သူ အိမ်ကထွက်လာထဲက မျက်နှာမကောင်းသော သူမကြောင့် မပျော်မရွင်ဖြစ်ရသည်။လူက အလုပ်လုပ်နေရပေမယ့် စိတ်က သူမဆီကို ရောက်နေသည်။ထမင်းမှစားပါမလား၊ထမင်းစားလိုက်ရင် အန်နေမလား တွေးပူရပြန်သည်။စိတ်တွေဟာ တစ်မနက်လုံး လေးလံနေပြီး တစ်ခုခုကို ခံစားမိနေတာ ဘာကြောင့်မှန်းမသိချေ။ရှုပ်ထွေးနေတဲ့ စိတ်တွေကြောင့် မင်းခန့် မနေသာတော့ဘဲ မူမူဆီကို ဖုန်းဆက်ဖို့ ပြင်လိုက်၏။ထိုအချိန်မှာပင် မိခင်ဖြစ်သူ ချို့ဆီကနေ ဖုန်းဝင်လာ၍ အရင်ကိုင်လိုက်ရသည်။မေမေရဲ့ သူမဆေးရုံတက်ရလို့ ဆေးရုံကို အမြန်လာခဲ့ဖို့ ပြောလာတာကြောင့် သူမကို စိုးရိမ်တဲ့ စိတ်တွေပူထူသွားလေ၏။
နေမကောင်းနေတဲ့ သူမကို ပစ်ထားမိပြီး ကုမ္ပဏီကိုလာခဲ့မိတဲ့ သူကိုယ်သူ အပြစ်တင်၍မဆုံးပေ။သူမသာ တစ်ခုခုဖြစ်သွားခဲ့ရင် ဖေဖေဟာလဲ သူ့ကိုခွင့်လွတ်နိုင်မည်မဟုတ်သလို သူကိုယ်တိုင်လဲ သူ့ကိုသူခွင့်မလွတ်နိူင်ပါ။
သူဆေးရုံကိုရောက်တာနဲ့ သူမရှိရာအခန်းကို အပြေးအလွှားဝင်လာခဲ့သည်။အခန်းထဲကို သူရောက်လာတဲ့အခါ ကုတင်ပေါ်မှာ သွေးမရှိတဲ့ပုံစံလို ဖြူရော်ရော်ဖြစ်နေတဲ့ သူမကို မြင်လိုက်ရတော့ နှလုံးသားဟာတစ်ဆစ်ဆစ်နဲ့နာကျင်ခံစားရလေသည်။
မေမေ့ကိုကြည့်တော့ မေမေဟာငိုထားသည်မှာ မျက်လုံးတွေ နီမြန်းနေ၏။ဖေဖေနဲ့ဖေဖေ့သူငယ်ချင်းကို ကြည့်လိုက်တော့လဲ သူတို့ရဲ့ မျက်လုံးတွေမှာ ဝမ်းနည်းနေမှုထက် ဒေါသရောင်လွမ်းနေသည်။သူ့ကို ဒေါသထွက်နေသည်ဆိုတာအသေအချာပင်။
"မေမေ သူဘယ်လိုဖြစ်သွားတာလဲဗျာ...သား သူနေမကောင်းနေတာပေမယ့် ဒီလောက်ထိ ဖြစ်သွားမယ်မထင်မလို့ အလုပ်သွားလိုက်မိတာ ...အရမ်းစိုးရိမ်စရာဖြစ်သွားလား မေမေ...''
"ရိုးရိုးနေမကောင်းဖြစ်တာမဟုတ်ဘူးသား..ကလေးဖျက်ချလိုက်လို့ သွေးသွန်များပြီး ဆေးရုံတင်လိုက်ရတာ..''
မထင်မှတ်ထားသည့် စကားကို ကြားလိုက်ရချိန်မှာ သူ့ခြေထောက်တွေ ယိုင်နဲ့သွားပြီး မျက်ရည်တို့ကျလာသည်။
"ကလေးရှိနေခဲ့တာကို သူမသိဘူး..သူမကရော ဘာလို့ သူ့ကိုမပြောပြတာလဲ..''
အခုတော့ ကလေးမရှိတော့မှ သူမဆီမှာ သူ့ရင်သွေးလေးထပ်ရှိနေတာကို နောက်ကျမှ ဝမ်းနည်းစွာ သိခွင့်ရလေသည်။
"မဖြစ်နိုင်ဘူး မေမေ..သူ ဖျက်လိုက်တာ လုံးဝမဖြစ်နိုင်ဘူး...မတော်တဆ ပျက်ချသွားတာနေမှာပါ...''
"မဟုတ်ဘူးသား..သားထင်သလိုအစက မေမေတို့လဲ အဲလိုပဲ ထင်ခဲ့တာ...ဆေးစစ်ချက်အရ သားဦးဦးပြောတာကတော့ ကိုယ်ဝန်ပျက်ချစေတဲ့ ဆေးကိုသုံးစွဲလိုက်တာကြောင့်ပါတဲ့...သူမလေးက ရည်ရွယ်ချက်ရှိရှိ ကလေးကို ဖျက်ချလိုက်တာ သား...''
"ဗျာ...''
"ဘာလို့ ဒီလိုရက်စက်တဲ့အလုပ်မျိုး လုပ်ရတာလဲ..ဘာလို့ အပြစ်မရှိတဲ့ သွေးခဲသာသာလေးကိုဗျာ...ကျွန်တော့်ကို မုန်းလို့ ဘာအပြစ်မှမရှိတဲ့ ကျွန်တော့် ရင်သွေးကို သတ်ပစ်ရတဲ့အထိ ခင်ဗျား ကျွန်တော်ကို မုန်းရလားဗျာ..ခင်ဗျား သိပ််ရက်စက်တယ်..''
မင်းခန့် ဒူးထောက်ချလျက်သား ပြောရင်း ငိုကြွေးလေသည်။ဘာကြောင့် သူမဒီလိုလုပ်ရတာလဲဆိုတာ စဥ်းစားဖို့ ဦးနှောက်မှာ မဖြေမရှိတော့ချေ။ကလေးလေးကိုတောင် တစ်ယောက်ထဲမွေးခဲ့တဲ့ သူမက ဒီကလေးကို ဖျက်ချဖို့ဆို ဘယ်လိုမှမဖြစ်နိူင်ပါ။ချိုနဲ့ကောင်းမှာ ကလေးအတွက်ခံစားနေရတဲ့ သားကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရလေသည်။
သူတို့အားလုံးလဲ ပန်းငွေ့ရည်ရဲ့ လုပ်ရက်ကို နားမလည်နိုင်ဖြစ်ရသည်။အာလုံးထဲမှာတော့ သူမရဲ့စိတ်ကို အသိဆုံးဖြစ်တဲ့ ကောင်းသန့်ကိုကိုနဲ့ထက်ဝေယံပင်။ကောင်းကတော့ တောက်တစ်ခတ်ခတ်နဲ့ သူမနိုးအလာကို ဒေါသတွေနဲ့ စောင့်စားနေသည်။
ငွေ့ရည် နိုးလာတဲ့အခါ ဆေးနံ့တွေရလိုက်၍ သူမရောက်နေတဲ့နေရာဟာ အိမ်မဟုတ်တာကို ခံစားမိသည်။ကျိန်းနေတဲ့ မျက်လုံးတွေကို အားယူပြီး ဖွင့်ကြည့်လိုက်တော့ အသက်မယ့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ သူမကိုကြည့်နေတဲ့ ကောင်လေးရယ်၊မျက်နှာမကောင်းဖြစ်နေတဲ့ မမရယ်..ဒေါသတွေအပြည့်နဲ့ တခြားသူတစ်ယောက်လို ငွေ့ရည်ကိုကြည့်နေတဲ့ ကိုကိုနဲ့ကိုကြီးထက်ဝေယံတို့အပြင် မမရဲ့အစ်ကိုနဲ့မောင်ကိုပါ တွေ့လိုက်ရ၏။ထိုအခါ ငွေ့ရည် လက်ကိုအားယူထောက်ကာ ထလိုက်ပြီး
"ကိုကို...''
"ဖြောင်း...''
ကောင်းသန့်ကိုကိုဆီကနေ မထင်မှတ်ထားတဲ့ လုပ်ရက်ကြောင့် အခန်းထဲမှာရှိတဲ့ လူတွေအကုန် အံ့အားသင့်သွားရ၏။
"ပန်းငွေ့ရည် ညဥ်း ဘာလို့ ကလေးကို ဘာလို့ဒီလို လုပ်ရက်ရတာလဲ..ညဥ်းက အခုဆိုရင် ကိုယ့်သားသမီးကို ပြန်သတ်တဲ့ မိခင်တစ်ယောက်ဖြစ်သွားပြီ သိလား..ဘာလို့ ရက်ရက်စက်စက်လုပ်ရပ်ရတာလဲ..ဘာကြောင့် လုပ်ရက်ရတာလဲ...''
ငွေ့ရည်ဟာ နာကျင်စွာပြုံးလိုက်၏။ထိုအပြုံးကို အားလုံးလဲ မြင်လိုက်ကြသည်။
"ဘာလို့ ဒီလိုလုပ်ရတာလဲ ဟုတ်လား ကိုကို...ဘာလို့လဲဆိုရင် ညီမလေးလေ ဒီးကလေးကို ဒီရပ်ဝန်းထဲကို မခေါ်သွင်းချင်လို့ပါ...သမီးလေးတစ်ယောက်ထဲ ခံစားရတာနဲ့ လုံလောက်ပြီ...ညီမလေးရဲ့ သမီးလေးက ဘယ်လောက်တောင် သနားဖို့ကောင်းလဲဆိုတာ ကိုကိုမှမသိတာ..ကိုကို့သားကလေ ညီမလေးသမီးလေးကို သူ့နူတ်ကနေ သမီးရယ်လို့ တစ်ခါမှ ခေါ်ခဲ့ဖူးတာမဟုတ်ဘူး..ထွေးပွေးရကောင်းမှန်းလဲ မသိဘူး..သူ့သွေးသားဖြစ်ပါလျက်နဲ့ သူ့နုတ်က ထွက်တိုင်း ခင်ဗျားကလေး ခင်ဗျားကလေးလိုပဲ ပြောနေတာကိုကိုရဲ့..ညီမလေးကို မုန်းတာနဲ့ ဘာအပြစ်မှမရှိတဲ့ ညီမလေးကလေးကိုပါ သူကမုန်းနေတာ ကိုကိုရဲ့..အဲလိုမျိုးကို နောက်ထပ်ကလေးကို ထပ်မခံစားစေချင်ဘူး ကိုကို...အဲဒါကြောင့် ဒီကလေးကိုလဲ ဒုတိယသမီးလေးမဖြစ်ရအောင် အခုလိုလုပ်လိုက်တာပါ...သမီးလေးကိုတောင် ဒီလိုခံစားစေရမှန်းသိရင် အခုလိုပဲလုပ်မိမှာ ညီမလေး သူ့ကိုမွေးခဲ့မှာမဟုတ်ဘူး..''
ငွေ့ရည်ရဲ့ စကားအဆုံး ရင်နင့်အောင် ခံစားလိုက်ရသူက မင်းခန့်ကိုကိုသာ။မျက်ရည်တို့လဲ ပိုးပိုးပေါက်ပေါက် စီးကျလာသည်။ချို့မှာ ချွေးမရဲ့ခံစားချက်ကိုကြားသိပြီး စိတ်မကောင်းသလို သားကိုလဲ ဘာလို့ အခုလိုဆက်ဆံခဲ့ရတာလဲပြီး မေးလိုက်ချင်ပါသည်။ငွေ့ရည်ရဲ့ စကားတွေကြောင့် သားဖြစ်သူ ခံစားနေရတာကိုကြည့်ပြီး ဒေါသမထွက်ပါ။
"ကိုကို့ညီမလေးရာ...အခုလို ဆုံးဖြတ်တာ သိပ်မှားတယ်...ကိုကို့ညီမလေးက အခု လူသတ်သမားဖြစ်သွားပြီး သိလား..ကိုယ့်ကလေး ကိုယ်ပြန်သတ်တဲ့ မိခင်ဖြစ်သွားပြီး..လူတွေအသက်ကိုကယ်တင်တဲ့ ညဥ်းက အခု လူသတ်သမားဖြစ်သွားပြီ သိလား...''
"ဘာ..''
ငွေ့ရည်ရဲ့ အသံဟာ အခန်းအတွင်း ဟိန်းထွက်သွားခဲ့၏။ထို့နောက် သူမရဲ့ မျက်လုံးအကြည့်တွေကလဲ ငြိမ်သတ်မနေတော့ဘဲ လှုပ်ရှားမှုတွေ မြန်ဆန်နေသည်။အကြည့်တွေက လုံးဝ တခြားသူတစ်ယောက်လို ပြောင်းလဲသွားတော့၏။သူမ ပုခုံးကို ကိုင်ထားတဲ့ ကောင်းကို တွန်းထုတ်လိုက်ပြီး
"ငွေ့ရည်က လူသတ်သမားမဟုတ်ဘူး...ကလေးကို အမေမဟုတ်ဘူးနော်..မဟုတ်ဘူးနော်...ငါ လူသတ်သမားမဟုတ်ဘူး..ဟီး..ဟီး..မောင့်ကို ငါမသတ်ဘူး..မောင်သေတာ ငါ့လုပ်တာမဟုတ်ဘူး...မောင့်ကို ငါမသတ်ဘူး... အား..အား...''
နားနှစ်ဖက်ကို သူမလက်များနဲ့ပိတ်ထားပြီး အော်ဟစ်ငိုကြွေးနေသော ပန်းငွေ့ရည်ကို အခန်းရှိ လူတွေ အလန့်တကြားဖြစ်သွားရသည်။မင်းခန့်ဆိုလည်း ငွေ့ရည်ရဲ့ကိုယ်လေးကို သိုင်းဖက်ထာပြီး အသံတိတ်မျက်ရည်တွေ ကျလို့နေသည်။ခဏအကြာမှာတော့ အော်ဟစ်ငိုကြွေးရင်း သူမဟာ မင်းခန့်ရဲ့ ရင်ခွင်ထဲမှာ အရုပ်ကျိုးပြတ် ပြိုလဲသွားသည်။
ကုတင်ပေါ်မှာ သတိလစ်နေတဲ့ ငွေ့ရည်ကို ကြည့်ပြီး ဘုန်းမင်းနဲ့တေဇာလည်း သက်ပြင်းချလိုက်သည်။ဘုန်းမင်း တူဖြစ်တဲ့ မင်းခန့်ကိုကြည့်တော့ မင်းခန့်လည်း ချာတိတ်ကို စိတ်ပူနေရှာသည်။ညီမလေးနဲ့ ကောင်းသန့်ကိုကိုဟာလည်း ထိုနည်းတူပင်။
"စိတ်ရောဂါ ဆရာဝန်နဲ့ ပြစေချင်တယ်...ပြကိုပြရမယ့် လက္ခာမျိုးပဲ...''
"ဗျာ...''
"ဘာပြောတယ်..''
"ဟုတ်တယ် ကိုကောင်းနဲ့မင်းခန့်...အကိုပြောတာမှန်တယ်...ငွေ့ရည်ရဲ့ လဏ္ခာက ဘာလဏ္ခာဆိုတာကို မြင်လိုက်တာနဲ့ သိနိုင်ပါတယ်...''
"မဖြစ်နိုင်ဘူး တေဇာ...ငါတို့နဲ့အတူတူရှိနေခဲ့တဲ့အချိန်တွေမှာ ညီမလေးက တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူးကွ..''
"အဲဒါက ဒီလိုရှိတယ်..''
တေဇာထက်အရင် ဘုန်းမင်းက ဝင်ပြောလိုက်ခြင်းပင်။
"လူတစ်ယောက် မိုးချိုန်းသံကို လိုတာထက် ပိုပြီးကြောက်နေရင် အဲကြောင်းနဲ့ဆက်တဲ့ အကြောင်းရင်းတစ်ခုရှိလို့...အခု ငွေ့ရည် ဖြစ်နေတဲ့ပုံစံကလည်း အဲလိုပဲ..သူ့နားထဲ အသစ်တဖြန်တူညီတဲ့ပုံစံမျိုးနဲ့ လူသတ်သမားဆိုတဲ့ စကားလုံးကို ပြန်ကြားလိုက်တဲ့အခါ စိတ်ခြောက်လှန့်သွားတာမျိုးပါ..သူ့နားထဲမှာ အဲစကားလုံးတွေက အကြိမ်ကြိမ် ပဲ့တင်ထပ်နေတာ..အဲဒါကြောင့် အလိုမျိုး ဖြစ်သွားရတာ..အစထဲက ငွေ့ရည်မှာ စိတ်ရောဂါ ရှိနေတာ ဖြစ်လိမ့်မယ်...''
ဘုန်းမင်းဆီက စကားတွေကြားပြီး ကောင်းသန့်ကိုကို ခေါင်းအောက်စိုက်သွားတော့သည်။သူ့ကြောင့်ဆိုပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး အောက်ကြမ်းပြင်ကို ထိုးလေသည်။
"ငါ့ကြောင့်... ငါ့ကြောင့် ညီမလေး အခုလိုဖြစ်ရတာ...''
"မင်းကြောင့်မဟုတ်ပါဘူးကွာ...''
"မဟုတ်ဘူး ထက်ဝေယံ..ငါ့ကြောင့်ဖြစ်ရတာ..ငါအဲလိုပြောလိုက်မိလို့ ငါ့ညီမလေးအခုလိုဖြစ်ရတာ...''
"စိတ်မကောင်းမဖြစ်ပါနဲ့မောင်ရယ်...''
မင်းခန့်ကတော့ ငွေ့ရည်ရဲ့ လက်ကလေးကို ကိုင်ပြီး တွေတွေကြီး ငေးကြည့်နေတော့သည်။စိတ်ရောဂါကို ခံစားလောက်ရတဲ့အထိ ဘာတွေများ ကြုံတွေ့ခဲ့ရလို့လဲဆိုတာကို သိချင်သည်။မောင်ဆိုတာဘယ်သူလဲ အဲသူကရော သူမနဲ့ ဘယ်လိုပက်သတ်ခဲ့တာလဲ၊ဘယ်လို သေသွားလို့ သူမက မသတ်ဘူး သူ့ကြောင့်မဟုတ်ဘူးဆိုပြီး ကြောက်လှန့်နေတာ သိချင်လာသည်။
သူမမေ့နေပြီတဲ့အရာတစ်ခုက သူ့အမှားတစ်ခုကြောင့် သူမအတွက် အသစ်ပြန်ဖြစ်လာခဲ့တယ်။သူသာ ကလေးလေးအပေါ် မဖော်မဝှက်ပဲ ပေါ်ပေါ်ထင်ထင် ချစ်ပြခဲ့ရင် သူမလဲ ဒီလိုရွေးချယ်မှုမျိုးကိုမလုပ်ခဲ့ရင် သူမကြုံခဲ့ရတဲ့ အတိတ်ဟောင်းက အဖြစ်ပျက်ကို အမှတ်ရလာမှာမဟုတ်ပေ။တိမ်မြုပ်နေတဲ့ သူမရဲ့ အကြောက်တရားကို တူးစွလိုက်သူက သူကိုယ်တိုင်ပါ။
"ကျွန်တော် တောင်းပန်ပါတယ် ခင်ဗျားရယ်..ကျွန်တော်ကြောင့် ဒီလောက်ထိ ခံစားရမယ်မှန်း မသိခဲ့ဘူး...ကျွန်တော်လေ ကလေးလေးကို သမီးလို့ မခေါ်ခဲ့တာ မချစ်လို့ မဟုတ်ရပါဘူးဗျာ...ကလေးလေးကို ကျွန်တော် ချစ်ပါတယ်တယ်..ကလေးလေးကို ချစ်သလို ခင်ဗျားကိုလဲ ချစ်ပါတယ် ခင်ဗျားရယ်...''
ဆေးရှိန်ကြောင့် အိပ်ပျော်နေသော ငွေ့ရည်ရဲ့လက်ကလေးကို ကိုင်ထားရာကနေ လက်ကလေးကို နမ်းလိုက်ပြီး သူ့ပါးပြင်နဲ့ထိလိုက်၏။မျက်ရည်တို့လည်း စီးကျလာသည်။
"သား မြေးလေးက ခဏခဏငိုနေတယ်တဲ့..ဒီကို မူမူ ရောက်နေတယ်..နို့ဗူးတိုက်တာ မဆို့ဘူးဆိုပဲ...သူ့အမေနို့ကို သားတိုက်လိုက်ပါဦး...''
"ဟုတ်ကဲ့ မေမေ..''
"မမူ ကျွန်တော်ကို သမီးပေး..''
"သြော်..ဟုတ် အစ်ကိုလေး...''
မမူမှာလဲ မင်းခန့်ဟာ အမုန်းလေးကို တစ်ခါမှ သမီးရယ်လို့မခေါ်ဖူးတာကြောင့် ကြောင်သွားတော့အမှန်ပါ။မမူလဲ မင်းခန့်ရဲ့လက်ထဲကို ကလေးထည့်ပေးလိုက်၏။အမုန်းလေးကို နမ်းရင်း ငိုနေတဲ့ မင်းခန့်ကိုကြည့်ပြီး မူမူနဲ့ချို့မှာ စိတ်မကောင်းဖြစ်ရသည်။
"သား သတိရလာရင် မေမေတို့ကို ခေါ်လိုက်နော်..''
"ဟုတ် မေမေ...''
"ဖေဖေ့သမီးလေးက မေမေ့နို့ပဲ ကြိုက်တာပေါ့ ဟုတ်လား..မေမေက ဖေဖေ့ကြောင့် နေမကောင်းဖြစ်နေတယ် သမီးရယ်...ဖေဖေ့ကြောင့် သမီးလေး နို့မဝဖြစ်ရတော့မယ်...''
ကလေးလေးကို သမီးလို့ခေါ်လိုက်တဲ့အချိန်ညသူ့ကိုယ်သူ ဖေဖေလို့ သုံးနှုန်းလိုက်တဲ့အချိန် သူ့ရင်ထဲမှာ ကြည်နူးမိတာ ပြောမပြတက်အောင်ပင် ဖြစ်ရတယ်။အသွေးအသားတွေ ပြောင်ပြန်ဖြစ်သွားသလို ဘာနဲ့မှ နှိုင်းယဥ်ပြလို့ မရတဲ့ ခံစားမှုမျိုးလေးသာ။