Bububai ဝတ္ထု အမုန်းကြားက ချစ်ပန်းတစ်ပွင့် အခန်းစာရင်း

အပိုင်း ၃၃

"ခင်ဗျား နေမကောင်းဘူးမလား..ခင်ဗျားကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ..ဆေးရုံသွားမလား..ကျုပ် လိုက်ပို့ပေးမယ်...''

"ရတယ်...ဘာမှမဖြစ်ဘူး...သွေးအားနည်းလို့ မူးသွားတာ..သကြားရည်ဖျော်သောက်လိုက်ရင် သက်သာသွားလိမ့်မယ်...မင်းသွားစရာရှိတာ သွားပါ..ငါ့ကို စိတ်ထဲမထားနဲ့... တစ်ခုခုဖြစ်ရင် မမူရှိတယ်လေ..''

"ခင်ဗျားသာ အဆင်ပြေတယ်ပြောနေတာ..ဘေးကကြည့်ရတဲ့ ကျုပ်တော့ ခင်ဗျားကို အားမရဘူး..ဖြူဖက်ဖြူရော်နဲ့ မူးလဲတော့မယ်အတိုင်းပဲဗျာ...''

"အို..ဘာမှမဖြစ်ပါဘူး ဆိုမှ..ငါဖြစ်နေတဲ့ရောဂါကို ငါသိတယ်..မင်း စိတ်ထဲမထားနဲ့ ဟုတ်ပြီလား..အဲ အလုပ်သွားမှမလား သွားတော့လေ..''

"အင်း..ညစာအတွက် မချက်နိုင်ရင်မချက်နဲ့ မမူကို ချက်ခိုင်းလိုက်..ခင်ဗျားကလေးလေးကိုလဲ မမူကို ထိန်းခိုင်းလိုက်..ကျုပ်မှာတာ မမေ့နဲ့..''

"အင်း...''

သူမအပေါ် အရင်လိုမဟုတ် စိတ်ပူနေတဲ့ ကောင်လေးကြောင့် စိတ်ထဲ ပျော်မိ၏။ငွေ့ရည် သူမရဲ့ ဗိုက်လေးကို ကိုင်ပြီး ရှုံးပွဲချ၍ ငိုကြွေးလိုက်လေသည်။

"ဘာလို့များ မေမေ့ဆီကို လာခဲ့ရတာလဲကွယ်..တခြားကိုမသွားဘဲ ဘာလို့များ မေမေ့ဆီကိုမှလဲကွယ်...''

ငွေ့ရည်ရဲ့ စိတ်ထဲကစကားသံတွေကို ကလေးလေးက ကြားရလောက်သည်။သမီးလေးကိုတောင် အားနာနေရသည့်ကြားထဲ ဒီကလေးကိုလဲ သမီးလေးလို ကောင်လေးရဲ့ အမုန်းတွေ ဥပေက္ခာတွေကို မခံစားစေချင်ပါ။

"ဘာလို့ငိုနေတာလဲ မမလေးရယ်...ကလေးရှိတာ ဝမ်းသာစရာ ကိစ္စပဲမဟုတ်လား..အန်တီချိုတို့လည်း သိရင် အရမ်းဝမ်းသာနေတော့မှာပဲ...''

မမူပြောသလို ကလေးရှိတဲ့ကိစ္စက ဝမ်းသာစရာပါ။ကိုကိုနဲ့မမသိရင်လည်း သိပ့်ဝမ်သာနေမှာကို ငွေ့ရည်သိတာပေါ့။မသိဘဲ နေပါ့မလား ။ဒါပေမယ့် ကောင်လေးကတော့ ဝမ်းသာနိုင်မထင်ပါ။အဲဒါကြောင့် ငွေ့ရည်လဲ မပျော်မွေ့နိုင်ပါလေ။

"အင်း..မမူ သမီးလေးကို ခဏထိန်းပေးထားနော်..ငွေ့ရည် သွားစရာရှိလို့ပါ..သမီးလေးကို စိတ်ချမယ်နော်...''

"ဟုတ် မမလေး...''

ပန်းငွေ့ရည်လည်း မင်းခန့်ကိုကိုနဲ့တူတူ အိမ်ကနေ ရှေ့ဆင့်နောက်ဆင့်လေး ကိုယ်စီထွက်သွားကြလေသည်။သူတို့ရဲ့သမီးလေးကတော့ မူမူရဲ့လက်ထဲမှာ ကျန်ခဲ့တော့လေရဲ့။နေ့လည်ရောက်တော့ ငွေ့ရည်ပြန်ရောက်လာခဲ့သည်။မျက်နှာတော့ မကောင်းပေ။ကလေးရှိတာကို ဝမ်းသာရမည့်အစား ငိုထားသည်မှာ မျက်လုံးလေးတွေ အစ်မို့နေသည်။

"မမူ သမီးလေးကို ထိန်းပေးလို့ ကျေးဇူးပါနော်...ညစာအတွက် ကောင်လေးကြိုက်တဲ့ ဟင်းနှစ်မျိုးလောက် ချက်ထားပေးပါ..ငွေ့ရည် ဝိုင်းမလုပ်ပေးနိုင်လို့ အားနာလိုက်တာ...''

"မဟုတ်တာ မမလေးရယ်...မမူအတွက် ဒီအလုပ်တွေက ထမင်းစားရေသောက်သလောက်ပါပဲ..''

"အင်းပါ..ဒါနဲ့ ကလေးရှိနေတဲ့အကြောင်းကို ကောင်လေးကို မပြောလိုက်နဲ့နော်..ငွေ့ရည်ပဲ ပြောပြချင်လို့ပါ..''

"ဟုတ် မမလေး...''

ကောင်လေးမှာသွားသလို ညစာအတွက် မမူကိုပဲ တာဝန်ပေးလိုက်သည်။ငွေ့ရည်ကတော့ နေလို့မကောင်းတာနဲ့ သမီးလေးကို ဘေးချပြီး အိပ်စက်လိုက်၏။

မင်းခန့်တစ်ယောက် နေမကောင်းနေသော သူမကြောင့် အလုပ်မှာစိတ်မပါပေ။လွမ်းလျပြီး ဖြူရော်ရော်ဖြစ်နေတဲ့ သူမရဲ့ မျက်နှာက သူ့မျက်လုံးထဲက မထွက်ဘူး ဖြစ်နေသည်။ထို့ကြောင့် အလုပ်ပြီးတာနဲ့ ဆရာဝန်တွေဖြစ်ကြတဲ့ ဦးငယ်နဲ့ဦးဦးကိုသာ မေးကြည့်ဖို့ သူ့အဖိုးအဖွားတွေ အိမ်ကို ရောက်လာခဲ့သည်။

"အဘွား ဦးဦနဲ့ဦးငယ် အပေါ်မှာရှိလား...''

"မရှိဘူး မြေးရေ...သားဦးငယ် နုနယ်ဖုန်းဆက်လို့ ထွက်သွားတာပဲ...သားဦးဦးကေတာ့ သူမိတ်ဆွေရဲ့သားလေးမွေးနေ့ရှိလို့တဲ့ မန္တလေးကို မနေ့ကထဲက သွားတယ်...သား ဦးငယ်ကို တွေ့ချင်ရင် အပေါ်မှာ ခဏစောင့်လိုက်မြေးရေ..ခဏနေ အဲကောင်လေးပြန်လာလိုက်မယ်..''

"ဟုတ်ကဲ့အဘွား...''

မင်းခန့် အပေါ်တက်သွားပြီး ဘုန်းမင်းရဲ့ အခန်းထဲကိုအရင်ဝင်လိုက်သည်။အခန်းထဲရောက်တော့လည်း မျက်လုံးကအငြိမ်မနေဘဲ လှည့်ပတ်ကြည့်လေ၏။ဆေးရုံကပြန်လာရင် အလုပ်အမြဲလုပ်နေကျ စားပွဲခုံမှာ ဝင်ထိုင်ပြီး စားအုပ်တွေရှောက်ကိုင်ကြည့်တယ်။စာအုပ်တွေကြားမှာ ထင်းထွက်နေသော ဓာတ်ပုံအယ်ဘန်ဖိုင်လေးကို တွေ့ရတာကြောင့် ယူလိုက်ပြီး လှန်ကြည့်ပါတော့သည်။

သူတွေ့လိုက်တဲ့ ဓာတ်ပုံလေးကြောင့် မင်းခန့်၏ မျက်လုံးတွေ ပြူးသွားတော့တယ်။ဆက်လှန်ကြည့်လိုက်တော့လဲ ဘွားတော်ရဲ့ ဆံပင်ရည်တွေ နှစ်ဖက်ခွဲစည်းထားပြီး လွယ်အိတ်လေးကို လွယ်ထားတဲ့ အဖြူအစိမ်းနဲ့ပုံလေးတွေ...မြန်မာဝမ်းဆက်ကလေးနဲ့ ဂျုတီဂုတ်အကျီလေးကိုထပ်ဝတ်ထားပြီး လွယ်အိတ်လေးကို လွယ်ထားတဲ့ပုံတွေဟာ အများကြီးသာ။ထိုပုံတွေထဲမှာမှ ကလေးတစ်ယောက်လို ရယ်မောနေတဲ့ ပုံလေးတစ်ပုံသာ ရှိလေသည်။ကျန်တဲ့ ပုံတွေက အပြုံးအရယ်မရှိ အသက်မယ့်နေလေရဲ့။

ငွေ့ရည်ရဲ့ ဆယ်ကျော်သက်အရွှယ်က ပုံတွေကို ဘုန်းမင်းတေဇာဆီကနေ တွေ့ရချိန်မှာ မင်းခန့် အလိုမကျဖြစ်ရသည်။ငွေ့ရည်နဲ့ဘုန်းမင်းတေဇာရဲ့ အတိတ် ပက်သတ်မှုကိုလည်း သိလိုစိတ်က တဖြားဖြား ဖြစ်လာခဲ့၏။

"ခင်ဗျားနဲ့ကျုပ်ဦးလေးက ဘယ်လို ပက်သတ်နေတာလဲ..ဒေါ်ပန်းငွေ့ရည်...ခင်ဗျားက ဦးဦးရဲ့ ချစ်သူဖြစ်ဖူးတာလား..အဲဒါကြောင့် ဦးဦးက ခင်ဗျားကိုမမေ့သေးလို့ ဒီအသက်အရွယ်အထိ တစ်ယောက်ထဲဖြစ်နေရတာလား...''

မင်းခန့် နေရာတချပြန်ထားပြီး အခန်းထဲကထွက်လာခဲ့တယ်။မျက်နှာကတော့ လန်းလန်းဆန်းဆန်းမရှိတော့ပေ။သူ့အတွေးထဲမှာ သူသာ ကွာရှင်းပေးလိုက်ရင် မိုးညကပဲ သူမကို ချစ်ခွင့်ပန်မလားဆိုပြီး တွေးပူနေရကြားထဲ အခု နောက်တစ်ခုအနေနဲ့ ဘုန်းမင်းကပါ တိုးလာတဲ့အခါ မပျော်နိုင်ဖြစ်နေရသည်။

သူမကို ကွာရှင်းဖို့တွေးတိုင်းမှာ ခံစားချက်တွေမကောင်းပေ။တစ်ခုခုကို ဆုံးရှူံးလိုက်ရသလိုနဲ့ လစ်ဟာသွားတာကို နှလုံးသားက မခံစားနိုင်ပါလေ။သားမိနှစ်ယောက်လုံးကို သူမ်ားဆီကို အပိုင်ပေးလိုက်မှာ သူမပိုင်တော့ဘူး သူ့အနားမှာ မရှိတော့ဘူးဆိုတဲ့ ခံစားချက်ကြီးက နှလုံးသားကို နာကျင်စေသည်။သူ့ကိုယ်သူ ဆက်ပြီး မညာနိုင်တော့ဘဲ သူမကို ဆုံးရှုံးမခံနိုင်တာကို သိလိုက်ရတော့သည်။

"နောက်တစ်နေ့ မနက်၌''

"ပျို ကိုယ်တို့ တွေ့က ရအောင်..အားတယ်မဟုတ်လား..''

ဖုန်းတစ်ဖက်ဆီမှ ထွက်ပေါ်လာသော မင်းခန့်၏ ခပ်ဩဩအသံကြောင့် ကြွေရုပ်ပျို၏ နှုတ်ခမ်းအစုံသည် လှပစွာ ကော့ညွှတ်သွားရသည်။

ချစ်ရသူ၏ အသံကို ကြားလိုက်ရရုံမျှဖြင့်

သူမ၏ ရင်ခုန်သံတို့က စည်းချက်မှန်စွာ

မြန်ဆန်လာခဲ့သည်။

"တူတူပဲ ကိုရဲ့..ကြွေရုပ်လည်း ကို့ကို တွေ့ချင်နေတာ..စိတ်ချင်းဆက်နေရောပဲနော်ကို..''

"ဒါဆို မနက်ဖြန် ကိုယ်လာကြိုမယ်နော်..''

"ဟုတ်ကဲ့ ကို...ကြွေရုပ် စောင့်နေပါ့မယ်"

ဖုန်းလေးကို ရင်ဘတ်တွင်ကပ်လျက် ကြွေရုပ်

တစ်ယောက်တည်း ပြုံးမိနေသည်။ကျောင်းပိတ်ရက်တွေမှသာ ချစ်ရသူနဲ့တွေ့ကြရတာမဟုတ်လား။ထို့ကြောင့် သူမမှာ အပျော်ကြီးပျော်နေတော့သည်။ကျောင်းကတစ်ကျောင်းနဲ့တစ်ကျောင်းမတူတာရယ်..အခုဆို ကိုက ကျောင်းပြီးသွားတော့ အလုပ်လဲလုပ်နေရပြီလေ။ကြွေရုပ် ကျောင်းပိတ်တုန်း တွေ့နိုင်ကြသည်။

"ကိုယ်... ကိုယ်တို့ လမ်းခွဲကြရအောင် ပျို..''

ကို့ဆီက ထွက်လာတဲ့ ထိုစကားတစ်ခွန်းက

မြားတစ်စင်းလို ကြွေရုပ်ရဲ့ ရင်ဘတ်

တည့်တည့်ကို နစ်ဝင်လာသည်။ကော့ကျော့နေသော မျက်တောင်ရှည်လေးတွေက တစ်ဖြတ်ဖြတ်နဲ့ လှုပ်ခတ်သွားကာ မယုံနိုင်ခြင်းများစွာသော အကြည့်တို့ဖြင့် မင်းခန့်ကို ကြွေရုပ်စိုက်ကြည့်နေမိသည်။အတန်ကြသည်အထိ ဘာတစ်ခွန်းမှ မပြောဘဲ စွံ့အစွာနေလိုက်ပြီးမှ

"ဘာလို့လဲ ကို..ဘာကြောင့်လဲ...ဘာကြောင့်ကြွေရုပ်ကို ထားခဲ့ချင်ရတာလဲ...''

မင်းခန့်က ပျို့ကို တည့်တည့်မကြည့်ဝံ့တော့ဘဲ အကြည့်လွှဲလိုက်ရင်း အမှားလုပ်ထားသူပီပီ လေသံခပ်တိုးတိုးဖြင့် ဆက်ပြောသည်။

"ကိုယ့်က မကောင်းတဲ့ကောင်ပါ ပျို..တကယ်တော့လေ ကိုယ့်က လက်ထက်ပြီးပြီ.. ကလေးတောင် ရနေပါပြီ.. အစက ပျို့ကို လက်လွတ်ရမှာကြောက်လို့ ကိုယ်ရဲဘောကြောင်ခဲ့မိလို့ ပျို့ကို အမှန်တိုင်းမပြောခဲ့မိတာပါ...နောက်ပြီး ကိုယ်လက်ထက်ထားတဲ့ မိန်းကလေးက တခြားသူမဟုတ်ဘူးပျို..ပျိုလည်း သိတဲ့သူတစ်ယောက်ပါပဲ..''

မင်းခန့်ဟာ ငွေ့ရည်နဲ့သူ့ရဲ့ အကြောင်းစုံကို ကြွေရုပ်ကို ဘာတစ်ခုမှ မချန်ခဲ့ပဲ တစ်လုံးမချန် အကုန်ပြောပြလိုက်တော့သည်။

ကြွေရုပ်ရဲ့ ကမ္ဘာလေး တစ်ခဏချင်း

ပြိုကျသွားသလို ခံစားလိုက်ရသော်လည်း

သူမ အသက်ကို ဝဝတစ်ချက်ရှူသွင်းလိုက်သည်။ဆေးရုံမှာ တွေ့ခဲ့ရတဲ့ ဆရာမနဲ့ကလေးကို မျက်လုံးထဲမှာ ပြန်မြင်လိုက်ရသည်။သူမကြောင့်အစချီတဲ့ ပြသာနာဆိုတာကို သူမ သိလိုက်ရချိန်မှာ မိန်းမသားတစ်ယောက်အနေနဲ့ စာနာမိလေသည်။မျက်ဝန်းတို့ကို ခဏမျှ စုံမှိတ်ထားပြီးမှ ပြန်ဖွင့်လိုက်သည့်အခါ သူမ၏ အကြည့်တို့က ယခင်ထက် ပို၍ တည်ငြိမ်သွားသည်။

"ဖြန်း...ဖြန်း...''

ကြွေရုပ်ရဲ့ ရိုက်ချက်ကြောင့် မင်းခန့်၏ မျက်နှာမှာ လက်ရာထင်သွားတော့သည်။နာကျင်သွားပေမယ့်လည်း ဒေါသခိုးရိပ်တို့က ရှိမနေပေ။အပြစ်သားပီပီ ငြိမ်ခံနေသည်။

"ကြွေရုပ်ကို လမ်းခွဲလို့ လိမ်ထားလို့ ရိုက်တာမဟုတ်ဘူး ကို....ဘာမဟုတ်တဲ့စကားတစ်ခွန်းကြောင့် မိန်းမတစ်ယောက်ကို ပန်ကောင်းညွန့်ချိုးယူလို့ ...ယောကျာ်းတစ်ယောက်ဖြစ်လင့်စား ကိုယ့်အမှားကို တာဝန်မယူခဲ့လို့ ..ဆရာမအစားကို့ကို ရိုက်လိုက်တာပါ...ကြွေရုပ်ကို အမှန်တိုင်း ပြောပြပေးလို့ ကျေးဇူးတင်တယ် ကို...''

"ကိုယ့်ကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ပျိုရယ်...''

"ဒါနဲ့...ကို ဆရာမကို ချစ်မိနေပြီလား..''

ထိုအခါ မင့်ခန့်က ခေါင်းကို အသာအယာ

ငြိမ့်ပြကာ ဝန်ခံလိုက်၏။

"ဆရာမက မိန်းကလေးချင်းတောင် ချစ်ရတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတော့လဲ.. ကိုချစ်မိတာ အဆန်းတော့မဟုတ်ပါဘူး...အဲဒါကြောင့် ပျိုနဲ့တွေ့တဲ့အချိန် ကိုရဲ့စိတ်က ပျို့ဆီမှာ ရှိမနေတာကိုး...''

"အရမ်း သိသာနေလား..''

"အင်း..''

ကြွေရုပ် အားတင်းကာ အပြုံးအေးအေးလေး

တစ်ချက် ပြုံးပြလိုက်မိသည်။ ရင်ထဲမှာ ဆို့နင့်နေအောင် ဝမ်းနည်းနေမိသော်လည်း သူမကို မချစ်တော့တဲ့လူ၊တခြားသူတစ်ယောက်ကို ရင်ဘတ်ထဲ ထည့်ထားပြီး မိသားစုလေးနဲ့ဖြစ်တည်နေတဲ့ သူ့ကို မတမ်းတချင်တော့ပါလေ။

သူမ၏ မျက်နှာထက်တွင် နာကျင်ရိပ်တို့

ယှက်ပြေးနေသည်ကို တွေ့ရတာကြောင့် မင်းခန့် စိတ်မကောင်းဖြစ်ရလေသည်။

"ကို့ကြောင့် ပျိုကို ဝမ်းနည်းစေမိပြီ..ကိုယ် တောင်းပန်ပါတယ် ပျိုရယ်...''

"အသဲကွဲတာ ခဏပါပဲ ကို..တော်ကြာ သူ့လိုလို နေသားကျသွားပါလိမ့်မယ်...အနာတစ်ခုလိုပေါ့ အမြဲတမ်းအနာမရင်းနိုင်ပါဘူး....ဟုတ်တယ်မဟုတ်လား ကို...''

"အင်း..ဒါနဲ့ ကိုယ်တို့နှစ်ယောက် သူငယ်ချင်းလို ဆက်နေလို့ရသေးတယ်မဟုတ်လား...''

"သူငယ်ချင်းတော့မလုပ်ချင်ဘူး...ညီမလေးတော့လုပ်မယ်..ဘယ်လိုလဲ ကိုကိုကြီး...''

"တကယ်လား ပျို...''

"အင်း..''

ထိုစကားကို အဆုံးသတ်လိုက်ပြီးနောက်

ကြွေရုပ်လဲ မင်းခန့်ကို ကျောခိုင်းကာ

လှည့်ထွက်လာခဲ့သည်။

သူမ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဟာ ယိုင်နဲ့သွားခြင်းမရှိဘဲ တည်ငြိမ်နေသော်လည်း သူမရဲ့ မျက်ဝန်းအိမ်က ပူနွေးသော မျက်ရည်စက်တို့သည် ပါးပြင်ထက်သို့ တားမရဆီးမရ မိုးပေါက်ပမာ ပိုးပိုးပေါက်ပေါက် ပြိုဆင်းလာတော့သည်။

သူမ၏ ရင်ထဲမှာ အပူမီးတွေလှောင်မြိုက်နေပြီး မျက်နှာပြင်မှာ မျက်ရည်တွေ ရွဲနေသော်လည်း နှုတ်ခမ်းအစုံသည်ကား ပြုံးနေသည်။ထိုအပြုံးသည် ချစ်ရသူကိုလက်လွှတ်ဆုံးရှုံးလိုက်ရခြင်းအတွက် ပေးဆပ်လိုက်ရသည့် အပြုံးမျိုးမဟုတ်ဘဲ..မိန်းမတစ်ယောက် လင်ယောကျ်ားမယ့်သွားမည့်အရေး ကလေးတစ်ယောက် သူမကြောင့် ဖခင်မမယ့်အရေးကို သူမကိုယ်သူမ နောင်တကင်းစင်စွာဖြင့် လက်လွှတ်ပေးလိုက်သည့် လူသားတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာရှိသော အပြုံးမျိုး ဖြစ်လေသည်။

သူ့ကို ကျောခိုင်းထွက်သွားသော ကြွေရုပ်ရဲ့ တသိမ့်သိမ့်တုန်နေသော ကျောပြင်လေးကို ငေးကြည့်မိရင်း ထိုနေရာမှာ ကျန်ရစ်ခဲ့သည်။သူ့ စိတ်ထဲကလည်း အကြိမ်ကြိမ် တောင်းပန်လေသည်။

"ကိုယ့်ကြောင့် နာကျင်စေမိလို့ တောင်းပန်ပါတယ်...''

« ရှေ့အခန်း - အပိုင်း ၃၂ နောက်အခန်း - အပိုင်း ၃၄ »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ