ခုတင်ပေါ်တွင် ခြေထောက်လေး နှစ်ချောင်း တွဲလွဲချကာ ထိုင်နေသော သားလေးက မျက်လုံးလေး ကလယ်ကလယ်နှင့် စံအိမ့်ကို ကြည့်နေကာ စံအိမ်က ရေစွတ်ထားသော တဘက်နုနုလေးဖြင့်
သားလေး မျက်နှာနှင့် လက်ချောင်းလေးများကို သေသေချာချာ သုတ်သင်ပေးနေစဉ်...
"မေမေ... မေမေ"
ရုတ်တရက် ထွက်ပေါ်လာသော သားလေး အသံလေးကြောင့် စံအိမ် မော့ကြည့်လိုက်၏။
"ရှင့်..."
"မေမေ... ဖေဖေနဲ့ မင်ဂါပြန်ဆောင်လိုက်ပါလားဟင်။"
"ဟင်"
စံအိမ့် လက်ထဲမှ တဘက်လေး ခုတင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားကာ သူမ မျက်လုံးများက ပြူးကျယ်သွားပြီး ရင်ဘတ်ထဲမှ နှလုံးသားက ပေါက်ကွဲထွက်တော့မတတ် ဆောင့်ခုန်သွားရသည်။
မထင်မှတ်ထားတဲ့ သားလေးစကားများကြောင့် သူမ တစ်ကိုယ်လုံး အေးခဲသွားသလိုပင်။
"သား... သား ဘာတွေ ပြောနေတာလဲ။"
"ဖေဖေက ပြောတယ် ... ဖေဖေနဲ့ မေမေ မင်ဂါပြန်ဆောင်မှ ဖေဖေက သားတို့နဲ့ အမြဲတမ်း အတူတူ နေလို့ရမှာတဲ့။"
"အို..."
စံအိမ် နှုတ်ခမ်းကို တင်းတင်း ကိုက်ထားလိုက်မိသည်။
ဒီလူ ... ကလေးကို ဘာတွေသွားပြောထားတာလဲ။
"ဖေဖေကလေ... မေမေသာ သဘောတူရင် သားတို့ကို အိမ်အကြီးကြီးထဲမှာ ထားမှာတဲ့။ ပြီးတော့ ဖေဖေက သားကို နေ့တိုင်း ကျောင်းလိုက်ပို့မယ်တဲ့။ မေမေ ဖေဖေ့ကို ခွင့်ပြုလိုက်ပါနော်။ နော်... မေမေ။"
သားလေးက စံအိမ့် လက်မောင်းကို လာဆွဲယမ်းရင်း အပူကပ်တော့ကာ မျှော်လင့်ချက် အပြည့် ပါနေသော မျက်ဝန်းဝိုင်းဝိုင်းလေးများကို ကြည့်ရင်း စံအိမ့် ရင်ထဲတွင် ဆို့နင့်သွားရသည်။ သားလေးမှာ အပြစ်မရှိပါ ... ကလေးတိုင်း မိဘ နှစ်ပါးစုံစုံလင်လင်နှင့် နေချင်ကြသည်မှာ ဓမ္မတာပင် မဟုတ်လား။
"ကဲပါ... အဲ့ဒါတွေ နောက်မှ ပြောမယ်။ အခုတော့ ညဉ့်နက်နေပြီသားသား အိပ်တော့နော်။ မနက် ကျောင်းသွားရဦးမယ်လေ။"
စံအိမ် စကားလမ်းကြောင်း အမြန်လွှဲကာ သားလေးကို ခုတင်ပေါ်သို့ သိပ်လိုက်ပြီး စောင်ပါးလေး ခြုံပေးလိုက်သည်။ သားလေးက နှုတ်ခမ်းလေး ထော်သွားသော်လည်း တစ်နေကုန် ကစားထားတာကြောင့် ပင်ပန်းနေသည်မို့ ခဏအကြာတွင်ပင် အိပ်မောကျသွားလေတော့သည်။
ဟိုလူကိုတော့ အမြဲတမ်း ဒီမှာ ညအိပ်နေတာ ပတ်ဝန်းကျင်အမြင်မတင့်တယ်တာကြောင့် အခုတလော စံအိမ် မအိပ်ခိုင်းပဲ မောင်းထုတ်ထားခြင်းပင်။
ဒါကို သူက သားလေးကိုပြောပြီး လူလည်ကျသွားသေးသည်။
သားလေး အိပ်ပျော်သွားပေမယ့် စံအိမ်က အိပ်လို့မရတာကြောင့်
ဝရံတာဘက်သို့ ထွက်လာခဲ့ရာ လေအေးအေးက မျက်နှာပေါ်သို့ ဖြတ်သန်း တိုက်ခတ်သွား၏။
သို့သော်... ဝရန်တာ လက်ရန်းကို မှီကာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်မိသော အခါ စံအိမ့် မျက်လုံးများ ပြူးကျယ်သွားရပြန်သည်။
တိုက်အောက်ရှိ လမ်းမီးတိုင်အောက်တွင်... နေမင်းသခင်က ကားရှေ့ခေါင်းပိုင်းကို မှီကာ လက်ပိုက်ပြီး ရပ်နေလေ၏။
သူက ပြန်မသွားသေးဘူးလား။
လမ်းမီးရောင် အောက်တွင် သူ့ရဲ့ မော့ကြည့်နေသော မျက်နှာကို အတိုင်းသား မြင်နေရကာ သူကလည်း စံအိမ့်ကို မြင်ပုံရကာ လှမ်းကြည့်နေ၏။ အကွာအဝေး တစ်ခု ရှိနေသော်လည်း ညို့ဓာတ်ပြင်းလှသော အအကြည့်များကြောင့် ရင်ထဲ ဖိန်းတိန်းရှိန်းတိန်းဖြစ်လာကာ မျက်နှာထက် အပူငွေ့များဖြတ်ပြေးသွားသလိုပင်။
ထိုစဉ် စာဖတ်စားပွဲပေါ်မှ စံအိမ်ဖုန်းက အသံမြည်လာကာ သွားကိုင်လိုက်လျှင် တစ်ဖက်မှ ဩရှရှအသံက ထွက်ပေါ်လာ၏။
"မအိပ်သေးဘူးလား။ "
"အင်း ... ရှင်ကရော မပြန်သေးပဲ အဲ့မှာ ဘာလုပ်နေတာလဲ။ "
"ပြန်ပြီးသွားပြီ အိမ်ကနေ ပြန်လာခဲ့တာ။ "
"ဟင် ဘာလာလုပ်တာလဲ။ "
"လွမ်းလို့ ..."
"ဟင် ..."
"လွမ်းလို့ မင်းတို့သားအမိကို လွမ်းလို့ "
"လျှာရိုးမရှိတိုင်းလျှောက်ပြောနေ ... ဒါနဲ့နေပါဦး ရှင်သားလေးကို ဘာတွေလျှောက်သင်ပေးထားတာလဲ။ "
"ဟင် ... ဘာကိုလဲ။
ကိုယ် ကိုယ်ဘာမှ မသင်ပါဘူး။ "
"နေမင်းသခင် "
"ကိုယ် လျှောက်သင်ပေးနေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ တကယ့် ဆန္ဒအမှန်ကို သားလေးက တစ်ဆင့် မင်း သိအောင် ဖွင့်ပြောပြလိုက်ရုံပါ။ ပြီးတော့... သားလေးကလည်း ကိုယ်တို့ အတူတူ ပြန်နေတာကို လိုချင်နေတယ် မဟုတ်လား အတိတ်က နာကျင်မှုတွေကို ခဏလောက် ဘေးဖယ်ထားပြီး... ကိုယ်တို့ သားအဖ နှစ်ယောက်လုံးကို မင်းရဲ့ နှလုံးသားထဲ နေရာလေး တစ်ဖက်လောက် ပြန်ပေးဖို့ စဉ်းစားပေးပါလားကွာ။ "
"..."
"စံအိမ် ... စံအိမ် ကိုယ့်ကို စိတ်ဆိုးသွားတာလား။
တောင်းပန်ပါတယ် ကိုယ် ..."
"မဟုတ်ပါဘူး။
ကျွန်မအိပ်ချင်ပြီ အိပ်တော့မယ် ရှင်လည်းပြန်တော့လေ။ "
စံအိမ် စကားစ အမြန်ဖြတ်ကာ ဖုန်းချပစ်လိုက်တော့သည်။
အိပ်ချင်လို့လို့ပြောလိုက်ပေမယ့် တကယ်အိပ်ချင်လို့မဟုတ်ပဲ ထိုအခြေအနေကနေ ရှောင်ချင်လို့ဆိုတာ စံအိမ် ကိုယ့်ကိုယ်ကိုသိသလို သူလည်း သိမှာပါပဲ။
_______________
ဒီနေ့ စနေ၊တနင်္ဂနွေ ပိတ်ရက်ဖြစ်ကာ သခင်နှင့်အတူ သခင့်မေမေပါ စံအိမ်တို့ တိုက်ခန်းကို ရောက်လာ၏။
အခု သားလေးက သူ့အဖေနဲ့ မုန့်ဝယ်ထွက်သွားကြတာကြောင့် တိုက်ခန်းလေးထဲတွင် စံအိမ်နှင့် သခင့်အမေတို့ နှစ်ယောက်တည်းသားကျန်ခဲ့လေသည်။
ထိုအချိန် သခင့်အမေ ဒေါ်အေးမြရိပ်ထံမှ အရင်ဆုံး တိတ်ဆိတ်မှုကို ဖြိုခွင်းလာ၏။
"သမီးတို့ ဒီလိုပဲ နေကြတော့မှာလား။"
ရုတ်တရက် ထွက်ကျလာသော မေးခွန်းကြောင့် စံအိမ် မော့ကြည့်လိုက်မိသည်။
"ရှင်..."
"သမီး သားနဲ့ ပြန်မပေါင်းကြတော့ဘူးလားကွယ်။"
စံအိမ် နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်မိသည်။ ဒီမေးခွန်းကို သူမ ဘယ်လို ဖြေရမလဲ။
"အန်တီကတော့ ဒီလိုကြီးပဲ မနေစေချင်ဘူးကွယ်။"
"..."
"ဒါ အန်တီက ဘယ်သူ့ဘက်ကမှ ပြောပေးတာမဟုတ်ဘူးနော်။
သားက သမီးအပေါ်မှာ အမှားတွေ လုပ်ခဲ့တယ် ဆိုတာ အန်တီလည်း အသိဆုံးပါ။ သူ မှားခဲ့တဲ့ အတွက်လည်း အခု သူ တန်ကြေး ပေးဆပ်နေရပါပြီ။ ဒါပေမယ့်..."
ဒေါ်အေးမြရိပ်က စကားကို ခဏရပ်လိုက်ပြီး စံအိမ့် မျက်လုံးများကို တည့်တည့် ဆုံကြည့်လာသည်။
"မြေးလေးကလည်း တဖြည်းဖြည်း အရွယ်ရောက်လာတော့မယ်မလား။တခြားဟာတွေ ထည့်မစဉ်းစားရင်တောင် မြေးလေးကိုတော့ ထည့်စဉ်းစားပေးစေချင်တယ်ကွယ်။ ကလေး တစ်ယောက်ရဲ့ ဘဝမှာ မိဘ နှစ်ပါးစုံစုံလင်လင် ရှိနေတာလောက် ဘယ်အရာကမှ မပြည့်စုံနိုင်ဘူးဆိုတာ သမီးလည်း မိခင် တစ်ယောက်မို့ နားလည်မှာပါ။ အန်တီတို့ လူကြီးတွေဆိုတာကလည်း ဒီနေ့ရှိ၊ မနက်ဖြန် မသိတဲ့ အရွယ်တွေ ရောက်နေပြီ။ သမီးတို့ မိသားစုလေး ပြန်အဆင်ပြေသွားတာကို အန်တီ မျက်စိမမှိတ်ခင်လေး မြင်သွားချင်သေးတယ်ကွယ်။"
စံအိမ် အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ကာ အသံကိုတော့ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားလိုက်ရင်း...
"ဟုတ်ကဲ့... စံအိမ် နားလည်ပါတယ်။
စံအိမ် စဉ်းစားပါ့မယ်။ "
သူမအဖြေအား ဒေါ်အေးမြရိပ်က ကျေနပ်သွားဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး စံအိမ့် လက်လေး တစ်ဖက်ကို လှမ်းကာ ခပ်ဖွဖွ ဆုပ်ကိုင်လာ၏။
"အန်တီ သမီးကို အတင်းအကျပ် ဖိအားမပေးပါဘူး ကွယ်။ သမီးရဲ့ ဒဏ်ရာတွေ ကျက်ဖို့ အချိန်လိုတယ် ဆိုတာလည်း အန်တီ သိပါတယ်။ ဒါပေမယ့်... ဒုတိယ အခွင့်အရေးလေးတော့ ပေးသင့်တယ်ထင်လို့ပါကွယ်။ "
"ဟုတ်ကဲ့။ "
'သူမ တကယ်ပဲ သူ့ကို ဒုတိယ အကြိမ် အခွင့်အရေး ပြန်ပေးသင့်ပြီလား '
အပိုင်း (၅၁) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)