Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း -၃၄

သင်္ဘောကြီးရဲ့ ကုန်းပတ်ပေါ်မှာ ပင်လယ်လေ

က ဆားငန်နံ့သင်းသင်းလေး သယ်ဆောင်လာပြီး လွှမ်းရဲ့ နဖူးပေါ်က ဆံပင်တွေကို ဖြတ်သန်းတိုက်ခတ်နေသည်။

သူ့ရင်ခွင်ထဲမှာတော့ ဖြူဖွေးနေတဲ့ ကြောင်လေးကို ပွေ့ထားပြီး လက်ချောင်းတွေနဲ့ ကျောကမွေးနုနုလေးကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။

"နှင်းလုံးလေး... သမီးအတွက် အဖေက လက်စားချေပြီးပြီနော်"

သူ့ရင်ခွင်ထဲကကြောင်လေးကတော့ ဘာမှမသိသလို ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေး ကွေးနေသည်။ ဒီလောကကြီးထဲက ဆူညံမှုတွေနဲ့ အမုန်းတရားတွေကို ဘာမှမသိပဲ အေးချမ်းစွာကွေးနေသည်။

လွှမ်းသူ့နောက်ဘက်က ဂေါက်လေ့ကျင့်ခန်းခန်းမရဲ့ တံခါးကတော့ တင်းတင်းကျပ်ကျပ် ပိတ်ထားတာ ကြောင့် အထဲက ငိုကြွေးအော်ဟစ်သံတွေနဲ့ အရှုပ်အထွေးတွေကို ဘာမှမကြားရပေ။

နေကမ္ဘာလွှမ်းရဲ့ မျက်နှာမှာတော့ ဘာခံစားချက်မှ မရှိတော့ပေ။

တစ်ချိန်က စူးရဲပြီး တောက်ပခဲ့တဲ့ သူ့မျက်လုံးတွေက အခုတော့ ရေကန်တစ်ကန်လို တိတ်ဆိတ်ငြိမ်သက်နေသည်။

သူပင်လယ်ပြင်ကို ငေးကြည့်နေတုန်း မင်းနိုင်

က အလျင်အမြန် လျှောက်လာပြီး အသံတိုးတိုးနဲ့....

"အကိုလေး ရဟတ်ယာဉ် အဆင်သင့်ဖြစ်ပါပြီ"

လွှမ်း မင်းနိုင်စကားကို နောက်ပြန်လှည့်မကြည့်ဘဲ ခေါင်းညိတ်ပြလိုက်ကာကြောင်လေးကို ပွေ့ထားရင်း ရဟတ်ယာဉ်ရပ်နားရာဘက်ကို တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

ရဟတ်ယာဉ်နားရောက်လေလေ လည်ပတ်နေတဲ့ ပန်ကာ လေပြင်း တွေကြောင့်သူဝတ်ထားတဲ့ ပိုလိုအင်္ကျီက ကိုယ်နဲ့ကပ်သွားသည်။

သူ ကိုယ်ကိုငုံ့ပြီး ရဟတ်ယာဉ်ထဲ ဝင်လိုက်ပြီးတာနဲ့ ရဟတ်ယာဉ်က ကောင်းကင်ပေါ် တဖြည်းဖြည်း မြင့်တက်သွားပြီး အောက်က ဇိမ်ခံသင်္ဘောကြီးနဲ့လည်း ပိုပိုဝေးလာကာ နောက်ဆုံး သင်္ဘောကြီးကအပြာရောင်ပင်လယ်ပြင်ထဲမှာ အစက်ကလေးတစ်စက်လို ဖြစ်ကျန်ခဲ့သည်။

"နှင်းလုံး..."

လွှမ်း ရင်ခွင်ထဲက ကြောင်လေးကို ငုံ့ကြည့်ပြီး အသံအက်အက်နဲ့ ခေါ်လိုက်တာနဲ့ကြောင်လေးက ခေါင်းမော့ပြီး သူ့ကို ကြည့်လာသည်။

အဲ့ဒီ ကြောင်လေးရဲ့‌ တောက်ပနေတဲ့ မျက်လုံးလေးတွေက လရိပ် ရဲ့ မျက်လုံးတွေနဲ့ အလွန်ဆင်တူနေသည်။

လွှမ်းတွေးမိရင်းနှလုံးသားကတင်းတင်းကျပ်ကျပ် ဆုပ်ညှစ်ထားခံရသလို နာကျင်လာပြီး အသက်ရှူဖို့တောင် ခက်ခဲလာသလို ခံစားလိုက်ရသည်။

သူချက်ချင်းပင် ကြောင်လေးရဲ့ နူးညံ့တဲ့မွေးတွေထဲ မျက်နှာအပ်လိုက်တဲ့ပုံကပျောက်ဆုံးသွားတဲ့ ကလေးတစ်ယောက်ကနွေးထွေးမှုအနည်းငယ်ကိုပဲ အားကိုးရှာဖွေနေသလို ဖြစ်နေသည်။

နာရီဝက်ခန့်ကြာပြီးနောက် ရဟတ်ယာဉ်က ဖြူဖွေးနေတဲ့ သဲသောင်ပြင်တစ်ခုမှာ ဆင်းသက်လိုက်သည်။

ဒါဟာ အိန္ဒိယသမုဒ္ဒရာအတွင်းပိုင်း နက်ရှိုင်းတဲ့နေရာမှာရှိတဲ့ လွှမ်းပိုင်တဲ့ ကိုယ်ပိုင်ကျွန်းတစ်ကျွန်းဖြစ်သည်။

ပင်လယ်ရေက အပြာရောင်ကျောက်မျက်ရတနာလို ကြည်လင်နေပြီး အရောင်ဖျော့ရာကနေ အရောင်ရင့်ရာအထိ အလွှာလိုက်ပြောင်းလဲနေသည်။

သဲဖြူတွေကလည်း သကြားမှုန့်လို နူးညံ့ပြီး ဖြူဖွေးတောက်ပနေကာ ဆားငံ ရေနံ့သင်းသင်းကို သယ်ဆောင်လာတဲ့ ပင်လယ်လေက ညင်သာစွာ တိုက်ခတ်နေသည်။

လွှမ်း ကြောင်လေးကို ပွေ့ထားရင်း ရဟတ်ယာဉ်ပေါ်ကနေ ခြေဗလာနဲ့ ဆင်းလိုက်တာကြောင့်ခြေထောက်အောက်က ပူနွေးတဲ့သဲနုနုလေးတွေကို အရေပြားကနေတစ်ဆင့် ခံစားလိုက်ရပေမယ့် သူ့အတွက်အရာအားလုံးဟာ အိမ်မက်မက်နေသလိုသာ ခံစားနေရသည်။

ကမ်းစပ်နဲ့ အနည်းငယ်အကွာက ကမ်းခြေပေါ်မှာတော့ အဖြူရောင်နှင်းဆီ ပန်းတွေအများအပြားကို အသုံးပြုပြီး ပြုလုပ်ထားတာ ပန်းခုံးကြီးတစ်ခု ရှိသည်။

ပန်းခုံးအောက်ကနေ ပင်လယ်ဘက်အထိ

ပန်းဖတ်ဖြူတွေကို ထူထူထပ်ထပ် ဖြန့်ခင်းထားတာကြောင့် ဆောင်းရာသီမှာ ကျလာတဲ့ နှင်းတွေလို ဖြူဖွေးနေသည်။

အဲ့ဒီအချိန် နေဝင်ချိန်ကလည်း တဖြည်းဖြည်း ရောက်လာကာနေမင်းက ပင်လယ်ရေပြင်ထဲကို တဖြည်းဖြည်း ဝင်သွားပြီး ကောင်းကင်နဲ့ ပင်လယ်ပြင်တစ်ခုလုံးကို ရွှေရောင်နဲ့ အနီရောင် ရောစပ်ထားတဲ့ အလင်းရောင်တွေနဲ့ လွှမ်းခြုံထားသည်။

နေကမ္ဘာလွှမ်း ရပ်တန့်သွားမိသည်။

သူ့ စိတ်ထဲအတိတ်က အမှတ်တရတွေဟာ

တာကျိုးသလို တစ်ဟုန်ထိုး ဝင်ရောက်လာသည်။

သူ့ရင်ခွင်ထဲမှာ ခေါင်းလေးတိုးရင်း လရိပ် ပြောခဲ့တဲ့ စကားတွေကို သူအခုအချိန်မှာပင် ရှင်းလင်းစွာ ကြားနေရသလို ဖြစ်နေသည်။

"...ကိုယ် ကမ်းခြေပေါ်မှာ အဖြူရောင်ပန်းခုံးကြီး ဆောက်ပေးမယ်.. မြေပြင်တစ်လျှောက် ပန်းဖတ်တွေ ခင်းပေးမယ်..မင်းလမ်းလျှောက်ရင် ပန်းဖတ်တွေပေါ် နူးနူးညံ့ညံ့နင်းရမယ်..အချစ်က ပန်းနံ့တွေကို ကြိုက်တယ်မဟုတ်လား…"

အဲ့ဒီတုန်းက သူ သူမကို ရင်ခွင်ထဲထည့်ထားပြီး ပြောခဲ့သလို..သူ့အသံထဲမှာလည်းစိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့သည်။

"ဧည့်သည်တွေက… ကိုယ်တို့နှစ်ယောက်ပဲ အများဆုံးဆို သံစဉ် ဆိုတဲ့ ငစွာမလေးတစ်ယောက်ပဲထပ်ပါမယ်"

"ကိုယ့်မိန်းမကလေး အကောင်းဆုံးအရာတွေနဲ့ ထိုက်တန်တယ်လေ"

သူကတိတစ်ခုကို အလေးအနက်ထားပြီး ပြောခဲ့ပေမဲ့...အခုတော့ ပန်းခုံးလည်းရှိနေပြီ...

နှင်းဆီ ပန်းတွေလည်း ရှိနေပြီ...

နေဝင်ချိန်ကလည်း လှပနေပြီ...

ဒါပေမဲ့ သူ့အပိုင် ဖြစ်လာမယ့်သူကတော့ မရှိတော့ပေ...

သူ့မိန်းကလေးကို သူ့ကိုယ်တိုင် လေယာဉ်ပေါ်တင်ပြီး သေခြင်းတရားဆီ ပို့ခဲ့မိတာပင်။

သူ့အတွက် အကောင်းဆုံးအရာအားလုံး ပေးမယ်လို့ ကတိပေးခဲ့တဲ့ သူမဟာ အခုတော့မရှိတော့ပေ..

သူကိုယ်တိုင် သူတို့နှစ်ယောက်အတွက် ဂရုတစိုက် ပြင်ဆင်ထားတဲ့ မင်္ဂလာပွဲမှာ

သူမဟာ ထာဝရပျောက်ဆုံးနေခဲ့ပြီ။

လွှမ်း အဖြူရောင်ရှပ်အင်္ကျီတစ်ထည်ကို ပြောင်းဝတ်လိုက်ပြီး လက်ဖျားအထိ လက်ကိုခေါက်တင်လိုက်ကာကြောင်လေးကို ရင်ခွင်ထဲ ပွေ့ထားရင်း ပန်းဖတ်တွေခင်းထားတဲ့ လမ်းအတိုင်း တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။

ပန်းဖတ်တွေက နူးညံ့ပြီး သူမအကြိုက်ဆုံး ရနံ့တွေ သင်းပျံ့နေ ပေမဲ့ သူ့အတွက်တော့ခြေလှမ်းတိုင်းဟာ သူ့နှလုံးသားပေါ် နင်းလျှောက်နေရသလို နာကျင်နေသည်။

လှိုင်းတွေက ကမ်းခြေကို ညင်သာစွာ ရိုက်ခတ်နေပြီး လှိုင်းပုတ်သံတွေက သူ့အတွက် အစားငိုကြွေးပေးနေတဲ့ ငို‌ကြွေးသံတစ်ခုလို ဖြစ်နေသည်။

အနည်းငယ် ခပ်လှမ်းလှမ်းအဝေးမှာတော့ အဖြူရောင်စားဖိုမှူးဝတ်စုံတွေ ဝတ်ထားတဲ့ လူတချို့ဟာ ယာယီမီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေကြသည်။

ပြင်သစ်နိုင်ငံက ကြယ်သုံးပွင့်ရ စားဖိုမှူးတစ်ဦးနဲ့ အီတလီက မုန့်ဖုတ်ဆရာတို့ဟာသူမှာကြားထားတဲ့အတိုင်း ပုစွန်ထုပ်တွေ၊ ကမာကောင်တွေ၊ သူမအကြိုက်ဆုံး သရက်ကောက်ညှင်း

တွေကို ပြင်ဆင်ပေးနေကြသည်။

အရာအားလုံးက ပြည့်စုံလွန်းနေကာအရင်က သူ့တို့စီစဉ်ထားခဲ့သလို အတိအကျ ဖြစ်နေပေမဲ့

အဲ့ဒီ ပြီးပြည့်စုံမှုကပင် ရက်စက်တဲ့ ဟာသတစ်ခုလိုပဲ ဖြစ်နေသည်။

လွှမ်း ဖြည်းဖြည်းချင်းလျှောက်လာရင်း ပန်းခုံးကြီးရှေ့ကို ရောက်တော့ ရပ်လိုက်ကာ ပင်လယ်ဘက်ကို လှည့်ကြည့်လိုက်သည်။

နေဝင်ချိန်ရဲ့ နောက်ဆုံးအလင်းရောင်တွေက သူ့ဆံပင်တွေကိုပင် ရွှေရောင်သန်းသွားစေသည်။

သူ ရင်ခွင်ထဲက ကြောင်လေးကို မြေကြီးပေါ် ညင်သာစွာ ချထားလိုက်တော့ကြောင်လေးက ခေါင်းစောင်းပြီး သူ့ကိုကြည့်ကာ ခြေထောက်နားမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ခြေထောက်ကို လျှာနဲ့ လျက်နေသည်။

လွှမ်း သူရဲ့ အကြည့်တွေကတော့ သူ့ဘေးက လွတ်နေတဲ့နေရာတစ်ခုဆီ ရောက်သွားသည်။

အမှန်ဆို အဲ့ဒီနေရာမှာ သူ့သတို့သမီးက ရပ်နေရမှာ..အဖြူရောင်မင်္ဂလာဝတ်စုံကို ဝတ်ထားပြီး သူကိုယ်တိုင်ရွေးပေးထားတဲ့ ဝတ်စုံလေးနဲ့ အတူနေဝင်ချိန်ထက်တောင် ပိုတောက်ပတဲ့ သူမရဲ့အပြုံးလေးတွေနဲ့ သူ့ဘေးမှာ ရပ်နေရမှာမလား...

သူ တဖြည်းဖြည်း လက်ကိုဆန့်လိုက်ပြီး ဘေးနားကနေရာကို ဆုပ်ကိုင်လိုက်ပေမဲ့ လက်ချောင်းတွေထိမိတာက အေးစက်တဲ့ပင်လယ်လေနဲ့ အဆုံးမရှိတဲ့ ဟင်းလင်းပြင်ကြီးသာ ဖြစ်သည်။

သူ့လည်ချောင်းက အကြိမ်ကြိမ် လှုပ်ရှားသွားပြီးသူ တစ်ခုခု ကိုပြောချင်ပေမယ့်...

"ကိုယ်..."

စကားတစ်လုံးတောင် လည်ချောင်းထဲက ထွက်မလာနိုင်တော့ပေ။ ကျောက်တုံးကြီးတစ်တုံး လည်ချောင်းထဲမှာ ပိတ်ဆို့နေသလို ဘာစကားမှထွက်မလာနိုင်တော့ပေ။

သူ့စိတ်ထဲမှာ အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့ဖူးတဲ့ မင်္ဂလာကတိစကားတွေဟာ အခုချိန်မှာတော့ သူ့အတွက် အကြီးမားဆုံး လှောင်ပြောင်မှုတစ်ခု ဖြစ်လာခဲ့သည်။

သူ လရိပ်ကို ချစ်မယ်..

အကောင်းဆုံးအချိန်၊ အဆိုးဆုံးအချိန်…

ချမ်းသာချိန်၊ ဆင်းရဲချိန်…

ကျန်းမာချိန်၊ နာမကျန်းချိန်…

သေခြင်းက သူတို့ကို ခွဲခွာသွားတဲ့အထိ သူမကို ချစ်ပြီး တန်ဖိုးထားပါမယ်..

ဒါပေမဲ့ အခုတော့..လွှမ်းမိုးလာတဲ့ ဝမ်းနည်းမှုနဲ့ နောင်တတွေက ဆူနာမီလှိုင်းကြီးတစ်ခုလို သူ့ကို လုံးဝဖုံးလွှမ်းသွားသည်။

သူမျက်လုံးတွေကို တဖြည်းဖြည်းမှိတ်လိုက်တော့ပူနွေးနေတဲ့မျက်ရည်စက်တွေက သူ့ပါးပြင်ပေါ် တိတ်တိတ်လေး စီးကျလာသည်။

လွှမ်း ခြေထောက်နားက ကြောင်လေးကို ပြန်ကောက်ပွေ့လိုက်ပြီးကြောင်လေးရဲ့ နွေးထွေးနူးညံ့တဲ့အမွေးတွေထဲ မျက်နှာအပ်လိုက်တာနဲ့

သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်။

အတွင်းထဲက ဖိနှိပ်ထားခဲ့တဲ့ ဝမ်းနည်းငိုကြွေးသံတွေဟာ လည်ချောင်းထဲကနေ တိတ်တိတ်လေး ထွက်ပေါ်လာပြီး ကမ်းခြေကို ရိုက်ခတ်နေတဲ့ လှိုင်းသံတွေကြားမှာ ပျောက်ကွယ်သွားခဲ့သည်။

"လရိပ်...."

"လရိပ်...."

"လရိပ်...."

နေမင်းက နောက်ဆုံးမှာ ပင်လယ်ရေပြင်အောက်ကို လုံးဝ နစ်ဝင် ပျောက်ကွယ်သွားကာည အမှောင်ထုကလည်း တဖြည်းဖြည်း ဆင်းသက်လာခဲ့ပြီးကောင်းကင်ပေါ်မှာ ကြယ်လေးတွေ တစ်စင်းပြီးတစ်စင်း စတင်တောက်ပလာသည်။

လွှမ်းကတော့ ကြောင်လေးကို ရင်ခွင်ထဲပွေ့ထားရင်းမလှုပ်မယှက် ရပ်နေဆဲပင်။

သူ့ပုံစံက အချိန် တွေကိုမေ့လျော့ထားတဲ့ အထီးကျန်တဲ့ရုပ်တုတစ်ခုလိုပင်..

ညပင်လယ်လေက သူ့ဆံပင်တွေကို ဖြတ်သန်းတိုက်ခတ်နေသလိုအဝေးမှာ ပြင်ဆင်ထားတဲ့ ညစာစားပွဲကြီးကတော့ စားသုံးမဲ့သူမရှိဘဲ တဖြည်းဖြည်း အေးစက်သွားခဲ့သည်။

ဒီအချိန် ပတ်ဝန်းကျင်မှာ ကြားနေရပြီး ကျန်ရစ်တာကတော့ လှိုင်းပုတ်သံတစ်ခုတည်းသာဖြစ်သည်။

လှိုင်းတွေက ကမ်းခြေကို အကြိမ်ကြိမ် မရပ်မနား ရိုက်ခတ်နေကြသည်။

သူတို့နှစ်ယောက်အတွက် ဖြစ်လာရမယ့် မင်္ဂလာပွဲတစ်ခုမှာ..သူတစ်ယောက်တည်းသာ ရောက်ရှိလာခဲ့တဲ့ မင်္ဂလာပွဲအတွက် ဝမ်းနည်းဖွယ် တေးတစ်ပုဒ်ကို တီးခတ်ပေးနေသလိုပင်။

သေချာတာကတော့သူဟာ ရုန်းမထွက်နိုင်တော့ဘဲ ဒီနေရာမှာ ထာဝရပိတ်မိနေတော့မယ်။

သူမအတွက် သူကိုယ်တိုင် တည်ဆောက်ပေးခဲ့တဲ့ အိပ်မက်ထဲမှာ…သူကိုယ်တိုင်ပဲ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တဲ့ အိပ်မက်ထဲမှာ…

သူ ဘယ်တော့မှ ထွက်ပေါက်ကို ရှာတွေ့တော့မှာ မဟုတ်ပေ......ဒါမှမဟုတ် ရှာတွေ့ခဲ့ရင်တောင်

မမြင်ချင်ယောင်ဆောင်ပြီး သူ့ကိုယ်သူ ပိတ်လှောင်ထားမိမှာ အသေအချာပင်။

သူ့အတွက် ကယ်တင်ခြင်းဆိုတာလည်း မရှိတော့သလို...လိုလဲမလိုအပ်တော့ပေ....

« ရှေ့အခန်း - အခန်း- ၃၃ နောက်အခန်း - အခန်း- ၃၅ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ