ညက ပြင်းထန်ခဲ့သော အချစ်မုန်တိုင်း အရှိန်ကြောင့် စံအိမ် တစ်ကိုယ်လုံး နုံးခွေနေကာ မျက်တောင်ကော့ကော့လေးများကို ပင့်ကာ မျက်လုံးကို အသာဖွင့်လိုက်ချိန်တွင်တော့သူမကို လက်ထောက်ကာ စိုက်ကြည့်နေသော သခင့် မျက်ဝန်းနက်ကြီးများနှင့် အရင်ဆုံး ဆုံတွေ့လိုက်ရ၏။ သခင်က ရေချိုးပြီးသွားပြီ ထင်သည်။
သူ့ ဆံပင်ဖျားလေးများဆီမှ ရေစက်အချို့က လည်တိုင်တစ်လျှောက် စီးကျနေပြီး ရေမွှေးနံ့ သင်းသင်းလေးက လာရောက် တိုးဝှေ့နေ၏။
"နိုးပြီလား... "
ဩရှရှ အသံဖြင့် နှုတ်ဆက်ရင်း သူမ နဖူးပြင်လေးကို ငုံ့ကာ အနမ်းဖွဖွ ခြွေချလိုက်လျှင် စံအိမ် ရှက်သွေးဖြာစွာဖြင့် စောင်လေးကို ရင်ဘတ်အထိ ဆွဲခြုံလိုက်ပြီး ခေါင်းလေးကို အသာညိတ်ပြလိုက်၏။
"ထတော့မလား ... ရေချိုးပြီးရင် မေမေ့အိမ် သွားကြမယ်။ သားလေးကတော့ ဧည့်ခန်းထဲမှာ ကာတွန်းကား ထိုင်ကြည့်နေပြီ။"
သခင့်စကားကြောင့် စံအိမ် အလန့်တကြား ဖြစ်သွားကာ အိပ်ရာပေါ်မှ ကမန်းကတန်း ထိုင်လိုက်မိသည်။ ယောက္ခမအိမ် သွားရမည့် ပထမဆုံးရက်မှာတင် သူမက နေမြင့်သည်အထိ အိပ်ရာထ နောက်ကျနေခဲ့ပြီ မဟုတ်လား။
သခင်ကတော့ သူမရဲ့ အလန့်တကြား ပုံစံလေးကို သဘောကျစွာ ကြည့်ရင်း ပြုံးစိစိဖြင့် သူမ ပါးလေးကို တစ်ချက် လှမ်းဆွဲကာ အခန်းပြင်သို့ ထွက်သွားလေသည်။
"ဖြည်းဖြည်းလုပ်ပါ ... အောက်မှာ စောင့်နေမယ်နော်။ "
"အွန်း အွန်း "
_____________
ကားလေးက ခြံဝင်းကျယ်ကြီး တစ်ခုအတွင်းသို့ ချောမွေ့စွာ ဝင်ရောက်လာခဲ့ကာ ခြံတံခါးဝမှစ၍ အိမ်ရှေ့ အဝင်လမ်း တစ်လျှောက်ရှိ ခြံစည်းရိုးများပေါ်တွင် စက္ကူပန်း အခက်အလက်များက အစီအရီ တွဲလောင်းကျနေပြီး၊ လေအဝှေ့တွင် လွင့်ပျံ့လာသော စံပယ်ပန်းရနံ့ သင်းသင်းလေးကလည်း ခြံဝင်းတစ်ခုလုံးကို လတ်ဆတ်သော အသက်ဝင်မှုများ ပေးစွမ်းနေ၏။
အိမ်ရှေ့ ဆင်ဝင်အောက်တွင်တော့ သခင့်အမေ ဒေါ် အေးမြရိပ် က မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာစွာဖြင့် သူတို့ကို ဆီးကြိုနေလေသည်။
ကားတံခါး ပွင့်သည်နှင့် တစ်ပြိုင်နက်...
"ဘွားဘွား
နေထိုက်စံလေးက ဝမ်းသာအားရ အော်ဟစ်ကာ ဒေါ် အေးမြရိပ်
ရှိရာဆီသို့ ပြေးသွားတော့သည်။
"အို... မြေးလေး ... လာပါဦး ဘွားဘွား ဆီကို။"
ဒေါ် အေးမြရိပ်က နေထိုက်စံလေးကို ဆီးကြိုကာ ပွေ့ချီလိုက်ပြီး မြေးဖြစ် ပါးလေး နှစ်ဖက်ကို အကြိမ်ကြိမ် နမ်းရှိုက်နေတော့သည်။
ထို့နောက် သူမ အကြည့်များက ကားပေါ်မှ ဆင်းလာကာ သူမဆီသို့ ယှဉ်တွဲ လျှောက်လှမ်းလာနေသော သခင်နှင့် စံအိမ့်ဆီသို့ ရောက်ရှိသွားလေသည်။
သခင် စံအိမ့် လက်ချောင်း သွယ်သွယ်လေးများကို သူ့ လက်ဖဝါးထဲတွင် တင်းကျပ် နွေးထွေးစွာ ဆုပ်ကိုင်ထားကာ စံအိမ်ကလည်း ရိုးရိုးယဉ်ယဉ် ရင်ဖုံး အင်္ကျီလေးနှင့် အလွန်ကို ကျက်သရေရှိလှပြီး သူမ မျက်နှာပေါ်တွင်လည်း အေးချမ်းသော အပြုံးလေး တစ်ခုက ခိုတွယ်နေ၏။
ထိုမြင်ကွင်းလေးကို ကြည့်ရင်း ဒေါ် အေးမြရိပ် မျက်ဝန်းအိမ်မှ ဝမ်းသာမှု မျက်ရည်များ အလိုလို လိမ့်ဆင်းကျလာတော့သည်။ သူမ ဘယ်လောက်တောင် မြင်ချင်ခဲ့ရသလဲ။
သားရဲ့ မိသားစုလေး အခုလို ပြန်လည် ပေါင်းစည်းနိုင်ဖို့ရာအတွက် သူမ နေ့တိုင်းလိုလို ဆုတောင်းခဲ့ရသည် မဟုတ်လား။
စံအိမ် သူမနားသို့ ရောက်လာသည်နှင့် ဒေါ် အေးမြရိပ် နေထိုက်စံလေးကို အောက်သို့ ခဏ ချပေးလိုက်ပြီး စံအိမ့် လက်နှစ်ဖက်ကို လှမ်းကာ ဆုပ်ကိုင်လိုက်၏။
"မေမေတော့လေ... ဒီလိုပုံစံလေး ပြန်မြင်ရတာကို သိပ်ဝမ်းသာတာပဲကွယ်။"
"..."
"သမီးလေး... မေမေ့ သားကို ခွင့်လွှတ်ပေးပြီး အခုလို ပြန်လက်ခံပေးတဲ့အတွက် မေမေ သိပ်ကျေးဇူးတင်တာပဲ။ အရင်က လစ်ဟင်းခဲ့တာတွေ နာကျင်ခဲ့ရတာတွေ အားလုံးကို မေ့ပစ်လိုက်ပြီး ဒီနေ့ကစလို့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေသွားကြတော့နော်။ "
ဒေါ်အေးမြရိပ်ရဲ့ နွေးထွေးသော စကားများကြောင့် စံအိမ် ရင်ထဲဆို့နင့်သွားရပြီး မျက်ရည်ကြည်လေးများ ဝဲတက်လာရသည်။
"ဟုတ်ကဲ့ပါ အန်တီ... သမီးတို့ နားလည်မှုတွေနဲ့ ရှေ့ဆက်သွားကြမှာပါ။"
"အို ... အခုတော့ မေမေလို့ပဲ ပြန်ခေါ်ပါလားကွယ်။"
"ဟုတ်ကဲ့ပါ မေမေ "
"အဲ့လိုလေးမှပေါ့ကွယ် ... ကဲကဲ လာကြ လာကြ
မြေးလေးအတွက် ဘွားဘွား မုန့်တွေ အများကြီးလုပ်ထားတယ်"
"ရေး ... စားမယ် ဘွားဘွား "
"အေးအေး လာလာ "
ဧည့်ခန်းကျယ်ကြီးထဲရှိ ဆိုဖာပေါ်တွင် ထိုင်ကာ မိသားစု စကားဝိုင်းလေး ဖြစ်တေကာ နေထိုက်စံလေးကတော့ သူ့အဘွ ပေါင်ပေါ်တွင် ထိုင်ကာ အရုပ်များဖြင့် ဆော့ကစားနေေလရဲ့။
သခင်ကလည်း စံအိမ့် လက်ကို ဆိုဖာပေါ်တွင် သူ့လက်နှင့် အုပ်မိုး ဆုပ်ကိုင်ထားဆဲ။
"မာမီ... ကျွန်တော်တို့ သုံးယောက် မနက်ဖြန် ခရီးထွက်မလို့။"
"ဟေ... ရုတ်တရက်ကြီးပါလား သား။ ဘယ်တွေကို သွားကြမလို့လဲ။"
ဒေါ် အေးမြရိပ် အံ့ဩတကြီး မေးလိုက်သည်။
ထိုအခါ သခင် စံအိမ့်ကို တစ်ချက် ငဲ့ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလိုက်ရင်း...
"ဟန်းနီးမွန်း ထွက်မလို့ပါ မာမီရာ။ အရင်က ဘာမှ သေချာ မလုပ်ပေးခဲ့ရဘူးလေ။ အခုတော့ စံအိမ် သွားချင်တဲ့ နေရာလေးတွေ အကုန်လိုက်ပို့ပြီး အေးအေးဆေးဆေး အနားယူကြမလို့။ ပြီးတော့ သားလေးလည်း ကျောင်းပိတ်ရက်ဆိုတော့ တစ်ခါတည်း အတူတူ ခေါ်သွားမလို့။"
ဟန်းနီးမွန်း ဆိုသည့် စကားလုံးကြောင့် စံအိမ် မျက်နှာလေး ရဲခနဲ ဖြစ်သွားရပြီး သခင့်ကို မျက်စောင်းလေး တစ်ချက် ခပ်ရွယ်ရွယ် လှမ်းထိုးလိုက်မိသည်။ သားလေးက ကြီးနေပြီကို လူကြရှေ့မှာ
ဟန်းနီးမွန်း သွားမယ်လို့ ပွင့်ပွင့်လင်းလင်းကြီး ပြောချလိုက်သည့် သခင့်ကို သူမ တကယ် အသည်းယားသွားမိသည်။
သို့သော် ဒေါ် အေးမြရိပ်ကတော့ သဘောကျလွန်း၍ မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ရယ်မောလိုက်ပြီး...
"အေး... ကောင်းတာပေါ့ သားရယ်။ မိသားစု သုံးယောက် ဟန်းနီးမွန်း ဆိုတော့ ပိုတောင် ပျော်စရာကောင်းသေး။ သွားကြ သွားကြ... အလုပ်တွေ ခဏမေ့ထားပြီး မိသားစု အချိန်လေး သေချာ ယူကြနော်"
"ရေး ... ဖေဖေနဲ့ မေမေနဲ့ ခရီးသွားရတော့မယ်။"
နေထိုက်စံလေးကလည်း ခရီးသွားရမည် ဆိုသည်ကို ကြားသည်နှင့် ဖွားဖွား ပေါင်ပေါ်မှ ဆင်းကာ ခုန်ပေါက်ပြီး အောင်ပွဲခံနေတော့သည်။
"ဟို မေမေရော လိုက်ခဲ့ပါလား။
တစ်ယောက်တည်း ပျင်းနေရမှာပေါ့ "
တပြုံးပြုံးဖြစ်နေတဲ့ ဒေါ်အေးမြရိပ်အား စံအိမ်က လှမ်းပြောလိုက်၏။
"အို ... မလိုပ်တော့ပါဘူးကွယ်။
မေမေက အသက်လည်းကြီးပါပြီ။
ခရီးတွေဘာတွေ မလိုက်နိုင်တော့ပါဘူးကွယ်။
သမီးတို့ပဲ ပျော်ခဲ့ကြနော်။ "
"ဟုတ်ကဲ့ ... မေမေ တစ်ယောက်တည်းရော ဖြစ်ပါ့မလား။ "
"ဖြစ်ပါတယ်ကွယ်။
အိမ်မှာ အလုပ်သမားတွေလည်း ရှိတာပဲကွဲ့။ "
"ဟုတ် ဟုတ် "
အပိုင်း (၅၆) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)