Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း-၁၇

ဆရာမကြီး ဆေးရုံတက်ပြီး သုံးရက်မြောက်နေ့မှာ လင်းမြတ်ပိုင်ဆေးရုံရောက်လာပြီး သူလုပ်ပေးမယ်ကူညီပေးမယ်ဆိုကာ....

အိမ်ခြံမြေလုပ်ငန်းနယ်ပယ်ထဲက သူသိကျွမ်းသမျှ အဆက်အသွယ်တွေကို အသုံးချပြီး မိဘမဲ့ဂေဟာအသစ် ပြောင်းရွှေ့နေရာချထားရေး အစီအစဉ်တစ်ခုလုံးကို အပြီးသတ် စီစဉ်ပေးခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမတို့ဂေဟာရဲ့နေရာဟောင်းလေးက ထားခဲ့ရမှာမို့ လရိပ် အကောင်းဆုံးစဉ်းစားပြီး လင်းမြတ်ပိုင်ရဲ့ အကူအညီကိုလက်ခံလိုက်သည်။

အခုချိန်မှာ ဒီလိုအဆင်ပြေနိုင်တာက သူမခေါင်းမာပြီး အစွဲအလမ်းကြီးနေလို့မရဘူးမလား ဒီအချိန်သူမမှာအရေးကြီးဆုံးက ဆရာမကြီးတာမို့ ကျန်တဲ့ ကိစ္စတွေကို အာရုံမစိုက်နိုင်ပေ။

မြို့ပြင်ဘက်တောင်ခြေမှာရှိတဲ့ အသစ်တိုးချဲ့ထားတဲ့ ရပ်ကွက်ငယ်လေးမှာ ဂေဟာကိုပြောင်းရွေ့ထားသည်။

မြို့ထဲကနေ ကားနဲ့သွားရင် မိနစ် ၂၀ လောက်ပဲ ကြာပြီး ဆေးရုံနဲ့ ကျောင်းတွေပါ အနီးနားမှာရှိတာမို့ အဆင်ပြေလှသည်။

လင်းမြတ်ပိုင်က အဆောက်အအုံတစ်ခုလုံးသုံးထပ်လုံးကို ဈေးကြီးကြီးပေးပြီး ဝယ်လိုက်

ပြီးတော့ ဆောက်လုပ်ရေးကုမ္ပဏီကို တစ်ပတ်အတွင်း ပြုပြင်မွမ်းမံပြီးစီးအောင် ဆောင်ရွက်ခိုင်းခဲ့သည်။

အတွင်းအပြင်ကိုလည်း ကလေးတွေရဲ့ နေထိုင်မှုအလေ့အထနဲ့ ကိုက်ညီအောင် စီစဉ်ပေးခဲ့သလို

အိပ်ရာကနေ မီးဖိုခန်း အပြင်အဆင်အထိတောင် အသေးစိတ် ထည့်သွင်းစဉ်းစားပေးခဲ့သည်။

အဆောက်အအုံရှေ့မှာလည်း မူလ ဂေဟာနေရာထက် သုံးဆလောက် ပိုကျယ်တဲ့ မြက်ခင်းပြင်ကြီးတစ်ခု ရှိကာအလယ်မှာ ဘတ်စကက်ဘောကွင်းနဲ့ ကလေးကစားကွင်း ဆောက်ပေးထားပြီး....

အိမ်နောက်ဘက်မှာလည်း ဟင်းသီးဟင်းရွက်စိုက်ဖို့ မြေကွက်တစ်ခု ပြင်ဆင်ပေးထားသလို

လင်းမြတ်ပိုင်က သီးသန့်ရန်ပုံငွေတစ်ခု ထူထောင်ပေးပြီး...

ကလေးတွေကို စောင့်ရှောက်ပေးဖို့ ကျွမ်းကျင်ဝန်ထမ်း ငါးယောက်ကိုပါ ခန့်ထားပေးသည်။

သီးသန့်ရန်ပုံငွေအဲဒီငွေကြေးဟာ ဆယ်နှစ်အထိ အသုံးပြုနိုင်ပြီး မိဘမဲ့ဂေဟာရဲ့ ကုန်ကျစရိတ်အားလုံးကို ကာမိအောင် စီစဉ်ပေးထားသည်။

ဆရာမကြီးရဲ့ ရောဂါကုသမှုကိုလည်း

မနှောင့်နှေးစေဘဲ အကောင်းဆုံးဆရာဝန်

ကို ခေါ်ပေးထားပေးသည်။

လရိပ် စိတ်ထဲမှာတော့ ဒီအရာအားလုံးဟာ လွှမ်းရဲ့ စီစဉ်ပေးမှုတွေ ဆိုတာ သိနေပေမဲ့ သူမမငြင်းနိုင်ပေ။

ဒီအရာဟာ သူမ ခေါင်းမာလိုက်ရင် သူမရဲ့ ဂေဟာကကကလေးတွေ ဆရာမကြီးရဲ့

ကျန်မာရေးအားလုံးဒုက္ခရောက်သွားမှာပင်။

အခုချိန်မှာ အရေးကြီးတာက ဂေဟာက အရွယ်မရောက်သေးတဲ့ကလေးတွေရယ်..ဒီဂေဟာကို ချစ်တဲ့ ဆရာမကြီးရယ်သာ အဓိကမို့ သူမငြင်းနိုင်သေးပါ။

သူမဘာသာ တစ်ယောက်ထဲ အကုန်လုံးကို ဒီလိုအဆင်ပြေပြေ ရုံးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား။ဘာပဲပြောပြောအခုတော့ ကလေးတွေအတွက် အစစအရာရာ စိတ်ပူစရာမလိုတော့သလို..ဆရာမကြီးလဲ သက်သောင့်သက်သာ နဲ့ပူပန်စရာမလိုဘဲဆေးကုနိုင်ပြီမလား။

သူမသူ့အကြောင်းကို စိတ်ထဲမထည့်တော့သလို ဆရာမကြီးကို ပြုစုပေးရင်း နေ့ရက်တိုင်းမှာ သူမရဲ့ စိတ်နဲ့ ခန္ဓာကို ဆေးရုံမှာသာ အပြည့်အဝမြှပ်နှံထားမိသည်။

တချို့အချစ်တွေက ပြန်လုပ်ယူပြီး အရင်လိုပြန်ဖြစ်လို့လည်း မရတော့သလို... လက်လွှတ်ဖို့လည်း ချက်ချင်းကြီးမလွယ်ကူပေ။

အဲဒီနေ့ ကော်ဖီဆိုင်ကနေ ထွက်လာပြီးနောက် လရိပ် ဆေးရုံအောက်ထပ်က ခုံတန်းလျားတစ်ခုပေါ်မှာ နှစ်နာရီတိတိ ထိုင်နေခဲ့ပြီး...

သူမဘာဆက်လုပ်ရမလဲ ရှေ့ဆက်ဖြစ်လာမဲ့ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲစဉ်းစားမိသည်။

ဒါပေမဲ့ နောက်တစ်နေ့မှာ လင်းမြတ်ပိုင်က မိဘမဲ့ဂေဟာအသစ်အတွက် စီစဉ်ပေးပြီး

ဆေးရုံစရိတ်တွေပါ ကူညီပေးမယ်ဆိုတာကို

ပြောလာတဲ့အခါ သူမရင်ထဲမှာ ခံစားချက်တွေကရှုပ်ထွေးလာခဲ့သည်။

မုန်းတီးမှုတွေအောက်မှာတော့ ချက်ချင်းမဖြတ်နိုင်သေးတဲ့ စိုးရိမ်ပူပန်မှုနဲ့ ဂရုစိုက်မှုတွေ ရှိနေသေးသည်။

နေကမ္ဘာလွှမ်းက နားလည်ရခက်သလို နူးညံ့တတ်ပြီး ရက်စက်တတ်သည်။

တကယ်လို့ သူမတို့နှစ်ယောက်ကြားမှာ အရာအားလုံးသာသူ့ဘက်ကနေ ဆက်ပြီးပတ်မှုမရှိတော့ပဲ ပြတ်ပြတ်သားသား အဆုံးသတ်လိုက်ရင် သူမလည်း အပြီးအပိုင် ပတ်သတ်စရာမလိုတော့ဘူးမလား။

ဒါပေမဲ့ သူက နားလည်ရခက်ခဲတဲ့အရာတွေကို ဆက်လုပ်နေခဲ့သည်...သူဘာဖြစ်ချင်နေမှန်းလည်းသူမ နားမလည်တော့ပေ။

သူက သူမ သူ့ကို တကယ်လက်မလွှတ်နိုင်အောင် လုပ်နေပုံပင်..ဒါမဲ့ လရိပ်ကတော့ သူ့ကို စိတ်ထဲကနေ ဖြည်းဖြည်းချင်းထုတ်နေပြီဆိုတာတော့ သူမသိပုံပင်။

သူမ သူနဲ့ပတ်သတ်တဲ့ကိစ္စမှန်သမျှကို ငိုခြင်း..ပျော်ခြင်း ဘာခံစားချက်မှကို မခံစားရအောင် သူ့ကို စိတ်ထဲကနေ ဆွဲထုတ်နေပြီဖြစ်သည်။

......

Sun လုပ်ငန်းစုရဲ့ CEO ရုံးခန်းကနေကြည့်လိုက်တာနဲ့အဝေးက မိုးမျှော်တိုက်တွေကို ရုံးခန်းထဲကနေ အပြည့်အဝ မြင်နေရသည်။

နံရံမှာ ချိတ်ဆွဲထားတဲ့ ခေတ်မီအနုပညာလက်ရာကလည်း အလွန်တန်ဖိုးကြီးမားသလို...

စားပွဲရဲ့ သတ္တုဘောင်တောင် ဂျာမန်လက်မှုပညာရှင်တွေက လက်နဲ့ပြုလုပ်ထား

တာဖြစ်ပြီး ကြည့်လိုက်တာနဲ့ အဆင့်အတန်း

မြင့်မားမှုကို ဖော်ပြနေသည်။

လင်းမြတ်ပိုင် ပြတင်းပေါက်အပြင်က မြင်ကွင်းကို ကြည့်ရင်း လွှမ်းက သူ့လက်ထောက်နဲ့ ဖုန်းပြောနေတာကိုပြီးအောင်စောင့်နေလိုက်သည်။

ခဏအကြာမှာတော့ လွှမ်းက ဖုန်းချလိုက်ပြီး လင်းမြတ်ပိုင်ရဲ့ မျက်နှာချင်းဆိုင်ခုံမှာထိုင်လိုက်ပြီး...

"ကိစ္စတွေ ဘယ်လိုဖြစ်နေပြီလဲ"

သူမေးလိုက်တော့ လင်းမြတ်ပိုင်က ခေါင်းပြကာ...

"မင်းမှာထားတဲ့အတိုင်း အားလုံးလုပ်ပြီးသွားပြီ"

"မိဘမဲ့ဂေဟာကိစ္စ အားလုံးကိုလည်း စီစဉ်ပြီးပြီ..ဆေးရုံမှာ ဆရာမကြီးကို ပြုစုစောင့်ရှောက်ပေးဖို့ ဆရာဝန်တွေလည်း စီစဉ်ထားပြီးပြီ"

လင်းမြတ်ပိုင်စကားအဆုံး လွှမ်းက အသံတိုးတိုးနဲ့ 'အင်း' လို့သာ တစ်ချက်ပြောလိုက်ပြီး

သူ့လက်ချောင်းသွယ်သွယ်တွေနဲ့ သစ်သားစားပွဲပေါ်ကို ညင်သာစွာ တောက်နေကာသူ့မျက်နှာမှာ ဘာတွေတွေးနေမှန်း ဘေးကလူတွေ မခန့်မှန်းနိုင်ပေ။

လင်းမြတ်ပိုင် လွှမ်းကိုကြည့်ရင်း ခဏတွန့်ဆုတ်‌ နေပြီးမှ နောက်ဆုံးတော့ မမြိုသိပ်နိုင်တော့ဘဲ မေးလိုက်သည်။

"လွှမ်း.. ငါ တစ်ခုလောက်မေးချင်လို့.."

"မင်းနဲ့ နန်းသစ္စာရဲ့ လက်ထပ်ပွဲကလည်းသေချာ ဆုံးဖြတ်ပြီးနေပြီ အဲ့ဒါဆို..လရိပ်ကို မင်း ဘယ်လိုလုပ်မှာလဲ.."

လွှမ်းရဲ့ အေးစက်စက်မျက်လုံးတွေက စူးရဲသွားပြီး...

"အခုလိုပဲ ဆက်ထားမယ်.."

"ဘာ!!!"

ကြားလိုက်ရတဲ့ စကားကြောင့် လင်းမြတ်ပိုင် အံ့သြသွားရသလြိအဲ့ဒီစကားရဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည်ရမှန်း မသိတာမို့ ထပ်မေးလိုက်သည်။

"ဘာကိုပြောတာလဲ... မင်းက နှစ်ဖက်စလုံးကို ဆက်ပြီး ထိန်းထားဖို့ စိတ်ကူးထားတာလား"

လွှမ်းက ဘာမှပြန်မဖြေလာတာကြောင့်

လင်းမြတ်ပိုင် မျက်မှောင်ကြုတ်လိုက်ပြီး...

"မင်းရူးနေတာလားလွှမ်း...လရိပ်က မင်းလုပ်ချင်တဲ့တိုင်း ဒီလိုအစီအစဉ်မျိုးကို ဘယ်လိုလက်ခံမှာလဲ"

လင်းမြတ်ပိုင်ပြောလိုက်တော့ လွှမ်းကအသံကို နိမ့်လိုက်ပြီး ပြတ်သားတဲ့ပုံစံနဲ့...

"သူ လက်ခံလိမ့်မယ်..မဟုတ်ဘူး.."

သူခဏရပ်ပြီး...

"သူ လက်ခံကို လက်ခံရမယ်..လက်မခံလို့မရဘူး"

ပြောပြီး ကြည့်လာတဲ့ လွှမ်းရဲ့ မျက်လုံးတွေက လင်းမြတ်ပိုင် လွှမ်းဆီမှာ တစ်ခါမှ မမြင်ဖူးသေးတဲ့.. အေးစက်ပြီး စွဲမြဲနေတဲ့ အကြည့်တွေက သူ့မျက်လုံးထဲမှာအတိုင်းသား ပေါ်နေသည်။

"လွှမ်း တကယ်လို့… ငါပြောချင်တာက တကယ်လို့ လရိပ်ကလုံးဝ လက်မခံဘူးဆို ဘယ်လိုလုပ်မလဲ"

လင်းမြတ်ပိုင် စိုးရိမ်တကြီးမေးလိုက်ပေမဲ့လွှမ်းက အေးစက်စက် ပြုံးလိုက်ပြီး....

"သူ ဘယ်ကို သွားနိုင်မှာလဲ..."

ပြောရင်းသူက ဖြည်းဖြည်းချင်း ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပြီး လက်ချောင်းတွေကို စားပွဲပေါ်မှာ

တစ်ခက်ချင်း ခေါက်လိုက်ကာ...

"သူ့မှာ ဆွေမျိုးလည်း မရှိဘူး.. သူငယ်ချင်းဆိုတာလည်း မရှိသလောက်ပဲ..ဒီကမ္ဘာမှာ ငါကလွဲပြီး သူ့မှာ ဘယ်သူရှိသေးလို့လဲ"

"လွှမ်း...လရိပ်က မင်းရဲ့ အပိုင်အရုပ် မဟုတ်ဘူးကွ.."

လင်းမြတ်ပိုင် မနေနိုင်တော့ဘဲ ပြောလိုက်တော့

လွှမ်းရဲ့ မျက်လုံးတွေ မှောင်မိုက်သွားကာ သူက သောက်လက်စ ဆေးလိပ်ပြာကို ချေလိုက်ပြီး

ရေခဲတစ်မျှအေးစက်နေတဲ့အသံနဲ့....

"သူ ငါ့ကို မထားခဲ့ပါဘူး..သူက ထားခဲ့ချင်ရင်တောင် ငါခွင့်ပြုမှာမဟုတ်ဘူး.."

လင်းမြတ်ပိုင်း မယုံနိုင်သလို ခေါင်းခါလိုက်ပြီး...

"တကယ်လို့ လရိပ်က မင်းနဲ့အတူနေဖို့ လက်ခံတယ်ဆိုရင်တောင် မဟာမြိုင်မိသားစုကို မင်း ဘယ်လိုလုပ်မှာလဲ"

လွှမ်းကချက်ချင်း မဖြေသေးဘဲ ပြတင်းပေါက်ဘက်ကို လှည့်ကြည့်လိုက်တော့နေဝင်ရီတရောအချိန်မှာ မြို့ပြရဲ့အဆောက်အအုံတွေက တဖြည်းဖြည်း မှုန်ဝါးလာပြီး မိုးမျှော်တိုက်တွေရဲ့ မီးရောင်တွေ တစ်လုံးပြီးတစ်လုံး လင်းလာနေသည်။

သူခဏလောက်ထိုမြင်ကွင်းကို စိုက်ကြည့်လိုက်ပြီးမှ...

"အဲဒီကိစ္စတွေကို ငါ့အစီအစဉ်နဲ့ ငါကိုင်တွယ်မယ်...မင်း စိတ်ပူစရာမလိုဘူး"

သူ့အသံက ကြက်သီးထစရာကောင်းလောက်အောင်တည်ငြိမ် အေးစက်နေသည်။

လင်းမြတ်ပိုင်လည်း ဇွဲမလျှော့သေးဘဲ သူ့အနားကို ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး...

"နန်းသစ္စာက လရိပ် ရှိနေတာကို လက်ခံမှာတဲ့လား..မင်း မရယ်ရတဲ့ ဟာသတွေ ပြောနေတာပဲ"

လွှမ်း..လင်းမြတ်ပိုင်ရဲ့ အမေးကို အေးအေးဆေးဆေးပဲပြန်ဖြေလိုက်သည်။

"နန်းသစ္စာက နားလည်တတ်တယ်..အခြေအနေကြီးတစ်ခုလုံးကိုလည်း သိတယ်ပြီး‌ တော့ဘယ်နေရာမှာ တကယ့်အကျိုးအမြတ်ရှိလဲဆိုတာ သူသိတယ်.."

နောက်ဆုံး လင်းမြတ်ပိုင် ‌ဘာမှဆက်မ‌ ပြောတော့ဘဲ လက်လျှော့လိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

သူ့သူငယ်ချင်းက တစ်ခုခုကို ဆုံးဖြတ်ပြီးပြီဆိုရင် ဘယ်လောက်ကြိုးစားကြိုးစားနောက်ပြန်ဆွဲလို့မရဘူးဆိုတာ သူသိတယ်။ဖြစ်အောင်လုပ်တတ်တဲ့အကျင့်ရှိသည်။

ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မတူဘူး...ဒီတစ်ကြိမ်မှာ လင်းမြတ်ပိုင် လွှမ်းကို တကယ် စိုးရိမ်နေမိသည်။

လင်းမြတ်ပိုင် ဘာမှမပြောတော့ဘဲ သူ့ပခုံးကို တစ်ချက်ပုတ်လိုက်ပြီး တံခါးဆီ လှည့်ထွက်သွားလိုက်ပြီးမှ နောက်ဆုံး သူရင်ထဲမှာ အရမ်း‌ ပြောချင်နေတဲ့ စကားတစ်ခွန်း ပြောလိုက်သည်။

"လွှမ်း..မင်းတစ်ခုခုကို ဆုံးရှုံးပြီးမှ နောင်တရမယ့်အချိန်အထိ မစောင့်နဲ့.. ချစ်ခြင်းကနေ ဘယ်သူမှ အထိအခိုက်မရှိဘဲ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

လွှမ်းကတော့ သူ့စကားကို မျက်မှောင်ကြုံ့ယုံကလွဲရင် ဘာမှပြန်မပြောပေ။

.....

လင်းမြတ်ပိုင်ထွက်သွားပေမဲ့ လွှမ်း မှန်ပြတင်းတွေနားမှာ မတ်တပ်ရပ်နေရင်း မြို့ပြရဲ့ မီးအလင်းရောင်တွေကို ဆက်ကြည့်နေမိသည်။

လင်းမြတ်ပိုင်ရဲ့ အမြင်မှာ သူဟာ အတ္တကြီးပြီး

ရက်စက်တတ်တဲ့သူ ဖြစ်နေမှာအသေအချာပင်။

ဒါပေမဲ့ သူဟာ ဒီကမ္ဘာပေါ်က အရာအားလုံးကို အမျိုးအစားနှစ်မျိုးပဲ ခွဲထားခဲ့တယ်....သူ့ပိုင်ဆိုင်မှုနဲ့ သူ့ပိုင်ဆိုင်မှုမဖြစ်သေးတဲ့အရာနှစ်မျိုးထဲပင်။

ပြီးတော့ သူ့ပိုင်ဆိုင်မှုဖြစ်လာဖူးတဲ့ အရာမှန်သမျှ ငွေကြေးဖြစ်စေ.. အာဏာဖြစ်စေ..လူဖြစ်စေ..သူဘယ်တော့မှ သူ့အနားကနေထွက်ခွာခွင့်ပြုမှာမဟုတ်ပေ။

Sun မိသားစုထဲမှာငယ်ငယ်ထဲက အားနည်းတာကို ခွင့်မပြုခဲ့ကေ။အဘိုးဖြစ်သူရဲ့ သင်ကြားပေးခဲ့တဲ့စကားတွေက သူ့စိတ်ဝိညာဉ်ထဲမှာ သံပူနဲ့ တံဆိပ်ခတ်ထားသလို စွဲနေသည်။

Sun မိသားစုက အရာအားလုံးကို ထိန်းချုပ်နိုင်

ရမယ်..ဘယ်တော့မှ ခံစားချက်တွေရဲ့ ထိန်းချုပ်မှုအောက်ကို မရောက်စေရဘူး။

အဲ့ကတည်းကသူဟာ ကိုယ့်ခံစားချက်တွေကို ဖိနှိပ်တတ်လာတယ်ဆက်ဆံရေးတစ်ခုချင်းစီရဲ့ တန်ဖိုးကို တွက်ချက်တတ်လာတယ်။

သူ့ဘေးမှာရှိနေတဲ့လူတွေကို ခံစားချက်နဲ့မဟုတ်ဘဲ အကျိုးအမြတ်နဲ့ ထိန်းသိမ်းတတ်လာတယ်။

သူရဲ့ ဒီလိုအပြုအမှုတွေက စီးပွားရေးလောကမှာတော့ အလွန်အောင်မြင်စေခဲ့သလိုသူ့ကို အင်အားကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာစေခဲ့တယ်။

ဒါပေမဲ့ လရိပ် နဲ့ တွေ့ခဲ့တဲ့အချိန်မှာတော့ သူက မျက်မမြင်ဖြစ်နေခဲ့တယ်..အမှောင်ထဲမှာ သူ ပထမဆုံးအကြိမ် တစ်စုံတစ်ယောက်အပေါ် မှီခိုရခြင်း ရဲ့အရသာကို ခံစားခဲ့ရတယ်။

ပထမဆုံးအကြိမ်အဖြစ် လူတစ်ယောက်ရဲ့နှလုံးသားက ပေးတဲ့နွေးထွေးမှု ကိုလည်း ခံစားခဲ့ရတယ်။သူ့အနားမှာ ဘာမျှော်လင့်ချက်နဲ့မှမဟုတ်ဘဲ မေတ္တာတစ်ခုထဲနဲ့ ရှိနေတဲ့ သူကိုတွေ့ခဲ့ရတယ်။

လရိပ်ဟာ သူ့ရဲ့အမှောင်ကမ္ဘာထဲကို ထိုးဖောက်ဝင်လာတဲ့ အလင်းရောင်တစ်စင်းလိုပင်သူ့ဘဝထဲကို ခဏတာ နူးညံ့မှုတွေ ယူဆောင်လာပေးခဲ့သည်။

ဒါပေမဲ့ငယ်ငယ်ထဲကရိုက်သွင်းခံခဲ့ရတဲ့ သူ့ရဲ့စိတ်အတွင်းပိုင်းမှာရှိနေတဲ့ ထိန်းချုပ်လိုစိတ် ကတော့ ဘယ်တော့မှ ပျောက်မသွားခဲ့ပေ။

သူ မျက်စိပြန်မြင်လာပြီးနောက်မှာလည်း သူက အရာအားလုံးကို ဆက်ပြီး ထိန်းချုပ်ချင်နေတုန်းပင်။

အတ္တကြီးစွာနဲ့ လရိပ်ရဲ့ ပျော်ရွှင်မှု..ဝမ်းနည်းမှုတွေကနေစပြီး သူမရဲ့ အတိတ်..ပစ္စုပ္ပန်နဲ့ အနာဂတ်အထိ အားလုံးကို သူအတွက်သာ

ဖြစ်စေချင်သည်။

နောက်ဆုံးသူမရဲ့ နှုတ်ခမ်းပေါ်ကအပြုံးကအစ..မျက်ဝန်းက မျက်ရည်စတွေအဆုံး သူ့ကြောင့်သာ ဖြစ်စေချင်သည်။

သူ့ရဲ့ ကမ္ဘာမှာ အချစ်ဆိုတာ အပြန်အလှန်ပေးဆပ်ခြင်းမဟုတ်ပဲ လွှမ်းမိုးပိုင်ဆိုင်ခြင်းပင်။

သူက လရိပ်အတွက် အရာအားလုံးကို လုပ်ပေးနိုင် ခွင့်ပြုပေးနိုင်ပေမဲ့ သူမ..သူ့ကို ထားသွားမှာကိုတော့ ဘယ်တော့မှ ခွင့်ပြုနိုင်မှာမဟုတ်ပေ။

🍃~~~~~🍃

လုံလောက်တဲ့ ငွေကြေးနဲ့ အကျိုးအမြတ်ကို ပေးလိုက်ရင် လူတိုင်းက သူသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း နေထိုင်ဖို့ လက်ခံကြမယ်လို့ လွှမ်းယုံကြည်ခဲ့သည်။

အဲဒီအချိန်တုန်းကတော့ လွှမ်းဟာအရေးကြီးတဲ့အမှန်တရားတစ်ခုကို မသိခဲ့ပေ..

သူ့ဘဝရဲ့အမြင့်ဆုံးနေရာကို ရောက်နေပြီး ငွေနဲ့အာဏာက ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တယ်လို့ သူထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာမှတော့ သူ နားလည်လာခဲ့တာဟာဘယ်လောက်ပဲ အင်အားကြီးတဲ့လူဖြစ်ပါစေ တစ်ခါတလေ ကိုယ်လိုချင်တာကို ရနိုင်မှာမဟုတ်ဘူးဆိုတာပင်။

ဒီကမ္ဘာပေါ်မှာ အရာအားလုံးမှာ အကန့်အသတ်ရှိပြီးအင်အားအကြီးဆုံး ဘုရင်တောင် ညသန်းခေါင်မှာ တစ်ယောက်တည်း နန်းတော်ပေါ်ထိုင်နေရရင် အထီးကျန်မှုကို ခံစားရတတ်မလား...

အချမ်းသာဆုံး စီးပွားရေးသမားတောင် တစ်ချိန်ချိန်မှာ ငွေနဲ့ သူအလိုချင်ဆုံးအရာကို ဝယ်လို့မရဘူး ဆိုတာ သိလာရသည်။

ငွေက ချိုသာစွာ ပြုံးပြတဲ့မျက်နှာတွေကို ဝယ်လို့ရသလိုအာဏာက လူပေါင်းများစွာကို ခေါင်းငုံ့စေနိုင်ပေမဲ့ စစ်မှန်တဲ့နှလုံးသားတစ်ခုကိုတော့ ဝယ်လို့မရဘူးဆိုတာ သူမေ့သွားခဲ့သည်။

အဖိုးတန်ဆုံးခံစားချက်တွေကတော့ လူတစ်ယောက် သူ့ရဲ့အမြင့်ဆုံးနေရာမှာ ရှိနေတဲ့အချိန်မှာပဲ တိတ်တဆိတ် ဘဝထဲကနေ လွတ်ထွက်သွားတတ်သည်။

ကံကြမ္မာက ဘယ်သူ့ဘက်ကိုမှ အမြဲတမ်း မျက်နှာသာပေးနေမှာမဟုတ်သလို...

ရာသီသုံးမျိုး အလှည့်ကျပြောင်းသလိုပဲ

ဘယ်သူမှ ဆောင်းဦးလေပြည်ထဲမှာ

ထာဝရ ရပ်တည်နေနိုင်မှာမဟုတ်ဘူးဆိုတာကို

နောက်ပိုင်းမှာ လွှမ်း နားလည်လာခဲ့သည်။

နောက်ဆုံးမှာ ကျန်ရစ်ခဲ့တာကတော့....

ပြိုကွဲပျက်စီးနေတဲ့အရာတွေနဲ့ ဘာလုပ်ရမှန်းမသိတော့တဲ့ နှလုံးသားတစ်စုံပင်။အရာအားလုံးဟာအချိန်နှောင်းသွားခဲ့ပြီ။

🍃~~~~~~~🍃

« ရှေ့အခန်း - အခန်း-၁၆ နောက်အခန်း - အခန်း -၁၈ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ