သခင့် အမေ အိမ်မှ ပြန်အလာတွင်တော့ သူမတို့ ပစ္စည်းတွေရွှေ့ဖို့ သူတို့ သားအမိ နှစ်ယောက် နေခဲ့တဲ့ တိုက်ခန်းလေးဆီသို့ ပြန်ဝင်ခဲ့ကြ၏။
စံအိမ် ဗီရိုထဲမှ အဝတ်အစားများကို ခေါက်ကာ အိတ်ထဲသို့ သပ်သပ်ရပ်ရပ် ထည့်နေကာ ဧည့်ခန်းထဲတွင်တော့ သခင်က သူ့ ရှပ်အင်္ကျီကို လက်မောင်းထိ ခေါက်တင်ထားပြီး သားလေးရဲ့ အရုပ်များကို ကတ်ထူပုံးထဲသို့ ထည့်ပေးနေလေသည်။
ထိုစဉ်...
"တီ... တောင်..."
"ကိုယ် သွားဖွင့်လိုက်မယ်"
သခင် ထိုင်နေရာမှ မတ်တတ်ထရပ်ကာ ပြောလိုက်သော်လည်းအိပ်ခန်းထဲမှ စံအိမ် ထွက်လာကာ ...
"ရတယ် ... ကျွန်မပဲ သွားဖွင့်လိုက်မယ်"
စံအိမ် တံခါး လက်ကိုင်ဘုကို လှည့်ကာ ဆွဲဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် ရပ်နေသော လူကို မြင်လိုက်ရချိန်တွင် စံအိမ့် မျက်လုံးလေးများ အံ့ဩမှုကြောင့် ပြူးကျယ်သွားရသည်။
"ကိုကို ... "
"ဆောရီး ကိုကို ခရီးလွန်နေလို့ မင်္ဂလာပွဲကို မမှီလိုက်ဘူး"
မင်းသီဟ တောင်းပန်စကားကို ခပ်ဖွဖွ ဆိုလိုက်လျှင် စံအိမ့် ရင်ထဲ တစ်မျိုးကြီး ဖြစ်သွားရသည်။ သူမ အခက်အခဲ ဖြစ်နေချိန်တိုင်း အနားမှာ အမြဲ အရိပ်တကြည့်ကြည့် ရှိနေပေးခဲ့ပေမယ့် သူမ နှလုံးသားက နေမင်းသခင် ဆိုသည့် ဒီယောကျ်ား တစ်ယောက်ကိုသာ အမြဲတမ်း ရွေးချယ်ခဲ့မိ၏။ ထို့ကြောင့် ကိုကို့ကို မျက်နှာချင်းဆိုင်ရသည်မှာ စံအိမ့်အတွက် အနည်းငယ် မျက်နှာပူပြီး အပြစ်မကင်းသလို ခံစားနေရသည်။
"ရပါတယ် ကိုကိုရဲ့ ... ဟို..."
စံအိမ် စကားသံလေးများ ထစ်အသွားကာ မျက်လွှာလေးကို ချလိုက်မိသည်။ သူမ ဘာဆက်ပြောရမှန်း မသိအောင် အခက်တွေ့နေသည်ကို မင်းသီဟက ချက်ချင်း ရိပ်မိသွားလျှင် သဘောကျစွာ ခပ်ဟဟ ရယ်လိုက်ကာ ...
"ဘာလဲ ကိုကို့ကို မျက်နှာပူနေတာလား။"
"ဟို ... စံအိမ် ..."
"ကိုကို ဘာမှမဖြစ်ဘူး။ ကိုကို့အတွက် ညီမလေးပျော်ဖို့က အရေးကြီးဆုံးပဲ။ ညီမလေးက အမြဲ ကိုကို့ ညီမလေးပဲ... ဟုတ်ပြီလား။"
"ဟုတ် ..."
ကိုကိုက အမြဲတမ်း ဒီလိုပါပဲ။ သူမ စိတ်သက်သာရာ ရစေဖို့အတွက်
သူနာကျင်ရရင်တောင် သူမကို ပြုံးပြနိုင်သူ။
စံအိမ် ကိုကို့ကို မော့ကြည့်လိုက်ရင်း မျက်ဝန်းအိမ်ထဲတွင် မျက်ရည်ကြည်လေးများ ဝဲတက်လာကာ ခေါင်းလေးကို တဆတ်ဆတ် ညိတ်ပြလိုက်မိသည်။
မင်းသီဟ အပြုံးတစ်ခုနှင့်အတူ သူမ ဆံနွယ်နုနုလေးများကို သူ ခပ်ဖွဖွ ပွတ်သပ်လိုက်၏။
"အခုထိ ကလေးလေးပဲကွာ ကိုကို့ညီမလေးက... ရော့ ဒါ ကိုကို့လက်ဖွဲ့။"
မင်းသီဟ သူ့အိတ်ကပ်ထဲမှ ကတ္တီပါဘူးလေး တစ်ဘူးကို ထုတ်ကာ စံအိမ့် လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
"ဟုတ်... ကျေးဇူးပါ ကိုကို။"
စံအိမ် မျက်ရည်များကြားမှ ပြုံးရင်း လှမ်းယူလိုက်သည်။
သို့သော် ထိုမြင်ကွင်း တစ်ခုလုံးကို ဧည့်ခန်းထဲမှနေ၍ မမှိတ်မသုန် စိုက်ကြည့်နေသော သူ တစ်ယောက် ရှိလေသည်။
သူ့မိန်းမ ခေါင်းကို လာပွတ်သပ်သွားသော မင်းသီဟ လက်ကို မြင်လိုက်ရချိန်တွင် သခင့် မျက်နှာကြီးက သိသိသာသာ တင်းမာသွားပြီး မေးရိုးများ ထောင်တက်သွားရကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။
သူ့မိန်းမကို တခြားယောကျ်ား တစ်ယောက်က အခုလို လာထိတာကို လုံးဝ သည်းမခံနိုင်ပါ။
သဝန်တိုမှုတွေက အတိုင်းအဆ မသိအောင် ပေါက်ကွဲထွက်ချင်နေ၏။
တကယ်ဆို ဟိုကောင့်ကို သူ့မိန်းမအနားက တွန်းဖယ်ကာ
"ငါ့မိန်းမကို လာမထိနဲ့" အော်ပစ်လိုက်ချင်သည်။
သို့သော်... သခင် သက်ပြင်းကို ခပ်ပြင်းပြင်း ချလိုက်ပြီး ဒေါသကို ခက်ခဲစွာ မြိုချလိုက်ရသည်။
အဲ့လိုသာလုပ်လျှင် စံအိမ် စိတ်ဆိုးသွားမှာသေချာ၏။
သူမ သူ့ကို တောင်းတဲ့ ကတိထဲမှာ ထိုအချက်လည်း ပါတယ်မလား။
သူတို့ကြားက ပြန်လည် တည်ဆောက်ခါစ နားလည်မှုတွေ အခုမှ ရရှိလာတဲ့ သာယာတဲ့ မိသားစု ဘဝလေးကို သူ နည်းနည်းလေးမှ အထိခိုက် မခံနိုင်ပါ။
ထို့အပြင် စံအိမ်က မင်းသီဟကို ခင်တွယ်ကြောင်း သူ ကောင်းကောင်း သိထားသည်မို့ အခုချိန်မှာ သူက ကြားဝင်ပြီး ရစ်နေလျှင် စံအိမ် အကြီးအကျယ် စိတ်ဆိုးလိမ့်မည်။
ထို့ကြောင့် အားမတန်မာန်လျှော့ကာ ဆိုဖာပေါ်တွင် ထိုင်လျက်သားဖြင့်သာ သူ့ အကြည့်များကတော့ တံခါးဝရှိ သူတို့ နှစ်ယောက်ကို မျက်မှောင်ကြီး ကြုတ်၍ စူးစူးဝါးဝါး ကြည့်နေလေသည်။
လက်ထဲတွင်တော့... သားလေး အရုပ်တွေ ထည့်ဖို့ ပြင်ထားတဲ့ ကတ်ထူပုံးခွံ အထူကြီးမှာ သနားစရာ ကောင်းလောက်အောင် စုတ်ပြတ်သတ်နေလေပြီ ဖြစ်တော့သည်။
"ကဲ လက်ဖွဲ့လည်း ပေးပြီးပြီဆိုတော့ ကိုကိုပြန်တော့မယ်နော်။ "
"ဟင် ... ဘာလို့လဲ အိမ်ထဲတောင် မဝင်တော့ဘူးလား။ "
"အွန်း ... ကိုကို အလုပ်ကိစ္စလေးရှိသေးလို့။ "
"ဟုတ်လား။"
"အွန်း ... အားမှ ထပ်လာခဲ့မယ်နော်။ "
"ဟုတ် "
"ဟေ့ကောင် ဦးဦးပြန်ပြီ "
မင်းသီဟ သူ့အဖေနားမှာကပ်နေတဲ့ နေထိုက်စံလေးကို လက်ပြကာ နှုတ်ဆက်လိုက်၏။
"ဟုတ် ဦးဦး သီဟ "
ကိုကိုပြန်သွားမှ စံအိမ် အခန်းတံခါးပိတ်လိုက်သည်နှင့် တပြိုက်နက်
စံအိမ် လှည့်ပင် မလှည့်ရသေးခင်မှာ နောက်ကျောဘက်ဆီမှ ပြင်းထန် မြန်ဆန်နေသော ခြေသံများနှင့်အတူ ကြီးမား ကျယ်ပြန့်သော ရင်အုပ်ကြီးက သူမ ကိုယ်လေးအား အနောက်မှ အရှိန် ဝင်တိုက်ကာ တင်းကျပ်စွာ ဖက်တွယ်ခြင်း ခံလိုက်ရ၏။
ထို့နောက် စံအိမ့် လက်ထဲတွင် ကိုင်ထားသော မင်းသီဟ ပေးသွားသည့် လက်ဆောင်ဘူးလေးကို သခင် အတင်း ဆွဲယူလိုက်ပြီး ဘေးရှိ ဆိုဖာခုံပေါ်သို့ ပစ်တင်လိုက်လေသည်။
"အို... သခင်... ဘာလုပ်တာလဲ။"
စံအိမ် လန့်သွားပြီး မေးလိုက်သော်လည်း သခင့် လက်မောင်းအစုံက သူမ ခါးသိမ်သိမ်လေးကို အသက်ရှူရ ကြပ်လုမတတ် အနောက်မှနေ၍ ရစ်ပတ် သိမ်းကျုံးဖက်ထားဆဲပင်။ သူ့မေးရိုးကြီးက စံအိမ့်ပခုံးသားပေါ်သို့ အတင်း ဖိကပ်ထားပြီး ပူနွေးသော လေငွေ့နွေးနွေးလေးက လည်တိုင် ကျော့ကျော့လေးဆီသို့ တရှိုက်မက်မက် ရိုက်ခတ်လာ၏။
"ကိုယ် မကြိုက်ဘူး။"
သခင့် ဩရှရှ အသံကြီးက စံအိမ့် နားရွက်ဖျားလေးများနားမှ ကပ်၍ ထွက်ပေါ်လာကာ လေသံက မာထန်နေသော်လည်း ကလေးဆိုးကြီး တစ်ယောက်လို ချွဲနွဲ့နေသည့် အငွေ့အသက်တွေက အပြည့်။
"ဘာကို... မကြိုက်တာလဲ"
"အဲ့ဒီကောင်က မင်း ဆံပင်တွေကို လာကိုင်သွားတယ်။ မင်းကလည်း ဘာလို့ ငြိမ်ခံနေရတာလဲ။ ပြီးတော့... မျက်ရည်တွေကပါ ဝဲလို့။ ကိုယ့်ရှေ့မှာတင် တခြား ယောကျ်ား တစ်ယောက်ကို အဲ့ဒီလို မျက်လုံးမျိုးနဲ့ ကြည့်ရလား ... ဟင်။"
သခင့်စကားကြောင့် စံအိမ် ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
CEO ကြီး နေမင်းသခင်က ကလေးငယ်လေး တစ်ယောက်လို သဝန်တို အူတိုနေတယ်တဲ့။
"ကိုကိုနဲ့ စံအိမ်က မောင်နှမအရင်းတွေလိုပါပဲ။
နောက်ပြီး စံအိမ့်အပေါ်မှာ ကိုကို့ ကျေးဇူးတွေအများကြီးပဲရှိတယ်။
"ဘာ ကိုကို လဲ... နောက်တစ်ခါ ကိုကို လို့ ခေါ်တာ ကိုယ် မကြားချင်ဘူး။ ကျေးဇူးရှိရင် ကျေးဇူးဆပ်လိုက်မယ် အဲ့ဒီလို ရောယောင်ပြီး လာထိတာ ကိုင်တာမျိုးတော့ လုံးဝ အဖြစ်မခံနိုင်ဘူး။
ပြီးတော့ မင်းက အဲ့ကောင်ကိုဆိုရင် အမြဲတမ်း လေသံလေးက ပျော့ပြီး နူးနူးညံ့ညံ့လေး ဆက်ဆံတယ်။ ကိုယ့်ကိုဆို အဲ့လိုမျိုး တစ်ခါလေးတောင် မချွဲဖူးဘူး။ မင်းက ကိုယ့်မိန်းမနော်... အခုချိန်ကစပြီး ကိုယ့်ကိုပဲ ကြည့်ရမယ် ကိုယ့်ကိုပဲ ချွဲရမယ်။"
သခင် ပြောရင်းဆိုရင်း သူမကိုယ်လုံးလေးကို သူ့ဘက်သို့ အတင်း ဆွဲလှည့်လိုက်ကာ သူ့ ရင်ခွင်ထဲသို့ လည်ထွက်လာသော စံအိမ့်ကို လက်နှစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ပြီး နံရံဘက်သို့ အသာတွန်းကာ
ပိတ်ထားလိုက်၏။
ထို့နောက် သူမ ခေါင်းလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်ပြီး စောစောက မင်းသီဟ ပွတ်သပ်သွားသော ဆံနွယ်လေးများကို
သူ လက်ချောင်းများဖြင့် အကြိမ်ကြိမ် အခါခါ ပြန်လည် ပွတ်သပ် ချေဖျက်နေတော့သည်။
"သူ ကိုင်သွားတဲ့ နေရာတွေကို ကိုယ် ပြန်ဖျက်ပစ်မယ်။ မင်းက ကိုယ့်အပိုင်... မင်းရဲ့ ဆံပင်လေး တစ်မျှင်ကအစ မင်းရဲ့ အပြုံး မင်းရဲ့ မျက်ရည် အားလုံးက နေမင်းသခင် ဆိုတဲ့ ကိုယ် တစ်ယောက်တည်းနဲ့ပဲ ဆိုင်တယ်။"
သခင့် နှာခေါင်းကြီးက စံအိမ့် မျက်နှာလေးဆီသို့ တိုးကပ်လာလျှင် စံအိမ် ရင်ခုန်သံများ တဒိန်းဒိန်းနှင့် မြန်ဆန်လာတော့သည်။
"သခင်... အိမ်မှာလေ... သားသား ရှိ... အွန်း..."
စံအိမ့် စကားပင် ဆုံးအောင် မပြောလိုက်ရ။ သခင့်ရဲ့ ပူနွေးသော နှုတ်ခမ်းများက သူမ နှုတ်ခမ်းဖူးဖူးလေးများဆီသို့ ကျဆင်းလာပြီး ပြင်းပြစွာ ဖိကပ် နမ်းရှိုက်ပစ်လိုက်သည်။
အနမ်းတွေက အစပိုင်းတွင် သဝန်တိုမှုကြောင့် အနည်းငယ် ကြမ်းတမ်းနေသော်လည်း စက္ကန့်ပိုင်း အတွင်းမှာပင် လိုလား တောင့်တမှု မြတ်နိုးမှုများ အဖြစ်သို့ ကူးပြောင်းသွားကာ ချိုမြိန် နူးညံ့လာတော့သည်။ သခင့် လျှာဖျားက စံအိမ့် ခံတွင်းထဲသို့ အသာအယာ တိုးဝင်လာပြီး သူမ အသက်ရှူသံများကိုပါ အပိုင်စီး သိမ်းပိုက်လိုက်၏။ လက်တစ်ဖက်က သူမ နောက်စေ့ကို ထိန်းကိုင်ထားပြီး ကျန်လက်တစ်ဖက်က သူမ ခါးလေးကို ရစ်ပတ်ကာ
သူ့ ကိုယ်လုံး တောင့်တောင့်ကြီးနှင့် အကြားအလပ် မရှိအောင် ဆွဲကပ်ထားလေသည်။
အချိန် အတန်ကြာ နမ်းရှိုက်ပြီးနောက် သခင် နှုတ်ခမ်းလေးများကို အသာအယာ ခွာလိုက်ပြီး သူ့နဖူးပြင်ကို စံအိမ့် နဖူးလေးနှင့် ထိကပ်ထားရင်း မှေးစင်းနေသော မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်ကာ တိုးဖွဖွလေး ဆိုလိုက်သည်။
"ကိုယ် စောစောက ဝင်မပါတာ... မင်း ကိုယ့်ကို စိတ်ဆိုးသွားမှာ ကြောက်လို့။ ဒါပေမယ့်... ကိုယ့် မိန်းမကို တခြား ယောကျ်ားက အဲ့ဒီလို အနီးကပ် လာလုပ်သွားတာကို ကြည့်ပြီး ကိုယ့် ရင်ထဲမှာ ဘယ်လောက် ဗလောင်ဆူသွားရလဲ သိလား။"
ကလေးတစ်ယောက်လို ဆူပွပွနဲ့ ပြောနေတဲ့ သခင့်ပုံစံကြောင့်
စံအိမ် အလိုလို ပြုံးလိုက်မိပြီး သူမ လက်လေးများကို မြှောက်ကာ သူ့လည်ပင်းကို ရစ်သိုင်း ဖက်တွယ်လိုက်သည်။
ထို့နောက် ခြေဖျားလေးကို အနည်းငယ် ထောက်ကာ သခင့် နှုတ်ခမ်းထူထူများကို သူမ နှုတ်ခမ်းဖူးဖူးလေးများဖြင့် ဖွဖွလေး ဖိကပ် နမ်းရှိုက်လိုက်၏။
ရုတ်တရက် အနမ်းလေးကြောင့် သခင့် တစ်ကိုယ်လုံး ဓာတ်လိုက်သွားသလို တောင့်တင်းသွားရလေသည်။
"ကျွန်မက ရှင့်မိန်းမပါ။
သဝန်မတိုတော့နဲ့ ဟုတ်ပြီလား။ "
"စံအိမ်..."
သခင် သူမကို စိုက်ကြည့်ရင်း သူမခါးလေးကို ပိုမို တင်းကျပ်စွာ သိမ်းဖက်လိုက်ပြီး အနောက်ဘက် နံရံဆီသို့ အသာအယာ တွန်းကပ်လိုက်ကာ ...
"တစ်ခါလေး နမ်းရုံနဲ့တော့ စိတ်က ပြေသွားမှာ မဟုတ်ဘူးနော်။"
သူမ မျက်နှာရှေ့သို့ တိုးကပ်ပြီး နှုတ်ခမ်းချင်း မထိတထိ အနေအထားတွင် တိုးဖွဖွ ပြောလိုက်သည်။
"အဲ့ဒါဆို... ဘယ်လို လုပ်ပေးရမလဲ။"
"ဒီလို..."
စကားဆုံးသည်နှင့် သခင့် နှုတ်ခမ်းများက စံအိမ့် နှုတ်ခမ်းလွှာများထက်သို့ အရှိန်ပြင်းပြင်းဖြင့် ထပ်မံကျရောက်လာပြန်သည်။
"အွန်း...ပြွတ်စ် ပြွတ်စ်"
သခင် လက်တစ်ဖက်က သူမ ခါးကို ပင့်ချီထားပြီး ကျန်လက်တစ်ဖက်က သူမ နောက်စေ့လေးကို ကိုင်ကာ အနမ်းများကို ပိုမို နက်ရှိုင်းစေလိုက်သည်။ အခန်းလေးထဲတွင် ပစ္စည်း သိမ်းသည့် အလုပ်များ အားလုံး ရပ်သွားပြီး ပြင်းထန်သော အသက်ရှူသံများနှင့် နှလုံးခုန်သံများသာ ရောယှက်ကာ ဆူညံနေလေတော့သည်။
နေထိုက်စံလေးကတော့ ကဲသည်းနေတဲ့ သူ့အဖေနဲ့အမေကြောင့် လက်ကလေးနှစ်ဖက်ကို မျက်နှာပေါ်အုပ်ကာ အိပ်ခန်းထဲ ပြေးဝင်သွားလေတော့သည်။
အပိုင်း (၅၇) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)