မန္တလေး...
ဒီရက်ပိုင်းအတွင်း စီးပွားရေးလောကရဲ့ စီမံကိန်းအစည်း အဝေးပွဲကြီးကို ကျင်းပနေသောကြောင့် တစ်မြို့လုံးမှာ ပုံမှန်ထက်လူရှုပ်ပြီး စည်ကားမှုတို့ဖြင့် ပြည့်နှက်နေသည်။
လေဆိပ်မှာတော့ ပို၍ပင် လူစည်ကားလှသည်။
လေထုထဲတွင် နိုင်ငံခြားဘာသာစကားမျိုးစုံ.. ခရီးဆောင်အိတ်ဘီးများ မြေပြင်ကို ပွတ်တိုက်သွားသည့် ဆူညံသံတို့ ရောထွေးနေသည်။
လင်းမြတ်ပိုင် လက်ထောက်များ နဲ့အတူ လေဆိပ်ထွက်ခွာခန်းမထဲမှ အလျင်အမြန် လမ်းလျှောက်လာသည်။
သူ မကြာသေးမီကပင် လေယာဉ်ဖြင့် ရောက်လာခဲ့ပြီး လွှမ်းနဲ့ တွေ့ဆုံရန် ဟိုတယ်
ကို ချက်ချင်းသွားရမှာဖြစ်သည်။
လူအရမ်းရှုပ် နေတာကြောင့် လူတွေက တစ်ယောက်နဲ့တစ်ယောက် ပခုံးချင်းတိုက်မိလုနီးပါး ကြပ်နေကြသည်။
လင်းမြတ်ပိုင် မသိမသာ မျက်မှောင်ကြုတ်ပြီး
သူ့ရှေ့ရှိ လူအုပ်ကြီးထဲသို့ အမှတ်မထင် မျက်လုံးရောက်သွားချိန်..
အဖြူရောင်စတိုင်ပန့်နဲ့ အညို ရောင်အင်္ကျီ
ရှည်ကို ဝတ်ဆင်ထားသည့် သွယ်လျသောမိန်းကလေးတစ်ယောက်က သူ့အာရုံကို ရုတ်တရက် ဖမ်းစားလိုက်သည်။
သူမရဲ့ လမ်းလျှောက်ပုံ...ပြီးတော့ အမှတ်မထင် ခေါင်းလှည့်လိုက်ချိန်တွင် ပေါ်လာသည့် မျက်နှာတစ်ခြမ်းရဲ့ မရှင်းမလင်းပုံရိပ်...
လင်းမြတ်ပိုင် နှလုံးသားက ရုတ်တရက် တစ်ချက်ခုန်သွားကာသူ့ခြေလှမ်းတွေကလည်း မသိမသာ ရပ်တန့်သွားသည်။
လရိပ်မြူ....
မဖြစ်နိုင်ဘူး..သူအမြင်မှားတာများလားသူ ပိုပြီးသေချာကြည့်ရန် ကြိုးစားလိုက်သော်လည်း ထိုမိန်းကလေးက လူအုပ်နှင့်အတူ ထောင့်တစ်နေရာကို ကွေ့ဝင်သွားပြီး နှစ်စက္ကန့်၊ သုံးစက္ကန့်အတွင်းမှာပင် သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။
"အကိုလေး..ဘာဖြစ်လို့လဲဗျ"
သူ ရုတ်တရက်လျှောက်နေရာမှ ရပ်သွားတာကိုမြင်လိုက်သဖြင့် လက်ထောက်က အံ့ဩစွာ သူ့ကို ခေါ်လာသည်။
အဲ့ကြမှလင်းမြတ်ပိုင် သတိပြန်ဝင်လာပြီးကိုယ့် နဖူးကို ပွတ်သပ်လိုက်ကယ ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်ပြောင်သလို ပြုံးလိုက်ပြီး....
"ဘာမှမဟုတ်ဘူး...ငါ အသိတစ်ယောက်နဲ့ တူလို့ မှားမြင်လိုက်တာထင်တယ် အရမ်းပင်ပန်းနေလို့ ဖြစ်မှာပါ"
ဒီလောက်များတဲ့ လူတွေထဲမှာ ဆင်တူတဲ့လူတွေ အများကြီးရှိတာပဲမလားပြီးတော့ လရိပ်မြူက...
လွန်ခဲ့တဲ့ သုံးနှစ်က ပျက်ကျသွားခဲ့တဲ့ MH790 လေယာဉ်ပေါ်မှာ ပါသွားခဲ့တယ်လို့ အတည်ပြုထားပြီးသားပဲ။
သူမက ဒီနေရာမှာ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ...
လင်းမြတ်ပိုင် ခေါင်းခါလိုက်ပြီး မဖြစ်နိုင်တဲ့ အတွေးကိုချက်ချင်း ဖယ်ရှားလိုက်ပြီး
ရှေ့ဆက်လျှောက်လာခဲ့လိုက်သည်။
---
ထိုညနေခင်းတွင် ညစာစားပွဲကို နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်ရဲ့ သီးသန့်ခန်းထဲတွင် ကျင်းပခဲ့သည်။
စားပွဲပေါ်တွင် အစားအစာများကို အားလုံးပြင်ဆင်ထားတည်ခင်းထားပြီးဟင်းပွဲတစ်ခုချင်းစီက လက်ရာမြောက်လှကာ အနံ့တို့ကမွှေးပျံ့နေသည်။
စားပွဲထိပ်ဆုံးနေရာတွင် နေကမ္ဘာလွှမ်း ထိုင်နေပြီးသူဒီနေ့တော့ အနက်ရောင် ပုဆိုးနဲ့ ..အနက်ရောင် လည်စေ့လက်ရှည် အကျီကို သပ်သပ်
ရပ်ရပ် ဝတ်စားထားသည်။
သူရဲ့ အပေါ်ကို သပ်သပ်ရပ်ရပ် လှန်တင်ထားသော ဆံပင်များက မူလကတည်းက နက်ရှိုင်းတင်းမာသော မျက်နှာသွင်ပြင်ကို ပို၍ပင် အေးစက်တင်းမာသွားစေသည်။
နေအလင်းရောင်နှင့် ကင်းကွာနေသည်မှာ ကြာပြီဖြစ်တာမို့ သူ့မျက်နှာက အနည်းငယ်ဖြူဖျော့နေသည်။
သူ အလွန်ပိန်ကျသွားပြီး လက်ကောက်ဝတ်ရှိ အရိုးအဆစ်များပင် ထင်ရှားစွာ ပေါ်လွင်နေသည်။
သုံးနှစ်လုံးလုံး...ဘယ်ပွဲမဆို သူ့ဘေးက ထိုင်ခုံတစ်နေရာဟာ အမြဲတမ်း လွတ်နေခဲ့သည်။
ထိုနေရာတွင် သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားသည့် ပန်းကန်၊ ဇွန်းခက်ရင်းနှင့် ရေခွက်တစ်စုံ ရှိနေတတ်သည်။
တကယ်ပင် တစ်စုံတစ်ယောက် ထိုင်နေသကဲ့သို့ပင်။
စီးပွားရေးလောကရှိ လူတိုင်းနီးပါးက ထိုနေရာကို ဘယ်သူ့အတွက် ချန်ထားသည်ကို သိကြသည်။
သူသေဆုံးသွားပြီဖြစ်သော ဇနီးအတွက်ဆိုတာ
အားလုံးသိကြသည်။
ဒါပေမဲ့ ဘယ်သူမှ ထိုအကြောင်းအရာကို မပြောရဲသလို မထိရဲကြပေ။
သူ့စိတ်ကို ထိခိုက်သွားမည်ကို စိုးရိမ်ကြသလို၊ သူ့ရဲ့ အထိမခံနိုင်ဆုံးနေရာကို သွားထိမိမှာကို ကြောက်ကြသည်။
အခန်းထဲရှိ လေထုက အေးစက်နေပြီးအနည်းငယ်လေးလံနေသည်။
နေကမ္ဘာလွှမ်းလည်း စားချင်စိတ် သိပ်မရှိတာကြောင့်ဝိုင်ခွက်ကိုသာ ကိုင်ကာ တစ်ငုံချင်းစီ သောက်နေသည်။
သူ အချိန်အများစုကိုတော့ ပြတင်းပေါက်အပြင်ဘက်ရှိ မှောင်မိုက်နေသော ညအချိန်ကိုသာ ငေးကြည့်နေသည်။
သူ့မျက်လုံးများက ဟာလာဟင်းလင်းဖြစ်နေပြီး ဘာကိုမှ အာရုံမစိုက်ထားသကဲ့သို့ ဖြစ်နေသည်။
လင်းမြတ်ပိုင် သည် လွှမ်းကို ထိုသို့မြင်ရတိုင်း သူ စိတ်မကောင်းဖြစ်ရသည်။
လွန်ခဲ့သော သုံးနှစ်အတွင်း လွှမ်း ဘယ်လိုဖြတ်သန်းလာခဲ့ရသည်ကို သူ့ထက်ပိုသိသူ
မရှိပေ။
လွှမ်းဟာ အသက်ကိုပင် ဂရုမစိုက်တော့သည်အထိအရူးတစ်ယောက်လို အလုပ်လုပ်ခဲ့သည်။
အလုပ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆက်မပြတ် ဖိနှိပ်ထားပြီး နာကျင်မှုကို မခံစားမိအောင် အလုပ်များမှုထဲမှာ သူ့ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားခဲ့သည်။
သူ့ကိုယ်ပိုင် အချိန် တွေမှာတော့သူသည် လမ်းပျောက်နေသော လူတစ်ယောက်လို နေထိုင်နေခဲ့သည်။
ဟာလာဟင်းလင်းဖြစ်နေသော အိမ်ကြီးကို စောင့်ရှောက်နေပြီးဘယ်တော့မှ ပြန်မလာနိုင်တော့မည့် အိမ်ရှင်မ တစ်ယောက်ကို စောင့်နေတတ်သည်။
နှစ်စဉ်နှစ်တိုင်းလည်း မျှော်လင့်ချက်မရှိတော့သည့် ပင်လယ်နက်ကြီးထဲက လေယာဉ်ကို ပြန်လည်ဆယ်ယူရန် ငွေကြေးအမြောက်အမြားကို သုံးစွဲနေတတ်သည်။
မျှော်လင့်ချက်က အလွန်နည်းပါးကြောင်း သူသိပေမဲ့ သူက နောက်ပြန်လှည့်ရန် မလိုလားခဲ့ပေ။
လင်းမြတ်ပိုင် ဝိုင်ခွက်ကို မြှောက်ကာ မျက်လုံးထဲရှိ ဝမ်းနည်းစိတ်မကောင်းဖြစ်မှုကို ဖုံးကွယ်လိုက်သည်။
ထိုအချိန် နေ့လယ်က လေဆိပ်မှာ မြင်ခဲ့ရသောမိန်းကလေးရဲ့ နောက်ကျောပုံရိပ်က
သူ့စိတ်ထဲတွင် ထပ်မံပေါ်လာခဲ့သည်။
တကယ်ကို တူလွန်းတယ်..တကယ်ပဲ တူတယ်။
တကယ်လို့သာ...
လင်းမြတ်ပိုင် တကယ်လို့သာ ဆိုတဲ့ထိုအတွေး ပေါ်လာတာနဲ့ ချက်ချင်းပင် ဖယ်ရှားလိုက်သည်။
မဖြစ်နိုင်ဘူး..မဖြစ်နိုင်တဲ့အရာကိုသူ မပြောနိုင်ပေ...
လွန်ခဲ့သော သုံးနှစ်က စုံစမ်းစစ်ဆေးခဲ့သည့် ရလဒ်မှာ ရှင်းလင်းနေပြီးသားမလားသူမရဲ့နာမည်ကလည်း ခရီးသည်စာရင်းထဲတွင် ပါဝင်နေခဲ့သည်။
လေကြောင်းလိုင်းဘက်ကလည်း သူမ ထိုလေယာဉ်ပေါ် ပါသွားကြောင်း အတည်ပြု
ထားပြီးဖြစ်သည်။
ဒီနေ့လေဆိပ်မှာ မြင်ခဲ့တဲ့လူက ၉၉.၉ ရာခိုင်နှုန်း သေချာပေါက် သူ့မျက်စိမှားတာပဲ ဖြစ်ရမယ်။
ဒါမှမဟုတ် သူမနဲ့ ရုပ်ရည်ဆင်တူတဲ့ တစ်ယောက်ယောက် ဖြစ်နိုင်တာပဲ။
အခု သူက လွှမ်းကို ပြောလိုက်ပြီး မဟုတ်မမှန်မျှော်လင့်ချက်တစ်ခု ပေးမိခဲ့ရင်...နောက်ဆုံးမှာ အမှန်မဟုတ်ဘူးဆိုတာ သိသွားတဲ့အခါ...
ကွဲအက်နေတဲ့ သူ့နှလုံးသားကို ဓားနဲ့ ထပ်ပြီး ထိုးလိုက်သလို ဖြစ်သွားမှာပင်။
အဲဒါက အခန့်မသင့်ရင် လွှမ်းရဲ့ အသက်ကိုတောင် ထိခိုက်သွားစေနိုင်တယ်မလား...
---
မြို့ထဲကပွဲကျင်းပတဲ့ နေရာက ကျောက်လမ်းခင်းများသည် လူများရဲ့အဆက်မပြတ် နင်းလျှောက်မှုကြောင့် တောက်ပပြောင်လက်နေသည်။
လမ်းကျဉ်းလေးများမှာ လည်းလူများဖြင့် ပြည့်ကျပ်နေသည်။
လေထုထဲတွင် စိုထိုင်းမှုရှိပြီး လမ်းဘေးမုန့်ဆိုင်များမှ ဆီကြော်နံ့များ၊ လူမျိုးစုံရဲ့ မတူညီသည့် စကားသံများနှင့် ရောထွေးနေသည်။
"ဟဲ့... ဒီ နေရာမှာ လူများလိုက်တာ"
အဲ့အချိန် သံစဉ်က အလျင်အမြန် လမ်းလျှောက်လာသော ခရီးဆောင်အိတ်ဆွဲထားသည့်လူတစ်ယောက်ကို ရှောင်လိုက်ရင်း သူမဘေးရှိ လရိပ်နဲ့တောင် တိုက်မိလုနီးပါး ဖြစ်သွားသည်။
"ဓာတ်ပုံတောင် ကောင်းကောင်းရိုက်လို့မရဘူး ရိုက်လိုက်တိုင်း လူတွေရဲ့ ခေါင်းတွေပဲ ပါလာတော့တာ"
လရိပ် သံစဉ် လက်ကိုလှမ်းကိုင်လိုက်ပြီး ရှေ့တွင် တရွေ့ရွေ့လှုပ်ရှားနေသော လူအုပ်ကြီးကို အေးဆေးစွာ ကြည့်လိုက်ကာ...
"မတတ်နိုင်ဘူးလေ.. စီမံကိန်း အစည်းအဝေးနဲ့ တိုက်နေတာကိုး"
သူမ အပြောကြောင့် သံစဉ်က နှုတ်ခမ်းမဲ့လိုက်ကာ...
"ဒီစီမံကိန်း အစည်း အဝေးမှာ ဘာများကောင်းလို့လဲ မသိဘူး လူကြီးတွေ အကုန်လုံး ဒီကို စုပြုံလာကြတော့ ငါတို့လို အနုပညာရှင် လေးတွေအတွက် နေရာတောင် မကျန်တော့ဘူး"
ပြောရင်း သံစဉ် ဘေးဘက်သို့ လှည့်ကြည့်လိုက်တော့ ရှေ့မလှမ်းမကမ်းတွင် မြန်မာမုန့်မျိုးစုံရောင်းနေသည့် ဆိုင်ငယ်လေးတစ်ဆိုင်ကို
တွေ့လိုက်ရတာကြောင့်....
"လာ အရင်ဆုံး မုန့်သွားဝယ်စားကြရအောင် ငါဗိုက်ဆာလွန်းနေပြီ"
ထိုအချိန်မှာပင်....
အဝေးတစ်နေရာမှ အင်ဂျင်သံနိမ့်နိမ့်တစ်ခု ကြားလာရကာကားအနက်ရောင်အများအပြားက တစ်စီး နောက်တစ်စီး လိုက်ကာ တန်းစီပြီး လူအုပ်ကြပ်နေသော လမ်းကျဉ်းလေးထဲမှ ဖြည်းညင်းစွာ ဖြတ်သန်းလာကြသည်။
ကားကိုယ်ထည်များက တောက်ပြောင်နေသော အနက်ရောင်ဖြစ်ပြီး ကြည့်လိုက်သည်နှင့် ဈေးကြီးလှသည့်ကားများဖြစ်ကြောင်း သိသာလှကာဖြတ်သွားသူတိုင်း အာရုံကို ဆွဲဆောင်နေကြသည်။
"ဝိုး... ဘယ်သူများလာတာလဲအခမ်းအနားကြီး ကျင်းပနေသလိုပါလား"
သံစဉ် ခြေဖျားထောက်ကာ ကားတန်းကို ကြည့်လိုက်ပြီး စနောက်သည့်အသံဖြင့် ပြောလိုက်သည်။
လရိပ်လည်း သံစဉ် အသံကြောင့် သူကြည့်သည့်ဘက်သို့ လိုက်ကြည့်လိုက်ပေမဲ့ ထူးထူးခြားခြား မဟုတ်သလို သူမစိတ်ဝင်စားခြင်းမရှိတာ ကြောင့်ချက်ချင်းပင် မျက်လုံးပြန်လွှဲလိုက်သည်။
ထိုကားတန်းရဲ့ အလယ်တွင်ရှိသော ရှည်လျားသည့် အနက်ရောင်ကားရဲ့ နောက်ခန်းတွင်တော့ နေကမ္ဘာလွှမ်း ထိုင်နေသည်။
သူက ထိုင်ခုံနောက်ကို မှီထားပြီး ပြတင်းပေါက်အပြင်ဘက်တွင် ရွေ့လျားနေသော လူများနဲ့ ရှုခင်းများကို အေးစက်စက် မျက်လုံးများဖြင့် ငေးကြည့်နေမိသည်။
ကားပြတင်းပေါက်ကို အနည်းငယ်ဟထားတာမို့ အပြင်ဘက်က ဆူညံသံများက ကားအတွင်းသို့ ဝင်ရောက်လာသည်။
ကားက လရိပ်နဲ့ သံစဉ်တို့ရှိနေသည့်နေရာကို ဖြတ်သန်းတော့မည့်အချိန်တွင်..
သံစဉ်က ရယ်စရာကောင်းသည့် ဆိုင်းဘုတ်ထူးထူးဆန်းဆန်းကို မြင်လိုက်ရတာကြောင့်သူမရုတ်တရက် ရယ်မောလိုက်ပြီး လရိပ်လက်မောင်းကို လှမ်းတို့လိုက်ကာပြလိုက်တာကြောင့်..လရိပ်လည်းကြည့်ပြီးလိုက် နှုတ်ခမ်းထောင့်လေးများ ကွေးတက်လာရကာ..
ကြည်လင်ပြီး အနည်းငယ် အားမဲ့သလိုဖြစ်နေသော ရယ်သံလေးတစ်ခု ထွက်လာသည်။
ရယ်သံက မကျယ်ပေ...ဒါပေမဲ့ ထူးခြားစွာပင် ထိုးဖောက်နိုင်သည့်စွမ်းအားတစ်မျိုး ရှိနေသလို
လူအုပ်ကြီးရဲ့ ဆူညံသံများကြားမှပင် ထိုရယ်သံက ကားပြတင်းပေါက်ရဲ့ အနည်းငယ်ဟနေသော အပေါက်လေးထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
လွှမ်းရုတ်တရက် ကြားလိုက်ရတဲ့ ရယ်သံတိုးတိုးလေးကြောင့် ထိုအခိုက်အတန့်မှာ
ပင် ချက်ချင်း တောင့်ခဲသွားရသည်။
ဒီရယ်သံ...သူ့နှလုံးသားက တစ်ချက်ပြင်းပြင်းခုန်သွားခဲ့ ပေမဲ့ နောက်တစ်စက္ကန့်မှာပင် သူ့မျက်လုံးများက တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
ထင်ယောင်ထင်မှားဖြစ်မှုပဲ...နောက်ထပ် ထင်ယောင်ထင်မှားဖြစ်မှုတစ်ခု။
လွန်ခဲ့သော သုံးနှစ်အတွင်း သူ့နောက်သို့ အရိပ်တစ်ခုလို အမြဲလိုက်နေခဲ့သည့် ဒီလိုနှိပ်စက်မှုမျိုးကို သူ ကျင့်သားရနေပြီဖြစ်သည်။
သူမ၏အသံ...သူမ၏အပြုံး...
သူအနည်းဆုံးမျှော်လင့်ထားသည့် အချိန်တိုင်းမှာ သူ့ရှေ့တွင် ပေါ်လာတတ်သည်။
မိန်းကလေးတစ်ဦးရဲ့ပုံရိပ်နဲ့သူမနှင့်အတူ ရယ်မောနေသည့် သူမအဖော်တို့သည်လည်း
လူအုပ်နှင့်အတူ နောက်ကျကျန်ခဲ့ပြီး အနီးအနားရှိ ပိုကျဉ်းသော လမ်းကြား
တစ်ခုထဲသို့ ကွေ့ဝင်သွားကြသည်။
လွှမ်း မျက်လုံးထဲမှ အလင်းရောင်လေးကလည်း အလျင်အမြန် မှိန်သွားပြန်ကာအရာအားလုံးသည် တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
သူ ဖြည်းညင်းစွာ မျက်လုံးကို ပြန်လွှဲလိုက်ပြီး
ပင်ပန်းနွမ်းနယ်စွာနဲ့ မျက်လုံးများကို မှိတ်လိုက်ကာ ထိုင်ခုံနောက်ကို ပြန်မှီလိုက်သည်။
ခဏတာပေါ်လာခဲ့သည့် ထိုတုံ့ပြန်မှုလေးတစ်ခုကပင် သူ့မှာရှိသမျှ ခွန်အားအားလုံးကို စုပ်ယူသွားသကဲ့သို့ ဖြစ်နေသည်။
ကားတန်းကတော့ စည်ကားနေသော လူအုပ်နဲ့ယာဉ်အသွားအလာများကြားသို့ တဖြည်းဖြည်း ဝင်ရောက်ပျောက်ကွယ်သွားသလို...
အခြားတစ်ဖက်က လမ်းကြားလေးထဲတွင်တော့ သံစဉ်က အစောပိုင်းက မြင်ခဲ့ရသည့် စိတ်ဝင်စားစရာအဖြစ်အပျက်များကို လရိပ်အား စိတ်လှုပ်ရှားစွာ ဆက်ပြောနေဆဲဖြစ်သည်။
လရိပ်ကတော့ ပြောသမျှကို တိတ်တိတ်ဆိတ်ဆိတ် နားထောင်ပေးရင်း တစ်ခါတစ်ရံ ခေါင်းညိတ်ပြသည်။
ဒါပေမဲ့ သူမမျက်လုံးများကတော့ ရှေ့မလှမ်းမကမ်းတွင် အငွေ့တလူလူ ထနေသော မုန့်ဆိုင်လေးဆီသို့သာ စူးစိုက်ကြည့်နေမိသည်။
အခန်းမှတ်ချက်များ (0)