မင်းခန့်တစ်ယောက် အလုပ်လုပ်နေပေမယ့်လည်း အလုပ်တွေဘယ်လောက်ပဲ အရေးကြီးကြီး မူမူဆီကို ဖုန်းဆက်ပြီး ငွေ့ရည်နဲ့အမုန်းလေးအကြောင်း လှမ်းလှမ်းမေးသည်မှာ အကြိမ်ကြိမ်ပင်။အလုပ်လုပ်နေရတဲ့ တစ်နေ့တာကိုလဲ သူ့မှာ အမြန်ဆုံး ကုန်ဆုံးချင်သည်။
"မင်းမျက်နှာက ဘာဖြစ်နေတာလဲ မင်းခန့်ရာ...မင်းကိုကြည့်ရတဲ့ငါတို့တောင် ထိုင်းမှိုင်းတယ်...ဘာလဲ စိတ်က မိန်းမဆီမှာကျန်ခဲ့ပြီး ခန္ဓာကိုယ်ကြီးပဲ အလုပ်ကိုရောက်လာတာလားကွာ..''
"ဟုတ်တယ်ကွာ..ငွေ့ကိုစိတ်မချဘူးကွ...ငွေ့ရဲ့စိတ်က အရင်လိုမဟုတ်တာ မင်းတို့လဲ သိတာပဲလေ...တစ်ခါတစ်ခါ ကလေးကိုဖျက်ချလိုက်အကြောင်း သတိရသွားရင် သူကိုယ်သူ နာကျင်လုပ်တာကို ငါမခံစားနိူင်ဘူးကွာ..ငါ ငွေ့အနားမှာ မရှိတဲ့အချိန်လေးမှာ ငွေ့သူ့ကိုယ်သူ တစ်ခုခုလုပ်မိမှာဆိုးတယ်ကွာ...''
သူပြောတဲ့အခါ မိုးည သူရိန်နဲ့ဇွဲပြည့်တို့ဟာ ခေါင်းည်တ်ကြလေသည်။သူမ ဆုံးဖြတ်လိုက်တဲ့အရာက သူမအတွက် ဘဝမှာ နောင်တရတရားဖြစ်နေတော့လဲ သေချင်စိတ်မိတာလဲ မဆန်းပါလေ။သူမ မေ့ပျောက်သွားချက်လောက်တဲ့အထိ သူမရဲ့လုပ်ရပ်က ရက်စက်ခဲ့တာမဟုတ်ပါလား။
"အခုရော မင်းမမရဲ့စိတ်အခြေအနေက အရင်လိုပဲလား...နည်းနည်းလေးတောင် ကောင်းလာတဲ့လက္ခဏာမပြဘူးလား မင်းခန့်...''
သူရိန်ကမေးတဲ့ မေးတဲ့အခါ သူ ခေါင်းညိတ်ပြရင်း ပြောလာခဲ့၏။
"ငါ အရင်အခြေအနေကို ပြန်မရောက်ချင်ဘူး..
ငွေ့ရဲ့အမုန်းတွေကို ငါမလိုချင်ဘူးကွာ...ဒီအခြေအနေကလေးအတိုင်းပဲ လိုချင်တယ်..ငါ့ကို အတ္ထကြီးတယ်ပဲပြောပြောကွာ...ငွေ့ကို ဒီအတိုင်းလေးပဲ ငါ့နားမှာရှိနေစေချင်တယ်...''
မင်းခန့်ပြောလာသည့်စကားကို မိုးည ဘဝင်မကျတာကြောင့် ပြောသင့်မပြောသင့်မစဥ်းစားတော့ဘဲ ပြောလိုက်မိသည်။
"မင်းက မမကို အရူးတစ်ယောက်လို ရှိနေစေချင်ပဲ မင်းခန့်...မင်း မမကို တကယ်ချစ်တယ်ဆိုက ဟုတ်ရောဟုတ်ရဲ့လား...''
"မိုးည..''
မိုးညရဲ့ စကားဟာ သူ့ကို အောက်တန်းကျသည့်လူတစ်ယောက်လို့ ဒဲ့မပြောလိုက်ယုံတမယ် ရင့်သီးတဲ့စကားလုံးဖြစ်တာကြောင့် အော်လိုက်မိ၏။ ဒေါသနဲ့ထွက်ပေါ်လာတဲ့ သူ့အသံဟာလဲ အခန်းထဲတွင် ဟိန်းထွက်သွားသည်။
"မင်းနေရာမှာ တခြားတစ်ယောက်ဆို ငါထိုးပြီးပြီမိုးည...မင်းစကားတွေက ဘောင်ကျော်နေပြီ...ငါ ငွေ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ မင်းတို့သိဖို့မလိုဘူး...ငါသိရင်ရပြီ...ငါ့အချစ်ကို ငွေ့ခံစားရရင် ရပြီ...''
"ငါတောင်းပန်တယ် မင်းခန့်...ငါက မမကို အခုလိုပုံစံဖြစ်နေတာကို မကြိုက်လို့ ပြောလိုက်မိတာပါ...''
"ဟုတ်ပါတယ် မင်းခန့်ရာ..မိုးညပြောတာမှန်လဲ သဘာဝကျပါတယ်...မင်းမိန်းမလို ထက်မြက်တဲ့ မိန်းမတစ်ယောက်ကို အခုလိုမျိုးကြီးနဲ့ အချိန်တွေမကုန်ဆုံးစေချင်ဘူး...''
သူရိန်က နှစ်ဖက်နှစ်လမ်းကနေ ကြားချကာ ဝင်ပြောလေသည်။သူရိန်ရဲ့ စကားတွေဟာ သဘာဝကျတာကြောင့် မင်းခန့် ခေါင်းအောက်စိုက်လျက် ငြိမ်နေ၏။
အလုပ်ကရောက်တာနဲ့အရင်ဆုံး သမီးကိုပင် ထွေးပွေ့မနမ်းနိုင်ဘဲ ငွေ့ရဲ့ မျက်နှာအမူအရာကို အကဲခတ်ကြည့်မိသည်။တစ်နေ့ရွှေဖြစ်လိုက် တစ်နေ့ငွေဖြစ်လိုက် ဖြစ်နေတက်တဲ့ ငွေ့ရဲ့ စိတ်အခြေအနေကြောင့် သူ့မှာ စိတ်မပူလို့မရပေ။တစ်ခါတစ်ခါကျ သူမစိတ်ကို စိုးမိုးထားသော လှန့်ခြားစရာ စကားလုံးတွေက သူမစိတ်တွေကို လွှတ်ထွက်သွားပြီး အော်ဟစ်ငိုကြွေးရင်း ပုံမှန်ပြန်ဖြစ်လာပြီး သူ့ကို အကြည့်စူးစူး မြှားလို သူ့နှလုံးသားကို စိုက်လာတဲ့ စကားလုံးတွေကြောင့် သူ့မှာ ခံစားရသည်။ငွေ့ရဲ့ စိတ်အစဥ်ဟာ အမျိုးမျိုး ဖြစ်ဖြစ်နေတာကြောင့် သူ့မှာ စိတ်မပူဘဲ မနေနိုင်ပါ။အခုလို သူမ အဆင်ပြေပြေ ရှိနေတာ မြင်လိုက်ရမှ စိတ်အေးနိုင်သည်။
"မပိုးလေး သမီးလေးကို ကျွန်တော့်ကို ပေးပါဦးဗျာ..ကျွန်တော် နမ်းပါဦးမယ်...''
လို့ပြောရင်း ပိုးလေး လက်ထဲကနေ သမီးလေးကို ချီလိုက်ပါတော့သည်။သူ့အချီကို ဘယ်အချိန်ထဲက စောင့်နေသလဲ မသိပါ။ချီလိုက်တာနဲ့ အတင်းပင် လိုက်ပါတော့သည်။ထိုအခါ သူ့မှာ ပီတိဖြစ်လို့ မဆုံးပေ။
ချစ်စရာကောင်းတဲ့ သမီးလေးရဲ့နာမည်ကို ပေးထားလိုက်သည်မှာ အမုန်းချည်တဲ့လေ။မိုးညဆီကနေ သမီးလေးရဲ့ နာမည်ကို ငွေ့က ဘာကြောင့်ဒီလိုမှည့်ရသလဲဆိုတာကို သိလိုက်ရချိန်မှာ ယောကျ်ားတန်မည့် မျက်ရည်တို့ ကြွေကျခဲ့ရသည်။
"အယ် အမုန်းလေးက ဘယ်အချိန်ထဲက လိုက်ချင်နေတာလဲ မသိဘူး မင်းခန့်ရေ ..''
မင်းခန့် အမုန်းလေးကို ချီထားလိုက်ရင်း ပိုးလေးကို ကြည့်ပြီး
"မပိုးလေး..နောက်ဆို ကျွန်တော့်သမီးလေးကို အမုန်းလေးလို့ မခေါ်ပါနဲ့..အဲလိုခေါ်တာကို ကျွန်တော် မကြိက်ဘူး...''
"အင်းပါ..အစ်ကိုလေးက မကြိုက်ဘူးဆို မပိုးလေး နောက်မခေါ်တော့ဘူးနော်...ကလေးလေးက အစ်ကိုလေးကို သူ့အဖေမှန်းသိနေပြီ..ခေါ်လိုက်တာနဲ့ အတင်းလိုက်တော့တာပဲ...''
ပိုးလေးပြောတာကို သဘောတကျကျနဲ့ ပြုံးပြီး သမီးလေးရဲ့ ပါးပြင်လေးကို နမ်းကာ
"ကျွန်တော့်သမီးလေးကလဲ ကျွန်တော့်ကို လွမ်းနေလို့နေမယ် မပိုးလေးရေ..သမီးမိန်းကလေးတွေက အဖေချစ်ကလေးတွေပဲ မဟုတ်လားဗျာ
ဒါနဲ့မပိုးလေး ကျွန်တော့်သမီးလေးကို ငွေ့ နို့တိုက်တယ်မလား..''
"ဘယ်လိုပြောရလဲ အစ်ကိုရယ်...မမလေး ကလေ တစ်ခါပဲတိုက်ပြီး နောက်ထပ်ကလေးကို နို့မတိုက်ဘူးကွယ်...မပိုးလေးလဲ ကလေးက ငိုတော့ နောက်ဆုံး နို့ဗူးပဲဖျော်တိုက်လိုက်တယ်...''
မင်းခန့် ခေါင်းလေးညိတ့်ပြီး
"မပိုးလေး သွားလို့ရပါပြီဗျ...''
"အင်း...''
"ဖေဖေ့သမီးလေးကို မေမေက နို့မတိုက်ဆို ဟုတ်လား...မေမေ ဆိုးနေပြီနော်..''
မင်းခန့် သူ့လက်ထဲက သမီးလေးကို နမ်းလိုက်ပြီး စကားတွေပြောလိုက်တော့သည်။သမီးလေးကတော့ ဘာမှနားမလည်ပေမယ့် သူ့ကို ရယ်ပြလေသည်။အခုချိန်မှာတော့ သူ့ဟာ ငွေ့နဲ့သမီးလေးကို ချစ်မဝဖြစ်နေပါတော့သည်။သူ့အတွက် ငွေ့နဲ့သမီးလေးက သူ့ဘဝအရာရာ။ငွေ့က သူ့အသက်ဆိုရင် သမီးလေးက သူ့အသက်ဆက်တေးလေးပါ။
"ဒီလောက်ချစ်စရာကောင်းတဲ့ သမီးလေးကို ဖေဖေကမချစ်ပဲ နေမလားနော်..သမီးကို မချစ်ဘူးလို့ သမီးမေမေက ဘာလို့ထင်ရတာလဲ...သမီးပဲ မေမေ့ကို ဖေဖေက သမီးကိုချစ်ပါတယ်လို့ ပြောလိုက်ပေးနော်...အခုတော့
ပုခတ်ထဲမှာ မငိုဘဲ ခဏနေဦးနော်... ဖေဖေ့ရဲ့အကျိုးတော်လေးရေ...ဖေဖေ မေမေဆီကို သွားလိုက်ဦးမယ်...''
လို့ပြောတော့ သမီးလေးဟာ မျက်လုံးလေးများ မှိတ်သွားသည်အထိ ပြုံးပြလာသည်။အသဲယားယားနဲ့ ပါးနှစ်ဖက်ကို နမ်းလိုက်ပြီး သမီးလေးကို ပုခတ်ခြင်းလေးထဲ ထည့်လိုက်တော့သည်။ထို့နောက် အိပ်ရာထဲမှာ လှဲနေတဲ့ ငွေ့ရည်ရဲ့အနားကိုသွားပြီး တင်မလွှဲလေး ထိုင်လိုက်ပြီး ကိုယ်စောင်းကာ နဖူးလေးကို နမ်းလိုက်၏။ဝင်းမွတ်နေသော ပါးလေးကို ဖွဖွလေး အသာ ပွတ်သပ်ပြီး
"ကိုယ်လေ အရင်လိုငွေ့ မုန်းနေမှာကို ကြောက်တယ်...ကိုယ့်ကို ကွားရှင်းစကားဆိုလာပြီး သမီးလေးကို ကိုယ်နဲ့အဝေးဆုံးကို ခေါ်သွားမလားဆိုတာကို တွေးမိရင်တောင် မခံစားနိုင်ဘူး ငွေ့ရယ်...ငွေ့မုန်းသွားမှာကြောက်လို့ ငွေ့နဲ့သမီးလေးကို ဆုံးရှုံးရမှာကြောင့်လို့ ငွေ့ကို ဒီအတိုင်းလေးပဲ ရှိစေချင်တာ ကိုယ် အတ္ထကြီးသွားသလား ငွေ့ရယ်...ကိုယ့်အချစ်က ငွေ့အပေါ်မတရားသလိုများ ဖြစ်သွားသလားဟင်...''
သူ့ကြောင့် ငွေ့နိုးသွားမှာ ဆိုး၍ သမီးလေးဆီကို ပြန်လာခဲ့သည်။သမီးလေးကတော့ အိပ်ပုတ်လေးလားမသိ အချိန်ခဏလေးမှာ အိပ်ပျော်သွားသည်။ငွေ့ကလဲအိပ် သမီးလေးကလဲအိပ်ဆိုတော့ သူလည်း လက်တော့ပ်တစ်လုံးနဲ့ အလုပ်လုပ် လုပ်နေလိုက်တော့သည်။
ဖုန်းဝင်လာတဲ့အခါ ဖုန်းကိုယူပြီး ကြည့်လိုက်တော့ ကြွေရုပ်ဆီကနေ ဖြစ်သည်။သူလည်း တွန့်စွန့်ခြင်းမရှိဘဲ ကိုင်လိုက်သည်။ချစ်သူဟောင်းဆိုပေမယ့် သူတို့နှစ်ယောက်ဟာ သူငယ်ချင်းလို မောင်နှမတွေလို ဖြစ်သည်။
"ဟလို ကြွေရုပ်..''
"ကိုခန့်..ကြွေရုပ် ဖေဖေဆီကနေ တီချယ်နဲ့ဦးဘုန်းရဲ့ ပက်သတ်မှုကို သိလာခဲ့ရပြီ..အဲဒါကြောင့် ကိုခန့်ကို ပြောချင်လွန်းလို့ ဖုန်းဆက်လိုက်တာ..ကိုခန့်ထင်သလို ဦးဘုန်းနဲ့တီချယ်က ချစ်သူတွေလဲမဟုတ်သလို ဘာဆက်ဆံရေးမှ မရှိခဲ့ဘူးတဲ့..''
ဦးဦးနဲ့ငွေ့ဟာ ချစ်သူတွေလဲမဟုတ်သလို ရင်းနှီးတဲ့ ဆက်ဆံလေးလဲ မရှိဘူးဟူ၍ သူ ပျော်သွားသည်။ဒါပေမယ့် ဦးဦးဆီမှာ ငွေ့ရဲ့ဓာတ်တွေရှိနေတာကိုတော့ သူသဘောမကျချေ။ဘာကြောင့် ရှိနေရတာဆိုတာ သိချင်မိသည်။
"ဟင်..အဲတာဆို ဘာလို့ဦးဦးဆီမှာ ငွေ့ရဲ့ပုံတွေရှိနေရတာလဲ...''
"အဲတာက ဒီလိုပါ ကိုခန့်...ဖေဖေနဲ့ဦးဘုန်းတို့ ဆရာဝန်အဖြစ်နဲ့ မိုးကုတ်ကို တာဝန်ကျတုန်းက ဆယ်တန်းကျောင်းသူဖြစ်တဲ့ တီချယ်ကို ဆေးကုပေးရင်းနဲ့ အစချီတာဆိုပဲ။ဦးဘုန်းက နေမကောင်းလို့ ဆေးရုံရောက်လာတာတဲ့ တီချယ်ကို မြင်မြင်ချင်းချစ်သွားတာလို့ ဖေဖေကပြောတယ်။ဦးဘုန်းတင်မဟုတ်ဘဲ ဖေဖေပါ တီချယ်ကို ကြွေသွားတာတဲ့လေ။အဲနေ့ကစပြီး ဦးဘုန်းက အပြုံးအရယ်မရှိတဲ့ တီချယ်ကို အမြဲလိုက်ပြီး တီချယ့်ကွယ်ရာကနေ ဓာတ်ပုံအမြဲရိုက်တယ်ပြောတယ်။တီချယ့်ကို ရူးရူးမူးမူးချစ်နေတဲ့ ဦးဘုန်းကြောင့် ဖေဖေက တီချယ်နောက်ကို မလိုက်တော့တာတဲ့လေ။လွန်ခဲ့တဲ့ နှစ်တွေကတောင် ဦးဘုန်းက တီချယ်ကိုချစ်ခွင့်ပန်မလို့ တီချယ်ရှိတဲ့ မိုးကုတ်ကို သွားခဲ့သေးတယ်တဲ့ ကိုခန့်ရဲ့..တီချယ်က အမျိုးသားတစ်ဦးကိုနဲ့ ရယ်မောရင်း အိမ်ထဲကို နှစ်ယောက်သားဝင်သွားလို့ ဦးဘုန်း ဆိုင်သူရှိတယ်လို့ထင်ပြီး ...''
"ရပြီ ကြွေရုပ်..ကိုယ်ဒီလောက်ဆို သဘောပေါက်ပြီ...ကိုယ်သိချင်တဲ့ အဖြေကိုရှာပေးလို့ ကျေးဇူးပါပဲ...''
ကြွေရုပ်ပြောတာကိုတောင် ဆုံးအောင်နားမထောင်ပဲ သူသိချင်တဲ့အဖြေတစ်ခု ရသွားသည်ဖြစ်၍ သူစကားဖြတ်ပြောလိုက်တော့သည်။
"အွန်းပါ..အဲဆိုဒါပဲနော်..ကိုခန့်...ကြွေရုပ်အားတဲ့တနေ့ တီချယ်ဆီကိူ လာခဲ့ပါအုန်းမယ်...''
"ဘယ်အချိန်ဖြစ်ဖြစ်လာခဲ့ပါ...လာတဲ့အခါလဲ ကိုယ့်ကို ပြောအုန်းနော်...ကိုယ်မရှိတဲ့အချိန်နဲ့ကြုံနေမှာ ဆိုးလို့ပါ...''
"အင်း လာရင်ကြိုပြောမယ်နော်...ဖုန်းချလိုက်ပြီ..ဘိုင်ဘိုင်...''
ကြွေရုပ်နဲ့ ဖုန်းပြောပြီးတာနဲ့ သူ အိပ်နေသည့် ငွေ့ကို လှမ်းကြည့်လိုက်၏။
"ငွေ့အတွက် ကိုယ်က အချစ်ဦးနဲ့အချစ်ဆုံး ယောကျ်ားတစ်ယောက်ဖြစ်ချင်တယ်ငွေ့ရယ်...ကိုယ့်အတွက်တော့ ငွေ့က အချစ်ဦးမဖြစ်ခဲ့ပေမယ့် အချစ်ဆုံးပါ...''