Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၄၈)

စံအိမ် ဓာတ်လှေကားထဲသို့ အပြေးအလွှား ဝင်လိုက်ချိန်တွင်တော့တင်းထားသမျှက ပြိုကျသွားပြီး သူမ ခန္ဓာကိုယ်လေးက ဓာတ်လှေကား နံရံကို မှီကာ ခွေခွေလေး လျှောကျသွားလေတော့သည်။

"စံအိမ်... စံအိမ် အဆင်ပြေရဲ့လား။"

အနောက်မှ အပြေးလိုက်လာသော လင်းသန့်က ဓာတ်လှေကား တံခါး မပိတ်ခင်လေး ဝင်လာပြီး သူမ ပခုံးလေးကို စိုးရိမ်တကြီး လှမ်းကိုင်လိုက်၏။

"ကိုလင်းသန့်... ကျွန်မကို တစ်ယောက်တည်း နေခွင့်ပြုပါ။ ကျေးဇူးပြုပြီး..."

စံအိမ် မျက်ရည်များ ပြည့်လျှံနေသော မျက်ဝန်းများဖြင့် မော့ကြည့်ကာ တောင်းဆိုလိုက်ရာ လင်းသန့် လက်များ တန့်သွားပြီး သူမကို တစ်ချက် ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

"ဟုတ်ပါပြီ ... ကိုယ် နားလည်ပါတယ်။"

လင်းသန့် နူးညံ့စွာ ပြောရင်း သူမကို ထူပေးလိုက်သည်။

ဓာတ်လှေကား ပွင့်သည်နှင့် စံအိမ် သန့်စင်ခန်း ဘက်သို့ ခပ်သုတ်သုတ် ပြေးသွားလိုက်ကာ သန့်စင်ခန်းထဲ ရောက်ရောက်ချင်း တံခါးကို ချက်ချပိတ်လိုက်ပြီး မှန်တင်ခုံရှေ့ရှိ ဘေစင်ကို လက်နှစ်ဖက်ဖြင့် အားပြု ထောက်ထားလိုက်ရသည်။ သူမ ရင်ဘတ်လေးမှာ နိမ့်ချည် မြင့်ချည် ဖြစ်နေပြီး၊ ပါးပြင်ပေါ်သို့ မျက်ရည်ပူများက တားဆီးရမဲ့စွာ စီးကျလာလေတော့သည်။

မှန်ထဲတွင် ပေါ်နေသော သူမ ပုံရိပ်ကို ငေးကြည့်ရင်း စံအိမ် အံကို တင်းတင်း ကြိတ်ထားလိုက်၏။

"သူ့ကို နာကျင်အောင် လုပ်ပစ်ချင်ခဲ့တာ... ဒါပေမယ့်... ဘာလို့

စံအိမ် ကိုယ်တိုင် ပြန်ပြီး ဒီလောက်တောင် နာကျင်နေရတာလဲ..."

ရှိုက်သံများက သန့်စင်ခန်း ကျဉ်းကျဉ်းလေးထဲတွင် ပဲ့တင်ထပ်နေ၏။

______________

တစ်ခန်းလုံး မှောင်မဲနေကာ ကြမ်းပြင်ပေါ်တွင် နေမင်းသခင်တစ်ယောက် ဆိုဖာကို မှီကာ ထိုင်နေပြီးသူ့ ဘေးပတ်လည် ကြမ်းပြင်ပေါ်တွင် ဝီစကီ ပုလင်းခွံ နှစ်လုံး လဲကျနေပြီး သူ့ လက်ထဲမှာလည်း တစ်ဝက်ခန့် ကျန်သေးသော အရက်ပုလင်း ရှိနေသည်။ နောက်လက်တစ်ဖက်မှာတော့ အနီရောင် ကတ္တီပါ လက်စွပ်ဘူးလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။

"ဟက်..."

တစ်ယောက်တည်း ခြောက်ကပ်ကပ်ရယ်လိုက်ကာ အရက်ခွက်ကို မော့သောက်လိုက်၏။

"ဟုတ်တယ် မင်းပြောသလိုပဲ ... ကိုယ်က အတ္တကြီးတဲ့ ကောင်ပါ။ ကိုယ် လိုချင်တာကိုပဲ သိပြီး... မင်းရဲ့ ခံစားချက်ကို နားလည်အောင် မကြိုးစားခဲ့ဘူး။ "

သခင် လက်စွပ်ဘူးလေးကို ဖွင့်ကြည့်လိုက်သည်။

အမှောင်ထဲတွင်ပင် လက်စွပ်လေးက တောက်ပနေ၏။

သူ ဒီလက်စွပ်လေးကို ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ပြင်သစ်ကနေ အထူး မှာယူခဲ့ခြင်း ဖြစ်သည်။ သူမ လက်သူကြွယ်လေးတွင် စွပ်ပေးဖို့ ဘယ်လောက်တောင် ရင်ခုန်ခဲ့ရသလဲ။

"ဒါပေမယ့်... ကိုယ် မင်းကို တကယ် ချစ်တာပါ စံအိမ်ရယ်...အား ဟား ခွမ်း "

လက်ထဲမှာ အရက်ပုလင်းအား နံရံဘက်သို့ အားပြင်းပြင်းနှင့် လွှင့်ပစ်လိုက်ရာ ပုလင်းက သူ့နှလုံးသားလိုပဲ အစိတ်စိတ်အမွှာမွှာ ကွဲကျသွားတော့သည်။

_________________

အညှိုးကြီးစွာ ရွာချနေသော မိုးနှင့်အတူ စံအိမ် အိပ်ယာပေါ်တွင် အနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော သားလေး မျက်နှာကို ငေးကြည့်ကာ သက်ပြင်းချလိုက်မိ၏။

နေ့လည်က ဒူးထောက်လျက် ကျန်ရစ်ခဲ့သော နေမင်းသခင်ရဲ့ ပုံရိပ်က သူမ မျက်လုံးထဲမှ ဘယ်လိုမှ ဖျောက်လို့မရပေ။

"ဒေါက်... ဒေါက်... ဒေါက်..."

ရုတ်တရက် အိမ်ရှေ့ တံခါးဆီမှ ခပ်ကြမ်းကြမ်း ခေါက်သံကြောင့် စံအိမ် လန့်ဖြန့်သွားပြီး ကုတင်ပေါ်မှ ဆတ်ခနဲ ထိုင်လျက်သား ဖြစ်သွားရသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂ နာရီ ကျော်နေပြီ။ ဒီအချိန်ကြီး ဘယ်သူများပါလိမ့်။

စံအိမ် သားလေး နိုးသွားမည် စိုးသဖြင့် အပေါ်ထပ် အနွေးထည် ပါးပါးလေး တစ်ထည်ကို ကပျာကယာ ကောက်စွပ်လိုက်ပြီး ဧည့်ခန်းဆီသို့ ခြေသံဖွဖွဖြင့် ထွက်လာခဲ့လိုက်သည်။

တံခါးမှန်ပေါက် သေးသေးလေးမှ တစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်ချိန်တွင်...

"ဟင်... ကိုဝင်းမောင်"

စံအိမ် အံ့ဩတကြီး ရေရွတ်လိုက်မိပြီး တံခါးဂျက်ကို ဖွင့်လိုက်၏။

ကိုဝင်းမောင်ဆိုတာ တခြားသူမဟုတ် သခင်တို့အိမ်က ဒရိုက်ဘာပင်။အခုလည်း ကိုဝင်းမောင်နှင့်အတူ ကိုဝင်းမောင်၏ ပခုံးပေါ်တွင် ခေါင်းငိုက်စိုက်ကျကာ နေမင်းသခင်ပါလာ၏။

တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် အရက်နံ့များက ဟောင်ခနဲ ဝင်ရောက်လာတော့သည်။

" နှောင့်ယှက်သလို ဖြစ်သွားလား မမလေး။ "

ကိုဝင်းမောင်က မောဟိုက်နေသော အသံဖြင့် အားနာတကြီး ပြောလျှင် စံအိမ် ခေါင်းကို ခပ်ဖွဖွ ခါးယမ်းပြလိုက်၏။

သူရော သခင့် ကိုယ်ပေါ်တွင်ပါ မိုးရေများ ရွှဲနစ်နေကာ နေမင်းသခင်က ပိုဆိုးသည်။

"ဘာ... ဘာဖြစ်လာကြတာလဲ ဟင်။"

စံအိမ်က ကြောင်အမ်းအမ်းဖြင့် လမ်းဖယ်ပေးရင်း မေးလိုက်သည်။

"သခင်လေး အိမ်မှာ သောင်းကျန်းနေလို့ပါ မမလေး။

မမလေး နာမည်ပဲ အော်ခေါ်နေပြီး မူးနေပြီကို မမလေးဆီ တစ်ယောက်တည်း ကားမောက်းသွားဖို့လုပ်နေလို့ အန္တရာယ်များလို့ ကျွန်တော်လိုက်ပို့ပေးတာပါ။

ကျွန်တောိ ဆိုဖာပေါ် ခဏလောက် တင်လိုက်မယ်နော်။"

ကိုဝင်းမောင်က ပြောပြောဆိုဆိုဖြင့် သခင့် ကိုယ်လုံးကြီးကို ဧည့်ခန်းထဲရှိ ဆိုဖာပေါ်သို့ အနိုင်နိုင် တွဲခေါ်သွားကာ လှဲသိပ်ပေးလိုက်သည်။ သခင် ဆိုဖာပေါ် ရောက်သည်နှင့် မျက်လုံးများကို တင်းတင်းပိတ်ထားလျက် ညည်းညူကာ ကိုယ်လုံးကြီးကို ကွေးလိုက်၏။

"ကျွန်တော် တောင်းပန်ပါတယ် မ‌မလေး... သခင်‌ေလးကို ဒီညလေး တစ်ညလောက်တော့ သည်းခံပြီး ထားပေးပါဦး ... တော်တော်လေး အခြေအနေ ဆိုးနေတယ်။ ပြီးတော့... အခုလေးတင် မိုးမိထားတော့ ကိုယ်တွေလည်း နည်းနည်း ပူနေသလားလို့။ ကျွန်တော် မနက်ဖြန် မနက်စောစော လာခေါ်ပါ့မယ်။"

ကိုဝင်း‌ေမာင်က စံအိမ့်ကို အသနားခံသလို ကြည့်ကာ ပြောကယ

စံအိမ် ဘာမှ မငြင်းဆန်နိုင်ခင်မှာပင် အမြန် နှုတ်ဆက်ကာ အခန်းထဲမှ ထွက်သွားလေတော့သည်။

"ဟင်း ..."

ဆိုဖာပေါ်မှ အမူးသမားအားကြည့်ကာ စံအိမ် သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်မိသည်။

သူမ သူ့ကို ဒီတိုင်း ပစ်ထားလို့ မရမှန်းသိတာကြောင့် ရေနွေးတစ်ဇလုံနှင့် တဘက် တစ်ထည်ကို ယူကာ ပြန်ထွက်လာခဲ့ကာ ဆိုဖာဘေး ကြမ်းပြင်ပေါ်တွင် ဒူးထောက် ထိုင်ချလိုက်ပြီး သူ့ရဲ့ စိုရွှဲနေသော ကုတ်အင်္ကျီကို ချွတ်ပေးလိုက်၏။ ထို့နောက် ရေနွေးဝတ်လေးဖြင့် သူ့ နဖူးပေါ်မှ မိုးရေများနှင့် ချွေးစေးများကို ညင်သာစွာ သုတ်ပေးလိုက်သည်။

သူမ ထင်သည့်အတိုင်းပင်။ သူ့နဖူးပြင်က မီးသွေးခဲ တစ်ခဲလို ပူကျစ်နေကာ ဖျားနေလေပြီ။

"တကယ်ပါပဲ... ကိုယ့်ကိုယ်ကိုယ်လည်း ဂရုမစိုက်ဘူး။ ဘာလို့များ ဒီလောက်တောင် သောက်ရတာလဲ။"

စံအိမ် တိုးတိုးလေး ရေရွတ်ရင်း သူ့မျက်နှာ အနှံ့ကို ရေပတ် တိုက်ပေးလိုက်သည်။

ထိုစဉ်...ရုတ်တရက် သခင့်လက်တစ်ဖက်က သူမ လက်ကောက်ဝတ်လေးကို လျှပ်တစ်ပြက် ဖမ်းဆုပ်လိုက်ရာ စံအိမ် ဆတ်ခနဲ လန့်သွားပြီး မော့ကြည့်လိုက်တော့ အနည်းငယ် ပွင့်ဟလာသော သူ့မျက်ဝန်းနက်ကြီးများနှင့် ပက်ပင်း တိုးလေသည်။

သူ့မျက်လုံးအိမ်များက နီရဲ ရီဝေနေပြီး ထိုမျက်ဝန်းများထဲတွင် နာကျင်မှုများက အတိုင်းသား။

"စံ... အိမ်..."

"လွှတ်ဦး... ရှင် အရမ်း ဖျားနေပြီ။ ငြိမ်ငြိမ်နေ၊ ကျွန်မ ရေပတ် တိုက်ပေးမလို့။"

"ကိုယ့်ကို ဘာလို့ ငြင်းရတာလဲ။ "

"..."

ဗလုံးဗထွေးနှင့် ထွက်လာသော သူ့စကားတို့ကြောင့် သူ့မျက်နှာပေါ်တွင် ရွေ့လျားနေသည့် စံအိမ့်လက်ကလေးများ ရပ်တန့်သွားရသည်။

သူ့ကတော့ မျက်လုံးတို့ ပြန်မှိတ်ကာ ငြိမ်သက်သွားပြန်၏။

အပိုင်း (၄၉) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၇) နောက်အခန်း - အပိုင်း (၄၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ