Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၅၈)

စံအိမ် မျက်လုံးလေးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ချိန်တွင်

သူမ ကိုယ်လုံးလေး တစ်ခုလုံးက သခင့်ရဲ့ ကျယ်ပြန့်သော ရင်ခွင်ထဲတွင် နစ်မြုပ်နေ၏။

သူ့လက်မောင်းတစ်ဖက်က စံအိမ့် ခေါင်းအောက်တွင် ခုထားလျက်သား ရှိနေပြီး၊ ကျန်လက်တစ်ဖက်က စံအိမ့်ခါးသိမ်သိမ်လေးကို တင်းကျပ်စွာ သိမ်းဖက်ထားကာ သူ့ ဝင်သက်ထွက်သက် လေပူပူနွေးနွေးများက စံအိမ့် နဖူးပြင်လေးကို လာရောက် ရိုက်ခတ်နေလေသည်။

သူမ ခေါင်းလေးကို အသာအယာ မော့ကာ အိပ်မောကျနေသော သခင့် မျက်နှာကို မြတ်နိုးစွာ ငေးကြည့်နေမိသည်။

ထူထဲသော မျက်ခုံးတန်းများ စင်းကျနေသော မျက်တောင်ရှည်များဖြောင့်စင်းသော နှာတံနှင့် ခပ်ထူထူ နှုတ်ခမ်းများ။ ဒီ‌လောက် ချောမောတဲ့ ယောက်ျားက သူမအပိုင်ဆိုတာ တွေးမိတော့ စံအိမ် အလိုလို ပြုံးလိုက်မိသည်။ သူမ လက်ညှိုးသွယ်သွယ်လေးဖြင့် သခင့် မေးရိုးတစ်လျှောက်ရှိ စူးရှရှ မုတ်ဆိတ်မွေး ရေးရေးလေးများကို ခပ်ဖွဖွ လိုက်လံ စုန်ဆန် ထိတွေ့နေမိသည်။

"ဟိတ် ... လူကိုခိုးကြည့်နေတာလား..."

ရုတ်တရက် ထွက်ပေါ်လာသော ဩရှရှ အသံကြီးကြောင့် စံအိမ် လန့်ဖြတ်သွားပြီး လက်ကို အမြန် ရုပ်သိမ်းလိုက်မိ၏။ သခင် မျက်လုံးများကို မဖွင့်သေးဘဲ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားကာ ပြုံးလိုက်ပြီး သူမ ခါးကို ပိုမို တင်းကျပ်စွာ ဆွဲဖက်လိုက်ကာ သူ့ ရင်ခွင်ထဲသို့ အတင်းအကျပ် ဆွဲသွင်းလိုက်လေသည်။

"အို... နိုးနေပြီကို။ ဘာလို့ မသိချင်ယောင် ဆောင်နေတာလဲ။"

စံအိမ် ရှက်ရှက်ဖြင့် သူ့ရင်ဘတ်ကျယ်ကြီးကို ခပ်ဖွဖွလေး ထုပစ်လိုက်၏။ သခင် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ရီဝေဝေ မျက်ဝန်းနက်ကြီးများဖြင့် စံအိမ့်ကို ငုံ့ကြည့်လိုက်ကာ သူမ နဖူးလေးကို နမ်းရှိုက်လိုက်သည်။

"Good Morning ... မင်း ကိုယ့်ကို ခိုးကြည့်ပြီး ကြည်နူးနေတာကို ကိုယ်က အရသာခံနေတာပေါ့။"

သခင့် စကားကြောင့် စံအိမ့် ပါးပြင်လေးများ ရဲခနဲ ဖြစ်သွားရသည်။ သခင်က သူမရဲ့ ရှက်သွေးဖြာနေသော မျက်နှာလေးကို အသည်းယားစွာ ကြည့်ရင်း နှုတ်ခမ်းဖူးဖူးလေးများကို ခပ်မြန်မြန် တစ်ချက် ပြွတ်ခနဲ စုပ်နမ်းလိုက်၏။

"ညက ပင်ပန်းသွားလား... ကိုယ် အရမ်း ကြမ်းသွားမိလား ဟင်။"

သခင့် အမေးကြောင့် စံအိမ် မျက်နှာပူထူသွားပြီး သူ့ ရင်ခွင်ထဲသို့ မျက်နှာကို အတင်း ဝှက်ထားလိုက်မိသည်။

"ဘာတွေ မေးနေတာလဲ... မသိဘူး။ ထတော့... သားလေး နိုးနေလောက်ပြီ။"

စံအိမ် စောင်ကို ဆွဲခြုံကာ ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်လျှင် သခင် သူမ လက်ကောက်ဝတ်ကို ဆွဲကာ ကုတင်ပေါ်သို့ ပြန်လည် ဆွဲလှဲချလိုက်၏။ စံအိမ် ပြန်အကျတွင် သခင် သူမ အပေါ်မှ အုပ်မိုးလိုက်ပြီး သူမ၏ လည်တိုင်လေးကို နှာခေါင်းဖြင့် ပွတ်သပ်ကာ အနံ့ခံလိုက်သည်။

"မထချင်သေးပါဘူး... ဒီတိုင်းလေးပဲ ဖက်ထားချင်သေးတယ်။ သားလေးက သူ့ဘာသာ ဆော့နေလောက်ရောပေါ့။ ခဏလောက် နေပါဦး... နော်။"

သခင် ကလေး တစ်ယောက်လို ဂျီကျရင်း သူမ လည်ပင်းသား နုနုလေးများကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွ ကိုက်လိုက် နမ်းလိုက် လုပ်နေတာကြောင့် စံအိမ် တစ်ကိုယ်လုံး ကြက်သီးလေးများ ထလာကာ ယားကျိကျိ ဖြစ်လာရသည်။

"အာ...သခင်... ယားတယ်လို့။ တော်ပြီ ဖယ်ပါတော့... မနေ့က တစ်ညလုံးလည်း အိပ်ရတာ မဟုတ်ဘဲနဲ့... အို..."

စံအိမ် စကားမဆုံးခင်မှာပင် အခန်းတံခါး ဟနေသော နေရာမှ ခြေသံ သေးသေးလေးများနှင့်အတူ တံခါး တွန်းဖွင့်သံကို ကြားလိုက်ရကာ ...

"ဖေဖေ... မေမေ"

နေထိုက်စံ၏ အသံလေး ထွက်ပေါ်လာလျှင် သခင် မျက်နှာကြီး ရှုံ့မဲ့သွားပြီး စံအိမ့် အပေါ်မှ အမြန် ဖယ်ပေးလိုက်ရသည်။ စံအိမ်လည်း စောင်ကို ရင်ဘတ်အထိ လုံအောင် အမြန် ဆွဲခြုံလိုက်ပြီး ကုတင်ပေါ်သို့ ပြေးတက်လာသော သားလေးကို လှမ်းဖမ်းလိုက်ရ၏။

"အမယ်လေး သားသားရယ်... ဖြည်းဖြည်း လာပါ ... လဲကျပါဦးမယ်။"

စံအိမ် သားလေးရဲ့ ပါးဖောင်းဖောင်းလေးများကို အားရပါးရ နမ်းလိုက်လျှင် သားလေးက မျက်လုံးလေး ပွတ်ကာ...

"မေမေ... သားသား ဗိုက်ဆာပြီ။ ရေလည်းသွားကူးချင်တယ်... ထတော့လေ။"

"လာ... ဖေ့သား။ ဖေဖေ မျက်နှာသစ်ပေးမယ်။ ပြီးရင် မေမေ့ကို အဝတ်လဲခိုင်းပြီး မနက်စာ သွားစားကြမယ်။"

သခင် သက်ပြင်း တစ်ချက် ခပ်တိုးတိုး ချလိုက်ရင်း သားလေးကို ကုတင်ပေါ်မှ ပွေ့ချီကာ ရေချိုးခန်းဘက်သို့ ခေါ်သွားလေသည်။ စံအိမ်ကတော့ သားအဖ နှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း ကုတင်ပေါ်တွင် တစ်ယောက်တည်း ကျန်ရစ်ကာ သဘောကျစွာ ပြုံးနေမိလေတော့သည်။

_____________

ကမ်းခြေ တစ်လျှောက်ရှိ သဲသောင်ပြင်ထက်တွင် လမ်းလျှောက်နေကြသော မိသားစု သုံးယောက်၏ ပုံရိပ်လေးက အလွန်အေးချမ်း ကြည်နူးဖွယ် ကောင်းလှ၏။

ရှေ့နားတွင် နေထိုက်စံလေးက ပင်လယ်ရေလှိုင်းလေးများ တက်လာတိုင်း ပြေးတမ်းလိုက်တမ်း ဆော့ကစားရင်း ခရုခွံလေးများကို လိုက်လံ ကောက်ယူနေပြီး အနောက်ဘက် ခပ်လှမ်းလှမ်းတွင်တော့ သခင်နှင့် စံအိမ်တို့ နှစ်ယောက်က လက်ချင်း ချိတ်ကာ ဖြည်းညင်းစွာ လျှောက်လှမ်းလာကြ၏။

"သားသား... အရမ်း အဝေးကြီး မသွားနဲ့နော်... ဒီနားမှာပဲ ဆော့။"

စံအိမ်က ရှေ့မှ ပြေးနေသော သားလေးကို လှမ်းအော် သတိပေးလိုက်၏။

"ဟုတ်ကဲ့ မေမေ "

"ဖေဖေ ဟိုမှာ ကြည့်... ဟိုမှာ"

နေထိုက်စံလေး၏ အသံစူးစူးလေးက သောင်ပြင် တစ်လျှောက် ဟိန်းထွက်သွားကာ သားလေးက သဲပြင်ပေါ်တွင် လျှပ်တစ်ပြက် ပြေးလွှားသွားသော ခပ်လုံးလုံး သဲဂဏန်း အဖြူလေး တစ်ကောင်ကို လက်ညှိုးထိုးပြနေခြင်း ဖြစ်၏။

"ဖေဖေ... သားသား အဲ့ ဂဏန်းလေး လိုချင်တယ်။ သားသားကို ဖမ်းပေး မြန်မြန် ဖမ်းပေး ဖေဖေ"

သားလေးရဲ့ တောင်းဆိုမှုကြောင့် နေမင်းသခင် ခါးထောက်ကာ ဂဏန်းလေးကို စူးစိုက်ကြည့်လိုက်၏။ ဒီလောက် လက်တစ်ဆုပ်စာတောင် မရှိတဲ့ အကောင်လေးကို ဖမ်းရတာ သူ့အတွက် ဘာခက်လို့လဲ။

"အိုကေ ... အေးဆေးပါ။

သားသား အသာလေးသာ ရပ်ကြည့်နေ။ ဖေဖေ လက်တစ်ဖက်တည်းနဲ့ ဖမ်းပြမယ်။"

သခင် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ဖြင့် ကြွားလုံးထုတ်လိုက်ကာ ဆွဲတင်စရာမရှိတဲ့ အင်္ကျီလက်တိုကို အပေါ်သို့ အနည်းငယ် ဆွဲတင်လိုက်ပြီး ခြေဖျားထောက်ကာ ဂဏန်းလေး ရှိရာသို့ တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်သည်။

ဂဏန်းလေးကလည်း လူရိပ်ကို မြင်သည်နှင့် သဲပြင်ပေါ်တွင် ကန့်လန့်ဖြတ် အနေအထားဖြင့် ခပ်သွက်သွက် ပြေးတော့၏။

"ဟေ့ကောင်... မပြေးနဲ့လေကွာ"

သခင် ဂဏန်းလေး နောက်သို့ ဒရောသောပါး လိုက်တော့သည်။ ဂဏန်းလေးက ညာဘက်သို့ ကွေ့သွားလိုက် သခင်ကလည်း ညာဘက်သို့ ယိုင်သွားလိုက် ဂဏန်းလေးက ဘယ်ဘက်သို့ ပြန်ချိုးသွားလိုက်၊ သခင်ကလည်း ဘယ်ဘက်သို့ အမြန် လိုက်ချိုးလိုက်နှင့် သဲသောင်ပြင်ပေါ်တွင် တော်တော် ဗရုတ်ကျနေ၏။

"ဖေဖေ... ဟိုဘက် ရောက်သွားပြီ ဟိုဘက်မှာ"

သားလေးက ဘေးမှနေ၍ လက်ခုပ်တီးကာ အားပေးနေလေသည်။

"ရတယ် သား... ဒီကောင် ဘယ်မှ ပြေးမလွတ်စေရဘူး "

သခင် စကားမဆုံးခင်မှာပင် ဂဏန်းလေးကို အုပ်ဖမ်းလိုက်၏။ သို့သော် ဂဏန်းလေးက သွက်လွန်းတာ‌ေကြာင့် သခင့် လက်ထဲ မပါလာဘဲ ရှေ့သို့ လွတ်ထွက်သွားလေသည်။ ထိုအချိန်တွင် သခင့်ခြေထောက်က သဲအစိုများထဲတွင် ကျွံဝင်သွားပြီး ဟန်ချက်ပျက်ကာ...

"ဝုန်း... ဖူး"

"အဟွတ်... အဟွတ် "

နေမင်းသခင် တစ်ယောက် သဲသောင်ပြင်ပေါ်သို့ မှောက်ရက်ကြီး လဲကျသွားပါတော့သည်။ အမြဲတမ်း သပ်ရပ် သန့်ရှင်းနေတတ်သော မျက်နှာတစ်ခုလုံး သဲများ ပေပွသွားပြီး ပါးစပ်ထဲသို့ပင် သဲအနည်းငယ် ဝင်သွားသဖြင့် ထွေးထုတ်လိုက်ရ၏။

ထိုမြင်ကွင်းအား အဝေးမှ လှမ်းကြည့်နေသော စံအိမ်မှာ အုန်းစိမ်းရည်ကို စုပ်သောက်နေရင်းမှ အချိုရည်များ သီးကာ အသက်ရှူပင် မှားသွားရသည်။

"ဟား... ဟား... ဟား... အို... သခင်..."

စံအိမ်မှာ ရယ်လွန်း၍ မျက်ရည်များပင် ထွက်လာရ၏။

သခင် သဲများကို ခါချရင်း မတ်တတ်ထရပ်လိုက်သည်။

နှာခေါင်းထိပ်တွင် သဲများ ကပ်နေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေကာ သားဖြစ်သူနှင့် မိန်းမ ရှေ့တွင် အရှက်ကွဲသွားတာကြောင့် သခင့် မျက်နှာကြီးက ရဲတွတ်နေတော့၏။

"ဟေ့ကောင်... မင်းနဲ့ ငါနဲ့တော့ တွေ့ပြီသာ မှတ် "

ဒီတစ်ခါတော့ သူ ဂဏန်းလေးကို ပြေးလိုက်ဖမ်းမနေတော့ဘဲ အနောက်မှနေ၍ ခပ်သွက်သွက် ပြေးသွားကာ ကျားတစ်ကောင် သားကောင်ကို ခုန်အုပ်သကဲ့သို့ အပေါ်မှနေ၍ ဝုန်းခနဲ ခုန်အုပ်ဖမ်းလိုက်တော့သည်။

"မိပြီကွ ဟားဟား... ငါ့ကို ဘယ်သူမှတ်လဲ။

ရပြီ သားသားရေ... မိပြီ "

သခင် သဲများပေပွနေသော လက်နှစ်ဖက်ဖြင့် ဂဏန်းလေးကို မြှောက်ကိုင်ပြကာ ပြလိုက်လျှင် နေထိုက်လေးစံကလည်း ဝမ်းသာအားရဖြင့် လက်ခုပ်တီးကာ ခုန်ပေါက်နေ၏။

သို့သော်... သူ့ရဲ့ အောင်ပွဲခံချိန်မှာ စက္ကန့်ပိုင်းမျှသာ ခံလိုက်သည်။

"အား... လခွမ်း "

သခင့် နှုတ်ဖျားမှ မပီမသ အာမေဍိတ်သံကြီး ထွက်ပေါ်လာပြီး သူ မျက်နှာကြီး တစ်ခုလုံး ရှုံ့မဲ့သွားတော့သည်။ အကြောင်းမှာ သူ ဖမ်းထားသော ဂဏန်းလေးက သူ့လက်ညှိုးကို လက်မ အကြီးကြီးဖြင့် အားရပါးရ ညှပ်ချလိုက်သောကြောင့်ပင်။

"အား... ကျွတ်... ကျွတ်..."

သခင် အသံကုန် အော်ချင်နေသော်လည်း အဝေးမှနေ၍ ဗိုက်နှိပ်ကာ ရယ်နေသော စံအိမ့်ကို မြင်လိုက်ရသဖြင့် နောက်ဆုံး ကျန်ရှိနေသော ဂုဏ်သိက္ခာကို ဆယ်ရန် ကြိုးစားလိုက်ရသည်။ မျက်နှာကို အတင်း ပြုံးထားလိုက်ပြီး၊ လက်ညှိုးကို ညှပ်ထားသော ဂဏန်းလေးကို သားဖြစ်သူရှေ့တွင် ခပ်တည်တည်ဖြင့် ပြထားလိုက်၏။

"ဖေဖေ... ဘာဖြစ်လို့လဲဟင်။"

သားလေးက သူ့အဖေရဲ့ ရှုံ့မဲ့နေသော အပြုံးကြီးကို ကြည့်ကာ နားမလည်သလို မေးလိုက်လျှင် ...

"အဟမ်း... ဘာ... ဘာမှ မဖြစ်ပါဘူး သားသားရဲ့။ ဖေဖေက အရမ်း တော်လွန်းလို့ ဂဏန်းလေးက ဖေဖေ့ လက်ကို ချစ်လို့ လာနမ်းနေတာ... အား... ဟုတ်တယ်... နမ်းနေတာ။"

သခင် စကားကို မနည်း အံကြိတ်ကာ ပြောနေရ၏။ ဂဏန်းက လက်ညှိုးကို ပို တင်းကျပ်စွာ ညှပ်လာသဖြင့် သခင် မေးကြောများပင် တုန်ယင်လာရသည်။

စံအိမ် ကုလားထိုင်ပေါ်မှ ထလာပြီး သူတို့ သားအဖ အနားသို့ လျှောက်လာကာ သခင့် အဖြစ်ကို ကြည့်ပြီး နှုတ်ခမ်းကို ကိုက်၍ မရယ်မိအောင် အတင်း အောင့်ထားရသည်။

"ဟုတ်လို့လား... ရှင် မျက်ရည်တွေတောင် ကျနေပြီလေ။"

စံအိမ် သခင့် မျက်ထောင့်တွင် စို့တက်လာသော မျက်ရည်စလေးကို လက်ညှိုးဖြင့် ခပ်ဖွဖွ ထိကာ သဘောကျစွာ စနောက်လိုက်၏။

"ဟာ မဟုတ်ပါဘူး မိန်းမကလည်း... ကိုယ်က သားလေးကို ဂဏန်း ဖမ်းပေးနိုင်လို့ ဝမ်းသာလွန်းလို့... မျက်ရည်ကျတာပါ။ အား... ဒီကောင်က တော်တော် ချစ်တတ်တာပဲ... မလွှတ်တော့ဘူး... ကျွတ်ကျွတ်..."

နေထိုက်စံလေးက ဂဏန်းလေးကို အနီးကပ် သေချာ ကြည့်လိုက်ပြီးလူကြီး တစ်ယောက်လို သက်ပြင်းချကာ...

"ဖေဖေကလည်း... ဂဏန်းက နမ်းတာ မဟုတ်ဘူး။ဖေဖေ့ လက်ကို စားဖို့ လုပ်နေတာလေ။ ဖေဖေ အရမ်း နာနေရင်လည်း ငိုလိုက်ပါ... သားသား ဖေဖေ့ကို မလှောင်ပါဘူး။"

သားလေးအပြော ကြောင့် စံအိမ် အောင့်ထားသမျှ ရယ်သံများ ပေါက်ကွဲထွက်လာတော့သည်။

"ဟား... ဟား... ဟား... ကြားလား ရှင်။ သားလေးကတောင် သိတယ်။ လွှတ်လိုက်ပါတော့... ကိုယ့်လက်ကို အညှပ်ခံပြီးများ သိက္ခာ လာဆယ်နေသေးတယ်။"

စံအိမ် ပြောပြောဆိုဆိုပင် ဂဏန်းလေးရဲ့ ကျောခွံကို အသာ ကိုင်ကာ သခင့် လက်ညှိုးမှ ခွာပေးလိုက်၏။

ဂဏန်းလေးက သောင်ပြင်ပေါ်သို့ အမြန် ပြေးဆင်းသွားပြီး ရေလှိုင်းများကြားထဲသို့ ပျောက်ကွယ်သွားတော့သည်။

သခင် နီရဲနေသော သူ့လက်ညှိုးကို ပါးစပ်ဖြင့် မှုတ်လိုက်၊ ပွတ်လိုက် လုပ်နေရင်း ဘေးမှနေ၍ ရယ်နေသော သူ့မိန်းမနှင့် သားကို ကြည့်ကာ စိတ်တိုရခက်၊ ရယ်ရခက် ဖြစ်နေလေသည်။

"မင်းတို့ သားအမိတွေနော်... ကိုယ်က ဖမ်းပေးတာကိုများ လှောင်နေသေးတယ်။ မှတ်ထား... နောက်ဆို ဂဏန်း မပြောနဲ့ လိပ် လာရင်တောင် ဖမ်းမပေးတော့ဘူး။"

သခင် နှုတ်ခမ်းကြီး ဆူကာ ကလေး တစ်ယောက်လို စိတ်ကောက်ပြလိုက်လျှင် စံအိမ် သူ့ ခါးကို အသာ ဖက်လိုက်ပြီး ရင်ဘတ်ကို မှီကာ ဆက်ရယ်နေမိ၏။

"ကဲပါ... ဟုတ်ပါပြီ ကျွန်မတို့ရဲ့ သူရဲကောင်းကြီးရယ် ဏန်းအညှပ်ခံရတာ သနားပါတယ်... လာ၊ ဟိုမှာ သွားထိုင်ပြီး အုန်းစိမ်းရည် သောက်ရအောင်။"

စံအိမ် သခင့်ကို ချော့မော့ကာ ထီးရိပ်ဆီသို့ ဆွဲခေါ်သွားလိုက်သည်။ သားလေး ကတော့ အရှေ့မှနေ၍ တက်ကြွစွာ ပြေးသွားရင်း...

"ဖေဖေက ဂဏန်း အညှပ်ခံရတယ် ဟေး "

ဟု အော်ဟစ်ကာ ကမ်းခြေ တစ်လျှောက် ဆော့ကစားနေလေတော့သည်။

အပိုင်း (၅၉) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၅၇) နောက်အခန်း - အပိုင်း (၅၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ