ကိုကိုကကိုကြီးဇေယျာတို့နဲ့ ဆော့နေသလို အထွေးနှင့် ကောင်းတို့သည်လည်းရွယ်တူကလေးတွေနဲ့ ဆော့နေကြသည်။ခင်ဦးကတော့ မောင်လေးကို ချီးထားရင်း ပါးလေးဆိတ်လိုက် နမ်းလိုက်နဲ့ မောင်လေးရဲ့ ရယ်သံတစ်ခစ်ခစ်ကို နားထောင်ရင်းသာ ပျော်နေရသည်။
မျက်နှာမှာသနပ်ခါးအဖွေးသား အုန်းဆီတွေအိရွဲနေသောဆံပင်တွေကို ဘီးဆံပတ်ထားသည့် အပျိုကြီးက ခြံထဲ၌ တစ်ရွှာလုံးရှိ ကလေးတွေ ဆော့နေတာကို ကြည့်ပြီး ပြုံးနေသည်။
မိုးဦးကာလ ဖြစ်သော်လည်း အပျိုကြီးတို့ခြံဟာ သဲကုန်းလေးဖြစ်နေ၍ ဗွတ်မထပေ။ထို့ကြောင့် ကလေးတွေဆော့ကြသေး၏။ မိုးလယ်မိုးနှောင်းရောက်ရင်ဖြစ် အပျိုကြီးတို့ ခြံဝန်းကြီးက တိတ်ဆိတ်သွားရသည်။
ယောကျ်ားလေးတွေက သရေပင်းပစ်၊ကျောက်ဒိုးလိမ့်၊ဂျင်ပေါက်၍ဆော့ကြသလို မိန်းကလေးတွေတော့ မယ်ထွေးဖမ်းတိုင်း တူးတူပုန်းတိုင်း ဖန်ခုန်တိုင်းနဲ့ တခြားကစားနည်းတွေနဲ့ ဆော့ကစားနေကြသည်။ထိုကလေးတွေအများကြီးထဲမှာမှ ကလေးလေးကို ခါးတွင်းခွင်ပြီး မတ်တက်ရပ်ကာ ဆော့နေတဲ့ကလေးတွေကို ကြည့်ပြီး ရယ်မောနေသော ခင်ဦးလေးကို အပျိုကြီး ထင်ထင်ရှားရှား မြင်လိုက်ရ၏။
"ခင်ဦး...သွားဆော့လေကွယ်...ဘာလဲ သူတို့က သမီးကို ခေါ်မဆော့ဘူးလား...ဒီကလေးတွေနဲ့တော့ ခက်ပါတယ်...''
"သူတို့ကခေါ်တယ်..သမီးက မောင်လေးနဲ့မို့ဆော့မရလို့ပါ ကြီးကြီး...''
ခင်ဦး အပျိုကြီးကို မျက်နှာငယ်လေးဖြင့် ပြောပြလိုက်သည်။
"သမီးမောင်လေးကို ကြီးကြီးထိန်းပေးမယ်...သွားဆော့နော်...ယဥ်မေတို့လည်း မပြောချင်ပါဘူးတော်..ကလေးကဆော့ဖို့လာတာကို ကလေးထည့်ပေးလိုက်ရတယ်လို့...''
အပျိုကြီး နှုတ်ကရေရွတ်လိုက်ရင်း ခင်ဦးဆီကနေ ကလေးကို လက်ပြောင်းချီလိုက်၏။
"ကြီးကြီး မောင်လေးငိုရင် ခင်ဦးကို လှမ်းခေါ်နော်...''
"အေးပါအေ...''
ခင်ဦး မောင်လေးပိုက်ထွေးလေးကို အပျိုကြီး လက်ထဲကို ထည့်ပေးလိုက်ပြီးနောက် မှာတမ်းချွေရင်း ကလေးများရှိရာဆီသို့ ငါလည်း ပါမယ်ဟူ၍အော်ရင်း ပြေးသွားလိုက်ပါတော့သည်။ ခင်ဦး ပျော်ရွင်မြူးထူးသွားသည်မှာ ဆူနာမီလိပ်ရေထဲလွတ်လိုက်သလိုပါ။
"ငါလည်း ပါမယ်..''
"ပါရင် ခံရမှာနော်...''
"အေးပါ..မပြောလည်း သိပါတယ် မိုးပြည့်ရယ်..''
ခင်ဦး နှုတ်ခမ်းပါးလေးကို ထော်ပြီး မိုးပြည့်ကို ပြောလိုက်သည်။
"နင်မပါနဲ့တော့ ခင်ဦး..နင်သာပါရင် ခံရလို့ကျွတ်မှာမဟုတ်ဘူး...''
"နင့်အစား ငါခံပေးမယ်... ''
အကြည်က ခင်ဦးရဲ့အကြောင်းကို သိနေတာကြောင့် မပါရန်ပြောလိုက်၏။သို့သော် ကောင်းကောင်းကတော့ ခင်ဦးမျက်နှာညိုးသွားတာကိုမြင်လိုက်ရ၍ ခင်ဦးအစား သူခံမေးမယ်ဟု ပြောလိုက်သည်။
"တကယ်လား ကောင်းကောင်း...ပြောပြီး စလစ်နံပတ်တစ်နော်...''
ခင်ဦးလေးက ခုန်ပေါက်ရင်း ကောင်းကောင်းလေးကို ပြောပြီးတာနဲ့ စီးဝိုင်းထဲကို ဝင်လိုက်တော့သည်။
"ဆင်ကြီးရေ နွေရာသီမှာ ဘာသီးဘာရွက်ပေါလဲ''
ဟုကောင်းကောင်းကိုမေးလိုက်သည့် အသံတွေထဲမှာမှ ခင်ဦးလေးရဲ့ အသံဟာ အကျယ်ဆုံးသာ ဖြစ်၏။ကောင်းကောင်းကလည်း အပင်တွေကို ရှောက်ကြည့်လိုက်ပြီး
"သရက်ရွက်ပေါတယ်...''ဟုဖြေလိုက်၏။ထိုအခါ စည်းဝိုင်းထဲက ကလေးတွေ ပြန်မေးသည်မှာ
"အသွားလား..အပြန်လား...''
"အပြန်...''
သရက်ရွက်လေးကို ကိုင်ပြီးတာနဲ့ ကောင်းကောင်းဖမ်းမမိအောင် စည်းဝိုင်းထဲကို ပြေးလာနိုင်၍ ခင်ဦး စည်းဝိုင်းထဲမှာ ခုန်ပေါက်နေရှာသည်။
/// //// ////
ခင်ဦး အထွေးကိုကြည့်လိုက်တော့ အထွေးက သူ့အတန်းဖော် သူငယ်ချင်းတွေနဲ့ ကြိုးခုန်နေ၏။ကိုကိုနဲ့ကိုကြီးဇေယျာက လှမ်းပြီး စနောက်နေတော့ အထွေးက နှုတ်ခမ်းလေးဆူကာ ပြန်ပြီးရန်တွေ့နေပုံလေးကို ကြည့်ပြီး ခင်ဦးပြုံးလိုက်သည်။ခင်ဦးကတော့ အထွေးလိုမဟုတ် ရန်မတွေ့နိုင်ဘဲ ငိုပဲငိုခဲ့ရသည်။
///
"ဟေ့..ခင်ဦး...''
ခင်ဦးလေးတစ်ယောက် အဆော့လွန်သွားသည်မှာ မောင်လေးကိုလဲ သတိမရတော့သလို အမေဖြစ်သူ ယဥ်မေဦးရဲ့ အော်ဟစ်အော်သံကိုလည်း ကစားသံတွေနဲ့ မကြားတော့ပေ။ကစားနေရင်းမှာ ကောင်းကောင်း၏ ပြောလိုက်သည်မှာ
"ခင်ဦးရေ..ဟိုမှာ နင့်အမေ တုတ်ကြီးနဲ့ ဒီကိုလာပြီ..နင့်ကို ရိုက်တော့မှာလားမသိဘူး....''
"ခင်ဦး...''
ပျော်ရွှင်စွာ ဆော့နေတဲ့ရယ်မောသံဟာ ခဏအတွင်း တိတ်ဆိတ်သွား၏။ အမေဖြစ်သူ ယဥ်မေဦးရဲ့တုတ်ကိုင်ပြီး သူမရဲ့ နာမည်လေးကို ခေါ်လိုက်တော့မှ လက်ထဲက တုတ်ကိုကြည့်ကြီး လန့်သွားတော့သည်။
"ခင်ဦး ညဥ်းကို ငါဘယ်လိုမှာလိုက်လဲ..ညည်းအဖေကို ထမင်းသွားဖို့ရမယ်လို့မမှာလိုက်ဘူးလား...ငါခေါ်ရင်နားစွင့်ထားလို့ မပြောလိုက်ဘူးလား ခင်ဦး..ကလေးကိုလည်း အပျိုကြီးကို ထိန်းခိုင်းထားတယ် ..''ဆော့ချင်အုန်း..
ရွှတ်..ရွှတ်..''
ခင်ဦးလေးရဲ့ ပြောင်တင်းနေသော ခြေသလုံးလေးကို ပါလာသည့် ဝါးစိမ်းတုတ်နဲ့ ရွယ်ပြီး အချက်များစွာ ရိုက်ပါတော့သည်။ထိုနေရာ၌ ကလေးတွေသာရှိတာကြောင့် ဝိုင်းကူဆွဲမည့်သူမရှိပေ။
"ငါ့စကားကို မဖတ်မလုပ်အုန်း..ကဲဟယ်...
ရွှတ်...ရွှတ်...''
"ဟီးဟီး... အမေ နာတယ်..သမီးနောက်မလုပ်တော့ပါဘူး...ဟီး..ဟီး..''
ခင်ဦးက ခြေထောက်လေးကို ကွေးကာ လက်နှစ်ဖက်နဲ့ ကာထားလိုက်သည်။
"အသံမထွက်နဲ့...မြိုချပစ်စမ်း...စောက်သံ ထွက်ရဲထွက်ကြည့်...ဒီထက်နာမယ်... ''
"အဟင့်..အဟင့်...''
ငိုသံလေးတိတ်သွားပေမယ့် ရှိုက်သံလေးက ထွက်စဲပင်။ခင်ဦးလေးကိုကြည့်ပြီး အကြည်ရယ် လုံးလုံးရယ် ကောင်းကောင်းနဲ့အတူ တခြားကလေးတွေကလည်း ဆက်မဆော့တော့ဘဲ ခင်ဦးလေးကို ကြည့်နေကြတော့သည်။ကလေးတွေရဲ့ မျက်နှာထက်မှာလည်း ခင်ဦးကို သနားနေကြသည့် အရိပ်အယောင်တွေက အထင်းသားပင်။
သွား အပျိုကြီးဆီက ကလေးကို သွားခေါ်ခဲ့..ကျက်ကျက်သတိထား နောက်တစ်ခါ ဒီထက်နာမယ်...
ဟုတ်..
ခင်ဦး ရှိုက်သံအက်အက်လေးနဲ့ ပြန်ဖြေပြီး အပျိုကြီးရှိရာကို သွားပြီး
"ကြီးကြီး သမီးကို မောင်လေးပေး...''
မပီပြင်တော့ဘဲ ရှိုက်သံတွေရောထွေးနေသော အသံတို့ဖြင့် တောင်းလာသည်။သူ့လက်ထဲကနေ ကလေးကို ချီယူပြီး ထွက်သွားသော ခင်ဦးလေးကိုကြည့်ပြီး အပျိုကြီးမှာ စိတ်မကောင်းဖြစ်ရသည်။ထို့နောက်
"ယဥ်မေရယ်..ကလေးကို ဘာလို့အဲလောက်တောင် ရိုက်ရတာလဲ...ကလေးဆိုတာမျိုးက ချော့ပြောရင်ရပါတယ်အေ...ကလေးလည်း တစ်ခါတလေ အဆော့လွန်ပြီး မေ့ရင်မေ့သွားနေမှာပေါ့..ညည်းစကားကို နားမထောင်တာ မဟုတ်လောက်ပါဘူးအေ...''
မရိုက်လို့မရဘူး အပျိုကြီးရေ...မအေကဒီဟာမလုပ်နဲ့ဆိုရင် သူကဟိုဟာလုပ်ချင်တာ...ဒီရွယ်ထဲက ဆုံးမထားမှ တော်ရာကြမယ်...မဟုတ်ရင် မလွယ်ဘူး...အပျိုကြီးက သားသမီးမမွေးဖူးတော့ ဘယ်သိပါ့မလဲ...
ပြောပြီးထွက်သည့် ယဥ်မေဦးကို ကြည့်ပြီး အပျိုကြီး သက်ပြင်းချလိုက်မိသည်။ဆော့တာချင်းတူတူ အကြီးလေးဖြစ်တဲ့ ကျော်ကျော်ဦးနဲ့ နို့ညှာကလေးဖြစ်တဲ့ညိုထွေးကိုတော့ ရိုက်ပြုချင်းမပဲ အလတ်လေးဖြစ်တဲ့ ခင်ဦးလေးသာ ရိုက်နှက်သွားတာကြောင့်ပင်။
အပျိုကြီး စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့သည်။ ကိုယ့်ဝမ်းကနေ မွေးဖွားလိုက်တာချင်းတူတူ မေတ္ထာပေးတာချင်း ဘာလို့မတူတာလည်း ဆိုးသွမ်းနေလို့ဆို တမျိုးပေါ့လေ။ခင်ဦးလေးလို အရွယ်နဲ့မလိုက်အောင် အိမ်အလုပ်တွေလုပ်ရ ကလေးထိန်းရနဲ့ လုပ်ကိုင်ပေးတဲ့ ကလေးကို ယဥ်မေတစ်ယောက်ဘာလို့များ ကျန်သားသမီးတွေလို တန်းတူညီမျှ မချစ်ပေးနိုင်ရတာလဲ။
အပျိုကြီး ခေါင်းလေးရမ်းကာ အိမ်ထဲဝင်လိုက်တော့သည်။
"ကျော်ကျော်မင်းညီမကို မင်းအမေရိုက်တာ တော်တော်နာသွားမှာပဲ...ဒီလိုကျတော့ ရုပ်ဆိုးမလေး သနားပါတယ်...
ခင်ဦး ရိုက်ခံလိုက်ရတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့ ဇေယျာ သနားသလိုဖြစ်သွားသည်။မွေးထဲက တစ်ခါမျှ မရိုက်ခံရဖူးတာကြောင့်ဖြစ်မည်။ထို့ကြောင့် ခင်ဦးကို ကြည့်ပြီး ကျော်ကျော်ဦးကို ပြောလိုက်ခြင်းပင်။
"မနာလောက်ပါဘူး...အမေကနေ့တိုင်းသူ့ကိုရိုက်နေတာလေ...အမေပြောသလို သူက ငါတို့အိမ်ကနွားနီကြီးလို သရေထူနေပြီ...''
"ငါကိုတော့ ဖေဖေရောမေမေရော တစ်ခါမှမရိုက်ဖူးဘူး...မင်းနဲ့အထွေးလဲ ခင်ဦးလို ရိုက်ခံရတာပဲလား...''
"အမေက ငါတို့ကို ချစ်လို့မရိုက်ဘူး..''
ကျော်ကျော် ကျော်ထိုးလိမ့်မပြတ်ဘဲ ဇေယျာကို ပြောလိုက်၏။
ကောင်းကောင်းရယ် အကြည်ရယ် လုံးလုံးရယ်က ကျော်ကျော်ဦးနဲ့ ဇေယျာတို့ ပြောတာကို နားထောင်ပြီး ခင်ဦးကို သနားသွား၏။ဆော့ချင်စိတ်တွေလည်း မရှိတော့ချေ။
ကလေးတွေဟာ ကလေးအတွေးနဲ့ သူငယ်ချင်းဖြစ်တဲ့ ခင်ဦး ဆော့ရဖို့အရေး တိုင်ပင်ပြောကြလေရဲ့..။
"အကြည်နဲ့လုံးလုံးရေ နောက်နေ့ကျရင် ခင်ဦးဆော့လို့ရအောင် သူ့မောင်လေးကို ငါတို့တွေ ဝိုင်းထိန်းပေးမယ်နော်...''
ကောင်းကောင်းရဲ့စကားကို အကြည်နဲ့လုံးလုံးတို့ နှစ်ယောက်ဟာ ထောက်ခံသည့်အလား ခေါင်းညိတ့်ကြသည်။
"ကောင်းကောင်း ခင်ဦးအမေက ခင်ဦးကို ရိုက်တာ သူ့အစ်ကိုပြောသလို မချစ်လို့ရိုက်တာပေါ့နော်...ခင်ဦး သနားပါတယ်...''
"ငါလည်း ခင်ဦးကို သနားတယ်...ဆော့ရတာမပျော်တော့ဘူး..ငါတို့လဲ ပြန်ကြမယ်လေ..''
ခင်ဦးလေးကို ယဥ်မေဦး ရိုက်ပြီးခေါ်သွားထဲက အကြည်ရယ် လုံးလုံးရယ် ကောင်းကောင်းတို့ပြန်သွားကြတော့ တခြားတွေပါဆက်မဆော့တော့ဘဲ ပြန်ကြလေတော့သည်။ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြတော့ ကစားသံတွေနဲ့ ဆူညံနေတဲ့ ခြံဝန်းကြီးထဲမှာ ကျေးငှက်တို့ရဲ့ တေးသံသာ ရှိတော့လေသည်။
"ကိုကို သမီး ခိုစီးချင်တယ် လုပ်ပေး...''
"အေးအေး..တစ်ဖက်က ကိုကို့လက်မောင်းကိုကိုင်ထား တစ်ဖက်ကဇေယျာရဲ့လက်မောင်းကိုကိုင်ထားလိုက်..ပြီးရင် အလယ်ကနေ ခိုလို့ရပြီ...''
"ဟုတ်ကဲ့..''
ကျော်ကျော်ဦးနဲ့ဇေယျာရဲ့ လက်မောင်းတစ်ဖက်စီကိုကိုင်ပြီး အလယ်ကနေခိုတွဲထားသည်မှာ လမ်းတစ်လျောက်လုံးပင် ဖြစ်၏။
ကိုကိုနဲ့ ကိုကြီးဇေယျာတို့ရဲ့ လက်မောင်းတွေကို တွဲခိုလျက်ရှိသော အထွေးလေးကို ကြည့်ပြီး ရယ်မောလျက် အိမ်ထဲဝင်လာသည်ကို မျက်ရည်များ အိုင်ပြီး ဝေဝါးနေသော မျက်ဝန်းများဖြင့် ဝမ်းနည်းစွာ ကြည့်လိုက်မှာ ခင်ဦးလေပင်။
"ကိုကိုနဲ့ကိုကြီး...မြင့်မြင့်လေးလုပ်ပေး"
အထွေးပြောလိုက်တာနဲ့ ကျော်ကျော်ဦးနဲ့ ဇေယျာတို့က ရယ်ရင်း လက်နှစ်ဖက်ကို မြှောက်ပေးလိုက်ကြသည်။ အထွေးလေးရဲ့ ရယ်သံက ခြံဝန်းထဲမှာ လွင့်ပျံသွားသည်။
ခင်ဦးက မောင်ပိုက်ထွေးကို ပိုက်ထားရင်း မျက်ရည်တွေကြား ခဏရပ်ကြည့်နေမိသည်။
"ငါလည်း... တစ်ခါလောက် ခိုစီးချင်လိုက်တာ..."
ထိုစကားလေးကို နှုတ်ခမ်းဖျားကနေ တိုးတိုးလေး ရေရွတ်လိုက်ပြီး မျက်နှာလွှဲကာ အိမ်ထဲဝင်သွားသည်။
အခန်းမှတ်ချက်များ (0)