Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၃

ကောင်းကောင်း သူတို့ကို စာမရလို့ ဆရာမ တစ်ချက်လောက် ရိုက်တာကိုတောင် နာတာကြောင့် ခင်ဦးကို သူ့အမေရိုက်တာအများကြီး ဖြစ်လို့ တော်တော်နာမှာပဲလို့ တွေးပြီး မျက်နှာကလေး ညိုးသွားသည်။ထို့ကြောင့် ခင်ဦးကို သူ့အိမ်ကိုခေါ်ထားဖို့ အကြောင်းသာ ထိုင်တွေးနေသည်။

"မေမေ ခင်ဦးကို သားတို့အိမ်မှာ ခေါ်ထားချင်တယ်..ခေါ်ထားလို့ရလားဟင်..''

စူပူးမေတစ်ယောက် သားရဲ့ စကားကိုသဘောကျပြီး ပြုံးလိုက်၍ သားရဲ့ ခေါင်းလေးကို အသာပုတ်လိုက်၏။

"သားက ဘာလို့ ခင်ဦးလေးကို ခေါ်ထားချင်ရတာလဲ..ဘာလဲ သားက သားနဲ့ ကစားဖို့အတွက် ခင်ဦးကို ခေါ်ထားချင်တာလားကွယ်..အဲ့ဆို မေမေက သားအတွက် ကလေးလေးတစ်ယောက်မွေးပေးမယ်လေ...''

ကောင်းကောင်း ကစားဖော်လိုချင်လို့မဟုတ်တာကြောင့် မေမေ့ကို ခေါင်းရမ်းပြလိုက်ပြန်သည်။

"ကစားဖို့မဟုတ်ပါဘူး မေမေ...သား ခင်ဦး သနားလို့ပါ...ခင်ဦးကို သူ့အမေက အများကြီး ရိုက်တယ်...အဲ့ဒါကြောင့် သား ခင်ဦးကို သနားတယ်.. သားတို့အိမ်ကို ခေါ်ထားချင်တယ်...သားတို့အိမ်ကို ခေါ်ထားလိုက်ရင် ခင်ဦးကို သူ့မေ ရိုက်လို့မရတော့ဘူးလေ...''

သားက ခင်ဦးလေးကို ရိုက်လို့ ခေါ်ထားချင်တာကို သိလိုက်တာကြောင့် ပို၍ပြုံးလိုက်၏။ခင်ဦးလေးကို ယဥ်မေ ဘယ်လောက်ရိုက်သလဲ သူမတို့ တစ်ရွှာလုံး အသိပဲလေ။ဘာကြောင့် ယဥ်မေဟာ ခင်ဦးလေးအပေါ် ဒီလိုပြုမူသလဲဆိုတာ အားလုံးသိကြသည်။မချစ်လို့တော့မဟုတ်ပေ။

အရင်က တစ်ရွှာလုံးမှာ ဒုတိယပိုက်ဆံအရှိဆုံးက ခင်ဦးလေး မိဘတွေသာ ဖြစ်ခဲ့ဖူးတယ်။စနေသမီးခင်ဦးလေးကို မွေးပြီးမှ တဖြေးဖြေး စီးပွားရေးက ယိုင်နဲ့လာခဲ့တယ်။ဒါတွေကို သူမတို့တစ်ရွာလုံး အသိဆုံးပါလေ။

စနေမွှေလို့ သူမတို့စီးပွားပျက်ရတာဆိုပြီး ခင်ဦးလေးအပေါ်ကို စီးပွားရေးမပြေလည်တိုင်း အပြစ်ပုံခဲ့တယ်။နုနုရွရွ နေခဲ့တာဆိုတော့

ပင်ပင်ပန်းပန်းလုပ်ကိုင်ရတိုင်း ဒီကလေးအပေါ်မှာပဲ ဒေါသတွေ ပုံချခဲ့သည်။မော်မော်ကြွားကြွားနေခဲ့ရပြီးမှ ခေါင်းငုံ့ရတဲ့အခါ ရှက်စိတ်တွေကြောင့်လည်း ပါမှာပေါ့လေ..။

"ခင်ဦးလေးက ငယ်သေးတယ် သားရဲ့..မေမေတို့ အရပ်လောက်မှ မေမေတို့အိမ်ကို ခေါ်ထားလို့ရမှာ..အဲ့ကြရင် မေမေက ခင်ဦးလေးကို သူ့မိဘတွေဆီ သားအတွက်တောင်းပေးမယ်နော်...''

"အဲ့ဆို ဘယ်လောက် စောင့်ရမှာလဲ မေမေ..သားအကြာကြီး မစောင့်ချင်ဘူး..''

"ဟို..!!''

ပူစူးမေ ပြောချိန်မရလိုက်ပါ။

"နောက် ရှစ်နှစ်ဆို ဖေဖေ့သားက လူကြီးဖြစ်ပြီ..အဲ့ကြရင် သားမေမေပြောသလို သူ့မိဘတွေဆီ ခင်ဦးလေးကို တောင်းစရာတောင်မလိုဘူး..ခိုးလို့ရတယ် သိလား သား..''

"ခိုးရင် သား ငရဲကြီးမှာပေါ့ ဖေဖေ...သားတို့ဆရာမက ပြောတယ်..သူများပစ္စည်းကို ပိုင်ရှင်မရှိဘဲ ခိုးရင် ငရဲကြီးလိမ့်မယ်တဲ့..''

"သားကလည်း ပစ္စည်းခိုးလို့ ငရဲကြီးရအောင် ခင်ဦးက ပစ္စည်းမှမဟုတ်တာ လူလေကွာ...''

"အဲ့ဆို ငရဲမကြီးဘူးပေါ့နော် ဖေဖေ...''

"ဒါပေါ့ကွ...''

"သူ့ဖေနော် သားကိုဘာတွေ လျှောက်ပြောနေတာလဲ..သားက ခုမှ ကလေးပါရှိသေးတာပေါက်ပန်းလေးဆယ် မပြောစမ်းပါနဲ့တော်...''

"အေးပါကွာ..မပြောနဲ့ဆိုလည်းမပြောတော့ဘူး...ညနေတောင်စောင်းနေပြီ.. ထမင်းစားကြတာပေါ့ မိန်းမရေ...''

တောဓလေ့အတိုင်း နေဝင်ပြီး မှောင်ရိပ်လေးပျိုးတာနဲ့ ထမင်းစားကြသည်။ခုနှစ်နာရီလောက်ဆိုရင် တစ်ရွှာလုံး အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်နေတော့သည်။မိုးရိပ်မိုးသားကြားက လမင်းကြီးကတော့ နွေရာသီလို တောက်ပစွာ အလင်းမဆောင်နိုင်ချေ။ကောင်းကင်တခွင် မှောင်မိုက်နေသလို ထနှောင်းပင်တစ်ရွှာလုံးလည်း ထိုနည်း၎င်းပင်။

မိန်းမရေ ကိုယ့်ကို ရေလဲပုဆိုးလေး ယူပေးထားပါဦး ..

ပူစူးမေ ယောကျ်ားဖြစ်သူ ကောင်းခန့်ပြောလိုက်တာနဲ့ သားရဲ့အနားကထလိုက်ပြီး တန်းကနေ ခေါက်ထားသည့် ရေလဲပုဆိုးကို ယူပြီး ကောင်းခန့်နားကမ်းလိုက်၏။ပူစူးမေကတော့ လက်ဆေးရေဇလုံအနားရောက် ထမင်းဝိုင်းပါ တစ်ခါတည်း ပြင်လိုက်တော့သည်။

ကောင်းကောင်းကတော့ ထမင်းစားပြီးတာနဲ့ ဘုရားရှိခိုးပြီး ထွန်းထားသည့် ရေနံဆီမီးခွက်လေးနားမှာ ဝမ်းလျားလေးမှောက်လိုက်ပြီး သားကျက်နေတော့သည်။ပူစူကတော့ စာကျက်နေတဲ့ သားဖြစ်သူကို တစ်လှည့် အိပ်ယာထဲမှာ ပတ်လက်လှဲနေရင်း ရေဒီယို နားထောင်နေသည့် ယောကျာ်းဖြစ်သူကို တစ်လှည့်ကြည့်ရင်း ပြုံးသာပြုံးနေ၏။

"မေမေ သားစာရသွားပြီ..အိပ်တော့မယ်နော်...သား ဖေဖေနဲ့မေမေကို ကန်တော့မလို့...ဖေဖေ့ကို ထပေးခိုင်းဦး မေမေ...''

"ဖေဖေထပါပြီကွာ..သား ကန်တော့လို့ရပြီ..''

ကောင်းကောင်းက စာအုပ်လေးကို ပိတ်လိုက်ပြီး လွယ်အိတ်လေးထဲ ပြန်ထည့်ပြီး သိမ်းလိုက်တော့သည်။ထို့နောက် ဖေဖေနဲ့မေမေကို ကန်တော့ လေ၏။

"မေမေ့တို့ သားလေး သက်ရှည်ကျန်းမာပြီး ပညာတက်ကြီးဖြစ်ပါစေကွယ်²..''

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ မေမေနဲ့ဖေဖေ.. ''

ကောင်းကောင်းလေးဟာ မိဘတွေဖြစ်တဲ့ ပူစူးနဲ့ ကောင်းခန့်ကို ကန်တော့ပြီးတာနဲ့ အိမ်ခန်းထဲကို ဝင်သွားတော့သည်။ပူစူးနဲ့ကောင်းခန့်လည်း လိမ္မာလွန်းသည့် ကောင်းကောင်းကို ကြည့်ပြီး အပြုံးတွေ ဝေတော့သည်။ကောင်းကောင်းလေးကို မွေးတုန်းက နှစ်ရက်လောက် ဗိုက်နာပြီးမှ ခဲရာခဲဆစ် မွေးဖွားခဲ့ရသည်။ထို့ကြောင့်လည်း နောက်ထပ်ကလေးကို ထပ်မယူတော့ဘဲ ကောင်းကောင်းကိုသာ ပုံအောပြီး ချစ်နေရသည်။

"သားလို လိမ္မာတဲ့ကလေးမျိုးဆိုရင် ကျွန်မ ဘယ်နှစ်ယောက်ဖြစ်ဖြစ်မွေးချင်တယ် သိလား သူ့ဖေ...''

"မိန်းမက မွေးချင်ရင်တောင် ယောကျာ်းကတော့ မမွေးခိုင်းဘူး...ယောကျာ်းတို့မှာ ဒီသားတစ်ယောက်နဲ့တင် လုံလောက်နေပါပြီ...''

"အင်းပါ...''

ကောင်းကောင်းကတော့ ဖေဖေနဲ့မေမေရဲ့အလယ်မှာ အိပ်ချင်ယောင်ဆောင်ပြီး ခိုးရယ်နေတော့သည်။ကောင်းကောင်းရဲ့ ရယ်သံခိုးခိုးခစ်ခစ်လေးကို ကြားနေရသည့် သူတို့လင်မယားကတော့ ပြုံးလိုက်ကြသည်။

"ဒေါင်..ဒေါင်..''

မနက်လေးနာရီဆို ရွှာဦးဘုန်းကြီးကျောင်းက ကပ္ပိယကြီးက မောင်းထုသံပေးသည်။အိမ်တိုင်းရှိ ကြက်ဖတွေကလည်း တွန်ကြသည်။မောင်းထုသံ ကြက်ဖတွန်သံတို့ကြောင့် အိမ်ရှိ အိမ်ရှင်မတွေက မနက်အရုဏ်ဦးဆွမ်းအတွက် ချက်ပြုတ်ဖို့ ပြင်ဆင်ကြလေသည်။အိမ်ထောင်ဦးတွေဖြစ်တဲ့ယောကျ်ားသားတွေကလည်း နေရောင်ပျိုးချိန် နံနက် ငါးနာရီခွဲလောက်လိုရင် ယာထဲ ဆင်းကြရလေသည်။

ကောင်းကောင်းလည်း မေမေနိုးတာနဲ့ အိပ်ချင်မူးတူးနဲ့ ထလာခဲ့သည်။အိမ်ပေါက်ဝမှာ အိပ်ငိုက်နေတဲ့ သူ့ကို မေမေက မျက်နှာသစ်တော့လို့ အသံပြုမှ မီးဖိုချောင်ထဲ ဝင်ပြီး ဆားကိုယူ၍ လက်ခုပ်ထဲထည့်လာပြီး ရေအိုးနားကို လာခဲ့သည်။ဆားနဲ့ သွားတိုက် မျက်နှာသစ်ပြီး တစ်ခါတည်း ရေချိုးလိုက်သည်။

ကောင်းကောင်း ရေချိုးပြီးလို့ အိမ်ပေါ်တက်တာနဲ့ မေမေက ရေသုတ်ဝတ်နဲ့တစ်ကိုယ်လုံးသုတ်ပေးပြီး သနပ်ခါးလူးပေးသည်။အဝတ်အစားဝတ်ပေးသည်။အုန်းဆီကို ရွဲနေအောင်ထည့်ပေးပြီး ဘေးကွဲပေးသည်။မေမေ ခွံ့ကျွေးသည့် ထမင်းကို စားပြီးတာနဲ့ ကောင်းကောင်း ဘုရားရှိခိုး မေမေနဲ့ဖေဖေကို ကန်တော့ပြီး မေမေပြင်ပေးထားသည့် ထမင်းချိုင့်ကိုယူပြီး လွယ်အိတ်လေးလွယ်ပြီး ကျောင်းသို့ ထွက်လာခဲ့သည်။တစ်ယောက်စောင့်တစ်ယောက်စောင့်နဲ့ ကျောင်းကို ကောင်းကောင်းတို့တွေ သူများ နောက်မှ ရောက်ခဲ့သည်။

"ခင်ဦး နင်ပန်းတွေအများကြီးခူးလာတယ်...ငါတို့အတွက်ပါလား...''

"ပါတယ်...ပါတယ်...ဒီတစ်ခုက ဆရာမလေးတွေကို ပေးဖို့...ဒီတစ်ခုက နင်တို့ပန်ဖို့အတွက်..ငါ သပ်သပ်ဖယ်လာတာ...ငါ ပန်ထားတာရော လှလား...''

"လှတယ်..လှတယ် ခင်ဦး...''

"ဘယ်နား သွားလှတာလဲ...''

ခေါင်းမှာ ပန်ထားသည့် သနပ်ခါးပန်းလေးကို ကိုင်ပြပြီး သူတို့ကို မေးလာတဲ့ ခင်ဦးကို ကောင်းကောင်း လှတယ်လို့ ပြောလိုက်အခါ နောက်ကနေ ထွက်ပေါ်လာသော ဇေယျာ၏ အသံကြောင့် ကောင်းကောင်း မျက်နှာပျက်သွားသည်။ကောင်းကောင်းတင်မဟုတ် ခင်ဦးအပါ အကြည်နဲ့လုံးလုံးလည်း မျက်နှာမကောင်းဖြစ်သွား၏။

"သမီးလည်း ကိုကြီးဇေယျာကို မမေးပါဘူး...ကောင်းကောင်းတို့ကိုပဲ မေးတာပါ...''

"သိသားပဲ...''

ဇေယျာ ခင်ဦး ခေါင်းကပန်းတွေအပြင် လက်ထဲက သနပ်ခါးပန်းတွေကိုပါ ယူပြီး သူတို့ရှစ်တန်းအခန်းထဲက မိန်းကလေးတွေကို လိုက်ဝေပေးလိုက်သည်။ခင်ဦး ငိုချင်သော်လည်း မငိုမိအောင် နေရသည်။ခင်ဦး ငိုရင် ကိုကြီးဇေယျာက ကိုကိုနဲ့ တိုင်ပြောမှာ ဆိုးသည်။

ကောင်းကောင်းကတော့ ဇေယျာ့ကို မျက်မှောင်ကြုတ်ပြီးသာ ကြည့်နေရသည်။

အထွေးက သနပ်ခါးပန်းတွေကို ပြန်လာပေးတဲ့အခါ ခင်ဦးပြန်မယူရဲပါ။ခင်ဦးကို စိုက်ကြည့်နေတဲ့ ကိုကြီးဇေယျာရဲ့ မျက်လုံးတွေက ကြောက်ဖို့ကောင်းသည်။အထွေး အတင်းပြန်ပေးလည်း ခင်ဦး မယူတော့ချေ။ထိုနေ့၌ သနပ်ခါးပန်းတွေကို ဆရာမတွေကိုလည်း မပေးလိုက်ရချေ။အိမ်ကနေ ပန်လာသည့် ခေါင်းပေါ်က သနပ်ခါးပန်းလည်း မရှိတော့ချေ။

"ငါကြီးရင် သူတို့နင့်ကို အနိုင်မကျင့်စေရဘူး..ငါပြန်လုပ်မှာ သိလား...တုတ်တွေ့ရင် တုတ်နဲ့ရိုက်မှာ..ဓားတွေ့ရင် ဓားနဲ့ခုတ်မှာ...''

"နင်လူဆိုးကြီး ဖြစ်သွားမှာပေါ့ဟ...''

"ဖြစ်ပါ့လေ့စေ...နင့်ကို သူတို့က အနိုင်ကျင့်တာကိုဟ...ငါ သူတို့ကို မုန်းတယ်...ကိုကြီးကို မုန်းလို့ ကြီးကြီးခေါ်တာတောင် ငါမသွားဘူး...''

ကျောင်းတက်သွားတာနဲ့ ကျောင်းသားတွေရဲ့စကားပြောသံတွေ တိတ်ဆိတ်သွားပြီး စာဆိုတဲ့အခါ စာအန်တဲ့အသံလေးတွေ ကြားရတော့သည်။နေ့လည်ကျောင်းဆင်းချိန် ဆော့ကစားသံလေးတွေ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ညနေကျောင်းဆင်းချိန် တို့အလံသီချင်းဆိုပြီးတာနဲ့ ကျောင်းလွတ်ခေါင်းလောင်းတီးလိုက်ပါတော့သည်။

ကောင်းကောင်းကတော့ မိန်းကလေးသုံးယောက်ကြားမှာယောကျ်ားလေးဆို၍ သူတစ်ယောက်ထဲပင် ဖြစ်၏။ကျောင်းဆင်းလာတဲ့ တစ်လျောက်လုံးမှာ သူတို့လေးယောက် ဘာတွေပြောပြီး သဘောကျမှန်းမသိ ရယ်မောလာကြသည်။

"အာ့..''

ခင်ဦး နောက်ကနေ ဆံပင်ကို ဆွဲခံလိုက်ရတော့ နာသွားတာကြောင့် အော်လိုက်မိ၏။နောက်ကို ကြည့်တော့ ကိုကြီးဇေယျာ ဖြစ်နေသည်။ထို့ကြောင့် ပြန်ရန်မတွေ့ရဲပေ။

"ပန်းတွေပြန်ပေးတာ...''

နွမ်းသွားသည့် သနပ်ခါးပန်းတွေကို ခေါင်းမှာ လာထိုးပေးလေသည်။မပန်ချင်ဘူးလည်း မပြောရဲပါ။ကောင်းကောင်းက ခင်ဦးခေါင်းက ကိုကြီးဇေယျာထိုးပေးတဲ့ သနပ်ခါးပန်းအနွမ်းတွေကို ယူလိုက်ပြီး လွတ်ပစ်လိုက်သည်။ထိုအခါ ကိုကြီး ဇေယျာက မျက်ထောင့်နီးကြီးနဲ့ ကောင်းကောင်းကို ကြည့်လာသည်။ကောင်းကောင်းကလည်း ကိုကြီးဇေယျာနည်းတူ ပြန်ကြည့်လေသည်။

« ရှေ့အခန်း - အပိုင်း၂ နောက်အခန်း - အပိုင်း ၄ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ