"ဒေါက်... ဒေါက်..."
စံအိမ် အိုးခွက်ပန်းကန်တွေဆေးနေတုန်း တံခါးခေါက်သံ ထွက်ပေါ်လာရာ
သားလေးက အရုပ်ဆော့နေရာမှ ခေါင်းထောင်ကြည့်လာပြီး...
"မေမေ... ဖေဖေ လာတာနေမယ် သား သွားဖွင့်လိုက်မယ်နော်။"
ပြောလည်းပြော လူကလည်း တံခါးဆီသို့ တောက်တောက် တောက်တောက်နှင့် ပြေးသွားလေတော့သည်။
အခန်း password သိနေပေမယ့် စံအိမ်က အိမ်မှာ စံအိမ်ရှိနေချိန်ဆို တံခါးခေါက်ပြီး ဖွင့်ပေးမှ အခန်းထဲဝင်ရမယ်လို့ ပြောထားတာကြောင့် အခုလို တံခါးခေါက်နေခြင်းပင်။
"ဖေဖေ"
"ဟား... ဖေ့သားကြီး ဖေဖေ့ကို မျှော်နေတာလား ... မွ ဖေ့ပိုလည်း နမ်းပါဦးကွာ။ "
"အာဘွား အာဘွား "
"ဟား အမောကို ပြေသွားတာပဲဗျာ ဟား ဟား "
သားအဖ နှစ်ယောက်၏ ကြည်နူးစရာ မြင်ကွင်းကို ကြည့်ရင်း စံအိမ့် နှလုံးသား တစ်နေရာမှ နွေးခနဲ ဖြစ်သွားရသည်။
သခင် သားလေးကို ချီထားရင်း အိမ်ထဲသို့ ဝင်လာကာ ဆိုဖာပေါ်တွင် ထိုင်နေသော စံအိမ့်ကို မြင်တော့ သူ့ ခြေလှမ်းများ ခေတ္တ ရပ်တန့်သွားပြီး သူမမျက်နှာ အကဲကို ခပ်မြန်မြန် တစ်ချက် အကဲခတ်လိုက်၏။ သားလေးကို ဆိုဖာပေါ်သို့ ချပေးလိုက်ပြီး ဝယ်လာသော မုန့်များကို ဖောက်ပေးလိုက်ကာ ...
"သားသား... ဒီမှာ ကစားရင်း မုန့်စားနေနော်။ ဖေဖေ မေမေ့ဆီ ခဏ သွားလိုက်ဦးမယ်။"
သားလေးကို ချပေးပြီးနောက် သခင် မီးဖိုချောင်ဘက်သို့ ခပ်ဖွဖွ လျှောက်လာခဲ့သည်။
" နေမကောင်းဘူးလား။ "
ခပ်ဩဩနှင့် နူးညံ့သော အသံက သူမ ကျောပြင် အနောက်တည့်တည့်မှ ထွက်ပေါ်လာ၏။
"ဟင် ...ကောင်းပါတယ်။ "
"အဲ့တာဆို တစ်ခုခုဖြစ်နေတယ်မလား။
ဘာဖြစ်နေတာလဲ ကိုယ့်ကို ပြောပြပါလား။ "
"ဘာဖြစ်ရမှာလဲ။
ဘာမှမဖြစ်ပါဘူး။
ရှင် ဘာတွေလာမေးနေတာလဲ။ "
"ကိုယ့်ကို မညာပါနဲ့ကွာ။
မင်းမျက်နှာကိုပဲ ကြည့်ပြီးနေလာခဲ့တဲ့ကောင်ပါကွ။
တစ်ခုခုဖြစ်နေတာ ကိုယ်သိတယ်။ "
"တကယ် ဘာမှမဖြစ်ဘူး။
ကျွန်မ စဉ်းစားစရာလေး ရှိနေလို့။ "
"ဘာတွေ စဉ်းစားနေတာလဲ။
ဘာလဲ ကိုယ့်ကို ပြန်လက်ခံဖို့ စဉ်းစားနေတာလား။ "
သခင် ဒီတိုင်း ပြုံးကာ ခပ်နောက်နောက် စလိုက်ပေမယ့် မျက်နှာတည်လေးနှင့် သူ့ကို မော့ကြည့်လာတဲ့ စံအိမ့်အကြည့်တွေကြောင့် သူ့ရင်တွေ အဆမတန်ဆောင့်ခုန်သွားရသည်။
"စံ ... စံအိမ် "
"အားလုံးရဲ့ ဆန္ဒအတိုင်း ကျွန်မ ရှင်နဲ့ ပြန်ပေါင်းမယ်။ "
"ဘယ်လို ... တကယ် တကယ်လား။"
"အင်း "
စံအိမ်က ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်သည်။
"ဟား ... ဝမ်းသာလိုက်တာကွာ။"
သခင့် မျက်နှာတစ်ခုလုံး ဝမ်းသာရွှင်မြူးမှုများဖြင့် လင်းလက်သွားကာ စံအိမ့် ပခုံးလေး နှစ်ဖက်ကို အသာအယာ ဆုပ်ကိုင်လိုက်ပြီး...
"ကျေးဇူးပါ ... ကိုယ့်ကို အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်ကွာ။ "
"ဒါပေမယ့် ရှင်ကျွန်မကို ကတိတော့ပေးရမယ်။ "
"ဘာကတိလဲ ... ပေးတယ်ကွာ ပေးတယ် ပေးတယ် မင်းမကြိုက်တာ မှန်သမျှ ကိုယ်ဘာမှ မလုပ်ဘူး စိတ်ချ။ "
သခင် ဘာကတိမှန်းတောင် မသိသေးဘဲ ကလေးတစ်ယောက်လို ပြာပြာသလဲ အာမခံနေတော့သည်။
သူဘယ်လောက်တောင် မျှော်လင့်ခဲ့ရသလဲ။
"ပထမဆုံး အဲ့တာတွေ မပြောခင် တစ်ခုလောက်မေးကြည့်ချင်တယ်။
ကလေးဆန်နေမလား မသိပေမယ့် ကျွန်မ စိတ်ရှင်းချင်လို့။ "
"အွန်း ဘာမေးမှာလဲ "
"ကိုယ်အမှန်အတိုင်းဖြေပါ့မယ်။ "
"ရှင် ကျွန်မကို တကယ်ချစ်တာလား။ "
"ဘယ်လိုမေးလိုက်တာလဲကွာ။
ချစ်တာပေါ့ မင်းက ကိုယ့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးအချစ်ပါကွာ။ "
"နောက်တစ်ခု ရှင်အစ်မသေရတဲ့အကြောင်းအရင်းနဲ့ ကျွန်မကို အထင်မလွဲတော့တာရော သေချာလား။
ဒီတစ်ကြိမ်သာ ထပ်ပြီး အတုအယောင်တွေဖြစ်နေခဲ့ရင် ကျွန်မ ခံနိုင်ရည်ရှိတော့မှာ မဟုတ်ဘူး။ "
သူမစကားကြောင့် သခင့် ရင်ထဲ ဆစ်ခနဲ ဖြစ်သွားရကာ သူမအား ကရုဏာသက်စွာကြည့်လိုက်ပြီး ...
"မလွဲတော့ပါဘူးကွာ ... ကိုယ်မင်းကို အကြွင်းမဲ့ ယုံကြည်ပါတယ်။ "
"ပထမဆုံး တစ်ခုက... ရှင် အရင်လို အတ္တမကြီးရတော့ဘူး။ အရာရာကို ရှင့် စိတ်ကြိုက်ချည်းပဲ ဆုံးဖြတ်တာမျိုး မလုပ်ရဘူး။"
"အင်း ... ကိုယ်လက်ခံတယ် လက်ခံပါတယ် ..."
"နေဦး ကျွန်မပြောတာ ဆုံးအောင် နားထောင်ဦး။
ဒုတိယတစ်ခုက ကျွန်မရဲ့ လွတ်လပ်ခွင့်ကို လုံးဝ မပိတ်ပင်ရဘူး။
နောက်ဆုံးတစ်ခုကတော့ ရှင်ကျွန်မကို သဝန်မတိုရဘူး။ "
ထိုစကားအဆုံးတွင် သခင့် မျက်နှာပေါ်မှ အပြုံးကြီးက ရုတ်တရက် တန့်သွားပြီး မျက်ခုံး နှစ်ဖက်က အလိုလို ပူးကပ်သွားရသည်။
"အင် ... ဒုတိယတစ်ခုတော့ ကိုယ်လက်ခံပါတယ်။
နောကိဆုံးတစ်ခုကျ နည်းနည်း ..."
ကိုယ်ချစ်တဲ့မိန်းမပါဆို ... သဝန်တိုမှာပေါ့လို့ ...
"ဘာလဲ ရှင်က လက်မခံနိုင်ဘူးလား။ "
"ဟင် ... မဟုတ်ဘူးလေ။
လက်ခံတယ် ... ကိုယ်လက်ခံပါတယ်။
မင်းစိတ်တိုင်းကျဖြစ်အောင် ကိုယ်ကြိုးစားပါ့မယ်။ "
ပြောလည်းပြော သူအ ခါးလေးကို ဆွဲဖက်ကာ နဖူးလေးပေါ်သို့ အနမ်းတစ်ပွင့်ကို ခပ်ဖွဖွ ခြွေချလိုက်တော့သည်။
ထိုအနမ်းတစ်ပွင့်နှင့်အတူ ခါးသိမ်သိမ်လေးကို ထွေးပိုက်လာလျှင်
စံအိမ် ရှက်သွေးဖြာစွာဖြင့် သခင့် ရင်ခွင်ကျယ်ကြီးထဲမှ အသာအယာ ရုန်းထွက်လိုက်၏။
"ကဲ ... တော်ပြီ။ ဟိုမှာ သားလေး တစ်ယောက်တည်း ဖြစ်နေပြီ"
စံအိမ် ခပ်တိုးတိုးလေးဆိုလိုက်လျှင် သခင် အလွတ်မပေးချင်သေးသော်လည်း သူမမျက်နှာရဲရဲလေးကို ကြည့်ကာ သဘောတကျ ပြုံးလိုက်ပြီး လွှတ်ပေးလိုက်သည်။ သို့သော် လက်ချောင်းသွယ်သွယ်လေးများကိုတော့ သူ့ လက်ဖဝါးဖြင့် ဆုပ်ကိုင်ထားဆဲ။
"ဟုတ်ပြီ ... သားလေးဆီ သွားရအောင် "
သူတို့နှစ်ယောက် ဧည့်ခန်းရှေ့ရောက်လာလျှင် ဆော့နေသော နေထိုက်စံလေးက မော့ကြည့်လာကာ သူ့အဖေနှင့်အမေ လက်ချင်းတွဲထားကြတာကို တစ်ချက်စိုက်ကြည့်နေပြီးမှ ...
"ဖေဖေ... မေမေ "
ထိုင်နေရာမှထကယ သူတို့ရှိရာဆီသို့ ပြေးလာတော့သည်။
ထိုအခါ သခင် စံအိမ့် လက်ကလေးကို အသာလွှတ်ပေးလိုက်ပြီး ပြေးလာသော သားလေးကို ဆီးကြိုကာ ကိုယ်ကိုကိုင်း၍ ပွေ့ချီလိုက်သည်။ ထို့နောက် သားလေးကို အပေါ်သို့ မြှောက်ကာ လေထဲတွင် တစ်ပတ် လှည့်ပေးလိုက်ရာ အခန်းကျဉ်းလေးထဲတွင် တခစ်ခစ် ရယ်မောသံလေးက လွင်ပျံ့သွားလေသည်။
"သားသား... ဖေဖေတို့ မိသားစု ဒီနေ့ကစပြီး အမြဲတမ်း အတူတူ နေရတော့မယ်ကွ ...ပျော်လား ဖေ့သားကြီး။"
သခင်က သားလေးကို ရင်ခွင်ထဲ ပြန်ထည့်ရင်း သားလေး၏ နှာခေါင်းလုံးလုံးလေးကို သူ့ နှာခေါင်းဖြင့် အသာပွတ်တိုက်ကာ ပြောလိုက်သည်။
"တကယ်လား ... တကယ် အတူတူ နေရတော့မှာလား ဖေဖေ။ "
နေထိုက်စံလေးက မယုံနိုင်သလို မေးရင်း ဘေးတွင် ရပ်နေသော စံအိမ့်ကို လှမ်းကြည့်လိုက်ကာ...
"မေမေ... ဖေဖေ ပြောတာ တကယ်လားဟင်။ ဖေဖေနဲ့ မေမေ မင်ဂါပြန်ဆောင်တော့မှာလား။"
မင်ဂါဆောင် ဆိုသည့် စကားလုံးလေးကြောင့် စံအိမ် ရှက်ရယ်လေး ရယ်လိုက်မိပြီး ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်သည်။
"အွန်း ဟုတ်တယ် သားသားနေချင်သလို ဖေဖေနဲ့ အမြဲတမ်း အတူတူနေရတော့မှာ။"
စံအိမ့် နှုတ်ဖျားမှ ထိုစကားလည်း ကြားလိုက်ရရော နေထိုက်စံလက သခင့် ရင်ခွင်ထဲမှနေ လက်လေး နှစ်ဖက်ကို လေထဲ ဝှေ့ယမ်းကာ အကျယ်ကြီး အော်လိုက်၏။
"ရေး ... ပျော်လိုက်တာ သားသားတို့ အတူတူ နေရတော့မယ် ရေး"
သားလေး၏ အတိုင်းမသိ ပျော်ရွှင်နေသော မျက်နှာလေးကို ကြည့်ရင်း စံအိမ့် ရင်ထဲတွင် ကြည်နူးမှုနှင့်အတူ မျက်ရည်စများ ဝဲတက်လာရသည်။
ထိုစဉ် သခင်က သားလေးကို ချီထားသည့် လက်တစ်ဖက်ကို လျှော့လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဘေးတွင် ရပ်နေသော စံအိမ့် ခါးလေးကို ရုတ်တရက် လှမ်းဆွဲကာ သူ့ ရင်ခွင်ထဲသို့ သိမ်းသွင်းပစ်လိုက်၏။
"အို..."
စံအိမ် အငိုက်မိသွားပြီး သခင့် ရင်ခွင်ကျယ်ကြီးထဲသို့ အိခနဲ ရောက်သွားကာ သူ့ရဲ့ ကြီးမားသော လက်မောင်း အစုံကြားတွင် သားလေး ရော စံအိမ်ပါ ရောက်ရှိသွားတော့သည်။
"ကျေးဇူးတင်ပါတယ် စံအိမ်... ကိုယ့်ဘဝကို အခုလို အသက်ပြန်သွင်းပေးလို့။"
သခင့် အသံ ဩရှရှနှင့် သူမ နားထင်စပ်လေးနားတွင် တိုးကပ်စွာ ထွက်ပေါ်လာ၏။
သူမလည်း သခင့် ရင်အုပ်ကျယ်ကြီးကို မှီတွယ်ထားရင်း သူ့ အင်္ကျီစလေးကို လက်ချောင်းလေးများဖြင့် အသာအယာ ဆုပ်ကိုင်ထားလိုက်မိသည်။
ထို့နောက် သားလေးက သခင့် ပါးပြင်ကို တစ်ချက် "မွ" ခနဲ နမ်းလိုက်သလို စံအိမ့် ပါးပြင်ကိုလည်း လှမ်း၍ "မွ" ခနဲ အသံမည်အောင် နမ်းလိုက်၏။
" ဖေဖေ့ကိုရော မေမေ့ကိုရော အရမ်းချစ်တာပဲ။"
ထိုစကားလေးကြောင့် သခင်ရော စံအိမ်ပါ ပြိုင်တူ ရယ်မောလိုက်မိကြကာ အခန်းကျဉ်းလေးထဲတွင် ရယ်သံလေးတွေ လွှမ်းနေလေသည်။
သခင် စံအိမ့် နဖူးလေးကို တစ်ချက် သားလေးရဲ့ ပါးပြင်ကို တစ်ချက် အလှည့်ကျ နမ်းရှိုက်ရင်း...
"ဖေဖေလည်း သားသားရော မေမေ့ကိုရော အများကြီး ချစ်ပါတယ် ဒီကမ္ဘာပေါ်မှာ အချစ်ဆုံးတွေပဲ။"
"မေမေရော ချစ်လားဟင်။ "
"ချစ်တာပေါ့ကွယ်။"
"ဘယ်သူ့ကိုလဲ။ "
"ဟင် ..."
"သားသားကိုလား ဖေဖေ့ကိုလား။ "
"အကုန်လုံးကို ချစ်ပါတယ်ရှင် ... အတတ်ကလေး "
"ဟား ဟား ဟား ဟား "
အပိုင်း (၅၂) ဆက်ရန် ...
(ပျားသကာလို ချိုမြသွားပါပြီရှင် ...
ဖတ်တဲ့သူလေးတွေတော့မသိဘူး။
ကျွန်မတော့ ပြုံးပြုံးကြီး ရေးနေမိတာပဲ )
Author -Anna Lynn
အခန်းမှတ်ချက်များ (0)