မနက်မိုးလင်း မင်းခန့်အိပ်ရာထတဲ့အခါ အနားမွာ ငွေ့လည်းမရှိသလို သမီးလေးကိုလည်း မတွေ့ရပါ။သို့သော် မင်းခန့်တွေ့လိုက်တာက သေသပ်စွာ ခေါ်ထားသည့်အဝတ်အစားတစ်စုံကို တွေ့လိုက်ရ၏။ထို့အပြင် မင်းခန့်ရေချိုးခန်းထဲဝင်လိုက်တော့ သူရေချိုးရန် အသင့်ပေးထားသည့်ကို တွေ့ရပြန်သည်။
အရင်လို ငွေ့ဟာ သူမလုပ်ပေးရမည့် ထုံးစံအတိုင်း တစ်ခုမလွဲ လုပ်ပေးထားတာကို မြင်ရတော့ မင်းခန့် မပျော်နိုင်ပါ။မနက်ခင်း စိတ်တွေကြည်လင်နေရမည့်အချိန်မှာ မင်းခန့်၏ စိတ်တွေက ကြည်လင်လန်းဆန်းမှုမရှိခဲ့ပေ။
"ပြန်မမေ့သွားတော့ဘူးပဲ...''
မင်းခန့်ကြောက်ပါတယ်ဆိုသည့် အကြောက်တရားက မင်းခန့်ဆီကို စိုက်စိုက်မြိုက်မြိုက်ကြီး တကယ်ပင်ရောက်ခဲ့ပြီ။ဒီတစ်ခါတော့ မင်းခန့်အတွက်ကံကြမ္မာကမျက်နှာသာမပေးတော့ချေ။
ရေချိုးခန်းထဲကနေ သမီးလေးနဲ့ငွေ့ရဲ့အသံယဲ့ယဲ့လေးကို ကြားနေရလေ သူ့နှလုံးသားတွေ နာကျင်လေ...ဒီအသံတွေကို နောက်မကြားရတော့ရင်ဆိုသည့်အတွေးကပဲ သူ့နှလုံးသားမွှန်းနေသလိုပင်။ ပူဆင်းလာသည့် မျက်ရည်တွေကြား နာကျင်စွာ ပြုံးလိုက်၏။
သူရေချိုးခန်းက ထွက်လာသည့်အခါ ငွေ့သည် တစ်ခထက်သာ ကြည့်ပြီး မျက်နှာပြန်လွဲသွားသည်။အရင်လို ကိုကိုဟုလည်း မခေါ်တော့သလို အပြုံးနဲ့လည်း သူ့ကို မနူတ်ဆက်တော့ပါလေ။ငွေ့ရဲ့မျက်နှာမှာ သူ့အတွက်အပြုံးမရှိပေ။
သူအကျီကို ယူပြီးဝတ်လိုက်သည့်အခါ သမီးလေးကို ချထားပြီး သူ့ဆီကို လှမ်းလာသည်။သူတပ်တော့မည့် ကြယ်သီးတွေကို ငွေ့ဟာ အရင်တိုင်းတပ်ပေးလေသည်။
"ငွေ့..''
"ငါတို့ အဆုံးသတ်ကြရအောင် ကောင်လေး...''
"ကိုယ် ငွေ့နဲ့သမီးလေးကို မခွဲနိုင်ဘူး...ကိုယ် ငွေ့ကိုချစ်တယ်...ကိုယ့်အနားမှာ ငွေ့မရှိလို့မဖြစ်ဘူး ငွေ့ရဲ့..အဲဒါကြောင့် ကွာရှင်းဖို့အကြောင်း မပြောပါနဲ့လား ငွေ့ရယ်...''
"မင်းကွာရှင်းဖို့လက်မခံရင် ငါ့ကိုယ်ငါ သတ်သေပါလိုက်မှာ...''
"ငွေ့...''
မင်းခန့်၏အသံဟာ အခန်းအတွင်းဟိန်းထွက်သွားသည်။သူ့အော်သံကြောင့် သမီးလေးပင် လန့်၍ ငိုသွား၏။ထိုအခါ ငွေ့ဟာ သူ့ကို စိမ်းသက်သော မျက်လုံးများနှင့်ကြည့်ပြီး သမီးရှိရာကို သွားသည်။ငွေ့၏ သတ်သေလိုက်မည်ဆိုသော စကားကြောင့် တုန်လှုပ်သွားရသည်။ထို့ကြောင့် အော်လိုက်မိ၏။ ငွေ့၏ ခြိမ်းခြောက်လိုက်သည့်စကားကြောင့် နောက်ဆုံး၌ လက်လွှတ်ဖို့ လက်ခံလိုက်ရတော့သည်။
"တိတ်ပါ သမီးရယ်...''
ကောင်လေးကြောင့် သမီးလေးလန့်သွားသည်မှာ ငွေ့ နို့တိုက်လို့လည်း မရပေ။ဘယ်လိုချော့ချော့ မျက်ရည်ပိုးပိုးပေါက်ကျအောင် အာခေါင်ကွဲမတက် ငိုကြွေးလေ၏။ သမီးလေးကို ချော့မရတဲ့ ငွေ့ကလည်း ဝမ်းနည်းပြီး ငိုပါတော့သည်။ထိုအခါမှ ငွေ့ရည်ရဲ့ လက်ထဲကနေ ကောင်လေးဟာ သမီးကို ချီယူလိုက်၏။
"မငိုပါနဲ့ သမီးရယ်.. ဖေဖေကြောင့် သမီးလေး လန့်သွားရပြီ...ဖေဖေ့သမီးလေး အများကြီးလန့်သွားတာပဲ...တိတ်..တိတ်..မငိုနဲ့နော်..''
မင်းခန့် သမီးလေး၏ ကျောပြင်လေးကို ပုတ်ကာ ချော့လေသည်။တဖြေးဖြေး သမီးရဲ့ ငိုသံလေးပျောက်သွားပြီး ရှိုက်သံလေးသာ ကျန်တော့သည်။ငွေ့ရည် ကောင်လေးချော့မှ အငိုတိတ်သွားသော သမီးလေးကြောင့် မျက်နှာပျက်သွား၏။ဒါကို ကောင်လေးက မြင်ဖြစ်အောင် မြင်သွားသေးသည်။
ငွေ့ရည် နေမကောင်းနေသည့်အချိန်တွေမှာ သမီးလေးက ကောင်လေးကို တအားခင်တွယ်သွားတာပဲ။ကောင်လေးလက်ထဲမှာ ရှိုက်သံတွေကြား တခစ်ခစ်နဲ့ ရယ်မောနေလေရဲ့။
"ပေးတော့..''
"အင်း...''
//
ငွေ့ဟာ သူ့ပန်းကန်ထဲကို ဟင်းထည့်ပေးသည်။စားလို့ကောင်းရဲ့လား တစ်ခွန်း မမေးပေ။ငွေ့ထည့်ပေးလိုက်တာနဲ့ စားလိုက်သည်နှင့် ငွေ့ရဲ့လက်ရာဆိုတာ သိလိုက်သည်။
ထိုအခါ မင်းခန့်နှုတ်ခမ်း ပြုံးယောင်သမ်းသွားလေ၏။ငွေ့ကတော့ မင်းခန့်ကိုပင် မကြည့်ထမင်းသာ စားနေသည်။မင်းခန့်ကတော့ ထမင်းစားလိုက် ငွေ့ရည်ကိုကြည့်လိုက်နှင့် ထမင်းစားလို့ ဘယ်လိုကုန်သွားသည်မသိချေ။
"ငွေ့ ကိုယ်အလုပ်သွားတော့မယ်...''
"အင်း...''
ငွေ့ အင်းလို့ပြောပြီး မမူလက်ထဲက သမီးကို လက်ပြောင်းချီကာ ကောင်လေးနားက ထွက်လာခဲ့သည်။ထိုအခါ ကောင်လေး မျက်နှာပျက်သွားတာ မြင်ပေမယ့်လည်း ခြေလှမ်းတွေက ရှေ့ဆက်လျှောက်လာခဲ့ခြင်းပင်။
ကောင်လေး ထွက်သွားတော့မှ ကောင်လေးရဲ့ ကျောပြင်ကို သမင်လည်ပြန် ကြည့်လိုက်ပြီး သက်ပြင်းရှုက်ချကာ အပေါ်ကိုဆက်လှမ်းလိုက်တော့သည်။
"မင်းခံစားနေရတာ ငွေ့ကိုမမှီပါဘူး...ငွေ့က အဲထက်မက ခံစားခဲ့ရတာပါ...ငွေ့ အများကြီး နာကျင်ခံစားခဲ့ရတာ မင်းမသိပါဘူး...''
ကောင်လေးရဲ့ ရင့်သီးတဲ့ စကားတွေကို ရင်နာနာနဲ့ ကြိတ်ခံခဲ့တာ၊ ငွေ့ရည်နဲ့သမီးလေးအပေါ် ကောင်လေးရဲ့ ဥပေက္ခာတွေကို ရင်နှင့်မဆံ့ခံစားခဲ့ရတာ ငွေ့ရည်သာ အသိဆုံးပါ။တစ်ယောက်ထဲ ကြိတ်ငိုခဲ့ရတဲ့ နေ့တွေက နေ့တိုင်းလိုလိုပင်။ဆုံးရှုံးမှုတွေများခဲ့ ကိုယ်ကိုကိုယ် သန်မာနေခဲ့ပြီလို့ ထင်ခဲ့မိတာ..အချစ်ကိုခံစားတက်လာသည့်အချိန်မှာတော့ နှလုံးသားက မသန်မာနိုင်တော့ဘူးထင်ပါရဲ့..ကောင်လေးရဲ့ စကားတွေက ရင်ကို စိုက်လာတဲ့ မြှာတစ်စင်းလို စိုက်ဝင်လာတာကြောင့် နာကျင်မှုဒဏ်ကို မခံနိုင်၍ မျက်ရည်တို့ အကြိမ်ကြိမ်ကျခဲ့ရသည်။
"ငွေ့ မင်းကို ချစ်တယ်...မင်းချစ်တယ်လို့ ပြောတဲ့အချိန် ရင်ထဲမှာ သိမ့်ခနဲပဲ ပျော်သွားတာ အမှန်ပါ..ဒါပေမယ့် ငွေ့မယုံရဲဘူး...ငွေ့ကိုရင်ထဲက နှစ်နှစ်ကာကာ ချစ်တာမဟုတ်ဘဲ အပြစ်ရှိသလိုခံစားရတာကြောင့် ချစ်ဟန်ဆောင်ပြီး အမှားတွေအတွက် ပေးဆပ်ချင်တာဆိုရင် ငွေ့မလိုချင်ဘူး..ချစ်ရသူ မိန်းကလေးအတွက်တောင် ငွေ့ကိုပါးရိုက်ခဲ့တဲ့ မင်းက ငွေ့ကိုချစ်တယ်ဆိုတာ ငွေ့ယုံသင့်လား ကောင်လေးရယ်...''
မင်းခန့်ကတော့ ကားထဲမှာ မျက်လုံးတို့မှိတ်ထားပြီး နောက်ကိုမှီထားလေသည်။ငွေ့ရည်ရဲ့ မနက်ခင်း နူတ်ဆက်အနမ်းလေးကို မရတော့သလို သူ့ကလည်း ငွေ့ရည်ကို နူတ်ဆက်အနမ်းလေး မပေးနိုင်တော့တာကြောင့် ရင်ထဲမှာ နေလို့မကောင်းပေ။တစ်ခုခု လစ်ဟာနေသလိုလည်း ခံစားနေရသည်။
သူ ဘွဲ့ယူရင် ငွေ့ရယ်သမီးလေးရယ်နဲ့ အတူတူဆိုပြီး သူစိတ်ကူးရင်ခဲ့တာ..အတွေးလေးနဲ့တောင် သူပျော်ရွင်နေခဲ့တာ..အခုတော့ သူ့စိတ်ကူးအိပ်မက်ဟာ လေထဲမှာတိမ်တိုက်တွေလို ပြယ်လွှင့်သွားခဲ့ရပြီ
အတွေးနယ်ချဲ့နေတာနဲ့ ကိုးနာရီလည်း မင်းခန့် ကားမောင်းပြီး ထွက်သွားခြင်းမရှိပေ။ဆယ်နာရီလည်း ကားက ဒီအတိုင်းပင်။ဆယ့်တစ်နာရီထိလည်း ကားက ဒီမတိုင်းရှိနေသည်။
"မပိုးလေး... အစ်ကိုလေး သနားပါတယ်နော်...ဒီလိုမှန်းသိခဲ့ရင် မမလေးကို မူမူ ပုံမှန် ဆေးမတိုက်ဘူး သိလား...မမလေး နေကောင်းလာတာက အစ်ကိုလေးကို နာကျင်စေတာပဲ မပိုးလေးရယ်..မူမူ အစ်ကိုလေးကို အရမ်းသနားတာပဲ.. ''
"တိုးတိုးပြောပါ မူမူရယ်..မမလေး အောက်ရောက်တာနဲ့ ကြုံလို့ ကြားသွားရင် မကောင်းဘူး...မမလေးလည်း သူ့ခံစားချက်နဲ့သူရှိမှာပေါ့..အစ်ကိုလေးက ဘာအပြစ်လုပ်ထားလည်းမှ မူမူတို့ပိုးလေးတို့မှ မသိပဲ...''
"ဒါတော့ဒါပေါ့...မမလေးနေမကောင်းတဲ့အချိန်ထဲက အစ်ကိုလေးက မမလေးကို ဘယ်လောက်ချစ်ပြီးဘယ်လောက်ဂရုစိုက်သလဲဆိုတာ အကုန်သိနေတာပဲဟာ..အတိတ်ကို အတိတ်မှာပဲ ထားလိုက်ရင် အစ်ကိုလေးနဲ့မမလေးတို့ မိသားစုလေးက ပျော်စရာလေးဖြစ်နေမှာ...''
ငွေ့ရည်အပေါ်ကနေ အောက်ကိုဆင်းလာပြီး မမူနဲ့မပိုးလေးတို့ အသံယဲ့ယဲ့ကြားလိုက်တာကြောင့် ခြေလှမ်းတွေရပ်လိုက်ပြီး တမင်ခိုးနားထောင်တာတော်မဟုတ်..ငွေ့ရည် နာမည်ကိုကြားလိုက်တာကြောင့် နားထောင်လိုက်၏။ကြားလိုက်ရသည့်စကားတွေအရ ကောင်လေးခံစားနေရတာကို သနားနေကြသည့်ပုံပါ။သူမတို့နှစ်ယောက်ရဲ့ အကြည့်တွေရှိနေတဲ့ နေရာကိုကြည့်လိုက်တော့ ကားကိုမြင်လိုက်ရတာကြောင့် ငွေ့ရည် မျက်လုံးတို့ဝိုင်းစက်သွားပြီး စေ့ထားသည့် နူတ်ခမ်းတို့ဟာ ပွင့်ဟသွားတော့သည်။
"မမူရေ..မပိုးလေးရေ..''
"ဟုတ် မမလေး..ဘာလိုချင်လို့လဲ..''
"ဘာမှမလိုချင်ပါဘူး..အိပ်နေတဲ့ သမီးလေးကိုသာ ကြည့်ပေးထားပါနော်...ငွေ့ရည် အပြင်သွားချင်လို့..ဘယ်လောက်မှမကြာပါဘူး...''
"ဟုတ် မမလေး...''
"ငါတို့ပြောတာကြားသွားလားမသိဘူးနော်..မကြားလောက်ပါဘူး မူမူရယ်...''
"အင်းပါ..''
သူမတို့နှစ်ယောက် တိုးတိုးလေးပြောနေတာကိုတောင် ငွေ့ရည်နားက ကြားလိုက်ပါသေးတယ်။ထို့ကြောင့် ပြုံးလိုက်မိသည်။
"ဒေါက်...ဒေါက်...''
မင်းခန့် ကားတံခါးခေါက်သံကြောင့် မှေးဆင်းနေသော မျက်လုံးတို့ ပွင့်လာသည်။မှန်ကို ချလိုက်ပြီး ကြည့်လိုက်တော့ ငွေ့ဖြစ်နေတာကြောင့် ငေးကြည့်နေတော့သည်။
"အလုပ်မသွားပဲ ကားထဲမှာပဲ အချိန်ကုန်ခံတော့မလို့လား...''
"သွားတော့မှာပါ...''
"ဘယ်အချိန်ရှိပြီလဲ.. မင်းအလုပ်သွားမယ့်အချိန်က မင်းလက်မှာပတ်ထားတဲ့ နာရီကိုလည်း ပြန်ကြည့်လိုက်ပါအုန်း...''
ငွေ့ပြော၍ နာရီကိုကြည့်လိုက်တော့ ဆယ့်တစ်ပင်ကျော်နေသည်။မင်းခန့် ခေါင်းကိုမော့လိုက်သည့်အခါ ငွေ့က သူ့ရှေ့မှာ ရှိမနေတော့ဘဲ အိမ်ထဲပြန်ဝင်သွားသည်။ထိုအခါ မင်းခန့် ပြုံးလိုက်တော့၏။သူလည်း အချိန်မရှိတော့တာကြောင့် ကုမ္ပဏီကို မသွားတော့ဘဲ ကားထဲကဆင်းပြီး ငွေ့ရည်ရဲ့နောက်ကနေ အိမ်ထဲကို ဝင်လာလိုက်တော့သည်။
"မမလေး အပြင်သွားမလို့ဆို...''
"မသွားချင်တော့လို့ပါ မမူ...သမီးလေးက နိုးသွားတာလား...''
"ဟုတ်...''
"သွားလို့ရပြီနော်...''
ငွေ့ကတော့ သူ့ကိုတစ်ချက်ကြည့်ပြီး အကျီလေးလှန်ကာ သမီးကို နို့တိုက်လေသည်။သမီးလေးကလည်း ပါးစပ်ထဲနို့ရောက်တာနဲ့ အငမ်းမရဆို့ပါတော့သည်။ခဏအကြာမှာ ငွေ့ရဲ့မျက်နှာကလေး နာကျင်မှုဒဏ်ကို ကြိတ်ခံစားနေသည့်နှယ်..။သို့သော် မျက်နှာပျက်သွား၏။
"ငွေ့ သမီးလေးက နို့ကိုကိုက်လိုက်တာလား..အဲဆို ဆက်မတိုက်နဲ့တော့လေ...''
မင်းခန့် နို့ဆို့နေသည့် သမီးလေးကို ယူချီလိုက်၏။ငွေ့ရည်မှာ တားချိန်တောင်မရလိုက်ပါ။ထိုအခါ နို့မဝသေးသော သမီးလေးက ကြွက်ကြွက်ညံအောင် အသံဗြဲနဲ့ သူ့လက်ထဲမှာ ကော့ထိုးကာ ငိုပါတော့သည်။
"သမီး နို့ဆို့နေတာကို ဘာလို့ခေါ်လာရတာလဲ...ပြန်ပေး ငါ့သမီးကို...''
"နို့ကို ကိုက်လိုက်တာ သွားရာကိုအကြီးကြီးပဲ..ဆက်မတိုက်နဲ့တော့ ငွေ့.. ကိုယ်နို့ဗူးဖျော်တိုက်လိုက်မယ်...''
သူက ငွေ့ရည်ရဲ့ စနေနံကိုကြည့်ပြီး ပြောလိုက်တာကြောင့် ငွေ့ရည်ရဲ့မျက်နှာကလေးဟာ ပန်းနုရောင်ယှက်လေးသွားလို မျက်နှာတစ်ခုလုံးလည်း ပူထူသွားသည်။သူ့ မျက်နှာကိုပင် စေ့စေ့မကြည့်ရဲတော့ပေ။
ငိုနေသော သမီးကို ချီထားရင်းပင် နို့ဗူးဖျော်နေသည်။ဖျော်ပြီးတာနဲ့ သမီးလေးကို တိုက်လေတော့သည်။ငွေ့ရည်လည်း သတိလက်လွှတ် ကောင်လေးနဲ့သမီးလေးကိုကြည့်ပြီး အကြာကြီး ပြုံးလိုက်မိသည်ကို သတိမထားလိုက်မိပေ။
အတိတ်က နာကျင်မှုတွေကို မေ့ထားပြီး ငွေ့ရည် ချစ်ရသည့် ထိုလူသားနှစ်ယောက်ကို ပြုံးပြီး ငေးမောကြည့်နေခိုက်..ကောင်လေးကရဲ့ နူတ်ကနေ ခက်ခက်ခဲခဲ ထွက်ပေါ်လာသည့် စကားသည်မှာ.. ။
"ကွာရှင်းဖို့အတွက် ကိုယ့်ကို နှစ်လလောက် အချိန်ပေးပါ ငွေ့...နှစ်လပြည့်တဲ့နေ့ ကိုယ် ငွေ့လိုချင်တဲ့ လက်မှတ်ကို ထိုးပေးပါ့မယ်...ဒါကိုတော့ လိုက်လျောပေးပါ ငွေ့.. ကိုယ်တောင်းဆိုပါတယ်..''
"အွန်း...''
"နောက်ဆုံးအနေနဲ့ ကိုယ်တစ်ခုလောက် တောင်းဆိုပါရစေ ငွေ့...နောက်ဆုံးတစ်ခုအနေနဲ့ လိုက်လျောပေးစေချင်တယ်...''
အခန်းမှတ်ချက်များ (0)