နေမင်းသခင် လေးလံနေသော မျက်ခွံများကို အားယူကာ ဖွင့်လိုက်သည်။
ခေါင်းထဲတွင် တစ်ခုခုနှင့် ထုရိုက်ခံထားရသလို ကိုက်ခဲနေပြီး သူ့ အမြင်အာရုံများက မှုန်ဝါးနေသေးသော်လည်း ပတ်ဝန်းကျင် အနေအထားကို ကြည့်ခြင်းအားဖြင့် သူ ရောက်နေသည့် နေရာက သူ့အိမ် မဟုတ်မှန်း ချက်ချင်း သိလိုက်သည်။
'စံအိမ့် တိုက်ခန်းပဲ...'
သခင် မှတ်ဉာဏ်များကို အမြန် ပြန်လည် စုစည်းလိုက်ကာ မနေ့ညက သူ အိမ်မှာ သောင်းကျန်းခဲ့တာ။ ကိုဝင်းမောင်က သူ့ကို ခေါ်လာပြီး...။ မှတ်ဉာဏ် အပိုင်းအစများက တဖြည်းဖြည်း ပေါ်လာချိန်တွင် သခင် သူ့ လက်မောင်းပေါ်မှ နွေးထွေးသော အလေးချိန် တစ်ခုကို ရုတ်တရက် သတိထားမိလိုက်သည်။
သူ ငုံ့ကြည့်လိုက်သည့် အခါ...
ဆိုဖာဘေး ကြမ်းပြင်ပေါ်တွင် ဒူးလေးတိုက်ကာ ကိုယ်လုံးလေးကို ကွေးပြီး အိပ်မောကျနေသော စံအိမ်။ သူမခေါင်းလေးက ဆိုဖာစွန်းရှိ သူ့လက်မောင်းပေါ်သို့ မှီတင်ထားပြီး သူမ လက်ချောင်း သွယ်သွယ်လေးများက သူ့ရဲ့ကြီးမားသော လက်ဖဝါးကို မလွှတ်တမ်း ဆုပ်ကိုင်ထားဆဲ ဖြစ်၏။ သူမ ဘေး ကြမ်းပြင်ပေါ်တွင်တော့ ရေဇလုံလေး တစ်ခုနှင့် တဘက်လေး တစ်ထည်။
သခင်ရင်ထဲတွင် လှိုင်းလုံးကြီး တစ်ခု ရိုက်ခတ်သွားသလို ဆောင့်တက်သွားရသည်။
မနေ့ညက သူ ဖျားနေခဲ့တာလား။ စံအိမ်က သူ့ကို တစ်ညလုံး ပြုစုပေးနေခဲ့တာလား။
'မင်း ကိုယ့်ကို ချစ်နေတုန်းပဲ မဟုတ်လား '
သခင် သူ့ရဲ့အခြား လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်ကာ သူမပါးပြင်ပေါ်သို့ ဝဲကျနေသော ဆံနွယ်လေးများကို အသာအယာ သပ်တင်ပေးလိုက်သည်။
"အင်း..."
စံအိမ် အထိအတွေ့ကြောင့် ဆတ်ခနဲ လန့်နိုးသွားပြီး မော့ကြည့်လိုက်လျှင် သခင်နှင့် အကြည့်ချင်းဆုံသွားတော့၏။
စက္ကန့်အနည်းငယ်မျှ လေထုက ရပ်တန့်သွားသလိုပင်။ သူမလက်လေးက သူ့ လက်ဖဝါးထဲတွင် ရှိနေဆဲ။
ထို့နောက်... စံအိမ် အသိစိတ် ချက်ချင်း ဝင်လာပြီး သူမ လက်ကို အမြန် ရုပ်လိုက်ကာ ကြမ်းပြင်ပေါ်မှ ကမန်းကတန်း ထရပ်လိုက်သည်။ အကြာကြီး ထိုင်ထားသဖြင့် ခြေထောက်များ ထုံကျဉ်နေသော်လည်း မျက်နှာကိုတော့ အတတ်နိုင်ဆုံး တည်တင်းထားလိုက်၏။
"နိုးပြီလား... နိုးရင်လည်း ပြန်တော့။"
စံအိမ် သူနှင့် မျက်လုံးချင်း မဆုံပဲ ကြမ်းပြင်ပေါ်မှ ရေဇလုံကို ကုန်းကောက်ရင်း အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
သခင် ဆိုဖာပေါ်မှ ဖြည်းညင်းစွာ ထထိုင်လိုက်ရာ ခေါင်းက အနည်းငယ် မူးမိုက်သွားသော်လည်း အဖျားကတော့ လုံးဝ ကျသွားပြီ ဖြစ်၏။
"ကိုယ် တောင်းပန်ပါတယ်။ မနေ့ညက မူးပြီး မင်းကို ဒုက္ခပေးသလို ဖြစ်သွားတယ်။ တစ်ညလုံးလည်း ကိုယ့်ကို ပြုစုပေးထားရလို့... ကျေးဇူးတင်ပါတယ်။"
စံအိမ် ရေဇလုံကို ကိုင်ထားရင်း သူ့ကို ကျောခိုင်းထားရာမှ ရပ်တန့်သွားကာ သူမ ကျောပြင်လေးက မသိမသာ တောင့်တင်းသွားပြီး...
"ကျေးဇူးတင်စရာ မလိုပါဘူး။ ကျွန်မက အိမ်မှာ လူတစ်ယောက် လာသေနေတာမျိုး အဖြစ်မခံနိုင်လို့ ပြုစုပေးလိုက်ရုံ သက်သက်ပါ။ ပြီးတော့... မနေ့ညက ကိုဝင်းမောင် လာပို့လို့သာ လက်ခံလိုက်ရတာ။ နောက်တစ်ခါ ရှင့်ဘာသာ အရက်မူးပြီး ဘယ်မှာပဲ လဲနေ လဲနေ... ကျွန်မဆီကို လာမပို့ခိုင်းပါနဲ့။"
သူမ စကားလုံးတိုင်းက ကြမ်းတမ်းနေပေမယ့် သခင်ကတော့ စိတ်မဆိုးမိပေ။
သခင် ဆိုဖာပေါ်မှ မတ်တပ် ထရပ်လိုက်ပြီး စံအိမ့် နောက်ကျောဘက်ဆီသို့ ခြေလှမ်း နှစ်လှမ်းခန့် တိုးသွားလိုက်ကာ ...
"ကိုယ် သိပါတယ် မင်း ကိုယ့်ကို စိတ်ဆိုးနေတုန်းပဲ ဆိုတာ။"
"ဘာ ..."
သူမ ပြန်ပြောရန် ပြင်လိုက်စဉ်...
"မေမေ... မေမေ ရေ..."
အိပ်ခန်း တံခါးဝဆီမှ ထွက်ပေါ်လာသော အိပ်ချင်မူးတူး အသံလေးကြောင့် နှစ်ယောက်လုံး အာရုံက ထိုနေရာသို့ ရောက်ရှိသွားတော့သည်။
သားလေးက သူ့အရုပ်ဝက်ဝံလေးကို ဖက်ထားရင်း မျက်လုံးကို လက်တစ်ဖက်ဖြင့် ပွတ်ကာ ထွက်လာလေသည်။ ထို့နောက် နေမင်းသခင့်ကို မြင်လိုက်ရချိန်မှာတော့ သားလေးက ဝမ်းသာအားရ အော်လိုက်ပြီး၊ သခင့်ဆီသို့ ပြေးလာလေတော့သည်။
"ဖေ့သား ... နိုးပြီလားဗျ "
သခင် သားလေး၏ ပါးဖောင်းဖောင်းလေးများကို အဆက်မပြတ် နမ်းရှိုက်လိုက်သည်။
"ဖေဖေ... ဖေဖေက သားတို့ဆီ လာအိပ်တာလား ဟင်။ ညက သား မသိလိုက်ပါလား။"
သားလေးက သခင့် လည်ပင်းကို ဖက်ထားရင်း မေးလိုက်သည်။
"ဟုတ်တယ် သားရဲ့... ဖေဖေက သားသားကို လွမ်းလို့ ညကြီး လာခဲ့တာ။ သားက အိပ်မောကျနေတော့ ဖေဖေက မနှိုးတော့ဘဲ ဧည့်ခန်းထဲမှာပဲ အိပ်လိုက်တာလေ။"
"သားက မနေ့က ကျောင်းကပြန်လာတော့ ဖေဖေမလာလို့ မေျှာ်နေတာ။ "
"ဟုတ်လား။
တောင်းပန်ပါတယ်ဗျာ ... နောက်နေ့ ဖေဖေမလာပဲ မနေတော့ဘူးနော်။ "
"ဟုတ် ... ဒီနေ့ကျောင်းက ပြန်လာရင် ဖေဖေ သားနဲ့အတူတူဆော့ပေးရမယ်နော်။ "
"ဆော့ပေးမှာပေါ့ ... ဖေဖေက အရုပ်အသစ်တွေလည်း အများကြီးဝယ်ပေးခဲ့မယ်နော်။ "
"ရေး "
ထို သားအဖ နှစ်ယောက်၏ ကြည်နူးစရာ မြင်ကွင်းကို ကြည့်ရင်း
စံအိမ့် ရင်ထဲတွင် နွေးထွေးမှု တစ်ခုနှင့်အတူ ဆို့နင့်မှု တစ်ခုကပါ ရောယှက် ဝင်ရောက်လာလေသည်။
______________
"ဟိုမှာ... လာပြီ။ မနေ့က ဟိုဘော့စ်ကို လူပုံအလယ်မှာ အရှက်ခွဲလိုက်တဲ့ တစ်ယောက်လေ။"
"မာနကလည်း ကြီးလိုက်တာဟယ်... ဒီလောက် ချမ်းသာပြီး ရုပ်ရည် ပြည့်စုံတဲ့ ယောကျ်ား တစ်ယောက်က ဒူးထောက် တောင်းဆိုတာကိုတောင် ငြင်းတယ်တဲ့။ "
"သူ့ကိုယ်သူ ဘာများ မှတ်နေလဲ မသိပါဘူး။ ကလေးတစ်ယောက် အမေကိုများ..."
စံအိမ် ကုမ္ပဏီထဲ ရောက်သည်နှင့် မနာလိုမှုများ၊ ကဲ့ရဲ့ လှောင်ပြောင်မှုများ ရောယှက်နေသော စကားသံ တစ်ချို့က စံအိမ့် နားထဲသို့ အတိုင်းသား ဝင်ရောက်လာလေသည်။
သူများအကြောင်းကို ဘာမှမသိပဲ မစာမနာ ဝေဖန်နေလိုက်ကြတာ။
စံအိမ် သူမ စားပွဲခုံသို့ ရောက်သည်နှင့် အိတ်ကို ချကာ ကွန်ပျူတာကို ဖွင့်လိုက်သည်။ သို့သော် သူမ လက်ချောင်းများက အနည်းငယ် တုန်ယင်နေဆဲ။
"ဘာတွေ ကြည့်နေကြတာလဲ... အလုပ်ချိန် ရောက်နေပြီ မဟုတ်ဘူးလား။ ကိုယ့်အလုပ်ကိုယ် လုပ်ကြတာမဟုတ်ဘူး။ "
ရုတ်တရက် ရုံးခန်း အနောက်ဘက်ဆီမှ ထွက်ပေါ်လာသော
ခပ်ဩဩနှင့် တင်းမာသော အသံတစ်သံကြောင့် ဝန်ထမ်းများ အားလုံး ငြိမ်ကျသွားပြီး၊ ကိုယ့်စားပွဲဆီ ကိုယ် အသီးသီး ပြန်ထိုင်ကြလေသည်။
စံအိမ် မော့ကြည့်လိုက်တော့... မျက်မှောင် ကုတ်ကာ ရပ်နေသော ကိုလင်းသန့်။
လင်းသန့်က ဝန်ထမ်းများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်
စံအိမ့် စားပွဲဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့ကာ သူ့လက်ထဲတွင်တော့ အငွေ့တထောင်းထောင်း ထနေသော ကော်ဖီပူပူ တစ်ခွက် ပါလာ၏။
"ရော့... စံအိမ် ... မနက်ခင်း ကော်ဖီလေး သောက်လိုက်။ ခေါင်းနည်းနည်း ကြည်သွားအောင်။"
လင်းသန့် ကော်ဖီခွက်လေးကို သူမ ရှေ့ရှိ စားပွဲပေါ်သို့ အသာအယာ တင်ပေးရင ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကိုလင်းသန့်။"
"ပတ်ဝန်းကျင်က စကားတွေကို အရမ်း ခေါင်းထဲ ထည့်မနေနဲ့ ။ လူတွေက သူတို့ မြင်ရတဲ့ အပေါ်ယံလောက်ကိုပဲ ကြည့်ပြီး ဝေဖန်တတ်ကြတာ။ စံအိမ့်ရဲ့ ခံစားချက်ကို ကိုယ် နားလည်ပါတယ်။ ဘာပဲဖြစ်ဖြစ်... ကိုယ် အမြဲတမ်း စံအိမ့်ဘက်မှာ ရှိနေမယ် ဆိုတာ သိတယ် မဟုတ်လား။"
"ဟုတ်... ကျေးဇူးပါ ကိုလင်းသန့် "
__________
"ဘော့စ်... မနေ့က ကိစ္စနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ တစ်ချို့က ဆက်သွယ် မေးမြန်းနေကြပါတယ်။ ဘယ်လို ဖြေရှင်းလိုက်ရမလဲဗျ။"
သခင် သူ့အတွင်းရေးမှူးစကားကြောင့် မျက်လုံးတစ်ချက်အင့်ကြည့်လိုက်ကာ ...
"သတင်းတွေ အားလုံးကို ချက်ချင်း ပိတ်ပစ်လိုက်။
ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို ဘယ် မီဒီယာမှ မရေးရဘူး။ အထူးသဖြင့်... စံအိမ့်ရဲ့ နာမည် စံအိမ့်ရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့် ဘယ်လို သတင်းမျိုး ဘယ်လို ကောလာဟလ မျိုးမှ အပြင်ကို မထွက်စေနဲ့ ပိုက်ဆံ ဘယ်လောက် ကုန်ကုန် အကုန် ရှင်းလိုက်။"
"ပြီးတော့... စံအိမ် အလုပ်လုပ်နေတဲ့ ကုမ္ပဏီက CEO ဆီကို ဖုန်းဆက်လိုက်။ ငါ့အမျိုးသမီး အပေါ် မလိုလားအပ်တဲ့ အတင်းအဖျင်း ပြောဆိုမှုတွေ အနှောင့်အယှက် ပေးမှုတွေ အဲ့ဒီ ရုံးတွင်းမှာ လုံးဝ မရှိစေရဘူးလို့ ငါက အသိပေးတယ်လို့ ပြောလိုက်။"
"ဟုတ်ကဲ့ပါ ဘော့စ် ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်။"
အပိုင်း (၅၀) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)