Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း- ၃၅

သုံးနှစ်ကြာပြီးနောက်...

ပြတင်းပေါက်မှန်ကြီးများကနေ ဝင်ရောက်လာသော နေရောင်နွေးနွေးသည် သဘာဝသစ်သားကြမ်းပြင်ပေါ်သို့ ဖြာကျနေပြီး ဆိတ်ငြိမ်‌ အေးချမ်းလွန်းလှသည်။

ပြတင်းပေါက်အပြင်ဘက်တွင် ကြည်လင်ပြာလဲ့နေသော ကောင်းကင်ကြီးရှိပြီး တိမ်ဖြူဖြူလေးအချို့က လေသင့်ရာ လွင့်မျောနေကြသည်။

ထိုထက်ဝေးဝေးတွင်တော့ အဆုံးအစမဲ့သလို ကျယ်ပြန့်လှသော ပင်လယ်ပြင်ကြီးနဲ့နေရောင်အောက်တွင် လှိုင်းလုံးလေးများက လက်လက်တောက်ပနေကြသည်။

ဒီနေရာသည် လူစည်ကားရှုပ်ထွေးသည့် လောကကြီးနှင့် အလှမ်းဝေးသော

သုခဘုံလေးတစ်ခုနှင့် တူနေသည်။

လရိပ် ကြိမ်ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ပါးလွှာသော စောင်လေးတစ်ထည်ကိုကိုယ်

ပေါ်မှာ ခြုံထားကာ အပြင်ဘက်ကို ငေးကြည့်

နေမိသည်။

သူမ က ရှည်လျားတဲ့ အဖြူရောင်ချည်သားဂါဝန်ကို ဝတ်ဆင်ထားကာနေရောင်ခြည်က သူမရဲ့ နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်ကို ပိုမိုထင်ရှားစေသည်။

ဆံပင်ရှည်များကိုလည်း ပေါ့ပေါ့ပါးပါး စည်းနှောင်ထားသဖြင့် သွယ်လျကျော့ရှင်းသော လည်တိုင်လေးက ပေါ်လွင်နေကာလွန်ခဲ့သော သုံးနှစ်နှင့် နှိုင်းယှဉ်လျှင်တော့ သူမသည် သိသိသာသာ ပိန်သွားခဲ့သည်။

မျက်ခုံးနှစ်ဖက်ကြားတွင်လည်း မပျောက်ကွယ်သေးသည့် အေးစက်ခြင်းနှင့် တည်ငြိမ်ခြင်းအရိပ်အယောင်တို့ ရှိနေသည်။

သူမလက်ထဲတွင်တော့ခပ် နွေးနွေးလက်ဖက်ရည်တစ်ခွက်ကို ကိုင်ထားပြီး ပြတင်းပေါက်အပြင်ဘက်ရှိ တိတ်ဆိတ်ငြိမ်သက်နေသော ပင်လယ်ပြင်ကို ငေးကြည့်နေမိသည်။

သူမနဲ့ မျက်နှာချင်းဆိုင် ကော်ဇောပေါ်တွင်တော့ သံစဉ်က ခြေထောက်ချိတ်ထိုင်နေပြီး ဖုန်းမျက်နှာပြင်ကို ပွတ်လျက် တစ်ယောက်တည်း ရေရွတ်နေသည်။

"တကယ်ပါပဲ... သုံးနှစ်တောင် ကြာနေပြီ.. သူတို့က အခုထိ ရှာနေတုန်းပဲ"

"နှစ်တိုင်း ဒေါ်လာဘီလီယံနဲ့ချီပြီး သုံးနေတယ် Sun လုပ်ငန်းစုကလည်း တကယ်ကို ပိုက်ဆံပေါတဲ့အုပ်စုပဲ..ပင်လယ်နက်ပိုင်ထဲကနစ်မြုပ်သွားပြီဖြစ်တဲ့ လေယာဉ်ကိုတောင် ပြန်ဆယ်ဖို့ ကြိုးစားနေတုန်းပဲ"

ပြောနေတဲ့ သံစဉ်ရဲ့အသံထဲတွင် နားမလည်နိုင်တဲ့ အရိပ်အယောင်နဲ့ မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များပါနေသည်။

လရိပ်ကတော့ လက်ဖက်ရည်ခွက်ကို မြှောက်ကာသောက်နေပြီး ဘာမှဝင်မပြောပေ။

သူမရဲ့ မျက်တောင်ရှည်များက အောက်သို့ကျနေပြီး မျက်လုံးထဲရှိ ခံစားချက်များကို ဖုံးကွယ်ထားသည်။

"ကံကောင်းလို့ နင်အဲဒီလေယာဉ်ပေါ် မတက်ဖြစ်ခဲ့တာပဲ... အဲဒီလိုဖြစ်သွားတာက တော်တော်ကံကောင်းတယ်"

ပြောရင်းသံစဉ်က ဖုန်းကို ချလိုက်ပြီး ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ သက်ပြင်းချလိုက်ပြီး...

"မဟုတ်ရင်တော့ ငါလည်းတစ်သက်လုံး အိပ်မက်ဆိုးတွေနဲ့ နေရမှာပဲ"

"MH790 သတင်းကို မြင်တိုင်း ငါတောင် ကြောက်လန့်ပြီး ချွေးစေးတွေထွက်တယ်"

"ဟုတ်သား...ဒါနဲ့ ဒါကိုကြည့်ပါဦး"

ပြောရင်း သံစဉ်က ဖုန်းကို ထပ်မြှောက်ပြလာတာကြောင့် လရိပ်ကြည့်လိုက်တော့ဖုန်းမျက်နှာပြင်ပေါ်တွင် စီးပွားရေးသတင်း အထွေထွေကနေ တင်ထားတဲ့ ပုံတစ်ပုံပေါ်နေသည်။

ပုံထဲကလူက ဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး အားကောင်းသည့် အရှိန်အဝါတစ်မျိုးကို ပေးစွမ်းနေပေမဲ့ သူ့အသက်အရွယ်နှင့် လုံးဝမလိုက်ဖက်သည့် မျက်နှာထက်က အေးစက်မှုများကတော့ မီးအလင်းအောက်တွင် သိသာနေသည်။

"ပြောကြတာတော့ Sun လုပ်ငန်းစု ရဲ့CEOက သူ့ ဇနီးဆုံးသွားပြီးတဲ့နောက်ထဲက အရယ်အပြုံးမရှိလုံးဝအေးစက်သွားခဲ့တာတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်က ပင်လယ်ထက်တောင် နက်ရှိုင်းတယ်ဆိုပဲ"

ပြောရင်း သံစဉ်က နှုတ်ခမ်းကို မဲ့လိုက်သည်။

"တကယ်ကို ထိမိလိုက်တာနော်ဘယ်သူကထင်မှာလဲ... အေးစက်ပြီး နှလုံးသားမဲ့တယ်လို့ နာမည်ကြီးတဲ့ နေကမ္ဘာလွှမ်းက အခြားမိန်းမတစ်ယောက်အပေါ် ဒီလောက်တောင် သစ္စာရှိလိမ့်မယ်လို့"

လရိပ် ပြန်မပြောမိပဲ ဖုန်းမျက်နှာပြင်ပေါ်က အားအင်ကုန်ခန်းနေသည့်ပုံစံနဲ့ အမျိုးသားသည်သူမနဲ့ ဘာမှမဆိုင်တော့သည့်အလား..တစ်ခါမှ

မသိကျွမ်းခဲ့ဖူးသော လူစိမ်းတစ်ယောက်လိုအကြည့်မျိုးနဲ့သာ ကြည့်နေခဲ့သည်။

"ဒါပေမဲ့ ဒီထက် ပိုစိတ်ဝင်စားစရာကောင်းတာ ရှိသေးတယ်သိလား"

သံစဉ်ကတော့ စိတ်အားထက်သန်စွာပြောလာပြီး ဖုန်းမျက်နှာပြင်ကို အနည်းငယ် ပွတ်ဆွဲလိုက်ကာ သတင်းပုံရိပ်အချို့ကို ထပ်ဖွင့်ပြလာပြီး အလွန်အမင်း အံ့ဩနေသလိုနဲ့ အသံကိုအနည်းငယ်မြှင့်ကာ ဖတ်ပြလာသည်။

"လွန်ခဲ့တဲ့ သုံးနှစ်က Sun လုပ်ငန်းစုနဲ့ မဟာ group တို့ ပူးပေါင်းပေါင်းစည်းခဲ့ကြပြီး အင်အားကြီးတဲ့ ကုမ္ပဏီနှစ်ခု ပေါင်းစည်းလိုက်တာက စီးပွားရေးလောကမှာ အံ့မခန်းအောင်မြင်မှုတစ်ခု ဖြစ်လာခဲ့ပြီး Sun လုပ်ငန်း

စုကလည်း အရင်ထက် ပိုပြီး အဆင့်မြင့်လာကာ စီးပွားရေးလောကစထဲမှာ ထိပ်ဆုံးနေရာကို ခိုင်ခိုင်မာမာ ရယူထားနိုင်ခဲ့တယ်တဲ့..."

"ဒါပေမဲ့ အချမ်းသာဆုံးသူဌေးကြီးရဲ့ ကျန်းမာရေးကတော့ သိပ်မကောင်းဘူးထင်တယ်..."

ဖတ်ပြနေရင်း သံစဉ်က ဝမ်းသာနေသည့်ပုံဖြင့် မျက်ခုံးပင့်လိုက်ကာ...

"သတင်းထဲမှာ ပြောထားတာက နေကမ္ဘာလွှမ်းက ဒီလထဲမှာတင် ဆေးရုံနှစ်ခါ တက်ခဲ့ရတယ်တဲ့ ကောလာဟလတွေလည်း အမျိုးမျိုးထွက်နေတယ်..."

"တချို့က သူအရမ်းကို နေမကောင်းဖြစ်နေပြီး အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူးလို့တောင် ပြောနေကြတယ်တဲ့..."

"ဟဲ့... ဒီကောင်က တကယ်ကို ရယ်စရာကောင်းတယ်နော်.. ပိုက်ဆံတွေ အများကြီးရှိတော့ရော ဘာထူးလို့လဲ"

"ပိုက်ဆံကများပြီး ခန္ဓာကိုယ်ကတော့ မခံနိုင်ဘူး နောက်ဆုံးတော့ အားလုံးက အလကားပဲလေ"

သံစဉ် အသံထဲတွင် နေကမ္ဘာလွှမ်းရဲ့ လက်ရှိအခြေအနေကို ကြားရသည့်အတွက် အလွန်ကျေနပ်နေသည့်အရိပ်အယောင်က လုံးဝပေါ်လွင်နေသည်။

လရိပ် သံစဉ်စကားဆုံးမှ ဖြည်းညင်းစွာ ခေါင်းမော့လာပြီး သူ့ ဖုန်းမျက်နှာပြင်ပေါ်သို့ မျက်လုံးရောက်သွားတော့စီးပွားရေးသတင်းက တင်ထားတဲ့ ပုံက တကယ်ပင် ကောင်းမွန်စွာ ရိုက်ကူးထားသည်။

သူက အနောက်တိုင်း ဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး အာဏာနဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုသည့် စားပွဲကြီးတစ်လုံးနောက်တွင် ထိုင်နေကာနောက်ခံက မြို့ပြမိုးမျှော်တိုက်များကတော့ သူတည်ဆောက်ထားသည့် စီးပွားရေးအင်ပါယာရဲ့ ကြီးမားမှုကို ပြသနေသကဲ့သို့ပင်။

သူ့မျက်နှာကို လရိပ် နှစ်စက္ကန့်ပင် ပြည့်အောင်

မကြည့်လိုက်ပဲ ချက်ချင်း မျက်လုံးကို ပြန်လွှဲလိုက်သည်။

သံစဉ်က သူမမျက်နှာကို အနီးကပ် စောင့်ကြည့်နေကာ..သူမရဲ့ တည်ငြိမ်နေသောမျက်နှာကနေ ခံစားချက်တစ်စုံတစ်ရာ ထွက်ပေါ်လာမလားဆိုတာကို သိချင်နေပုံပေါ်သည်။

"လရိပ်..."

သံစဉ်က သူမအနားကို တိုးကပ်လာပြီး သူမ မျက်လုံးများကို သေချာကြည့်ကာ....

"နင်...ငါ့ကို အမှန်အတိုင်းပြော"

"အခု သူ့ကိုကြည့်လိုက်... မျက်နှာကလဲ အေးစက်နေပြီး ခန္ဓာကိုယ်လည်း ပျက်စီးနေပြီ

အဲဒီအပြင် ဆယ်လို့မရနိုင်တော့တဲ့ လေယာဉ်ကိုတောင် နှစ်တိုင်း ဆက်ပြီးရှာနေတုန်းပဲ..."

"နင့်ရင်ထဲမှာ သူ့အပေါ် ချစ်ခြင်း မုန်းခြင်း ခံစားချက် တွေ နည်းနည်းလေးတောင်တကယ် မရှိတော့ဘူးလား"

သံစဉ် အသံက နူးညံ့နေပြီး စိုးရိမ်မှုနှင့်အတူ စမ်းသပ်မေးမြန်းလိုသည့် အရိပ်အယောင်များလည်းပါဝင်နေသည်။

"သူက..."

သံစဉ်ကပြောနေရင်း ခဏရပ်သွားပြီး နောက်ဆုံး ထိုလူရဲ့နာမည်ကိုပင် မခေါ်နိုင်

တော့ပဲ....

"နင်... သူ့အပေါ် ခံစားချက်တွေ မရှိတော့ဘူး... ဟုတ်တယ်မလား"

"အဲ့လိုဖြစ်နိုင်ပါ့မလား..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..နင်သူ့အပေါ်ခံစားချက်တွေရှိနေသေးလား"

လရိပ် သံစဉ်စကားအဆုံးကိုင်ထားသော လက်ဖက်ရည်ခွက်ကို ညင်သာစွာ ချလိုက်ပြီး သံစဉ်ရဲ့ စိုးရိမ်နေသောမျက်လုံးများကို တည့်တည့်ဆုံကြည့်လိုက်သည်။

သံစဥ် သူမကို ကြည့်လာတဲ့ လရိပ်ရဲ့ မျက်လုံးများထဲတွင် ကြည်လင်နေပြီးပြတ်သားတဲ့ အရိပ်‌အယောင်များကိုတွေ့လိုက်ရသည်။

"သံစဉ်... ငါ မချစ်တော့ဘူး..သူ့အပေါ်ငါ့ ဘာခံစားချက်မှကို မရှိတော့တာ.."

တစ်ချိန်က အချစ်အတွက် ကိုယ့်အသက်ကိုပင် မငဲ့ဘဲ မီးထဲပျံဝင်ခဲ့ဖူးသည့် ပိုးဖလံတစ်ကောင်လို အရူးအမူးချစ်ခဲ့ဖူးသော လရိပ်မြူဆိုတာ လွန်ခဲ့သော သုံးနှစ်က ဖြစ်ပွားခဲ့သည့် "လေယာဉ်ပျက်ကျမှု" နှင့်အတူ သေဆုံးသွားခဲ့

ပြီဖြစ်သည်။

သူမရဲ့ မိုက်မဲပြီး လက်တွေ့မကျသော နှလုံးသား

ကလဲ သေဆုံးသွားပြီဖြစ်သည် ။

"တော်ပါသေးရဲ့... တော်ပါသေးရဲ့.."

သုမရဲ့ အဖြေကြားမှ သံစဉ်က စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်သည်။

"သံစဉ်... နင်ထင်လား နှလုံးသားတစ်ခုက သေသွားပြီးရင် ပြန်ရှင်လာနိုင်တယ်လို့"

သူမရဲ့ ရုတ်တရက်မေးခွန်းကြောင့် သံစဉ် ခဏတာ ကြောင်သွားပြီး ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။လရိပ် သံစဉ်ရဲ့ ပုံစံကိုကြည့်ပြီးပြုံးလိုက်ကာ...

"လူတချို့နဲ့ အချို့အရာတွေကတစ်ချိန်က ကိုယ့်အတွက် သူမရှိရင် လေထဲမှာ အောက်ဆီဂျင်တောင် မလုံလောက်တော့သလို ခံစားရ စေတယ်... အသက်ရှူလိုက်တိုင်း အဆုတ်ထဲကို မှန်ကွဲစတွေ ဝင်စိုက်နေသလို နာကျင်ရစေတယ်"

"မျက်လုံးမှိတ်လိုက်လည်း သူ့ကိုပဲမြင်တယ် မျက်လုံးဖွင့်လိုက်လည်း သူ့ကိုပဲမြင်တယ် အိပ်မက်ထဲမှာလည်း သူပဲ.."

"အိပ်ရာကနိုးလာတဲ့အချိန်မှာ ကိုယ့်ဘေးက အေးစက်ပြီး ဟာလာဟင်းလင်းဖြစ်နေတဲ့

နေရာမှာတောင် သူ့အရိပ်က ရှိနေသလိုပဲ"

ပြောနေရင်း သူမ ခဏရပ်လိုက်ကာ လက်ဖက်ရည်ခွက်ကို ယူပြိးတစ်ငုံ

ထပ်သောက်လိုက်ပြီးမှ ဆက်ပြောလိုက်

သည်။

"အစပိုင်းမှာတော့ အရမ်းနာတယ်...ရင်ထဲကို ဆွဲဖြဲလိုက်သလို နာတယ်.. နေ့ရောညပါ မနားဘဲ နာတယ် အပ်သေးသေးလေးတွေအများကြီးနဲ့ နှလုံးသားကို ထပ်ခါထပ်ခါ ထိုးစိုက်နေသလိုပဲ"

"လမ်းပေါ်မှာ သူနဲ့တူတဲ့ နောက်ကျောတစ်ခုကို မြင်လိုက်တာနဲ့ ရင်ထဲက တင်းကျပ်သွားတယ် သူနဲ့တူတဲ့ ရယ်သံတစ်ခု ကြားလိုက်ရင်လည်း ချက်ချင်းလှည့်ကြည့်မိတယ်"

"သူအမြဲသုံးတဲ့ ရေမွှေးနံ့ကိုတောင် ရလိုက်တာနဲ့ အသက်ရှူမဝတော့သလို ခံစားရတယ်"

"အဲဒီအချိန်တုန်းက တစ်ကမ္ဘာလုံးက ဘာမှမရှိတော့သလို ခံစားရတယ်နေရောင်ကတောင် စူးလွန်းပြီး ငှက်တွေရဲ့အော်သံတွေကလည်း ဆူညံလွန်းနေတယ်လို့ ထင်မိတယ်"

"ဒါပေမဲ့... နောက်တော့ တဖြည်းဖြည်းနဲ့ အဲဒီနာကျင်မှုက ထုံကျင်သွားတယ်"

"အပ်သေးသေးလေးတွေနဲ့ အကြိမ်ကြိမ် အထိုးခံရလွန်းရင် နောက်ဆုံးမှာ အဲဒီအပ်စူးတာကိုတောင် မခံစားနိုင်တော့ဘူးလေ"

"လမ်းပေါ်မှာ သူနဲ့တူတဲ့ နောက်ကျောတစ်ခုကို မြင်ရင် ရင်ခုန်မသွားတော့ဘူး..သူနဲ့တူတဲ့ ရယ်သံကို ကြားရင်လည်း ခဏလေးပဲ လန့်သွားတော့တယ်"

ပြောနေရင်းလရိပ် ခေါင်းမော့ပြီး အဝေးရှိ အဆုံးမဲ့ပင်လယ်ပြင်ကြီးကို ကြည့်လိုက်ကာသူမမျက်လုံးများကတော့ တည်ငြိမ်အေးဆေးနေသည်။

"အချိန်ဆိုတာ တကယ်ကို အကောင်းဆုံး ဆေးတစ်လက်ပဲ"

"အချိန်က တဖြည်းဖြည်းနဲ့ ကိုယ့်ဒဏ်ရာတွေကို ကုစားပေးတယ်တစ်ချိန်က ကိုယ့်နှလုံးသားထဲမှာ မမေ့နိုင်အောင် ထွင်းထုထားခဲ့တဲ့ အချစ် အမုန်းနဲ့ လက်စားချေလိုစိတ်တွေကိုတောင် တဖြည်းဖြည်း မေ့သွားအောင် လုပ်ပေးတယ်"

"တစ်ချိန်က ကိုယ်မဆုံးရှုံးနိုင်ဘူးလို့ ထင်ခဲ့တဲ့လူတွေဟာ တကယ်တော့ ကိုယ့်ဘဝမှာ ဒီလောက်အရေးမကြီးပါဘူးဆိုတာ နားလည်လာတယ်"

"တစ်ချိန်က ကျော်ဖြတ်လို့မရနိုင်ဘူးလို့ ထင်ခဲ့တဲ့ အတားအဆီးကြီးတွေကလည်း ဘဝလမ်းပေါ်က အရေးမပါတဲ့ ခြေလှမ်းတစ်လှမ်းလောက်ပဲ ဖြစ်နေတတ်တယ်"

"ဒီကမ္ဘာကြီးမှာ လူတိုင်းဟာ အမြဲမခွဲမခွာ မနေနိုင်ဘူးဆိုတာလည်း နားလည်လာတယ်"

ပြောရင်း သူမ ပြုံးလိုက်သည်။

ထိုအပြုံးထဲတွင် လွတ်မြောက်သွားသည့် ခံစားချက်တစ်စ နဲ့လောကကြီးကို နားလည်သဘောပေါက်သွားသူတစ်ယောက်ရဲ့

အေးစက်ငြိမ်သက်မှုတစ်စတို့ ပါဝင်နေသည်။

"အခုတော့ ငါ အဆင်ပြေပြီ..."

"သူ့အကြောင်းကို အေးအေးဆေးဆေး ကြားနိုင်တယ် သူ့ဓာတ်ပုံကိုလည်း အေးအေးဆေးဆေး ကြည့်နိုင်တယ်သူ့နာမည်ကိုတောင်အေးအေးဆေးဆေး ပြောနိုင်ပြီ"

"ကိုယ့်ဘဝနဲ့ ဘာမှမဆိုင်တဲ့ သူစိမ်းတစ်ယောက်အကြောင်း ပြောနေသလိုပဲခံစားရတယ်"

"ဒါဆို နောက်လ ပြန်ပြီး ဆုပေးပွဲသွားတဲ့အခါရော..."

သံစဉ် ထပ်မေးလိုက်သည်။

"နင် မကြောက်ဘူးလား..."

လရိပ် ခေါင်းလှည့်ပြီး သံစဉ်မျက်နှာပေါ်က ဖုံးကွယ်မထားနိုင်သည့် စိုးရိမ်မှုကို ကြည့်လိုက်ကာ ညင်သာစွာနဲ့ ခေါင်းခါလိုက်ပြီး...

"ဘာကိုကြောက်ရမှာလဲ..."

သံစဉ်က သူမအဖြေကြောင့် မျက်လုံးများပြူးကျယ်သွားပြီး သူမအနားသို့ တိုးကပ်လာကာ အသံကို လျှော့လိုက်ပြီးမှ....

"ငါကတော့ ကြောက်တာပေါ့... သူနဲ့နင် တွေ့မိမှာကို ကြောက်တာ"

"ဒါမှမဟုတ် သူ့အကြောင်း မကောင်းသတင်းတွေ ထပ်ကြားရပြီး နင့်စိတ်အခြေအနေကို ထိခိုက်သွားမှာကိုလေ"

" သတင်းတွေကလည်း သူ့ကို မိန်းမတွေနဲ့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး သတင်းမျိုးစုံ ရေးနေကြတာပဲ..."

"အားလုံးပြီးသွားပြီ သံစဉ်.."

"ငါက ဆုသွားယူမှာ.. ငါ့ရဲ့လက်ရာက ဆုရထားတာမို့...အဲ့ဒါကပဲ ငါ့အတွက်..ငါ့လုပ်ရမဲ့အရာပဲ"

"ကျန်တာတွေကတော့... ငါနဲ့ ဘာဆိုင်လို့လဲ"

"သူနေမကောင်းဖြစ်တာပဲဖြစ်ဖြစ်၊ လေယာဉ်ရှာဖို့ ပိုက်ဆံတွေကုန်ပြီး ဒေဝါလီခံရတာပဲဖြစ်ဖြစ်၊ ဘယ်အမျိုးသမီး မင်းသမီးနဲ့ပဲ အိပ်အိပ်... အဲဒါတွေအားလုံးက သူ့ကိစ္စပဲ"

"ငါက အရင်တုန်းကလို သူမျက်မှောင်ကြုတ်လိုက်ရုံနဲ့တောင် စိတ်ဆင်းရဲပြီး အိပ်မပျော်နိုင်တော့တဲ့ လရိက်မြူ မဟုတ်တော့ဘူး"

"သူ့ရဲ့ ဘာအကြောင်း‌ ကြောင့်ကြောင့်ကမှ ငါ့ကို ထပ်ပြီး မနာကျင်စေတော့ဘူး"

သူမ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့... ငါ ဂရုမစိုက်တော့လို့ပဲ"

"ကောင်းတယ်..အဲဒါအရမ်းကောင်းတယ်"

သူမ စကားအဆုံး သံစဉ်က ပျော်ရွှင်စွာ ပြောလာပြီး အကြောင်းအရာကို ချက်ချင်းပြောင်းလိုက်သည်။

"ငါက အမြဲတမ်း ငါ့ရဲ့ video အတိုလေး တွေကိုမန္တလေးမှာ သွားရိုက်ချင်နေတာ အခုဆို နောက်ဆုံးအပိုင်းလေးပဲ ကျန်တော့တာဆိုတော့.."

"ငါတို့ မြန်မာကို စောစောပြန်ပြီး မန္တလေးမှာ ရက်အနည်းငယ်လောက် နေကြရအောင်

ငါက ငါ့videoလေးတွေ သွားရိုက်မယ် နင်ကတော့ အေးအေးဆေးဆေး အနားယူပြီး နောက်ထပ်လက်ရာကောင်းတစ်ခုအတွက် စိတ်ကူးသစ်တွေ ရှာပေါ့.."

« ရှေ့အခန်း - အခန်း -၃၄ နောက်အခန်း - အခန်း- ၃၆ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ