လှပသောအတွေး ကြည်နူးပျော်ရွှင်နေသောအပြုံးတို့ဖြင့် အိမ်ထဲကို ဝင်လာစဥ် စီးကြိုလာသူက သူမျှော်လင့်နေသောသူ မသူမဟုတ်တာကြောင့်နူတ်ခမ်းကအပြုံးတွေဟာ ရပ်တန့်သွား၏။သူ့အလာကိုကြိုနေကျ သူမထွက်မလာတဲ့အခါ မသက်သာသေးဘူးလာဆိုတဲ့ စိတ်ပူစိတ်တွေက စိတ်အစဥ်မှာ ကိန်းဝပ်လာတော့သည်။
"မမူ သူ မသက်သာလို့လားဗျာ...အခုဘယ်လိုနေလဲ...ထမင်းရော စားရဲ့လား... ကျွန်တော်ကုမ္ပဏီကိုသွားထဲ အခန်းထဲမှာပဲလား..''
"အစ်ကိုလေးထွက်သွားပြီးမကြာဘူး..မမလေးလဲ အပြင်ကို ထွက်သွားတယ်...ဆေးခန်းသွားပြတာနဲ့တူတယ် အစ်ကိုလေး..အဲထဲက ပြန်လာပြီး အိပ်နေတာအခုထိမနိုးသေးဘူး..မမူလဲ မနိုးရက်လို့ ထမင်းစားဖို့ မနိုးလိုက်ဘူး..ဒါပေမယ့် ခဏခဏတော့ သွားသွားကြည့်တယ်..''
"ကလေးလေးရော ငိုနေသေးလား မမူ...''
"ဟင့်အင်း အစ်ကိုလေး...မမလေးရဲ့ နို့ကိုဆို့ပြီး ကလေးရောမေမေရော သားမိနှစ်ယောက်သား အပြိုင်အိပ်နေတာ အစ်ကိုလေးရေ..ချစ်ဖို့အရမ်းကောင်းတာပဲ..''
"အင်း...ကျေးဇူးပဲ မမူ...''
"ဟုတ်..ဒါနဲ့အစ်ကိုလေး မမူ ထမင်းဝိုင်းပြင်ထားလိုက်မယ်နော်...ခဏနေ အစ်ကိုလေးနဲ့မမလေး ဆင်းလာမယ်မလား...''
"အင်း..မမူ အဆင်ပြေသလို လုပ်ထားလိုက်ပါ...''
မင်းခန့်အခန်းထဲရောက်တော့ မမူပြောတဲ့အတိုင်း သားမိနှစ်ယောက်သား အပြိုင်အိပ်နေကြသည်။ကလေးလေးက သူမရဲ့ နို့ကိုတွယ်ဆို့ထားရင်း အိပ်နေသည်မှာ သူ့မျက်လုံးထဲအလွန်ချစ်စရာကောင်းနေသည်။သူမသက်သောက်သက်သာ အိပ်ရအောင် ကလေးလေးရဲ့ပါးစပ်ထဲကနေ သူမရဲ့နို့ကို ကိုင်ပြီးချွတ်လိုက်တဲ့အခါ ကလေးလေးက လက်လေးတွေခြေလေးတွေ လှုပ်ရမ်းလာ၏။နို့ကို ငုံထားလိုက်တာမှာလဲ မလွတ်မတမ်းပင်။သူ့မှာ မနည်းချွတ်လိုက်ရသည်။နို့လွတ်သွားတာကို လိုက်ဟပ်နေပုံက သူ့အဖို့အသဲယာစရာလေးပါ။အသဲယားယားနဲ့ သူနမ်းလိုက်တဲ့အခါ မျက်နှာကလေးက ငိုမယ့်မယ့်လေးဖြစ်လာတော့ မငိုအောင် ချော့မြူရလေသည်။
ကလေးလေးပြန်အိပ်သွားတဲ့အခါ ကလေးကိုတစ်ချက်နမ်းပြီး ပုခတ်ခြင်းထဲကို ထည့်သိပ်လိုက်၏။သူကတော့ သူမနှစ်ခြိုက်စွာ အိပ်နေသော သူမရှိရာ အိပ်ရာပေါ်သို့ တက်လာခဲ့သည်။ သူမရဲ့ နဖူးလေးပေါ် သူ့လက်တင်လိုက်ပြီး ကိုယ်ပူသလား စမ်းစစ်ကြည့်လိုက်၏။
"ကိုယ်လဲမပူပါဘူး.. ဘာလို့ နေမကောင်းသလို ဖြစ်နေရတာလဲ...''
ထို့သို့ မင်းခန့်ငြီးတွားပြောလိုက်ပြီး ငွေ့ရည်ရဲ့နားကို ဝင်လှဲလိုက်ပြီး သူမကို သူ့ရင်ဘတ်ထဲ ထည့်လိုက်သည်။ပြီးမှ သူမရဲ့ ခေါင်းကိုအသာမလိုက်ကာ သူမရဲ့ခေါင်းအောက်ကို သူ့လက်မောင်းထိုးခံလိုက်၏။သူ့ရင်ခွင်ထဲက အိပ်ပျော်နေသော သူမရဲ့ မျက်နှာလှလှလေးကို ငေးကြည့်ပြီးနောက် မျက်ခွံမို့မို့လေးတွေကို စတင်နမ်းလိုက်သည်။ထို့နောက် ပန်းရောင်သမ်းမနေတော့ဘဲ ဖြူဖျော့ဖျော့ဖြစ်နေသော နူတ်ခမ်းတစ်ခုံကို နမ်းလိုက်ပြန်တယ်။သူဒီလောက်နမ်းနေတာကိုတောင် အိပ်ပျော်နေသည်မှာ ကာလနဂါးမျိုးနွယ်ဝင်လေး အတိုင်းပင် နိုးမလာခဲ့ပေ။
"ကျုပ်ခင်ဗျားကို ချစ်မိနေပြီသိလား..ဒေါ်ပန်းငွေ့ရည်.. ခင်ဗျားကို ဆုံးရှုံးမှာ ကြောက်နေပြီ...ခင်ဗျားလဲ ကျုပ်ကို ချစ်ရမယ်..ကျုပ်ကလွဲပြီး တခြားဘယ်သူ့ကိုမှမချစ်ရဘူး..မိုးညကိုလဲ မချစ်ရဘူး..ဦးဦးကိုလဲ မချစ်ရဘူး...ကျုပ်စကားကို နားထောင်ရမယ်နော်...ကျုပ်တစ်ယောက်ကိုပဲချစ်ပြီး ကျုပ်တစ်ယောက်ထဲကိုပဲ ကြည့်ပါဗျာ...''
ထို့သို့ ပြောပြီး သူမရဲ့ကိုယ်လေးကို တင်းကြပ်စွာ ပွေ့ဖက်ကာ အိပ်လိုက်ပါတော့သည်။သူမကတော့ ဘယ်လိုနေမည်မသိပါ။သူ့ရင်ထဲမှာတော့ ကုလားဘုရားလှည့်နေသလိုပင်။
ငွေ့ရည် နိုးလာတဲ့အခါ ငွေ့ရည်ရဲ့ကိုယ်ကို တသ်ခုခုရစ်ပတ်ထားသလို ခံစားနေရတာကြောင့် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။မျက်လုံးတွေ ဖွင့်ဖွင့်ကြည့်လိုက်ချင်းမှာ ငွေ့ရည်ရဲ့ကိုယ်ဟာ ကောင်လေးရဲ့ရင်ခွင်ထဲကို ရောက်ရှိနေတာဖြစ်၍ ငွေ့ရည်ရဲ့မျက်လုံးတွေဘဲ အမြင်မှားနေသလား ဒါမှမဟုတ် အိပ်မက်လားဆိုပြီး ငွေ့ရည် ကောင်လေးရဲ့ ပါးပြင်ကို လက်ညိုးနဲ့ ထိတို့လို၏။အမြင်မှားတာလဲမဟုတ် အိပ်မက်လဲ မဟုတ်တော့ ကောင်လေးဖက်ထားရာကနေ အတင်းရုန်းထလိုက်တော့သည်။
"နိုးပြီးလား...မဝသေးရင် ထပ်အိပ်လို့ရတယ်.''
"ဟင်..''
ကောင်လေးက သိနေတာကြောင့် ငွေ့ရည်ရဲ့ မျက်နှာဟာ ရဲသွားသည်။ကောင်လေးက ခပ်တည်တည်နဲ့ ငွေ့ရည်ကို ဖက်ထားလေသည်။ထိုအခါ ငွေ့ရည်လည်း ရုန်းဖယ်လိုက်၏။
"ဘယ်အချိန်ထဲက ရောက်နေတာလဲ.. နိူးလိုက်တာမဟုတ်ဘူး.. သမီးလေးရော..''
"အိပ်နေတယ်..''
"မင်းရေချိုးတော့မယ်မလား..ခဏစောင့်နော်..ငါဘာမှမလုပ်ပေးထားရသေးလို့ ရေစပ်ပေးဦးမယ်..''
"ဒီနေ့ မလုပ်နဲ့တော့...နေမကောင်းဘူးမဟုတ်လား...ကျွန်တော့်ဘာသာလုပ်လိုက်မယ်..နားနားနေနေလေးနေနော်..ကျွန်တော်ပြောတာ နားထောင်နော်..''
"ဟင်...''
ငွေ့ရည် ကောင်လေးရဲ့ အပြောအဆိုအသုံးအနှုန်းဆက်ဆံပုံလေးတွေက သိသိသာသာ ပြောင်းလဲလာတာကြောင့် အံ့သြမိလေသည်။ဒီကောင်လေး ဘာဖြစ်နေတာပါလိမ့်။ငွေ့ရည် မကွာရှင်းပေးမှာဆိုးလို့ အနုနည်းနဲ့ ငွေ့အပေါ် ချိုသာနေတာလားမသိပါ။မကွာရှင်းပေးမှာ ကြောက်လို့ ငွေ့ရည်အပေါ် ကောင်းနေတာဆိုရင် ငွေ့ရည်အပေါ် ကောင်းပေးဖို့မလိုပါဘူးလို့ ပြောလိုက်ချင်ပါသည်။မကြာတော့တဲ့ ရက်အနည်းငယ်အတွင်းမှာ ငွေ့ရည်တို့သားမိတွေကို မမြင်ရတော့ဘူးလို့ ကောင်လေးဝမ်းသာသွားအောင် ပြောချင်မိသည်။
ငါကြောင့်နဲ့ မင်းတို့အနာကျင်စေရပါဘူး စိတ်ချပါ
လို့ ငွေ့ရည် သူမအတွေးနဲ့သူမတွေးလိုက်ပြီး အသက်မယ့်စွာ ပြုံးရောင်သမ်းလိုက်၏။
"ခင်ဗျား နေမကောင်းဘူးလေ...နေမကောင်းတဲ့သူကို အနိုင်မကျင့်ချင်လို့ ကျွန်တော်ပဲလုပ်လိုက်မယ်...ဒီတစ်ရက်ပဲ.. မနက်တော့ မရဘူးနော်..''
"အင်း..ကျေးဇူးပဲ ကောင်လေး...''
သူမရဲ့ ကောင်လေးလို့ခေါ်တဲ့ နာမ်စားလေးကို သူနှစ်မြို့သည်။သူ့တစ်ယောက်ထဲ အတွက်သာဖြစ်ချင်သည်။မိုးညကို ကောင်လေးလို့ ခေါ်တာကိုလဲ သူမကြိုက်ပေ။မိုးညနဲ့သူလဲ ထိုနေ့ထဲက မတွေ့ဖြစ်တော့ပါ။သူလက်ပါမိတာ လွန်တယ်ဆိုပေမယ့် မိုးညရဲ့အပြောတွေက သူလက်မပါပါအောင် တွန်းပို့ခဲ့တာဖြစ်သည်။ထိုအကြောင်းတွေကို ဇွဲပြည့်နဲ့သူရိန်ကို သူပြောပြတော့ သူ့ကိုဝိုင်းရယ်ကြလေသည်။
ထို့နောက် သူတို့ပြောလာသည့်စကားမှာ မင်းဘဲ သူ့ကိုပေးမယ်ပြောခဲ့တယ်လေ ဆိုတဲ့စကားက ပါလာတာကြောင့် သူ့ကိုယ်သူတောင် ဒေါသထွက်ရလေတော့သည်။ဘာလို့များ ဒီစကားကို ပြောလိုက်မိရတာလဲလို့ဆိုကာ အပြစ်တင်မိသည်။
"နောက်ဆို သူစိမ်းတွေကို ကောင်လေးလို့မခေါ်နဲ့ ကျွန်တော်မကြိုက်ဘူး...''
"ကောင်လေးက ခေါ်တာမကြိုက်ရင် နောက်မခေါ်တော့ပါဘူး ...''
သူမက မျက်နှာငယ်လေးနဲ့ ပြောလာတော့ သူ့မှာပြာပြာသလဲလဲ ငြင်းရ၏။
"ကျွန်တော့်ကို ခေါ်တာကြိုက်တယ်..မိုးညကို အဲလိုခေါ်တာမကြိုက်ဘူးလို့ ပြောတာ..မိုးညမှမဟုတ်ဘူး..ကျွန်တော်ကလွဲပြီး ဘယ်သူ့ကိုမှ ကောင်လေးလို့မခေါ်နဲ့ သိလား...''
"သြော်..အင်း...''
"ခင်ဗျားကလေးလေးလို ချစ်ဖို့ကောင်းသားပဲ...''
ဆိုပြီး ရေချိုးခန်းထဲ ဝင်သွားသော ကောင်လေးကိုကြည့်ပြီး ငွေ့ရည် ဘာမှပြန်မပြောနိုင်အောင် စွံ့အနေတော့သည်။ဆေးမှားသောက်ထားမိသလား ဒါမှမဟုတ် ခေါင်းကိုများတစ်ခုခုနဲ့ဆောင့်မိထားသလား မပြောတက်ပါ။ကောင်လေးရဲ့ ငွေ့ရည်အပေါ် တုန့်ပြန်တဲ့ နည်းဗျူဟာအသစ်လားဆို စဥ်းစား၍မရပေ။စဥ်းစားမရတဲ့အဆုံး သက်ပြင်းသာ အကြိမ်ကြိမ် ရှိုက်ချလိုက်ပါတော့သည်။
"မမူ ကလေးလေးကို ခဏထိန်းပေးဦး
ကျွန်တော်တို့ထမင်းစားဦးမယ်..''
"ဟုတ် အစ်ကိုလေး..''
မင်းခန့် ငွေ့ရည်ရဲ့ လက်ထဲက ကလေးကို မမူအား ချီခိုင်းလိုက်သည်။သူကတော့ ထမင်းဝိုင်းမှာ ဝင်ထိုင်လိုက်ပြီး ငွေ့ရည်ကို စောင့်နေသည်။သူမကတော့ သူနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ဟင်းကိုခက်၍ သူ့ပန်းကန်ထဲကို အရင်ဆုံးထည့်ပေးလာသည်။
"မနက်ဖြန် ခင်ဗျားချက်နော်...မမူချက်တာက ခင်ဗျားလောက် မကောင်းသလိုပဲ...''
"မမူလက်ရာက ငါ့ထက်ကောင်းပါတယ်...ငါ့လက်ရာကသာ ပေါ့ပျက်ပျက်နဲ့ မကောင်းတာကို...''
"မသိဘူး..ကျွန်တော်လျှာက ခင်ဗျားလက်ရာကို စွဲသွားလို့နေမယ်...ကျွန်တော် ခင်ဗျား လက်ရာကြိုက်တယ်..မေမေ့လက်ရာလောက် မကောင်းပေမယ့်လဲ..ကျွန်တော့် မိန်းမလက်ရာကို ကြိုက်တယ်သိလား...''
"ဟင်..''
လူက နေမကောင်းပါဘူးဆိုကာမှ ကောင်လေးရဲ့စကားလှလှလေးတွေကြောင့် ငွေ့ရည်ရဲ့ ရင်တွေ တစ်လှပ်လှပ်နဲ့တုန်တုန်ယင်ယင်ဖြစ်နေပါတော့သည်။ကောင်လေးဟာ ငွေ့ရည် သူ့အပေါ် စိတ်ညွတ်အောင် လုပ်နေသလားမသိပါ။ငွေ့ရည် သူအပေါ် ရင်ခုန်နေတာ ချစ်နေတာကို သူသိတဲ့အခါ လှောင်ရယ်ပြီး အနိုင်ပိုင်းချင်တာများလား မသိပါ။ထို့ကြောင့်များ စကားလှလှလေးတွေနဲ့ ယောကျ်ားမာယာများ ထုတ်သုံးနေတာလားဆိုတာ ငွေ့ရည်မသိပါလေ။
ငွေရည် ကောင်လေးကို ချစ်မိနေတာကို ငွေ့ရည်တစ်ယောက်သာ သိရင်ရပါပြီ။ဘယ်တော့မှ ထိုအကြောင်းတွေကို သူမသိစေရဘူး။ငွေ့ရည်ရဲ့အချစ်တွေကို လှောင်ရယ်တာမျိုး မလိုချင်တာကြောင့်သာ ..။
"ထမင်းစားလေ...ဘာလဲ.. ကျွန်တော့် မျက်နှာကြည့်နေရလို့ ဗိုက်ပြည့်သွားပြီလား...''
"မဟုတ်ပါဘူး...''
"ကျွန်တော်က စတာနော်..များများစားနော်...''
"အင်း...''
"ဝေါ့....ဝေါ့...''
ငွေ့ရည် ထမင်းလုတ်ကို ပါးစပ်ထဲ ထည့်လိုက်တာနဲ့ ရင်ထဲက လှိုက်တက်လာပြီး ပျို့တက်လာသော ဝေဒနါကြောင့် ခုံပေါ်ကနေထလိုက်ပြီး ဘေစင်ကို အတင်းထပြေးရလေသည်။မင်းခန့်လဲ နောက်ကနေ လိုက်ပါလာခဲ့သည်။
"ဘာဖြစ်တာလဲ... အဆင်ပြေရဲ့လား...''
မင်းခန့် ငွေ့ရည်ရဲ့ ကျောပြင်လေးကို ဖိနှိပ်ပေးရင်း မေးလိုက်၏။မေးလိုက်သည့် အသံသည်မှာလဲ စိုးရိမ်စိတ်တို့ပါဝင်နေသည်။
"ဘာမှမဖြစ်ဘူး.. အစာကြေလို့ အန်ချင်သွားတာ..''
"တကယ်ဘာမှမဖြစ်တာ သေချာရဲ့လား...ကျွန်တော် ဦးငယ်ကို ဖုန်းဆက်ခေါ်လိုက်ရမလား..''
"ငါ တကယ်ဘာမှမဖြစ်ဘူး...မခေါ်နဲ့နော်...နောက်ပြီး ငါလဲ ဆရာဝန်တစ်ယောက်ဆိုတာ မမေ့နဲ့အုန်း...''
"ဟုတ်ပါပြီ...''
မမူကတော့ ငွေ့ရည်ကို နားမလည်နိုင်သော အကြည့်တို့ဖြင့် ကြည့်နေသည်။မမူဆီကနေ သမီးလေးကို လက်ပြောင်းချီလိုက်ပြီး အပေါ်တက်လာခဲ့တယ်။ကောင်လေးကလဲ ထမင်းဆက်မစားတော့ဘဲ ငွေ့ရည်တို့သားမိနဲ့အတူ အပေါ်ကိုလိုက်လာခဲ့သည်။အခန်းထဲရောက်တာနဲ့ အန်လိုက်တာကြောင့် ရင်ထဲမကောင်း၍ ခန္ဓာကိုယ်ကလဲ နုံးချိသွားတာကြောင့် ငွေ့ရည် သမီးလေးကို ဘေးချပြီး သမီးလေးဘေးနားတွင် ဝင်လှဲလိုက်တော့သည်။
မင်းခန့်လည်း သူမ ခံစားနေရတာကိုကြည့်ပြီး စိတ်မကောင်းပါ။သူမဘေးနားက အမုန်းလေးကို အိပ်ရာအစွန်းကို ပို့လိုက်ပြီး အလယ်တွင်နေရာဝင်ယူ၍ သူမကို သူ့ရင်ခွင်ထဲ ထည့်လိုက်၏။သူမကတော့ မျက်လုံးလေးတောင်ဖွင့်မကြည့်ဘဲ သူ့သဘောတိုင်း သူ့ရင်ခွင်ထဲမှာ အိပ်စက်နေတော့သည်။