Bububai ဝတ္ထု မျှော်လင့်သော ရောင်နီရယ် အဘယ်သို့ အခန်းစာရင်း

အပိုင်း၁

မိုးဦးကာလဆိုသော်ငြားလည်း ကောင်းကင်တခွင်မှာ မိုးရိပ်မိုးသားကင်းစင်ကာ ကြည်လင်နေသည်။စိုစွတ်အေးမြတဲ့ မြေပြင်မှာ အပူအပင်မရှိ ဖြူစင်ကာအပြစ်ကင်းစင်သော ပန်းတို့နှင့်အလားသဏ္ဍာန်တူသည့် ကလေးတွေဟာ ပျော်ရွှင်ရယ်မောရင်း ဆော့ကစားနေကြလေရဲ့။ ကလေးတွေရဲ့ကစားသံပြိုင်တွေ အော်ဟစ်ငြင်းခုံသံတွေက ထန်းနှောင်းပင်ရွှာအတွင်းမှာ ကျေးငှက်တို့ရဲ့ တေးဆိုသံတွေနဲ့အတူ ရောယှက်ဆူညံလျက် ပဲ့တင်ထပ်နေသည်။

ထန်းနှောင်းပင်ရွှာရှိ ကလေးတိုင်းရဲ့ ပျော်ရွှင်စရာ ရပ်ဝန်းတစ်ခုက သစ်ပင်ပန်းပင်များနဲ့ ပြည့်နှက်အုပ်မှိုင်းညို့နေသော အပျိုကြီးလူပျိုကြီးမောင်နှမရဲ့ ခြံဝန်းကျယ်ကြီးသာ ဖြစ်သည်။ ထိုအပျိုကြီးလူပျိုကြီးကလည်း ကလေးကိုချစ်တာကြောင့် ကလေးတွေ ဘယ်လောက်ဆူဆူ ထိုအသံတွေကို သည်းညည်းခံလေသည်။

ရာသီအလိုက် ခြံထဲ၌ အပင်များမှ သီးသည့်အသီးများကို ကလေးတွေ တက်ယူခူးစားလည်း တွန့်တိုခြင်းမရှိ အပင်မြင့်ပေါ်တက်၍ ပြုတ်ကျလိုက်မယ်ဟုသော စကားသာ ပြောလေ့ရှိသည်။ထို့ကြောင့်လည်း ကလေးတွေက အပျိုကြီးတို့မောင်နှမကို ချစ်ကြလေသည်။လူကြီးရယ်လို့ မကြောက်ရွံ့ချေ။

ရွှာလည်ပိုင်းက အပျိုကြီးတို့ရဲ့ ခြံဝန်းထဲမှာ ကလေးတွေရဲ့ ဆော့ကစားနေသည့်အသံတို့ကြောင့် ထင်းတဲထဲကနေ မီးဖိုချောင်ထဲကို ထင်းသယ်နေသော ခင်ဦးတစ်ယောက် ထင်းသယ်ရာမှာ စိတ်မပါတော့ဘဲ ဆော့ချင်စိတ်သာများနေ၏။

မြန်မြန်ပြီးရင်မြန်မြန်သွားဆော့ရဖို့အရေး ကလေးအတွေးနဲ့ ထင်းတွေကို ပြေးလွှား သယ်တဲ့အခါ ထင်းတွေက လမ်းတစ်ဝက်တွင် ပြုတ်ပြုတ်ကျတော့ ပြာရင်ဖွဲမထွက်မထွက်ဘူးဆိုတဲ့ စကားပုံတိုင်း ခင်ဦးမှာ လိုရာကို မရောက်တော့ပေ။ထင်းတွေပြုတ်ပြုတ်ချလို့ ခဏခဏပြန်ပြန်သယ်ရတော့ မျက်နှာကလေး ဆူပုတ်သွားသည်။ထင်းသယ်ပြီးတဲ့အခါမှသာ ခင်ဦး မျက်နှာကလေးဝင်းသွားလေရဲ့ ။

"အမေ သမီးထင်းသယ်ပြီးသွားပြီ...သွားဆော့တော့မယ်...

နွားတင်းကုပ်ထဲက အမေဖြစ်သူ ဒေါ်ယဥ်မေဦးဆီကို အားတက်သရော လှမ်းပြောလိုက်၏။ထိုအခါ အမေက နွားတဲထဲကနေ နွားချေးကြုံးရင်း လှမ်းအော်လိုက်၏။

"မိုးမလင်းသေးဘူး.. ဆော့ဖို့အကြောင်းပဲ တွေးနေတာပဲ..အိမ်အလုပ်တွေ အကုန်ပြီးပြီလား...''

"အမေကနော် ကိုကိုနဲ့အထွေးကိုကြတော့ မခိုင်းဘူး..သမီးကြီးဘဲ ခိုင်းနေတာပဲ...''

ကလေးပီပီ ရင်ထဲက အတိုင်းပြောလိုက်သည်။

"ညည်းအစ်ကိုက ယောကျ်ားလေး လိုက်မတုစမ်းနဲ့...အထွေးကအငယ်လေ..ညည်းကအကြီး အငယ်ကို ညှာရမှာပေါ့..အဲ့လိုတွေ လိုက်မကပ်နဲ့ ခင်ဦး..အဲ့စိတ်ဓာတ်ကို အမေမကြိုက်ဘူးနော်...''

"ဟုတ်...အလုပ်တွေ အကုန်ပြီးရင်တော့ ဆော့မယ်နော်...''

အမေက ခင်ဦးကို ပြန်မပြောဘဲ နွားချေးဆက်ကြုံးနေသည်။ခင်ဦးလည်း ဆော့ချင်စိတ်ကြောင့် ပြောင်လက်နေသည့် ကျွန်းပြင်တွေကို ဖင်ဖူးဖောင်းထောင်ပြီး အမြန်နှုန်းနဲ့တိုက်လေသည်။ မောသော်လည်း ဆော့ရမည်ဆို၍ အပြုံးမပျက်။ရေအိုးစင်က သောက်ရေခွက် တွေကို ဆေးကျောပြီး သောက်ရေအိုးထဲကိုပါ ရေဖြည့်လိုက်သေး၏။သူနိုင်တဲ့ အလုပ်တွေ အကုန်ပြီးသွားတဲ့အခါ ဆော့ရတော့မည်ဆိုတဲ့အသိနဲ့ မျက်လုံးဝိုင်းလေးတွေ တောက်ပလာပြီး ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးလိုက်တော့ ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုက ထင်ဟပ်နေသည်။

"အမေ သမီးအိမ်အလုပ်တွေ အကုန်လုပ်ပြီးသွားပြီ.. သမီးသွားဆော့တော့မယ်...''

"ညည်းသွားဆော့တော့ ကလေးကို ဘယ်သူလာထိန်းပေးမှာလဲ ခင်ဦး....အမေလည်း အလုပ်အားတာမဟုတ်ဘူး တတောက်တောက်နဲ့လုပ်နေရတာ... ညည်းတို့ မောင်နှမလေးယောက်စားဖို့အတွက် လုပ်နေရတာ အားတယ်ထင်တာလား ခင်ဦး...''

ဒေါ်ယဥ်မေဦးရဲ့ စကားကြောင့် ဆယ်နှစ်အရွယ်ခင်ဦးလေးဟာ ဟန်မဆောင်နိုင်ဘဲ မျက်နှာကလေးပျက်သွားသည်။ကလေးဆို၍ ဝမ်းနည်းမှုကို မမြိုသိပ်တက်ပေ။

"ပြောလိုက်ရင် မျက်နှာသေနဲ့ ..သွားပါအေ..သွားဆော့..မောင်လေးကိုခေါ်သွားလိုက်...ခဏနေ ညည်းအဖေကို ယာထဲထမင်းချိုင့်သွားခါနီးရင် အမေ လှမ်းခေါ်မယ်..နားစွင့်ထားနော်..

ဟုတ်...

အဆော့ကြီးပဲ မမက်နဲ့ မောင်လေးကိုလည်း သေချာကြည့်ဦး..ခဲလုံးတွေကောက်ကပ်စားနေမယ် ကြားလား ..''

"ဟုတ် အမေ...''

ခင်ဦးလေး ဆော့ရတော့မည်ဆိုတော့ မျက်နှာကလေးဟာ ချက်ချင်းပင် ဝင်းပသွားတော့သည်။အမေ့ကို ရယ်ပြလိုက်သည်မှာ ပါးချိုင့်ကွက်ကလေးတောင် နှစ်ဝင်သွားသလို သွားတက်လေးနှစ်ခုလည်း ပေါ်ထွက်လာခဲ့သည်။

မြေကြီးအောက်မှာ ဆော့နေတဲ့ ခင်ဦးတို့မောင်နှမထဲမှာအငယ်ဆုံးလေးဖြစ်တဲ့ ထိုင်လျက်သားအရွယ် မောင်ပိုက်ထွေးလေးကို ကောက်ချီကာ ခါးကတွင်းခွင်ပြီး ကလေးများရှိကာ ရွှာလယ်ပိုင်းက ခြံဝိုင်းကြီးကို ရောက်လာခဲ့သည်။

"ငါလည်းပါမယ်...''

ကလေးတွေ ဆော့နေသည့်နေရာကိုတောင် မရောက်သေးပဲ အဝေးကနေ အသံနဲ့ ပါမယ်ဟု အော်ပြောလိုက်၏။ထို ကလေးတွေ ပြန်ပြောလိုက်သည်မှာလည်း..။

"ပါရင် ခံ..''

"ဘယ်နှစ်ရာမှိတ်ရလဲ..ငါးရာလား...''

"ဟုတ်တယ် ..ခိုးမကြည့်နဲ့နော် ခင်ဦး...ခိုးကြည့်ရင် ပြန်မှိတ်ပေးရမှာ...

"အေးပါ..ခိုးမကြည့်ဘူး...''

သူငယ်ချင်းတွေအားလုံးထဲမှာမှ အချစ်ဆုံးဖြစ်ကြတဲ့ ကောင်းသုတ သော်တာကြည်နဲ့ အိမ့်လဝန်းတို့က ပုန်းနေရာကနေ ထွက်လာကြကာ ခင်ဦးဆီကို ပြေးလာပြီး

"နင်ဆော့ရင် နင့်မောင်လေးကို ဘယ်လိုလုပ်မလဲ ခင်ဦး...အောက်ချထားလို့ ဟိုတစ်ခါလို နင့်အမေက ရိုက်အုန်းမယ်..နင့်ညီမလေးကို ခဏထိန်းခိုင်းလိုက်ပါလား...''

"အထွေးက မောင်လေးကိုမနိုင်ဘူး...အောက်မှာပဲ ချထားလိုက်မယ်...ငါ့မောင်လေးက ထိုင်တက်နေပြီ...ဟိုတစ်ခါလို နောက်မလန်ကြတော့ဘူး...''

ထိုသို့ ပြောရင်း ခင်ဦးဟာ သူ့မောင်လေးကို အောက်ချလိုက်ပြီ ဖြစ်သည်။

"ဟိုမှာ ခင်ဦး.. နင့်အစ်ကို ကိုကြီးကျော်ကျော်ဦးနဲ့ကိုကြီးဇေယျာကို ထိန်းခိုင်းလိုက်ပါလား..သူတို့နှစ်ယောက်က ကိုကြီးဖိုးသားတို့မလာသေးလို့ ကျောက်ထိုးမလိမ့်ရသေးဘူး...''

ကောင်းကောင်းညွှန်ပြတဲ့ဘက်ကိုကြည့်လိုက်ပြီး ခင်ဦးလဲ ပျော်သွားပြီး မြေကြီးအောက်မှာ ထိုက်လျက်သားလေး ဆော့နေသည့် မောင်ပိုက်ထွေးလေးကို ကောက်ချီလိုက်ကာ အစ်ကိုဖြစ်တဲ့ကျော်ကျော်ဦးဆီသွားလိုက်၏။

"ကိုကို သမီးဆော့မလို့ မောင်လေးကို ခဏထိန်းပေးပါလား...ကိုကိုတို့ ဆော့ရင် သမီးကို ခေါ်လိုက်လေ..ခဏထိန်းပေးနော်...''

"မထိန်းပေးဘူး.. နင့်ဘာသာနင်ထိန်း နင်ခေါ်လာတာ...နင်ကလေးကို အောက်ချရင် ကလေးကို ပစ်ထားပါတယ်ဆိုပြီး ငါ အမေနဲ့တိုင်မှာနော်...ကလေးကို အောက်ချပြီး ဆော့ရဲဆော့ကြည့် ငါအမေနဲ့တိုင်မှာ...''

"လုပ်ပါနော် ...သမီးလဲ ဆော့ချင်လို့ပါ..ခဏလေးပဲ ထိန်းပေးလေ...''

"မထိန်းပေးဘူး...နင်ခေါ်လာတာနင့်ဘာသာနင်ထိန်း...အသားမဲတဲ့ကျီးကန်းမ...ကုလားမ..''

ကုလားမ ဆိုတဲ့စကားလေးကြားလိုက်ရချိန်မှာ ခင်ဦးရဲ့ မျက်နှာလေးဟာ ခဏတာ တိတ်ဆိတ်သွားသည်။ အစောက ဝင်းလက်နေတဲ့ မျက်လုံးလေးတွေက မှိန်ကျသွားပြီး နှုတ်ခမ်းလေးကို တင်းတင်းစေ့ထားကာ မျက်ရည်ဝဲလာတာကို မမြင်အောင် ခေါင်းလေးငုံ့လိုက်သည်။

ဒါကို မြင်လိုက်သော မင်းမျိုးဇေယျာက အနားမှာရှိတဲ့ ကျော်ကျော့်ကို လက်တို့ပြီး

"ကျော်ကျော် မင်းညီမက ဒါလေးပြောတာကို ငိုတော့မယ်ဟ..ငိုတော့မယ်...ရုပ်ဆိုးမလေး ငိုတော့မယ်..မလှပဲနဲ့ ငိုတော့မယ်ကွာ...ဟား..ဟား..''

ခင်ဦးမှာ ကျော်ကျော်ဦးရဲ့ စကားကြောင့် ဝမ်းနည်းကာ မျက်ရည်တွေ ဝဲရစ်လာတော့သည်ဆိုကာမှ ဘေးနားကနေ မင်းမျိုးဇေယျာက မျက်နှာပြောင်တော့ ဟီးတိုက်ပြီး ငိုကြွေးပါတော့လေသည်။ခင်ဦး ဝမ်းနည်းလို့ငိုတာကို ကိုကိုနဲ့ ကိုကြီးဇေယျာက ဟားတိုက်ပြီး ရယ်ပြီး စလေသည်။

"အသားကလည်းမဲ ရုပ်ကလည်းဆိုး အသံပြဲကြီးနဲ့ မလှပဲငိုနေပြီကွာ...ကုလားမလေးတစ်ယောက် သူများရှေ့မှာ လာငိုနေပါတယ်...ဟား..ဟား..''

"ကိုကို့ကို သမီး အိမ်ရောက်ရင် အဖေနဲ့တိုင်ပြောမှာ..ကိုကြီးဇေယျာကိုလည်း ကြီးကြီးဝင့်ဝါနဲ့ သွားတိုင်ပြောမှာ...လိုက်စနေပါတယ် ဆိုပြီး..ဟီးဟီး.. ''

ထိုသို့ပြောကာ မျက်ရည်တွေကို အကျီအနားစနဲ့ယူသုတ်လိုက်ပြီး ကလေးကို ခါးတွင်းခွင်ပြီး ထွက်လာခဲ့သည်။ဆော့နေကြသည့် ကလေးအုပ်စုနားကို ရောက်တော့ ငိုမဲ့မဲ့ အသံလှိုင်းလေးနဲ့

"ငါမပါတော့ဘူး..''

ထိုအခါ ကောင်းကောင်းက ကျော်ကျော်နဲ့ဇေယျာရှိနေတဲ့ နေရာကို မကျေမနပ်မျက်လုံးအစုံနဲ့ လှမ်းကြည့်ရင်း

"နင့်အစ်ကိုက စောက်ကျင့်မကောင်းဘူးနော် ခင်ဦး...ထိန်းပေးလို့ရတာကို မထိန်းပေးဘူး...နင့်ကိုလည်း ငိုအောင်လုပ်သေးတယ်...ငါကြီးရင် နင့်ကိုအနိုင်ကျင်တဲ့ သူတို့ကို ပြန်ခံလုပ်မှာ သိလား..''

"ဟိဟိ...ဟိဟိ...''

ကောင်းကောင်းပြောတာကို ငိုမဲ့မဲ့ဖြစ်နေသော ခင်ဦးရယ် အကြည်နဲ့ လုံးလုံးလို့ ချစ်စနိုးနဲ့ခေါ်ကြသည့် အိမ့်လဝန်းတို့ဟာ ဝိုင်းရယ်ကြလေသည်။ရယ်သံတွေ တိတ်ဆိတ်သွားပြီးနောက်

"နင်တို့ သွားဆော့လေ..ငါ နင်တို့တွေဆော့နေတာကိုပဲ ကြည့်တော့မယ်...''

နောက်ဆုံးတော့ ခင်ဦးလည်း မောင်လေးကို အောက်ချရင် အမေနဲ့တိုင်ခံရမည်ဆိုး၍ ခါးတွင်းခွင်ပြီးသာ မတ်တက်ရပ်လျက် ဆော့နေတဲ့ ကလေးတွေသာ ကြည့်ပြီး မျှော်နေရှာရတော့သည်။

ညီမလေးဖြစ်တဲ့ ညိုထွေးလေးကတော့ ရွယ်တူကလေးတွေနဲ့ တူးတူပုန်းတိုင်းဆော့နေသည်မှာ ပျော်ပျော်ရွှင်ရွှင်ပါ။အစ်ကိုဖြစ်သူ ကျော်ကျော်ဦးကို ကြည့်ပြန်တော့လဲ ကျောက်ဒိုးလိမ့်နေသည်မှာ နိုင်နေ၍သားမသိ ခုန်ပေါက်ပျော်မြူးလို့ပင်။အစ်ကိုနဲ့ညီမလေးကိုကြည့်ပြီး သူမလဲ ဆော့ချင်လေသည်။

အကြည်တို့ လုံးလုံးတို့မှာလည်း မောင်လေးညီမလေးတွေရှိပါတယ်။သူတို့ကြတော့ ဆော့လို့ရပြီး ခင်ဦးက ဘာလို့ဆော့လို့မရတာလဲ။ကိုကိုပြောသလို ခင်ဦးက လှည်းလမ်းကြောင်းက ကောက်ရတဲ့ ကလေးလား။အဲတာကြောင့် အမေက နည်းနည်းပဲချစ်တာလား။ထိုအခါ ဝမ်းနည်းစိတ်တို့ကြောင့် မျက်လုံးများမှ မျက်ရည်တို့ ဝဲတက်လာတော့သည်။

"ခင်ဦးရေ.. သဇင်လေးမှိတ်ကလှည့်.. ခိုးကြည့်နေလား..ကြည့်ပေးထားအုန်းနော်...''

"အေးပါလုံးလုံးရယ်...ငါကြည့်ပေးထားမယ်...နင်တို့သာ မြန်မြန်ပုန်းတော့...''

"ငါးတစ်ဆယ် ဆယ့်ငါးနှစ်ဆယ်

// //

// //

ကိုးဆယ့်ငါး တစ်ရာ တူမတူလိုက်ပြီ...''

သဇင်လေးပုန်းနေသော ကစားဖော်ကလေးတွေကို ခြံတစ်ပတ်လိုက်ရှာပါတော့သည်။ဘယ်နေရာပုန်းနေလဲဆိုတာကို သိနေတဲ့ ခင်ဦးကတော့ ပြုံးစိစိနဲ့ ဖြစ်နေ၏။

"အကြည် စပါးပုံ့ထဲမှာ..တောင်တောင်တင်း...''

သဇင်လေးဟာ တစ်ယောက်တွေ့သွားတာနဲ့ တိုင်နားပင် မခွာတော့ပေ။ထိုအခါ အကြည်က ထိုသို့ပြောလေသည်။

"တိုင်နားမခွာ ဆယ့်ငါးခါဆယ်ခါပြန်မှိတ်ရ...''

အကြည်ပြောမှ သဇင်လေး တိုင်နားကနေ ခွာလိုက်ပြီး

"တူသံတစ်ချက်ပေး...''

/// ///

"တူ''

/// ///

ခင်ဦးလည်း အစောက ဝမ်းနည်းနေခဲ့တာကို ခဏမေ့သွားသည်။ သူငယ်ချင်းတွေ ရယ်ရယ်မောမော ဆော့နေကြတာကို ကြည့်ရင်း သူပါ လိုက်ရယ်မိလာ၏။ ဆော့ချင်စိတ်ကလေးတောင် ပြန်ပေါ်လာသလို ဖြစ်နေသည်။ခင်ဦးဟာဆိုလည်း အဲလိုပါပဲ ကလေးတွေအများကြီး ကစားနည်းအမျိုးမျိုးနဲ့ ဆော့ကစားနေတာကိုကြည့်ပြီး ခင်ဦးလေးတစ်ယောက် ရယ်မောရှာတယ်။ဆော့ချင်စိတ်ကလေးတောင်ပျောက်သွားသည်အထိ ကိုယ်တိုင်ဝင်ဆော့နေသလို ဆော့နေကြတဲ့ကလေးတွေကိုကြည့်ပြီး အပျော်တွေကူးဆက်သွားသယောင်ယောင်။မောင်ပိုက်ထွေးလေးကတော့ အောက်ကိုဆင်းချင်၍လားမသိ ခါးတွင်းခွင်ထားရာကနေ ကော့ကော့ထိုးချနေသည်။

"ငြိမ်ငြိမ်နေနော်..နင့်ကြောင့်ငါမဆော့ရတာ သိလား...ပိတ်ရိုက်ပစ်လိုက်မယ်နော်...''

ခင်ဦးဟောက်လိုက်ရင်း တင်ပါးကို ဖွဖွလေး ရိုက်လိုက်တာကြောင့် မျက်နှာကလေး ငိုမယ့်မယ့်ဖြစ်သွားသည်။

"မမက ချစ်လို့စတာနော် မရိုက်တော့ဘူး သိလား.ငိုနဲ့နော်..ငိုနဲ့...''

"ခစ်..ခစ်...''

ခင်ဦးကို ကြည့်ပြီး ရယ်မောပြနေတော့ ခင်ဦးလည်း သေးငယ်တဲ့ လက်သေးသေးလေးနဲ့ ရှစ်လသားအရွယ်ကလေးလေးနဲ့ ပါးလေးကိုဆွဲလိုက်ကာ ပြောလိုက်၏။

ပထမအခန်းဖြစ်ပြီး နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ