သားလေးအိပ်သွားလျှင် စံအိမ် သားလေးကို ပွေ့ချီကာ အိပ်ခန်းထဲရှိ ခုတင်ပေါ်သို့ အသာအယာ ချပေးလိုက်ပြီး စောင်ပါးလေးကို ရင်ဘတ်အထိ လွှမ်းခြုံပေးလိုက်သည်။ သခင်ကလည်း သူမ အနောက်မှ ရပ်ကာ သားလေး နဖူးလေးကို ငုံ့၍ ခပ်ဖွဖွ နမ်းရှိုက်လိုက်၏။ ထို့နောက် အိပ်ခန်းတံခါးကို အသံမမြည်အောင် ပိတ်ကာ နှစ်ယောက်သား ဧည့်ခန်းဆီသို့ ပြန်ထွက်လာခဲ့ကြသည်။
ဧည့်ခန်းထဲရှိ ဆိုဖာခုံရှည်ပေါ်တွင် ထိုင်လိုက်သည်နှင့် သခင်က စံအိမ့် ကိုယ်လုံး သေးသေးလေးကို သူ့ ရင်ခွင်ကျယ်ကြီးထဲသို့ အသာအယာ ဆွဲသွင်းလိုက်လျှင် စံအိမ်လည်း အလိုက်သင့်လေး ပါသွားကာ သူ့ ရင်အုပ်ကျယ်ကြီးကို မှီတွယ်လိုက်မိသည်။
သခင့် မေးဖျားက စံအိမ့် ဆံနွယ်နုနုလေးများပေါ်သို့ ကျရောက်နေပြီး သူ့လက်က စံအိမ့် ပခုံးလေးကို ဆုပ်ကိုင်ထား၏။
နှစ်ယောက်တည်းသာ ရှိနေသော တိတ်ဆိတ်မှုနှင့်အတူ သခင့်ထံမှ ရနေကျ ကိုယ်သင်းနံ့ ခပ်သင်းသင်းကြောင့် စံအိမ့် နှလုံးခုန်သံနှုန်း မြန်လာရသည်။
ခဏကြာ ငြိမ်သက်နေပြီးနောက် သခင်က သူမ ပခုံးလေးကို အသာပွတ်သပ်ပေးရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ကိုယ်တို့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား ပြန်ကျင်းပကြမယ်နော်။"
ရုတ်တရတ် ကြားလိုက်ရသော သူ့စကားကြောင့် စံအိမ့် မျက်လုံးလေးများ ဝိုင်းစက်သွားပြီး သူ့ရင်ခွင်ထဲမှနေ၍ ခေါင်းလေးကို မော့ကာ သူ့ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။
"အို... မလုပ်ပါဘူး ... ရှက်စရာကြီး။"
စံအိမ် မျက်နှာလေး ရဲတက်သွားကာ ချက်ချင်း ငြင်းလိုက်သည်။ ကလေး တစ်ယောက် အမေ ဖြစ်နေပြီလေ အခုမှ မင်္ဂလာပွဲကြီးကို လူသိရှင်ကြား အကြီးအကျယ် ပြန်လုပ်ရမည် ဆိုတော့ ပတ်ဝန်းကျင်ကို သူမ တကယ် ရှက်မိသည်။
"ဟာ... မင်္ဂလာပွဲ ကျင်းပတာ ဘာရှက်စရာ ရှိလို့လဲကွာ။"
လက်တစ်ဖက်က စံအိမ့် မေးစေ့လေးကို အသာအယာ ပင့်တင်လိုက်ပြီး သူမ မျက်ဝန်းများနှင့် တည့်တည့် ဆုံစေကာ ပြောလိုက်၏။
"ဒါပေမယ့်... ကျွန်မတို့က... သားလေးတောင် အရွယ်ရောက်နေပြီလေ။ ပြီးတော့ လူတွေက ဘယ်လို ထင်ကြမလဲ။"
စံအိမ် မျက်လွှာလေးကို ချကာ ခပ်တိုးတိုးလေး ဖြေလိုက်၏။
ထိုအခါ သလင် သူမလက်ဖဝါးနှစ်ဖက်အား ခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး ...
"ကိုယ်တို့ရဲ့ ပထမ မင်္ဂလာပွဲက အတုအယောင်တွေ ပါခဲ့တဲ့အတွက်... အခုတော့ အစစ်အမှန်တွေ ပြန်ပေးပါရစေကွာနော်။"
"..."
"မငြင်းလိုက်ပါနဲ့ကွာ။
ကိုယ့်အမျိုးသမီးလေးကို ကိုယ်က တန်ဖိုးထားပြီး လက်ထပ်ယူပြီးမှ ပြန်ပေါင်းမှာ ဟုတ်ပြီလား။ "
"အွန်း ... ဒါပေမယ့် တစ်မျိုးပဲ။ "
"ဘာမှ တစ်မျိုးမဖြစ်နဲ့။
ကိုယ့်မိန်းမလေးက ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ အပျော်ရွှင်ဆုံး သတို့သမီးလေးဖြစ်စေရမယ်။ "
သူ့စကားကြောင့် စံအိမ် ခပ်ဖွဖွပြုံးကာ ခေါင်းညိတ်လိုက်လျှင်
သခင်လည်း လိုက်ပြုံးကာ သူမ ငယ်ထိပ်လေးကို နှုတ်ခမ်းနှင့်ဖိကပ်ကာ မွတ်သိပ်စွာ နမ်းရှိုက်လိုက်၏။
______________
ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီး၏ ခမ်းနားထည်ဝါလှသော ခန်းမဆောင်ကြီး တစ်ခုလုံးသည် ထိန်လင်း တောက်ပနေကာ အမိုးခုံးပေါ်မှ တွဲကျနေသော သလင်းကျောက် မီးဆိုင်းကြီးများထံမှ အလင်းရောင်များက ရွှေရောင်လွှမ်းသော ခန်းမနံရံများကို ရိုက်ခတ်ကာ မျက်စိကျိန်းမတတ် စူးရှနေ၏။
ခန်းမ၏ နေရာအနှံ့တွင် အလှဆင်ထားသော စံပယ်ပန်း အဖြူရောင်လေးများနှင့် နှင်းဆီဖြူတို့၏ သင်းပျံ့သော ရနံ့က လေထုထဲတွင် မွှေးကြိုင်စွာ ပျံ့လွင့်နေကာ ရုပ်ပြကာတွန်းတွေထဲကလို ပြီးပြည့်စုံလွန်းလှသော မင်္ဂလာပွဲကြီး၏ အပြင်အဆင်က လာရောက်ကြသူ ဧည့်ပရိသတ်တိုင်း၏ ရင်ကို ဆွဲဆောင် ဖမ်းစားထားနိုင်ခဲ့သည်။
ဂီတပညာရှင်များ တီးခတ်လိုက်သော တယောသံ ငြိမ့်ငြိမ့်လေး ထွက်ပေါ်လာချိန်တွင်တော့ ခန်းမကြီး တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး လူတိုင်း၏ အကြည့်က ပွင့်ဟလာသော ခန်းမ တံခါးမကြီးဆီသို့ စုပြုံ ရောက်ရှိသွားကြ၏။
"ဝါး... ချစ်စရာလေး..."
ဧည့်ပရိသတ်များကြားမှ တီးတိုး ရေရွတ်သံလေးများနှင့်အတူ ခန်းမထဲသို့ ပထမဆုံး ဝင်ရောက်လာသူလေးကတော့ နေထိုက်စံပင် ဖြစ်သည်။ အနက်ရောင် တီရှပ်နှင့် ကုတ်အင်္ကျီ သေးသေးလေးကို သေသပ်ကျနစွာ ဝတ်ဆင်ထားပြီး လည်ပင်းတွင် လိပ်ပြာပုံ
Bow -tie အနက်ရောင်လေး တပ်ထားသော သားလေးက နေမင်းသခင် ပုံစံတူ အသေးစားလေး တစ်ယောက်လိုပင် ချစ်စရာကောင်းလွန်းနေသည်။ နေထိုက်စံလေးက သူ့လက်ထဲရှိ ပန်းခြင်းလေးထဲမှ နှင်းဆီပွင့်ဖတ် အနီရောင်လေးများကို ကော်ဇောဖြူကြီးပေါ်သို့ တစ်ထပ်ချင်း ဖြန့်ကြဲရင်း လူကြီးဆန်ဆန် ခြေလှမ်းများဖြင့် လျှောက်လှမ်းလာလေသည်။
ထိုပန်းကြဲလေး၏ အနောက်တွင်တော့... အဖြူရောင် မင်္ဂလာဂါဝန် ရှည်ကြီးကို ဝတ်ဆင်ထားသော စံအိမ်က တစ်လှမ်းချင်းလျှောက်လှမ်းလာ၏။
ဇာပန်းခက်များ ပုလဲလုံးလေးများဖြင့် အနုစိတ် ဖန်တီးထားသော မင်္ဂလာဂါဝန်က သူမ၏ သွယ်လျသော ကိုယ်ခန္ဓာနှင့် အချိုးကျစွာ ပနံရနေသည်။ မျက်နှာပေါ်တွင် မိတ်ကပ် ပါးပါးလေးသာ လိမ်းခြယ်ထားသော်လည်း နတ်သမီး တစ်ပါးလို လှပနေ၏။
စင်မြင့်ပေါ်တွင် ရပ်စောင့်နေသော နေမင်းသခင် ထိုမြင်ကွင်းကို ကြည့်ရင်း အသက်ရှူရန်ပင် မေ့လျော့သွားသလို ဖြစ်သွားရသည်။ ခန့်ညားလှသော Tuxedo အနက်ရောင်ဝတ်စုံနှင့် နေမင်းသခင် မျက်ဝန်းထဲတွင် အတိုင်းမသိ ချစ်မြတ်နိုးမှုများ လျှံကျနေလေသည်။
ထိုအချိန်... ဧည့်သည်များ ထိုင်နေသော စားပွဲဝိုင်းများထဲမှ စံအိမ့် ရုံးမှ ဝန်ထမ်းများ ထိုင်နေသည့် ဝိုင်းတွင်တော့ တီးတိုးသံများက ဆူညံနေတော့သည်။ အားလုံး၏ မျက်နှာတွင် အံ့ဩ တုန်လှုပ်မှုနှင့်အားကျမှုတို့က အထင်းသား။
"ဟဲ့... ဘော့စ်နဲ့ မစံအိမ်က အရင်ကတည်းက လက်ထပ်ထားတဲ့ လင်မယားတွေတဲ့။ ကွဲနေတာတဲ့ဟ။"
ပထမဆုံး တစ်ေယာက်က စပြောလိုက်လျှင် ...
"အေး... နောက်ပြီး စံအိမ့်သားလေးကလည်း ဘော့စ်နဲ့ရတဲ့ကလေးပဲတဲ့။ ငါတို့တောင် အခုမှ သိရတာ..."
ဘေးမှ နောက်တစ်ယောက်ကလည်း ပါးစပ် အဟောင်းသားဖြင့် ဝင်ထောက်လေသည်။
ထိုအခါ နောက်တစ်ယောက်က ရှေ့က ပန်းကြဲလာသော နေထိုက်စံ လေးကို လှမ်းကြည့်ရင်း...
"ဟုတ်ပနော်... အခုလို သေချာယှဉ်ကြည့်မှ ကလေးက ဘော့စ်နဲ့ တော်တော်တူတာပဲ။ အမူအရာရော၊ မျက်နှာထားရော တစ်ပုံစံတည်းပဲ။"
"ဪ နင်ကလည်း သားအဖပါဆို... အဖေရော အမေရောက အချောတွေချည်းဆိုတော့ ကလေးလေးက ချစ်စရာလေးနော်။ မစံအိမ် ကတော့ ကံကောင်းလိုက်တာဟာ... ဘော့စ်က သူ့ကို ကြည့်နေတဲ့ အကြည့်တွေများ အရည်ပျော်ကျမတတ်ပဲ။ တကယ် အားကျစရာ ကောင်းလိုက်တာ။"
သူတို့၏ တီးတိုး ပြောဆိုသံများ အားကျမနာလို ဖြစ်နေမှုများကို စံအိမ် မကြားနိုင်သော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးက သူမကို ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး အမျိုးသမီး တစ်ယောက်အဖြစ် သတ်မှတ်နေကြသည်ကိုတော့ သူမ အလိုလို ခံစားမိနေသည်။
စံအိမ် စင်မြင့် ရှေ့သို့ ရောက်သည်နှင့် သခင်က စင်ပေါ်မှ ဆင်းကာ သူမကို ဆီးကြိုလိုက်သည်။ ထို့နောက် သူမ လက်ချောင်း သွယ်သွယ်လေးများကို သူ့ လက်ဖဝါး နွေးနွေးကြီးထဲသို့ အသာအယာ ဆုပ်ကိုင် သိမ်းသွင်းလိုက်ကာ ...
"မင်း... အရမ်းလှတယ် စံအိမ်။"
သူမ နားရွက်ဖျားနားသို့ တိုးကပ်ကာ ခပ်တိုးတိုးဆိုလိုက်၏။
သူ့အကြည့်များက သူမ မျက်နှာလေးကို တစ်စက္ကန့်လေးမျှပင် အလွတ်မပေးချင်သလို စူးစိုက်ကြည့်နေကာ ...
"အတုအယောင်တွေ မပါတဲ့... အစစ်အမှန် ချစ်ခြင်းတွေနဲ့ တည်ဆောက်ထားတဲ့ ကိုယ်တို့ရဲ့ ဘဝအသစ်ကို ဒီနေ့ကစပြီး အတူတူ လျှောက်လှမ်းကြမယ်နော်။"
သူမ လက်ဖမိုးလေးကို ငုံ့ကာ အနမ်းဖွဖွလေး ခြွေချရင်း ကတိပြုလိုက်သည်။ စံအိမ် မျက်လွှာလေးချကာ ရှက်သွေးဖြာစွာဖြင့် ခေါင်းလေးကို အသာအယာ ညိတ်ပြလိုက်လျှင် စင်ပေါ်တွင် ရပ်နေသော သားလေး နေထိုက်စံကလည်း ဖေဖေနှင့် မေမေကို ကြည့်ကာ လက်ခုပ်လေး တီးပြီး သွားတက်လေးများ ပေါ်အောင် ပြုံးရယ်နေလေ၏။
အတိတ်က နာကျင်မှုများ အားလုံးသည် အပြီးတိုင် လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီဖြစ်လေသည်။
အပိုင်း (၅၃) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)