Bububai ဝတ္ထု ချစ်ခြင်းတစ်စ နေကမ္ဘာလွှမ်း & လရိပ်မြူ အခန်းစာရင်း

အခန်း-၁၆

လရိပ် ဆရာဝန်တွေအထဲမှာ စစ်ဆေးနေတာမို့ သူမ အခန်းအပြင်မှာ စောင့်နေမိသည်။

ခဏအကြာမှာတော့ ဆရာမကြီးရဲ့ ဆေးရုံ အခန်းတံခါးညင်သာစွာ ပွင့်လာပြီး ဆရာဝန်

က အထဲကနေ မျက်နှာမကောင်းစွာနဲ့ ထွက်လာပြီး...

"လူနာရှင်..မလရိပ်မြူ ခဏလောက် စကားပြောလို့ရမလား"

"ဟုတ်ရပါတယ်ရှင့်..."

ဆရာဝန်ကခေါင်းညိတ်ပြပြီး သူမကို အခန်းနဲ့သိပ်မလှမ်းတဲ့ လျှောက်လမ်းထောင့်တစ်နေရာကိုခေါ်သွားပြီး.....

"ကျွန်တော်တို့...အမှန်အတိုင်းပြောရရင် လူနာရဲ့အခြေအနေက သိပ်မကောင်းပါဘူး"

"အသည်းကင်ဆာက နောက်ဆုံးအဆင့်အထိ ပျံ့နှံ့နေပါပြီ...အဲ့တာအပြင် ဦးခေါင်းဒဏ်ရာလည်း ရထားတော့ သုံးလလောက် အသက်ရှင်နိုင်တာတောင် ကံကောင်းတယ်လို့ ပြောရမှာပါ"

"ဒါကြောင့်လူနာရှင်တွေအနေနဲ့ ...စိတ်ကိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်"

လရိပ် ကြားလိုက်ရတဲ့ စကားတွေကြောင့် ခြေထောက်တွေ အားနည်းသွားပြီး ခွေကျမလို‌ တောင်ဖြစ်သွားရကာ မတ်တပ်ရပ်ဖို့အတွက်

နံရံကိုလှမ်းမှီထားလိုက်ရသည်။

သူမ အားယူပြီး..ဆရာဝန်ကို..

"ဒေါက်တာ ..တခြားနည်းလမ်း လုံးဝမရှိတော့ဘူးလား...ဘယ်လောက်ပဲကုန်ကုန်ကိစ္စမရှိပါဘူး..ကုလို့မရတော့ဘူးလားဟင်"

သူမမေးလိုက်တော့ ဆရာဝန်က ခေါင်းခါပြကာ..

"ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးပါမယ်ဒါပေမဲ့ အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားပေးပါ"

"ကျေးဇူးတင်ပါတယ် ဒေါက်တာ.."

သူမပြောပြီး အခန်းဘက်ကို အားမရှိတဲ့ခြေလှမ်းတွေနဲ့ဖြေးဖြေးချင်းလျှောက်လာ

ခဲ့သည်။

သူမ အခန်းထဲကို ပြန်ဝင်လာတဲ့အခါ ဆရာမကြီးက မျက်လုံးမှိတ်ပြီး ငြိမ်ငြိမ်လေး အိပ်နေပျော်နေသည်။

လရိပ် ဆရာမကြီးရဲ့လေးမှာဝင်ထိုင်လိုက်ရင်း သူမဟာ လွန်ခဲ့တဲ့အချိန်တွေတုန်းက မုသားဆန်တဲ့အချစ်ရေးထဲ နစ်မြုပ်နေခဲ့ပြီး ဆရာမကြီးရဲ့ ပိုပိုပြီး ပိန်လာတဲ့မျက်နှာနဲ့ မကြာခဏဖြစ်လာတဲ့ ချောင်းဆိုးတာတွေကိုတောင် လျစ်လျူရှုမိခဲ့သလို ဖြစ်မိသွားတာကို သတိရလိုက်မိသွားသည်။

အဲဒီတုန်းက သူမ သတိမထားမိခဲ့တဲ့ လက္ခဏာတွေက အခုတော့ သူမရဲ့နှလုံးသားကို ထိုးဖောက်နေတဲ့ ဓားတွေလို ဖြစ်လာခဲ့သည်။

ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ...

သူမ အသည်းအသန်လိုက်ရှာခဲ့တဲ့အချစ်က အိပ်မက်တစ်ခုလို လက်လွတ်သွားခဲ့ပေမဲ့ သူမကို တကယ်ချစ်ခဲ့တဲ့သူကတော့ သေခြင်းတရားနဲ့ တိတ်တိတ်လေး ရင်ဆိုင်နေရတာတဲ့လားးး

လရိပ် ဖုန်းထုတ်ပြီး သံစဉ် ဖုန်းခေါ်လိုက်တော့..

"ဟယ်လို လရိပ် အတော်ပဲ နင်ဖုန်းခေါ်လာတာ ငါလဲ နိုင်ငံခြားကိုလာမယ့်ကိစ္စနဲ့ပတ်သက်ပြီး နင့်ကိုဖုန်းခေါ်မလို့.."

"သံစဉ်... ငါ မလာနိုင်တော့ဘူး"

လရိပ် ..သံစဉ် စကားကို ဖြတ်ပြောလိုက်သည်။

"ဘာ.. ဘာဖြစ်လို့လဲ"

သံစဉ်က စိုးရိမ်တကြီးနဲ့ ချက်ချင်း မေးလာသည်။

လရိပ်..ဆရာမကြီးရဲ့အခြေအနေအားလုံးကို သံစဉ်ကို ပြောပြလိုက်တော့တစ်ဖက်က ဖုန်းကိုင်ထားပေမဲ့ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး နောက်ဆုံး သံစဉ်ရဲ့ အသံတိုးတိုးလေး ထွက်လာသည်။

"ရတယ်..နင်အခုမလာနိုင်‌ သေးလဲဘာမှမဖြစ်ဘူး...ပြီးတော့ပိုက်ဆံကိစ္စကို စိတ်မပူနဲ့ ငါ ထပ်ပြီး ပိုက်ဆံလွှဲပေးမယ်."

"ငါ ပိုက်ဆံအတွက် စိတ်မပူပါဘူး…ဒါပေမဲ့"

ပြောရင်းဆက်မပြောနိုင်သေးဘဲ သူမ ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘဲနဲ့ မျက်ရည်တွေ

ကျလာရသည်။

တစ်ချိန်က သူမငါးနှစ်ကြာ ချစ်ခဲ့ရတဲ့အချစ်ရေးကြောင့် နှလုံးသားကွဲမတတ် ခံစားခဲ့ရပေမဲ့ အခုချိန်မှာတော့ အဲဒီနာကျင်မှုက ဘယ်လောက်တောင် အရေးမပါတာလဲဆိုတာ သိလာခဲ့ရသည်။

အသက်ရှင်ခြင်းနဲ့ သေခြင်းကြားက အကွာအဝေးကသာ တကယ့်အဆုံးမရှိတဲ့ ခွဲခွာခြင်း

မလား။

ဒီလောကမှာ အရက်စက်ဆုံးအရာက ကိုယ်လိုချင်တဲ့အချစ်ကို မရတာမဟုတ်ပဲ.. ကိုယ်ချစ်တဲ့သူနဲ့ အသက်ရှင်လျက် ပြန်မတွေ့နိုင်တော့တာပင်။

သူမ ...ငိုနေတဲ့အသံကိုကြားတော့သံစဉ်က....

"လရိပ်ငါအခု လက်ထဲကအလုပ်တွေကို တတ်နိုင်သလောက် မြန်မြန်ပြီးအောင်လုပ်ပြီး နင့်ဆီပြန်လာခဲ့မယ်နော်.."

"သံစဉ်.. ငါ အရမ်းကြောက်တယ်…"

"လရိပ်.. နင်က ငါတွေ့ဖူးသမျှထဲမှာ အသန်မာဆုံးမိန်းကလေးပါ..နင် ဒီအခက်အခဲကို ကျော်ဖြတ်နိုင်မှာပါ"

"ငါလဲပြန်လာမှာမို့..နင်အားတင်းထားနော်"

"အင်းပါ..အခုလို အစစအရာရာကူညီပေးလို့ကျေးဇူးပါသံစဉ်..."

.....

လရိပ် ဖုန်းချပြီးနောက် ကုတင်ဘေးကို ပြန်သွားလိုက်ပြီး ဆရာမကြီးရဲ့ ပိန်လှီနေတဲ့လက်လေးကို ညင်သာစွာ ဆုပ်ကိုင်ထားလိုက်သည်။

အဲဒီလက်တွေက တစ်ချိန်က မိဘမဲ့ကလေးတွေရဲ့ မျက်ရည်တွေကို အကြိမ်ကြိမ် သုတ်ပေးခဲ့တဲ့လက်တွေ...အခုတော့ အသားအရေတွေ ပျော့တွဲပြီး အရိုးနဲ့အရေပြားပဲ ကျန်တော့သလို ပိန်လှီနေသည်။

"တောင်းပန်ပါတယ် ဆရာမကြီး.."

သူမ တိုးတိုးလေးပြောလိုက်မိသည်။

"ဒီအချိန်တစ်လျှောက်လုံး ကိုယ့်အကြောင်းကိုပဲ တွေးပြီး တစ်ကိုယ်ကောင်းဆန်နေခဲ့မိတယ်"

"ဆရာမကြီး အရင်တုန်းက သမီးကို ပြောခဲ့တယ်လေ… ဘဝဆိုတာ ဘယ်သူ့ကိုမှ အမြဲတမ်း ရက်စက်နေမှာမဟုတ်ဘူးလို့...အခု သမီးကလည်း ဆရာမကြီးကို အဲဒီစကားပဲ ပြန်ပြောချင်တယ်"

"ဆရာမကြီး...ပြန်သက်သာလာရမယ်နော်..."

ပြောပြီး သူမ ဆရာမကြီးလက်ကို ဆုပ်ကိုင်လျက် ပါးပြင်မှာအပ်ထားမိသည်။

....

အဲဒီနောက်ပိုင်း ရက်တွေမှာတော့ လရိပ်ဟာ ဆရာမကြီးရဲ့အနားကနေ မခွာဘဲ နေခဲ့သည်။

အပြင်ဘက်မှာ နေရောင်က တောက်ပနေဆဲ.. ဆေးရုံမှာလည်း လူတွေက ဝင်လိုက်ထွက်လိုက်နဲ့ ရှုပ်ယှက်ခတ်နေကြပေမဲ့ လရိပ်ရဲ့ကမ္ဘာမှာတော့ ဒီအခန်းလေးနဲ့ ကုတင်ပေါ်ကတဖြည်းဖြည်းအားနည်းလာတဲ့ဆရာမကြီး

တစ်ယောက်သာ ကျန်တော့သည်။

ဆရာမကြီး အိပ်တုန်းလရိပ်ဖုန်းက တုန်ခါလာပြီး မသိတဲ့နံပါတ်တစ်ခုကနေဖုန်းဝင်လာတာမို့

သူမ ခြေသံမထွက်အောင် အခန်းထဲကနေ ထွက်ပြီး ဖုန်းကိုင်လိုက်သည်။

"ဟယ်လို...လရိပ်မြူ ကျွန်မ နန်းသစ္စာပါ"

"မိဘမဲ့ဂေဟာကိစ္စနဲ့ ပတ်သက်ပြီး ရှင်နဲ့ စကားပြောချင်တယ်"

လရိပ် ဖုန်းကို တင်းတင်းဆုပ်ထားလိုက်ပြီး...

"ကောင်းပြီ...ဘယ်မှာတွေ့မလဲ"

"ဆေးရုံရှေ့က ကော်ဖီဆိုင်မှာကျွန်မ ရောက်နေပြီ"

ဖုန်းချပြီးနောက် လရိပ် အခန်းထဲက အိပ်ပျော်နေတဲ့ ဆရာမကြီးကို တစ်ချက်ပြန်ကြည့်လိုက်ပြီးမှ အသက်ပြင်းပြင်းရှူပြီး ရှုပ်ပွနေတဲ့ဆံပင်ကို သပ်သပ်ရပ်ရပ် ပြန်ပြင်လိုက်ကာထွက်လာခဲ့လိုက်သည်။

သူမ ကော်ဖီဆိုင်ရောက်တော့ နန်းသစ္စာက ဆိုင်ထဲက ပြတင်းပေါက်ဘေးမှာ ထိုင်နေပြီဖြစ်သည်။

သူမရောက်လာတော့ နန်းသစ္စာက..

"ထိုင်ပါ.."

သူ့ ရှေ့ကထိုင်ခုံကို လက်ဟန်နဲ့ ညင်သာစွာ ပြလာသည်။

လရိပ်တဲ့တင်းမာတဲ့ မျက်နှာထားကိုမပြောင်းဘဲ ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို စားပွဲပေါ်မှာ တင်လိုက်ကာ...

"မနန်းသစ္စာ တည့်တည့်ပဲပြောပါ"

သူမပြောလိုက်တော့ နန်းသစ္စာက ကော်ဖီကို အေးအေးဆေးဆေး မွှေရင်း အပြုံးတစ်ခု

ဖန်တီးလိုက်ကာ....

"မိဘမဲ့ဂေဟာရှိတဲ့ မြေကွက်က ကျွန်မတို့လုပ်ငန်းအတွက် အရမ်းအရေးကြီးတယ်

အဲဒီမြေကွက်က စီးပွားရေးဇုန်တစ်ခုလုံးကို စီမံကိန်းချထားတဲ့အခါ လိုအပ်နေတဲ့ နောက်ဆုံးအပိုင်းပဲ"

"ကျွန်မ ဝယ်မယ့်ဈေးကိုလည်း တိုးပေးထားပြီးပြီ..အဲဒီမြေကွက်ကို နောက်ဆုံးတော့ ရောင်းရမှာပဲဆိုတာ ရှင်လည်း သိမှာပါအဓိပ္ပာယ်မရှိဘဲ ဘာလို့ ဆက်ပြီး တားဆီးနေတာလဲ"

လရိပ် သူ့စကားကြောင့် မျက်လုံးတွေ အေးစက်သွားပြီး....

"အဲဒီမြေကွက်က ကလေးတွေအတွက် ပိုအရေးကြီးတယ် အဲဒါက သူတို့ရဲ့အိမ်ပါ"

"အိမ်.."

ပြောပြီးနန်းသစ္စာက လှောင်လိုက်ကာ..

"အဘွားအိုတစ်ယောက်နောက်ကို လိုက်ပြီး

နေကြရတဲ့ ကလေးတစ်စုက အိမ်လို့ခေါ်တာလား"

"ဒီလိုနေရာမျိုးက ဘယ်လိုအိမ်မျိုးလဲဆိုတာ ရှင်က ဘယ်သူထက်မဆို ပိုသိမှာပဲလေဟုတ်တယ်မလား"

လရိပ်အဲ့စကားကြောင့် မျက်လုံးထဲမှာ နာကျင်မှုတစ်ခု ဖြတ်ပြေးသွားပေမဲ့ ချက်ချင်း ဖုံးကွယ်လိုက်ကာ....

"မနန်းသစ္စာ စကားကို သတိထားပြောပါ"

"ဟက်...ဒီစီမံကိန်းကို Sun လုပ်ငန်းစု..."

ပြောရင်း နန်းသစ္စာက ခဏရပ်လိုက်ပြီးမှဆက်ပြောလာသည်။

"ဒီစီမံကိန်းကို Sun လုပ်ငန်းစုနဲ့ မဟာ group တို့ ပူးပေါင်းဖော်ဆောင်နေတာပါ"

"လွှမ်းက ရှင့်ကို လုံးဝဂရုမစိုက်ဘူး.. မဟုတ်ရင် ရှင်ချစ်မြတ်နိုးတဲ့ မိဘမဲ့ဂေဟာကို ကျွန်မတို့ကုမ္ပဏီက ထိတွေ့ခွင့်ရပါ့မလား"

လရိပ် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး

သူမ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

နန်းသစ္စာကတော့ ပြောရင်း ထရပ်လိုက်ပြီး သူမကို အပေါ်စီးကနေ ကြည့်ကာ...

"နောက်ဆုံးတစ်ခါပဲ ပြောမယ်..ဒီမိဘမဲ့ဂေဟာကို မဖြစ်မနေ ပြောင်းရမယ်..ကံကောင်းတာက အဲဒီအဘွားအိုကလည်း မကြာခင် သေတော့မှာမလား..."

အဲဒီစကားကြားလိုက်ရတဲ့အခါ လရိပ် ဒေါသတွေထွက်ပြီး လုံးဝသည်းမခံနိုင်တော့ပေ။

ဆရာမကြီးကို စော်ကားပြောတာကိုတော့ သူမ

လက်မခံနိုင်တာမို့....

သူမလည်း ရုတ်တရက် ထရပ်လိုက်ပြီး နန်းသစ္စာရဲ့ မျက်နှာကို ဖြန်းခနဲ ပါးရိုက်ချလိုက်သည်။

"ဖြန်းး!"

ရိုက်ချက်က ပြင်းတာမို့ ကော်ဖီဆိုင်ထဲမှာ အဲဒီအသံက အလွန်ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကလူတွေပါ လှည့်ကြည့်လာကြသည်။

နန်းသစ္စာက မထင်ထားတဲ့ပုံမို့ အစပိုင်းမှာ အံဩသွားပြီး ဒေါသတွေထွက်နေတဲ့မျက်လုံးနဲ့ကြည့်လာပေမဲ့ ချက်ချင်း သူ့ နှုတ်ခမ်းထောင့်မှာတော့ ထူးဆန်းတဲ့အပြုံးတစ်ခု ပေါ်လာတာကြောင့်...

လရိပ် လည်း ကြောင်သွားပြီးမှ နန်းသစ္စာကြည့်နေတဲ့ဘက်ကို လှည့်ကြည့်လိုက်တော့ သူမနောက်ဘက် မလှမ်းမကမ်းမှာ တိတ်တဆိတ် ရပ်နေတဲ့ လွှမ်း ကို တွေ့လိုက်ရသည်။

တစ်ချိန်က သူမရဲ့နှလုံးသားကို လှုပ်ခတ်စေခဲ့တဲ့ မျက်လုံးတွေက အခုတော့ ရေခဲလို အေးစက်နေပြီး သူမကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေသည်။

နန်းသစ္စာက ချက်ချင်း လွှမ်းအနားသွားလိုက်ပြီး သူ့လက်မောင်းကို ဆွဲကိုင်လိုက်ကာ မျက်ရည်တွေကလည်း ပါးပြင်ပေါ် တစ်လျှောက်စီးကျလာပြီး..

"လွှမ်း… ကျွန်မက သူ့ကို မိဘမဲ့ဂေဟာကိစ္စ ပြောပြရုံပါပဲ…"

လွှမ်းက နန်းသစ္စာကို တစ်ချက်တောင် လှည့်မကြည့်သေးဘဲ သူ့မျက်လုံးတွေက လရိပ်ဆီမှာပဲ ရှိနေကာ...

"လရိပ်..."

ခေါ်လိုက်တဲ့ သူ့အသံက တည်ငြိမ်နေပေမဲ့ အရေးမပါတဲ့ စာရွက်စာတမ်းတစ်ခုကို ရှင်းပြနေသလိုပုံစံမျိုးပင်။

"မိဘမဲ့ဂေဟာကိစ္စက စီးပွားရေးအရ သုံးသပ်ပြီး ဆုံးဖြတ်ထားတာ..သူတို့ဘက်က လုံလောက်တဲ့ လျော်ကြေးပေးမှာ ဒီကိစ္စလေးအတွက် သစ္စာကို အခက်တွေ့အောင် မလုပ်သင့်ဘူး"

သူ့လေသံမှာ စီးပွားရေးဆန်တဲ့ အေးစက်မှုတစ်ခုပဲ ရှိနေကာ...နွေးထွေးမှုမရှိဘူး..ခံစားချက်မရှိဘူး...သူမတို့နှစ်ယောက်ကြားက အတိတ်ကိုလည်း လုံးဝ ထည့်သွင်းစဉ်းစားထားပုံ မရပေ။

လရိပ်သူတို့နှစ်ယောက်လုံးကို စိတ်ကုန်သလိုသာကြည့်လိုက်မိသည်။

သူမနှုတ်ခမ်းတွေကို တင်းတင်းစေ့ထားပြီး မျက်လုံးတွေကတော့ စူးရဲနေသည်။

နန်းသစ္စာရဲ့လှည့်ကွက်က ဘယ်လောက်တောင် သိသာလိုက်သလဲ..သူမအတွက်တော့ အကြိမ်ပေါင်းရာနဲ့ချီ ကြည့်ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်လိုပဲ။

အပြစ်ရှိတဲ့သူက ကြောက်လန့်နေတဲ့မျက်နှာနဲ့ မျက်ရည်ကျမယ်...အပြစ်မရှိတဲ့သူကတော့ ဘေးမှာ ကြမ်းကြမ်းတမ်းတမ်းရပ်နေမယ်။

ဘယ်လောက်တောင် ရိုးအီနေတဲ့ဇာတ်ကွက်လဲ။

ကလေးတစ်ယောက်တောင် အလွယ်တကူ မြင်နိုင်တယ်။

ဒါပေမဲ့ တချို့လူတွေကတော့ အဲဒီဇာတ်လမ်းကို ယုံချင်လို့ကို ယုံနေကြတာပင်။

အချစ်ဆိုတာ ဘယ်တော့မှ တရားမျှတမှာမဟုတ်ပေချိန်ခွင်ရဲ့ နှစ်ဖက်လိုပဲ။

တစ်ဖက်ကို ပိုအလေးပေးလိုက်ပြီဆိုရင် ကျန်တစ်ဖက်က ပိုပြီး အလျှော့ပေးရတော့မှာပဲ။

နန်းသစ္စာ သေချာစီစဉ်ထားတဲ့ လှည့်ကွက်တိုင်း အောင်မြင်နေတာက သူမက အရမ်းထက်မြက်လို့ မဟုတ်ပဲလွှမ်းက သူမကို ယုံပေးနေလို့ပင်။

လရိပ် ပြောချင်စိတ်မရှိတာမို့ဘာမှဆက်မပြောနေတော့ဘဲအိတ်ကို ကောက်ယူပြီး လှည့်ထွက်လာခဲ့သည်။

ကော်ဖီဆိုင်ရဲ့ မှန်တံခါးက သူမနောက်မှာ ပိတ်သွားပြီး အထဲက အသံတွေအားလုံးကို တစ်ခါတည်း ဖြတ်တောက်ပစ်လိုက်သည်။

ဒီတစ်ခါတော့ သူမ တကယ်နားလည်သွားပြီ...

ဘက်လိုက်မှုရှိနေတဲ့နေရာမှာ တစ်စုံတစ်ယောက်ကတော့ မဖြစ်မနေ နာကျင်ရမှာပဲ။

ကံဆိုးစွာနဲ့ အဲဒီလူက သူမ ဖြစ်နေခဲ့တာပေါ့...

တစ်ချိန်က အရမ်းရင်းနှီးခဲ့တဲ့ လူရဲ့ပုံရိပ်ကို တစ်ချက်ကြည့်လိုက်ပြီး သူမရင်ထဲမှာ ခံစားခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကနေ လွတ်မြောက်သွားသလို ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူမ လှည့်ထွက်သွားခဲ့သည်..ဒီတစ်ခါတော့ သူတို့နှစ်ယောက်ကို နောက်ပြန်လှည့်မကြည့်တော့ဘဲ ထွက်လာခဲ့သည်။

« ရှေ့အခန်း - အခန်း- ၁၅ နောက်အခန်း - အခန်း-၁၇ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ