"ကိုယ့်ကို ထားမသွားပါနဲ့နော်...ငွေ့နဲ့သမီးလေးသာ ကိုယ့်အနားမှာ မရှိရင် ကိုယ်သေသွားလိမ့်မယ်...ကျေးဇူးပြုပြီး ကိုယ့်ကိုထားမသွားပါနဲ့ ငွေ့ရယ်...ငွေ့အပေါ် ကိုယ်က နာကျင်စေခဲ့တာတွေအတွက် ကိုယ်တောင်းပန်ပါတယ်..အစကနေအဆုံးထိ ကိုယ်အမှားတွေအတွက်လည်း တောင်းပန်တယ်..အခုချိန်ကစပြီး ကိုယ်က ငွေ့နဲ့သမီးလေးအပေါ် အများကြီး ချစ်ပေးမှာမို့လို့ ကိုယ့်ကို ထားမသွားပါနဲ့...''
မင်းခန့်ကိုကိုဟာ သူ့ဘဝမှာ ကြီးကြီးမားမား ဆုံးရှုံးတစ်ခုကို ဆုံးရှုံးသလို ဖြစ်ခဲ့ဖူးတာကြောင့် ငွေ့ကိုသာ လက်လွှတ်ဆုံးရှုံးရမှာကို သူဘယ်လိုမှ လက်မခံနိုင်ပါ။
ငွေ့ရည်ရဲ့လက်ကလေးတွေကို မလွှတ်တမ်း ဆုပ်ကိုင်ကာ ငွေ့ရည်ကိုကြည့်ပြီး ယောကျာ်းတန်မဲ့ ငိုပြီး တောင်းပန်ရှာသည်။သူ့ကိုကြည့်ပြီး ငွေ့ရည် ရင်ထဲမှာလဲ မကောင်းတော့ပါ။ဆို့နစ်တက်လာသည့် ခံစားမှုကြောင့် ငွေ့ရည်မှာလည်း မျက်ရည်ကြည်ဥတို့ ဝဲရစ်လာခဲ့ပြီး မျက်ရည်တို့တွေ စီးကျလာတော့သည်။
ငွေ့ရည် မျက်ရည်ကျလာတာကို သူ မြင်လိုက်ရတာနဲ့ ပြာပြာသလဲလဲနဲ့ သူဟာ ငွေ့ရဲ့မျက်ရည်ရဲ့ သုတ်ပေးလိုက်ကာ သူမရဲ့ ကိုယ်လေးကို တင်းကြပ်စွာပွေ့ဖက်လိုက်ရင်း..။
"မငိုပါနဲ့ ငွေ့ရယ်...ကိုယ်တောင်းပန်ပါတယ်
ကိုယ့်ကြောင့် ငွေ့ကို ဝမ်းမနည်းစေမိတယ်..
နာကျင်စေမိတယ်...ကိုယ်က ငွေ့အပေါ် အမှားတွေအများကြီး လုပ်မိတယ်...ကိုယ် တကယ် တောင်းပန်ပါတယ်...''
သူဟာငွေ့ရည်ရဲ့ ကိုယ်လေးကို မလွှတ်တမ်း တင်းကြပ်စွာဖက်ထားပြီး တောင်းပန်စကားတွေသာကို တရစပ်ပြောနေတော့သည်။သူပြောကို ဘာတစ်ခုမှ နားမလည်ပေမယ့် သူပြောနေသော စကားလုံးတိုင်းက ငွေ့အပေါ်ကို အမှားတွေအများကြီး လုပ်ထားသည့်နှယ်..။
"မငိုပါနဲ့တော့ ကိုကိုရယ်...ကိုကို ငိုရင် ငွေ့ ဒီနားက နာတယ်..နေလို့မကောင်းလို့ မငိုပါနဲ့နော်...အဟင့်..အဟင့်..''
ငွေ့ရည်ဟာ သူမရဲ့ ဝဲဘက်ရင်ဘတ်လေးကို လက်ညိုးလေးနဲ့ ထိုးပြပြီး ငိုလာခဲ့သည်။သူလည်း ချက်ချင်းဆိုသလို မျက်ရည်တွေကို သုတ်လိုက်၏။
"ကိုကို မငိုတော့ဘူး..ငွေ့လည်း မငိုနဲ့တော့ ဟုတ်ပြီလား..ကိုကို့ကိုကြည့်...မျက်ရည်တွေမရှိတော့ဘူး တွေ့တယ်မလား...''
"အွန်း...''
ငွေ့ရည်ဟာ သူ့ကို ခေါင်းလေးအသာညိတ်ပြ၏။မျက်ဝန်းလေးတွေထဲမှာတော့ မျက်ရည်ကြည်ဥစလေးက ရှိနေဆဲပင်။ထိုမျက်ဝန်းလေးကို သူဟာ ဖွဖွလေး နမ်းလိုက်သည်။ထို့နောက် ငွေ့ရည်ရဲ့ နူတ်ခမ်းလေးဆီသို့ အကြည့်ရောက်လာခဲ့ပြီး နူတ်ခမ်းနှစ်စုံ ထိလုနီးနီးအချိန်မှာ..။
"ဒေါက်..ဒေါက်...အစ်ကိုလေးရေ ပိုးလေးဝင်လာခဲ့မယ်နော်...''
"ကျစ်..ဒီချိန်ကြီးမှ လာရလားကွာ...ဒီအပျိုကြီးကတော့ မဟုတ်တော့ဘူး...မာရ်နတ်ရဲ့ သမီးတော်သေလို့များ ဝင်စားလာသလားပဲ...''
မင်းခန့်တစ်ယောက် ပွစိပွစိနဲ့ ပြောပြီး တံခါးသွားဖွင့်ပေးလိုက်၏။
"ချည်လေးကို လာပို့တာ အစ်ကိုလေး...ဂျီကြနေတာ နို့ဆာနေလို့နဲ့တူပါတယ်...''
မင်းခန့်က သူ့သမီးကို အမုန်းလေးလို့ မခေါ်ပါနဲ့ မကြိုက်ဘူးဆို၍ ပိုးလေးတို့တွေက ချည်လေးဟုသာ ပြောင်းခေါ်ကြလေသည်။
"အင်းအင်း...''
တကယ်တမ်း မာရ်နတ်ရဲ့သမီးတော်ဟာ သူ့သမီးလေးသာ ဖြစ်လေရဲ့။
"ခဏလေးစောင့်တာမဟုတ်ဘူး..ဘာလို့ အချိန်ကိုက်ငိုရတာလဲ..ဖေဖေက မေမေ့ကို နမ်းမလို့ သမီးလေးကြောင့် မနမ်းရတော့ဘူး...ဖေဖေ့ သမီးလေးက မလိမ္မာဘူးကွာ...''
"ခစ်..ခစ်..ခစ်..''
"ဘာဆိုင်လို့ နမ်းလို့မရ ရမှာလဲ ကိုကိုရဲ့..သမီးလေးရှိလည်း နမ်းလို့ရပါတယ်..အခုနမ်းလည်း ရတယ်...ကိုကိုမနမ်းရင် ငွေ့နမ်းမှာပေါ့...''
ပြောပြောဆိုဆိုနဲ့ ငွေ့ရည်ဟာ သူမ၏ခြေဖျားလေးကိုထောက်ပြီး အမုန်းလေးကို ချီထားသည့် မင်းခန့်ကို မမှီတမှီအရပ်ကလေးနဲ့ နမ်းလိုက်၏။သူတို့နှစ်ယောက်ကြားက အမုန်းလေးကတော့ တခစ်ခစ်နဲ့ ထောက်ခံနေသည့်အလား ရယ်မောနေတော့သည်။
"ကလေးလေးကိုလဲ မေမေနမ်းပါဦးမယ်နော်...''
"ခဏလေး ငွေ့..ကိုကိုနဲ့ သမီးလေးကိုအတူတူနမ်းမယ်နော်...အမှတ်တရလေးဖြစ်အောင် ဓာတ်ပုံလေးလဲ ရိုက်မယ်...''
"ဟုတ်ကိုကို..''
မင်းခန့်လည်း ဓာတ်ပုံရိုက်ဖို့အတွက် ပိုးလေးကို သွားခေါ်လိုက်ရသည်။ပိုးလေးတင်မဟုတ်ဘဲ မူမူနဲ့အငယ်ဆုံးလေး ဝိုင်းစိန်မပါ ပါလာကြသည်။ဓာတ်ပုံရိုက်ပြီးတဲ့အခါမှာလည်း ပုံလေးတွေက ကြည်နူးစရာကောင်းတာကြောင့် ကြည့်၍မဝပေ။လှနေအောင် ရိုက်ပေးတဲ့ မပိုးလေးကိုလည်း သူ့မှာ ကျေးဇူးတင်၍မဆုံးပေ။
"ကိုကိုကလဲ ဒီပုံတွေကို ကြည့်လို့ဘယ်တော့ပြီးပါပြီမှ ပြီးမှာလဲပြော..ဒီမှာ ငွေ့က ဗိုက်ဆာနေပြီ..''
" ငွေ့ရယ်...''
ပုံတွေအများကြီးထဲမှာမှ အလှဆုံးပုံလေးတစ်ပုံကို သူ့ tiktokအကောင့်မှာ တင်လိုက်တော့သည်။ ဖုန်းကိုပိတ်လိုက်ပြီး ငွေ့ရဲ့လက်ထဲက သမီးလေးကို လက်ပြောင်းချီလိုက်ပြီး ငွေ့ရဲ့ပုခုံးလေးကို ကိုင်လျက် လှပတဲ့ အပြုံးမြူးမြူးလေးတွေနဲ့ အောက်ကို ဆင်လားခဲ့ကြသည်။
************* **************
"သားက ငွေ့ရည်လေးကို တကယ်ချစ်မြတ်နိုးနေပါပြီ မောင်ရယ်...သားရဲ့ နှလုံးသားကို ပွန်းပဲ့နာကျင်စေမယ့် အရာကို မောင်တွန်းအားမပေးပါနဲ့လား...ချို သားကို မခံစားစေချင်ဘူး..''
"မောင် ဒီလိုပြောလိုက်တာ မောင့်ဆန္ဒမဟုတ်ပါဘူး ချို..ညီမလေးရဲ့ ဆန္ဒပါ...ညီမလေးက ကွာရှင်းစာချုပ်မှာပါ လက်မှတ်ထိုးပြီးသား ချို..ထွက်ဖို့တောင် အများကြီးပြင်ဆင်ထားပြီးပြီ..မောင်တို့ကသာ ညီမလေးရဲ့ စိတ်ထဲက အကြံအစည်တွေကို ဘာတစ်ခုမှ မသိခဲ့တာ..''
ကောင်းဟာ စာအိတ်လေးတစ်ခုနဲ့ ကွာရှင်းစာချုပ်ကို ချိုအား ကမ်းလိုက်သည်။ချိုလည်း စာကို ဖတ်လိုက်ပြီးနောက် အားအင်တွေ ကုန်ခမ်းသွားသလို သားအတွက် မျှော်လင့်ချက်မဲ့သွားလေသည်။
"မောင် ဘယ်လိုပဲဖြစ်ဖြစ် ငွေ့ရည်လေး သားကို မကွားရှင်းအောင် ပြောပေးလို့မရလားဟင်..သားအပေါ် မောင်တာဝန်မကျေခဲ့တာတွေအတွက် ဒါလေးကိုတော့ သားအတွက် အဖေတစ်ယောက်အနေနဲ့ လုပ်ပေးပါလား မောင်ရယ်..ချို တောင်းဆိုပါတယ်...''
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ချိုရယ်...''
"ဘာလို့မဖြစ်နိုင်ရမှာလဲ မောင်ရဲ့...ငွေ့ရည်လေးက မောင့်ကို သူ့အစ်ကိုရင်းချာတစ်ယောက်လို ချစ်တယ်..မောင့်စကားကို ဆို အမြဲနားထောင်တယ်လေ..မောင်ကပြောရင် ငွေ့ရည်လေးက သားကို လက်ခံပေးမှာပါ မောင်ရဲ့..ငွေ့ရည်လေး နေကောင်းလာရင် သားကို မကွာရှင်းဖို့ မောင်ပြောပေးနော်...''
ကောင်း သက်ပြင်းရှည်ကြီးချလိုက်တော့သည်။
"မောင့်အပေါ်ခင်တွယ်ပြီး မောင့်အသက်ကို ကယ်ပေးတဲ့ ညီမလေးအပေါ်ကို သူ မပျော်တဲ့ရပ်ဝန်းမှာနေဖို့ မောင်မဆွဲထားချင်ဘူး..မောင့်အပေါ်ထားတဲ့ ညီမလေးရဲ့ ချစ်ခြင်းနဲ့ ဆွဲထားပြီး ကျေးဇူးမကန်းချင်ဘူး ချို..''
"မောင်ကလေ အမြဲတမ်း တခြားသူရဲ့ ခံစားချက်ကိုပဲ ထည့်စဥ်းစားတယ်..ချို့အတွက် သားအတွက် ဘယ်တုန်းကမှ မစဥ်းစားပေးဘူး..''
ချို ပြောတာလည်း မှန်တာကြောင့် သူ့မှာ ဘာမှမပြောနိူင်ပါ။ချို့ကိုလည်း ဆောင်းအတွက်နဲ့ သူစွန့်လွှတ်ခဲ့ဖူးသည်။အခုလည်း ညီမလေးစိတ်ဆန္ဒအရပျော်ရွင်နိုင်ဖို့အရေး သားကို နာကျင်စေရအုန်းမည်။သူ ဘာလုပ်သင့်လဲ။ချိုပြောသလို သားရဲ့နှလုံးသား မနာကျင်ရအောင် သူ့အဖြစ်လို့ မခံစားရအောင် ညီမလေးကိုပဲ ဆွဲထားလိုက်ရမလားဆိုတာ ဝေခွဲမရချေ။
ဆေးရုံမှာတုန်းက ညီမလေးပြောတဲ့ စကားတွေ နာကျင်နေသောမျက်ဝန်းတွေကို ပြန်မြင်ကြည့်မိတော့လည်း ဆက်ပြီးမဆွဲထားချင်တော့ပါ။အခုလက်ရှိ သားပျော်နေတဲ့ အခိုက်အတန့်လေးကို ကြည့်ပြန်တော့လဲ သားကို ဆက်ပြီး ပျော်စေချင်သည်။အခုအနေအထားလေးက သားအတွက်ရော ညီမလေးအတွက်ပါ ပျော်ရွှင်ချမ်းမြေ့စရာကောင်းနေတာကြောင့် ဒီအနေထားပဲဆက်ရှိစေချင်သည်။
"ဟူး...''
"မောင် ကြည့်ပါအုံး...မောင့်သား ပျော်နေတဲ့မျက်ဝန်းတွေကို ကြည့်ပါအုံး မောင်ရယ်...''
ချိုဟာ ဖုန်းကိုကြည့်ပြီး ကောင်းကိုခေါ်၍ပြလေသည်။ချစ်ရပါသော ချစ်ဇနီးသည်လေးနဲ့အသည်းအသက်လို သမီးလေးနဲ့ပါဆိုသည့် စာသားလေးနဲ့အတူ သားတို့ရဲ့ မိသားစုပုံလေးဟာ အပြုံးတွေကိုယ်စီနဲ့ အသက်ဝင်လှသည်။ဒါဟာ ပန်းချီးကားတစ်ချပ်ဆိုရင် လူတိုင်း ပိုင်ဆိုက်ချင်ကြသည့် ပန်းချီးကားလေးတစ်ချပ်ဖြစ်မှာ အသေအချာပင်။အောက်မန့်တွေကလည်း ကောင်းမွန်တဲ့ မန့်တွေသာဖြစ်လေသည်။
"မေမေ့မြေးမလေးက ချစ်ဖို့ကောင်းလိုက်တာဘယ်သူနဲ့ သူလို့ပါလိမ့်..''
ချိုဟာ ဝင်မန့်လိုက်၏။သားဟာ လိုင်းပေါ်မှာ ရှိနေပေမယ့် ချိုမှမဟုတ် မန့်ထားသည့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ဝင်မန့်ထားခြင်းမရှိပါလေ။ထိုပုံလေးကို အကြိမ်ကြိမ် ကြည့်နေကာ ပြုံးနေတော့၏။သားရဲ့ အပြုံးဟာ သူမအတွက် ရင်ကို အေးချမ်းစေသည်။အစဥ်အမြဲ ဒီလိုအပြုံးမျိုးလေးများနဲ့ သားကို အမြဲပင်တွေ့မြင်မိသည်။
"သားတို့မိသားစုလေး မပြိုကွဲဖို့အတွက် ဗေဒင်ကြည့်အုန်းမှပဲ...လောကီပညာရပ်တွေကလည်း မယုံကြည်လို့မရဘူးလေ...ယတြာကောင်းရင် မင်းလောင်းတောင် ဖြစ်တယ်ဆိုတဲ့ စကားတောင် အဆိုရှိခဲ့သေးတာပဲ...''
သူမရဲ့အကြံနဲ့ ထိုသို့တွေးလိုက်ပြီးတော့မှ သားအတွက်လေးလံနေသော စိတ်တွေက လျော့ချသွားပြီး မျက်နှာထက်မှာလည်း ပြုံးရောင်သမ်းလာခဲ့တော့သည်။ကောင်းကတော့ ချိုကိုကြည့်ပြီး နားမလည်သော အကြည့်တို့ဖြင့် ကြည့်လေ၏။
"မောင် ချိုတို့ အိပ်ကြရအောင်...''
"အွန်း...''
ကောင်းအိပ်ရာပေါ်တက်ကာ အရံသင့်ရှိနေတဲ့ ခေါင်းအုံးပေါ်သို့ ခေါင်းချလိုက်တာနဲ့ ချိုဟာ ကောင်းရဲ့ ရင်ခွင်ထဲကို ထိုးဝင်ပြီး ဖက်တွယ်ထားလိုက်၏။ကလေးဆန်ဆန် ချိုရဲ့ အပြုမူလေးကြောင့် ကောင်းပြုံးရင်းဖြင့် ချို့ရဲ့ နဖူးလေးကို နမ်းလိုက်တော့သည်။
"ချို...''
"ပြောလေမောင်...''
"ဘာမှမဟုတ်တော့ဘူး...''
သူဟာ မေးသင့်မမေးသင့် စဥ်းစားလိုက်၏။
"ပြောစရာရှိတာ ပြောပါမောင်ရယ်..ချိုတို့က သူစိမ်းတွေမှ မဟုတ်ဘဲ..နှစ်လွှာပေါင်းမှ တစ်ရွှက်ဖြစ်တဲ့ စွယ်တော်ရွှက်ကလေးလိုမျိုး မဟုတ်လား မောင်...''
"မောင် မေးသင့်သလားလို့ စဥ်းစားနေလို့ပါ..ဟိုလေ.. မောင်တို့ ဟိုနေ့က ချို့အစ်ကို မိတ်ဆက်ပေးတဲ့ တော်ဝင်ဆိုတဲ့ဒေါက်တာက ချို့အစ်ကိုနဲ့ မိတ်ဆွေရင်းတွေလား..''
"အွန်း..ဟုတ်တယ်မောင်..ဘာလို့ပေးတာလဲ...မောင်နဲ့သိလို့လားဟင်...''
"မဟုတ်ပါဘူး ချိုရဲ့...မောင် ဒေါက်တာရဲ့နာမည်ကို ရင်းနှီးသလိုခံစားနေရလို့ပါ...အမှန်တိုင်းပြောရရင် ဆောင်းရဲ့ကိုကြီးများလားလို့ပါ...''
"မဟုတ်လောက်ဘူး မောင်...ဆောင်းရဲ့ကိုကြီးဆိုရင် ကိုကိုကတော့ အဲအကြောင်းတွေကို အကုန်သိမှာပေါ့..အစ်ကိုက သူ့အကြောင်းတွေမှန်သမျှကို ကိုကိုနဲ့အစ်ကိုမင်းဆက်ယံကို ပြောပြတာ မောင်ရဲ့..ဆောင်းရဲ့ကိုကြီးသာဆို မောင်နဲ့လည်း မိတ်ဆက်ပေးပါ့မလား...အခုချိန်မှာ ချိုရဲ့ခင်ပွန်းဖြစ်နေပေမယ့် မောင်ဟာ တစ်ချိန်က ဆောင်းဟေမာန်ရဲ့ခင်ပွန်း ဂျုနီယာလေးရဲ့ဖေဖေဖြစ်ခဲ့တာ မဟုတ်လား...''
ချိုပြောတာ မှန်သည်။ဒေါက်တာသာ ဆောင်းရဲ့ကိုကြီးဆိုရင် ချို့ရဲ့အစ်ကိုဟာ သူ့ကို မိတ်ဆက်ပေးမှာ မဟုတ်ပေ။
"ဆောင်း ဘယ်တွေများ ရောက်နေတာလဲ..သားသားရော ချစ်ဖို့ကောင်းတဲ့အရွယ်တစ်ခုရောက်နေပြီး စကားတွေအများကြီးလဲ တက်နေပြီလား...အဝေးတစ်နေရာမှာ အဆင်ပြေပြေမှရှိနေရဲ့လား ကောင်းသိချင်တယ်...''
မောင့်ရင်ခွင်ထဲကနေ မောင့်မျက်နှာကို မော့ကြည့်ပြီး မောင့်အတွေးတွေကို သိလိုက်ရ၍ ပြုံးလိုက်သည်။ထိုအပြုံးဟာ အရင်လို ပူလောင်ချင်းမရှိပေ။
အခန်းမှတ်ချက်များ (0)