက်သွားတော့ ကလေးကို သတိမရတော့ချေ။ထိုအချိန် မောင်လေးရဲ့ ငိုသံကြားတော့မှ သတိရတော့သည်။မောင်လေးက ငိုနေသည်မှာ အသံပင်ပျောက်နေပြီး မျက်နှာဟာလည်း နီးမြန်းနေသည်။
"ကိုကိုရေ လုပ်ပါအုန်း...ဟီးဟီး...မောင်လေး ဘာဖြစ်တာလဲ မသိဘူး...''
ကိုကိုက အိမ်ပေါ်ကနေပြေးဆင်းပြီးအမေ့ကို ရွာထဲကို လိုက်ခေါ်လေသည်။အမေရောက်လာတော့ မောင်လေးက ခင်ဦးလက်ထဲမှာ ငိုသံမရှိတော့ဘဲ ခဲဖျက်လေးကိုကိုင်ပြီး ဆော့နေတော့သည်။
"ညဥ်းဘာလုပ်နေလို့ ကလေးကို သေချာမထိန်းဘဲ ခင်ဦး...''
"သမီး စာရေးနေလို့ အမေ...''
"ဒေါက်..ဒေါက်...''
ခင်ဦးရဲ့ ခေါင်းကို အမေက နှစ်ချက်ဆင့်ခေါက်လိုက်ပြီး
"မနက်က ဆော့မယ့်အချိန်မှာ စာလုပ်ပါလား...ကလေးထိန်းခိုင်းမှ စာလုပ်ရတယ်လို့..ပတ်ဝန်းကျင်က ညည်းကို ရိုက်ဆုံးမရင် ငါ့အလွန်လို့ ပြောကြတယ်..ညည်းလွန်တာကို ဘယ်သူမှမသိကြဘူးအေ့...''
အမေက ခင်ဦးကို ဆူတဲ့အခါ ကိုကိုက ပြောင်ပြလေသည်။အထွေးကလည်း လျှာထုတ်ပြီး ပြောင်လာတော့ ခင်ဦး ဝမ်းနည်းပြီး ငိုချလိုက်တော့သည်။
"ခင်ဦး ညည်းကို ငါမရိုက်ကသေးဘူးနော်...အသံကိုတိတ်ပြီးမြိုချလိုက်...ထက်ငိုကြည့် ခေါင်မိုးက တုတ်စာမိမယ်..သွား ရေသွားချိုးတော့..ပြီးမှ စာဆက်ရေး...''
"ဟုတ်...''
ခင်ဦးဟာ ရေချိုးပြီး သနပ်ခါးလူးထားသည်မှာ ကျောက်ပြင်ပေါ်ချော်လဲထားသလို မျက်နှာသေးသေးလေးမှာ သနပ်ခါးတွေမှုံနေတော့သည်။ခင်ဦး ရေချိုးပြီးတာနဲ့ မပြီးသေးသော စာတွေကိုဆက်ရေး၏။မိုးချုပ်ရောင်နီ အဖေလယ်ထဲက ပြန်တက်လာပြီး ရေမိုးချိုပြီး၍ မိသားစုဆုံတဲ့အခါ ထမင်းလက်ဆုံစားကြသည်။ခင်ဦးတို့မောင်နှမတွေ ထမင်းစားပြီးတာနဲ့ အိပ်လိုက်သည်မှာ မနက်မိုးလင်းသည်အထိ တရေးပင်။
အခန်းမှတ်ချက်များ (0)