သမီးလေး အရွယ်တစ်ခုရောက်လာခဲ့ရင်သူ့ရဲ့ ထွေးပွေ့မှုကြင်နာမှုတွေ မရခဲ့တာကို သိရင် ခံစားရမယ်ဆိုတဲ့ အတွေးတွေကို ဘယ်လောက်များတွေးပြီး ခံစားနေလိုက်ရလို့ ဒီကလေးကိုလဲ သမီးလေးလို ခံစားရမှာကြောက်လို့ ဒီကလေးကို ဖျက်ချဖို့အတွေးကို နာနာကျင်ကျင် ဆုံးဖြတ်လိုက်တာ သူမရင်ထဲ ဘယ်လောက်တောင် ခံစားနေရလဲဆိုတာ သူ တွေးကြည့်လိုက်ယုံ သိလေသည်။
"အဲဒါကြောင့် ဒီရက်တွေမှာ မျက်နှာမကောင်းဖြစ်နေတာလား ခင်ဗျားရယ်...''
မင်းခန့် ငွေ့ရည်ရဲ့အနားမှာ ရှိနေပြီး ချောင်ချသွားတဲ့ မျက်နှာကလေးကို ကိုင်လိုက် လက်ကလေးတွေကို ဆုပ်ကိုင်လိုက် တစ်ညလုံးမအိပ်ဘဲ ရှိနေခဲ့သည်။
"သား အိပ်လိုက်ပါဦးလား..မေမေ စောင့်နေပေးမယ်လေ...''
"ရတယ်မေမေ..ဒါနဲ့ ညကမေမေနဲ့အိပ်တာ သမီးလေး ငိုလား...''
"ကလေးဆိုတော့ နို့ဆာတဲ့အခါ ငိုတာပေါ့သားရယ်...''
"ဘာ ငိုအောင်ထားတာလဲမေမေရာ..သားလေ သမီးလေးရဲ့ ငိုသံမကြားချင်းဘူး...''
သံစဥ်ချိုလည်း သားကိုကြည့်ပြီး ခေါင်းဆက်မိသည်။
"သားက ကလေးငိုတိုင်း ကောင်မလေးကို ဒီလိုပြောတာပဲလားကွယ်...သွေးနုသားနုနဲ့အချိန်မှာ သားကအဲလိုမျိုးပြောတော့ မိခင်တစ်ယောက်အနေနဲ့ ဘယ်စိတ်ကောင်းပါ့မလဲ သားရယ်...''
"ဗျာ..''
သမီးလေး ငိုတဲ့အခါတွေမှာ သူ ပြောခဲ့တာ အကြိမ်ကြိမ်အခါခါပင်။အဲလိုပြောတာလဲ တခြားရည်ရွယ်ချက်မရှိတာ သူသာလျှင်သိသည်။သမီးလေးငိုတဲ့အခါ သမီးလေးရဲ့ငိုသံကိုမကြားချင်ဘူးဆိုတာက သမီးလေးငိုတဲ့အခါ အသားဖွေးဖွေးလေးက နီးရဲတွတ်ပြီး လည်ချောင်းကွဲမတက် ငိုနေတာကို မကြည့်ရက်လို့ပါ။သူ သမီးလေးကို မငိုစေချင်ပါ။ရယ်နေတဲ့ မျက်နှာကလေးကိုသာ မြင်တွေ့ချင်သည်။
ထို့ကြောင့် သူမက အထင်လွဲပြီး အခန်းပြောင်းပြီး သမီးလေးကို သူမမြင်အောင် ငိုသံသဲ့သဲ့ကလေးတောင် မကြားရအောင် ထားထားလိုက်သေးသည်။သူ မနိုင်တဲ့အဆုံးမှာ အမိန့်ဆန်ဆန် စကားလုံးတွေနဲ့ အနားမှာ ပြန်ထားခဲ့သည်။
"မင်းနဲ့လဲခက်ပါတယ် သားရယ်...အခုလိုပြသာနာတွေ ဖြစ်သွားရတာ သားအမှားကြီးပဲ သိလား...မင်းဦးဦးကတော့ မင်းကိုတော်တော်လေး စိတ်ဆိုးနေတယ်..မေမေနဲ့မင်းဖေဖေကို ပြောတယ်.. ကောင်မလေး နေကောင်းရင် ကွားရှင်းပေးလိုက်တော့တဲ့လေ...''
"ဘာ..ဘာပြောလိုက်တယ် မေမေ...ဦးဦးက ဘာလို့အဲလိုပြောရတာလဲ..သားက သားမိန်းမကို ဘာလို့ကွာရှင်းပေးရမှာလဲ..ဖေဖေတောင် ဘာမှမပြောတာကို ဦးဦးက ဘာဖြစ်နေတာလဲ...''
"သားဦးဦးပြောတာလဲ မှန်တယ် သား..သားလဲ ကောင်မလေးကို ချစ်ခင်စုံမက်လို့ လက်ထက်ထားတာမှ မဟုတ်ပဲကွယ်...စောစောစီးစီး လမ်းခွဲလိုက်တာက သားတို့နှစ်ယောက်အတွက် အကောင်းဆုံးပဲ...''
"တော်ပြီဗျာ...ဒီလိုစကားတွေ ပြောမယ်ဆိုရင် မေမေပြန်တော့..သမီးလေးကို သားကိုပေးခဲ့..မမူကိုသာ ဒီကိုလွတ်လိုက်ပါမေမေ...''
ချို ပြုံးလိုက်မိသည်။သားက ကောင်မလေးအပေါ် အရောင်ပြောင်းလာတဲ့ ပုံစံလေးကို မြင်ရတဲ့အခါ စိတ်ချမ်းသာရလေသည်။သားတို့ မိသားစုလေး ပျော်ရွင်တဲ့မိသားစုအသိုက်အဝိုင်းလေး ဖြစ်လာဖို့ ကောင်မလေး အမြန်ကောင်းလာဖို့သာ လိုတော့သည်။
"ဖေဖေ့သမီးလေးက ချိုချိုဆို့ချင်နေပြီ.. မေမေက မနိုးသေးဘူးနော်..မေမေက အိပ်ပုတ်လေးပဲနော်..''
"ဝိုး...ဝိုး..''
"ဖေဖေ့စကားကို နားလည်လို့လား..ချစ်လိုက်တာ သမီးရယ်...''
မင်းခန့် အမုန်းလေးကို ချီထားရင်း သူမနိုးအလာကို စောင့်နေသည်။တော်တော်နဲ့ နိုးမလာသေးတော့ စိတ်ပူပြီး တေဇာဆီကို ဖုန်းဆက်မေးလိုက်၏။တေဇာဆီက ဘာမှ မဖြစ်ဘူးလို့ ပြောတော့မှ စိတ်ချနိုင်သည်။
"မြန်မြန်နိုးလာပါတော့ ခင်ဗျားရယ်..''
ငွေ့ရည် နိုးလာတဲ့အခါ မင်းခန့် တေဇာနဲ့ဘုန်းမင်းကို ဖုန်းဆက်လိုက်၏။ ပြီးမှ ကောင်းတို့ကို ဖုန်းဆက်ပြောလိုက်တော့သည်။
"ခင်ဗျား နေလို့ကောင်းရဲ့လား...ဗိုက်ဆာလာ..တစ်ခုခုစားမလား..ဘယ်နားနာနေလဲ..ကျွန်တော့်ကိုပြောပြနော်..ကြားလား..''
ငွေ့ရည် နိုးလာထဲက မျက်လုံးတွေဟာ တစ်နေရာထဲကိုသာ ကြည့်ပြီး ငြိမ်နေ၏။သူပြောတဲ့အခါမှာလည်း ဘာမှပြန်တုန့်ပြန်ဘဲ တွေတွေကြီးနဲ့ မျက်လုံးထောင့်ကနေ မျက်ရည်တွေသာ စီးကျလာသည်။သူမရဲ့ မျက်ရည်တို့ကို မြင်ရတဲ့အခါ သူ့ရင်ဘတ်တစ်ခုလုံး နင်းခြေခံလိုက်ရသလို ခံစားလိုက်ရသည်။ ငွေ့ရည်ရဲ့ အသိစိတ်မကပ်တဲ့ ထိုပုံစံကို ကြည့်ပြီး မင်းခန့်မှာအပြစ်ရှိသလို ခံစားရသလို နှလုံးသားတစ်ခုလုံးလဲ နာကျင်ရလေသည်။
"ငွေ့ရည် စိတ်ထဲဘာမှ မတွေးနဲ့နော်...အမတို့အားလုံးက မင်းကို တစ်ဖက်သတ် အပြစ်တင်ခဲ့တာပါ..မောင်ဟာ မင်းကြောင့်သေရတာဆိုပြီး အမတို့ မင်းအပေါ်မုန်းခဲ့မိတယ်...လူသတ်သမားတစ်ယောက်လို့ပြောခဲ့ကြတယ်...ငါ့တူငါ့သားငါမောင်က နင့်ကြောင့် မသေသင့်ဘဲသေရတာလို့
နှလုံးသားနုနယ်သေးတဲ့ ကလေးသာသာ မင်းအပေါ်ကို ကြောက်စရာကောင်းတဲ့ စကားလုံးတွေနဲ့ ပြောဆို ပြစ်တင်ရှုံ့ချခဲ့တဲ့အတွက် အမတို့ တောင်းပန်ပါတယ်...အဲဒါကြောင့် အမတို့ပြောတဲ့စကားလုံးကို မေ့ပစ်လိုက်ပြီး စိတ်သစ်လူသစ်နဲ့ ပျော်စရာတွေတွေးပြီး နေကြရာအောင်နော်...''
နုနယ်က စကားတွေအများကြီးပြောကာ တောင်းပန်နေပေမယ့်လည်း အစိတ်ပျောက်ဆုံးသွားတဲ့ သူတစ်ယောက်လို ဖြစ်သွားတဲ့ ငွေ့ရည်ကတော့ တွေတွေကြီး တစ်နေရာကိုသာ စိုက်ကြည့်နေဆဲပင်။
"နုနယ် အစ်ကိုကို အစ်ကို့ညီမလေးနဲ့ နုနယ်ရဲ့မောင်ဖြစ်သူရဲ့ ပက်သတ်မှုကို ပြောပြပေးနိုင်မလား...''
"ဟုတ် အစ်ကို..နုနယ်ပြောပြပါ့မယ်...နုနယ်ရဲ့မောင်လေးဆုံးတုန်းက အသက်ဆယ့်သုံးနှစ်ပဲရှိပါသေးတယ်။မောင်လေးက မတော်တဆမှုကြောင့် အသက်သေဆုံးရတာပါ...ငွေ့ရည်က ကြာပန်းလိုချင်တယ်ဆို့လို့ မောင်လေးက ခူးပေးရင် ရေနစ်သွားတာ အစ်ကို...အဲဒါကြောင့် နုနယ်တို့ အသိုင်းအဝိုင်းက အဲလိုစကားတွေနဲ့ သူ့နားထဲကို ပဲ့တင်ထပ်နေအောင် အကြိမ်ကြိမ်အခါခါ ရိုက်သွင်းခဲ့မိတယ် အစ်ကို...''
နုနယ်ဆီက သူမရဲ့ အတိတ်ကစိတ်ဒဏ်ရာဟောင်းကို သိလိုက်ရတော့ အားလုံးစိတ်မကောင်းဖြစ်ရလေသည်။ဘုန်းမင်းတေဇာဆိုရင်လဲ မျက်ရည်တို့ ကျလာခဲ့တယ်။မင်းခန့်ကတော့ ငွေ့ရည်ရဲ့လက်ကလေးကို ဆုပ်ကိုင်ပြီး သူ့ပါးနားကပ်ကာ ငိုကြွေးလေသည်။ကောင်းသန့်ကိုကိုနဲ့ထက်ဝေယံဆို ရင်ထုမနာဖြစ်ရလေသည်။
သူ့တို့ယောက်က သူငယ်ချင်းထားပါလားလို့ပြောရင် အမြဲငြင်းပြီး သူတို့နှစ်ယောက်ရှိလို့ သူငယ်ချင်းမလိုဘူးလို့ အမြဲပြောသည်။သူငယ်ချင်းမထားတဲ့ အကြောင်းကိုအခုမှ သိလိုက်ရတော့တယ်။ကောင်း ငွေ့ရည်ရဲ့နဖူးလေးကို နမ်းလိုက်ပြီး
"ကိုကိုကြောင့် ညီမလေး အရမ်းခံစားနေရပြီး..ကိုကို တောင်းပန်ပါတယ် ညီမလေးရယ်..ကိုကို ပြောခဲ့မိတာ သိပ့်မှားသွားတယ်...''
အချိန်တော်တော်ကြာမှ သူမနူတ်က ဖျော့တောတော့အသံလေးနဲ့ အားနည်းစွာ ထွက်ပေါ်လာသော စကားသည်မှာ
"လူသတ်သမားမဟုတ်ဘူး..''
"ကိုကိုယုံပါတယ် ညီမလေးရယ်...ကိုကိုယုံပါတယ်ကွာ...''
ထိုစကားတစ်ခွန်းသာပြောပြီး ညီမလေးက နောက်ထပ်ဘာတစ်ခွန်းမှ ထပ်မပြောတော့ပေ။သားရဲ့ လက်ထဲမှာ ရှိနေတဲ့ ကလေးကိုတောင် မကြည့်သလို မေးလည်းမမေးတော့ပါ။နာကျင်စရာကောင်းတဲ့ စကားတွေကြောင့် ကလေးတောင် မေ့သွားသည့်နှယ်။မျက်လုံးထောင့်က မျက်ရည်တို့ကတော့လဲ စီးကျလျက်။
သူမရဲ့ အခြေအနေမဟန်ဟာ ပုံမှန်မဟုတ်တာကြောင့် စိတ်ရောဂါဆရာဝန်နဲ့ပြဖို့အတွက် ဘုန်းမင်းတေဇာက သူ့အသိဆရာဝန်တစ်ယောက်နဲ့ ချိတ်ဆက်ပေးထားသည်။ထို့ကြောင့် ထိုဆရာဝန်နဲ့ တွေ့ဆုံဖို့ ကောင်းနဲ့ချိုက သွားရလေသည်။နုနယ်နဲ့တေဇာရယ် ဘုန်းမင်းနဲ့ထက်ဝေယံလဲ အလျှိုလျှိုနဲ့ အခန်းထဲက ထွက်လာခဲ့ကြတော့သည်။ကောင်းတို့အားလုံးပြန်သွားတဲ့အခါ အခန်းထဲမှာ သမီးလေးရယ် မင်းခန့်နဲ့ သူမသာ ကျန်ခဲ့လေ၏။
"ငွေ့ သမီးလေးကို နို့တိုက်ရအောင်နော်..သမီးလေးက နို့ဗူးမသိပ့်မဆို့တော့ ခဏခဏငိုနေတယ် သိလား...''
မင်းခန့်ပြောပြီး ငွေ့ရည်ရဲ့အနားကို ကလေးချပေးလိုက်သောအခါ ငွေ့ရည်ရဲ့ မျက်လုံးအိမ်တွေက ယခင်ကလို တသေတည်းမဟုတ်တော့ဘဲ လှုပ်ရှားလာ၏။သို့သော် သမီးကို မချီဘဲ ကြည့်သာကြည့်နေသည်။
"ချီလိုက်ပါ ငွေ့ရယ်...သမီးက သူ့မေမေချီတာကို လွမ်းနေတာ...ငိုတောင်နေပြီ ချီလိုက်ပါနော်...ငွေ့က လိမ္မာတယ်.. ကျွန်တော့် ပြောစကား နားထောင်မယ်မဟုတ်လား ငွေ့...''
သူချော့ပြောလဲ ငွေ့ရည်ဟာ ကြွက်ကြွက်ညံအောင်ငိုနေသော ကလေးငယ်လေးကို ဒီအတိုင်းသာကြည့်နေ၏။ တခြားသူတစ်ယောက်လို ဖြစ်သွားတဲ့ ငွေ့ရည်ကို ကြည့်ပြီး မျက်ရည်တို့ကျလာသည်။သူ့ကြောင့် ခဏတာ မိခင်မေတ္ထာငတ်သွားရတဲ့ သမီးလေးကိုကြည့်ပြီးလဲ သူ့နှလုံးသားလဲ နာကျင်ကြေမွရလေတော့သည်။
သူငယ်ချင်းတွေဖြစ်ကြတဲ့ သွန်းသွန်းရယ်ဇွဲပြည့်ရယ် သူရိန်နဲ့မိုးညရယ်အပြင် ကြွေရုပ်ပါ သတင်းလာမေးကြသည်။သူမ ဒီလိုဖြစ်သွားရတဲ့ အကြောင်းစုံကို သိလိုက်ရတဲ့အခါ မိုးည သူရိန် ဇွဲပြည့်တို့ကတော့ ဒီအကြောင်းတွေကို ကြိုသိနေခဲ့တာကြောင့် စိတ်မကောင်းကြသည်။ သွန်းသွန်းနဲ့ကြွေရုပ်ကတော့ သူ့ကိုအပြစ်တင်စကားတွေနဲ့ ထိုးနှက်လာသည်။
သုံးရက်ပြည့်တော့ ဆေးရုံက ပြန်ဆင်းလာခဲ့သည်။မမူတစ်ယောက်ထဲနဲ့ အိမ်အလုပ်တွေ ငွေ့နဲ့သမီးလေးကို ကြည့်ပေးဖို့က အလုံလောက်တဲ့အတွက် ကောင်းရဲ့မိဘတွေအိမ်က အကူနှစ်ယောက် ခေါ်ထားလိုက်ရသည်။
"ငွေ့ ကျွန်တော် အလုပ်သွားတော့မယ်...မမူထမင်းကျွေးရင် မစားပဲ မနေရဘူးနော်..ထမင်းစားပြီး ဆေးလဲမှန်မှန်သောက်ရမယ် သိလား..ကျွန်တော်အပြန်ကြရင် ငွေ့ကြိုက်တဲ့ ကြေးအိုးဝယ်ခဲ့မယ်နော်...''
ငွေ့ရည် ခေါင်းညိတ့်ပြ၏။ငွေ့ရည် ခေါင်းညိတ့်ပြတဲ့အခါ သူပြုံးလိုက်တော့သည်။
"လိမ္မာတယ်...သမီးလေးကိုလဲ နို့တိုက်ရမယ်နော်..သမီးလေးကို ငွေ့ကချစ်ရင် ငိုအောင်မရထားရဘူး သိလား..''
ငွေ့ရည်က ခေါင်းထပ်ညိတ့်ပြတဲ့အခါ မင်းခန့်ဟာ ထပ်ပြုံးလိုက်ပြန်သည်။
"ငွေ့က လိမ္မာလို့ ဆုရမယ်နော်..ကျွန်တော် ပေးတာကို ယူမယ်မလား ..''
ငွေ့ရည် ခေါင်းညိတ့်လိုက်တာနဲ့ မင်းခန့်မှာ နွားပြာကြီး အောက်သွားလွှတ်သလို ပြုံးဖြီးပြီး ငွေ့ရည်ရဲ့ နူတ်ခမ်းလေးကို နမ်းလိုက်သည်။ထို့နောက် အပြုံးမြူးမြူးကလေးနဲ့ ငွေ့ရည်ကို ကြည့်ပြီး ဆိုလိုက်၏။
"ငွေ့ လိမ္မာရင် ကျွန်တော် နေ့တိုင်း ဆုချမယ်နော်...ကြိုက်တယ် မလား ငွေ့...''
ထိုအခါ ငွေ့ရည်က သူ့ကို ဘာမှပြန်မပြောတော့ပေ။ သူနမ်းလိုက်၍လား သူနေ့တိုင်းနမ်းမယ်ပြောလိုက်၍လား မသိ မျက်နှာတစ်ခုလုံး ပန်းရောင်သမ်းသွားတော့သည်။ထိုပုံစံလေးကိုကြည့်ပြီး အခန်းထဲက ထွက်ခါနီးကို ထပ်နမ်းသွားကာ ပြုံးစစနဲ့ မှိုရသည့် မျက်နှာကလေးနှယ်။