စံအိမ် မှန်တင်ခုံရှေ့တွင် ထိုင်ကာ ရုံးသွားရန် ပြင်ဆင်နေ၏။
ဒီနေ့ ရုံးမှာ အရေးကြီး အစည်းအဝေး ရှိတာကြောင့် ရင်ဖုံး အင်္ကျီ အဖြူရောင်လေးနှင့် ချည်ထည် ထဘီ အပြာနုရောင်လေးကို တွဲဖက် ဝတ်ဆင်လိုက်ကာ ဆံပင်ရှည်များကို သေသပ်စွာ စည်းနှောင်ရင်း သနပ်ခါး ပါးပါးလေး လိမ်းနေစဉ် အခန်းတံခါးဝဆီမှ ခြေသံ ကြားလိုက်ရသဖြင့် မှန်ထဲမှ တစ်ဆင့် လှမ်းကြည့်လိုက်သည်။
နေမင်းသခင် အခန်းတံခါးဘောင်ကို မှီကာ လက်ပိုက်ရပ်ရင်း သူမကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။
"ဘာကြည့်နေတာလဲ။"
စံအိမ်က မလုံမလဲ ဖြစ်စွာဖြင့် မေးလိုက်လျှင် ...
"လှလို့..."
သခင်နှုတ်ခမ်းတစ်ဖက်ကို တွန့်ကာ ပြုံးရင်း ပြန်ဖြေလေသည်။
"..."
စံအိမ် သူ့စကားကို မကြားဟန်ဆောင်ကာ ပိုက်ဆံအိတ်ကို ယူပြီး
ထရပ်လိုက်ကာ ...
"ရှင် ဘာပြန်လာလုပ်တာလဲ။
ကျွန်မရုံးသွားတော့မှာ ထွက်တော့လေ။ "
ခါတိုင်းဆို သူက သားကို ကျောင်းပို့ပြီးလျှင် သူ့ရုံးသူ သွားနေကျဖြစ်ပြီး ဒီနေ့မှ ပြန်လာပြီး အခုထိလည်း မသွားသေးပေ။
"ဒီနေ့ကစပြီး မင်း အဲ့ဒီကုမ္ပဏီကို သွားစရာ မလိုတော့ဘူး။"
"ဘာ ... ရှင် ဘာစကား ပြောတာလဲ။ ကျွန်မ အလုပ် ကျွန်မ သွားရမှာပေါ့။"
စံအိမ် မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။
"မင်း ရုံးသွားချင်ရင် ကိုယ့် ကုမ္ပဏီမှာပဲ လာလုပ်။ မင်း လိုချင်တဲ့ ရာထူး၊ မင်း လိုချင်တဲ့ လစာ ကိုယ် ပေးမယ်။ "
သခင့်ရဲ့ ပိုင်စိုးပိုင်နင်း စကားကြောင့် စံအိမ် ဒေါသ ထွက်လာတော့သည်။
"ရှင် အခုထိ အတ္တကြီးတုန်းပဲလား။ ကျွန်မ ရှင့် ကုမ္ပဏီက ဝန်ထမ်း မဟုတ်တော့ဘူး။ ကျွန်မ ခြေထောက်ပေါ် ကျွန်မ ရပ်တည်နေတာ။ ရှင့် အရိပ်အောက်မှာ ပြန်ပြီး ခိုလှုံဖို့ အစီအစဉ် မရှိဘူး။"
"ဒါ အတ္တကြီးတာ မဟုတ်ဘူး ... ကိုယ် မင်းကို စိတ်ပူလို့... ပြီးတော့..."
သခင် စကားကို ခဏ ရပ်လိုက်ပြီး မေးရိုးများကို တင်းခနဲ ဖြစ်သွားအောင် ကြိတ်လိုက်သည်။
"ဟိုကောင် လင်းသန့်... အဲ့ဒီကောင် မင်းအနားမှာ ရစ်သီရစ်သီ လာလုပ်နေတာကို ကိုယ် လုံးဝ ကြည့်မရဘူး။ မင်းကို တခြား ယောကျ်ား တစ်ယောက်နဲ့ တွဲတွေ့ရတာကို ကိုယ် လက်မခံနိုင်ဘူး။"
"ကိုလင်းသန့်က ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် ... ကျွန်မ အလုပ်ကိစ္စကို ရှင် ဝင်စွက်ဖက်ခွင့် မရှိဘူး ...ဖယ်ပေး။"
စံအိမ် သူ့ ရင်ဘတ်ကို တွန်းကာ ရှောင်ထွက်ရန် ပြင်လိုက်သော်လည်း သခင်က သူမ လက်ကောက်ဝတ်လေးကို လှမ်းဆွဲလိုက်ကာ ...
"မင်း ကိုယ့်ဆီမှာ လာမလုပ်ချင်ဘူး ဆိုရင်လည်း ရတယ်။ ဒါပေမယ့်... ကိုယ် တစ်ခုတော့ တောင်းဆိုမယ်။"
"ဒီနေ့ကစပြီး... မင်း ရုံးသွား ရုံးဆင်း တာကို ကိုယ် ကိုယ်တိုင်ပဲ လိုက်ပို့မယ်၊ လာကြိုမယ်။"
"ဒီမှာ ... ကျွန်မက ကလေးအမေ တစ်ယောက်တည်း ရပ်တည်နေတာလို့ အားလုံးက သိထားတာ။ ရှင် လာကြိုနေတာ မြင်ရင် ကောလာဟလတွေ ထွက်ကုန်မှာပေါ့"
"ထွက်ပါစေပေါ့ ... မင်းက ကိုယ့် မိန်းမပဲဟာ။ တစ်လောကလုံး သိသွားအောင် ကြေညာပစ်ချင်တာ ကိုယ်က။"
"ကျစ် ... ရှင်ဘယ်လိုဖြစ်နေတာလဲ... ရှင်လုပ်ချင်တာပဲ ရှင်သိတယ် ကျွန်မ သိက္ခာကိုရော ထည့်တွေးသလား။ "
ထိုစကားမှာတော့ သူတွေခနဲ ဖြစ်သွားရပြန်သည်။
"ဆောရီး "
"မြန်မြန်ထွက်တော့ တံခါးပိတ်မယ်။ "
"အွန်း "
ကြက်ကြီးလည်လိမ်ထားသလို ခေါင်းငိုက်စိုက်ချကာ ငြိမ်ပြီးတိတ်ကျသွားတော့တာကြောင့် စံအိမ် သူ့ကိုကြည့်ကာ ခေါင်းရမ်းလိုက်၏။
_____________
နေ့လယ်စာ စားချိန်ဖြစ်တာကြောင့် ရုံးကန်တင်းန်တွင် ဝန်ထမ်းများ စည်ကားနေကာ စံအိမ်လည်း နေလည်စာသွားစားရန် ဓာတ်လှေကားထဲမှ အထွက် အနောက်မှ ကိုလင်းသန့်က ပြေးလိုက်လာပြီး...
"စံအိမ်... နေ့လယ်စာ သွားစားမလို့လား။ ကိုယ်တို့ အတူတူ သွားရအောင်လေ။"
" ရှင် ... ဪ ဟုတ်ကဲ့ ... သွားကြတာပေါ့။"
နှစ်ယောက်သား ဧည့်ခန်းမဆောင် အလယ်သို့ လျှောက်လာခဲ့ကြရင်း
ရုတ်ရုတ်သဲသဲ ဆူညံသံအချို့နှင့်အတူ ဝန်ထမ်း မိန်းကလေးများ၏ အံ့ဩတကြီး ရေရွတ်သံများကို ဆက်တိုက် ကြားလိုက်ရသည်။
"ဟယ်... ဟိုမှာကြည့်စမ်း... ဟိုဘော့စ်မလား။ "
"အေး ... ပန်းစည်းကြီးနဲ့ ... ဘယ်သူ့အတွက်လည်းမသိဘူး။"
စံအိမ်နှင့် လင်းသန့်တို့ ခြေလှမ်းများ တန့်သွားပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်မိသည်။
ထိုသူက တခြားသူ မဟုတ်။ နေမင်းသခင်ပင်။
လက်မောင်းတစ်ဖက်တွင် ကြီးမားလှသော အနီရောင် နှင်းဆီပန်းစည်းကြီးကို ပွေ့ပိုက်ထားကာ ပန်းစည်းကြီးက ကြီးလွန်းတာကြောင့် သူ့ကိုယ်ကြီး တစ်ခုလုံးကိုပင် ဖုံးကွယ်ထားသယောင်။
စံအိမ့် မျက်ဝန်းများ ပြူးကျယ်သွားပြီး ခြေလှမ်းများ နောက်သို့ တစ်လှမ်း ဆုတ်မိသွားသည်။ ရင်ဘတ်ထဲတွင်လည်း ထိတ်လန့်မှုနှင့်အတူ ဒိန်းခနဲ မြည်ဟည်းသွားရသည်။ 'သူ... သူ ဘာလာလုပ်တာလဲ'
သခင့်၏ စူးရှသော အကြည့်များက လူအုပ်ကြီးကို ကျော်ကာ စံအိမ့်ဆီသို့ တည့်မတ်စွာ ကျရောက်လာပြီး သူမ ဘေးတွင် ကပ်ရပ်နေသော လင်းသန့်ကို မြင်လိုက်ချိန်တွင် သူ့ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားသော်လည်း ချက်ချင်းပင် မျက်နှာကို ပြန် တည်တင်းလိုက်ပြီး စံအိမ့်ဆီသို့ မမှိတ်မသုန် ကြည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာလေသည်။
ရုံးဝန်ထမ်းများက အလိုလို ဘေးသို့ ဖယ်ပေးကြရင်း ထိုမြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်နေကြကာ တိတ်ဆိတ်သွား၏။
သခင်က စံအိမ့် ရှေ့တည့်တည့် နှစ်လှမ်းခန့် အကွာတွင် ရပ်လိုက်ကာ သူ ပွေ့ပိုက်လာသော နှင်းဆီပန်းစည်းကြီးကို စံအိမ့် ရှေ့သို့ ကမ်းပေးလိုက်သည်။
"မင်းအတွက်..."
စံအိမ် ပန်းစည်းကို လှမ်းမယူဘဲ ပတ်ဝန်းကျင်မှ စပ်စုနေသော မျက်လုံးများကို အကဲခတ်လိုက်သည်။ အားလုံး၏ အကြည့်များက သူမတို့ နှစ်ယောက်ဆီတွင်သာ ရှိနေကာ လင်းသန့်ကလည်း ဘေးမှနေ၍ အံ့ဩတကြီး ရပ်ကြည့်နေလေသည်။
"ရှင်ဘာတွေလုပ်နေတာလဲ။ "
သူမ အံကြိတ်ကာ ခပ်တိုးတိုးမေးလိုက်ပေမယ့် သခင်က ပြန်မဖြေပဲ
သူ့ အိတ်ကပ်ထဲမှ အနီရောင် ကတ္တီပါဘူးလေး တစ်ခုကို ထုတ်ယူလိုက်ပြီး... ရုတ်တရက် ဒူးတစ်ဖက်ကိုထောက်ချလိုက်၏။
"ဟင်..."
"အို..."
ဘေးပတ်ဝန်းကျင်မှ အာမေဋိတ်သံများ ဆူညံသွားပြီး တချို့ဆိုလျှင် ဖုန်းများ ထုတ်ကာ ဗီဒီယိုပင် ရိုက်နေကြကာ စံအိပါ မှင်သက် ဆွံ့အ သွားရသည်။
သခင် ကတ္တီပါဘူးလေးကို ဖွင့်လိုက်လျှင် တောက်ပနေသော စိန်လက်စွပ် တစ်ကွင်းပေါ်ထွက်လာလေသည်။
"စံအိမ်...ကိုယ် အမှားတွေ အများကြီး လုပ်ခဲ့မိတယ်။ မင်းကို နာကျင်အောင်လည်း လုပ်ခဲ့မိတယ်။ ဒါပေမယ့်... ကိုယ် မင်းကို ချစ်တဲ့ အချစ်တွေကတော့ အစစ်အမှန်ပါပဲ။
ကျန်နေသေးတဲ့ ဘဝ တစ်လျှောက်လုံး... မင်းနဲ့ သားလေးကို ကိုယ့်အသက်ထက် ပိုပြီး ချစ်သွားပါ့မယ်။ ကိုယ့်ကို... နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ။ ကိုယ့်ကို... ပြန်ပြီး လက်ထပ်ခွင့်ပေးပါ "
"..."
ရုံးဝန်ထမ်းများကြားထဲတွင် တီးတိုး စကားပြောသံများ 'လက်ခံလိုက်ပါ' ဟု တိုးတိုးလေး အားပေးသံများ ထွက်ပေါ်လာ၏။
မိန်းကလေး တိုင်းလိုလိုက ဤကဲ့သို့သော ရင်ခုန်စရာ မြင်ကွင်းမျိုးကို အားကျတတ်ကြတာပင်။
သို့သော်... စံအိမ့် အတွက်ကတော့ ထိုမြင်ကွင်းက ရင်ခုန်စရာ မကောင်းခဲ့ပေ။
သူမ မျက်လုံးများက လက်စွပ်ဘူးလေးကို ကြည့်ရင်း အတိတ်က လက်စားချေဖို့ သက်သက် သူမကို လက်ထပ်ခဲ့သော နေ့ရက်များကို ပြန်လည် မြင်ယောင်လာ၏။ အခုလည်း... လူအများကြီးရှေ့မှာသူမ ငြင်းလို့ မရအောင် သူမကို အကျပ်ကိုင်နေတာလား။
သူ့ရဲ့ အတ္တတွေ လိုချင်တာကို မရရအောင် ယူတတ်တဲ့ စရိုက်တွေက အခုထိ မပျောက်သေးဘူးပဲ။
စံအိမ့် ရင်ဘတ်ထဲတွင် မွန်းကြပ်လာပြီး ဒေါသနှင့် နာကျင်မှုတို့က ရောထွေး ဆူပွက်လာကာ လက်သီးဆုပ်လေးများ တင်းကျပ်သွားပြီး မျက်နှာလေးက အေးစက် ခက်ထန်သွားတော့သည်။
"ထ... "
သူမအသံ ခပ်ကြိတ်ကြိတ် ထွက်ပေါ်လာလျှင် သခင့် မျက်နှာပေါ်မှ အပြုံးရိပ်များ ပျောက်ကွယ်သွားပြီး စံအိမ့် မျက်ဝန်းများကို နားမလည်နိုင်စွာ မော့ကြည့်လိုက်၏။
"စံအိမ်..."
"ကျွန်မ ထခိုင်းနေတယ်လေ။ ရှင် ဘာတွေ လုပ်နေတာလဲ။ ရှင် အခုလို လူအများကြီးရှေ့မှာ အကြပ်ကိုင်လိုက်တာနဲ့ ကျွန်မက လက်ခံလိုက်မယ်လို့ ထင်နေတာလား။"
"ကိုယ်... ကိုယ် အဲ့ဒီလို သဘောနဲ့ လုပ်တာ မဟုတ်ပါဘူး ...ကိုယ် မင်းကို တကယ် တောင်းပန်ချင်လို့..."
"တော်ပါတော့။"
"ရှင့်ရဲ့ အချစ်ဆိုတာ အမြဲတမ်း အတ္တတွေ ဖုံးနေတာပဲ။ ရှင် လိုချင်တာကို ရဖို့အတွက်ဆို ကျွန်မ ခံစားချက် ကျွန်မ ဂုဏ်သိက္ခာကို ရှင် ဘယ်တော့မှ ထည့်မတွက်ခဲ့ဘူး။ အရင်ကလည်း ဒီလိုပဲ... အခုလည်း ဒီလိုပဲ။ ရှင့်လုပ်ရပ်တွေက ကျွန်မအတွက် ရင်ခုန်စရာ မကောင်းဘူး သခင်။ လှောင်ပိတ် အကျပ်ကိုင်ခံရသလိုပဲ ခံစားရတယ်။"
စံအိမ့် စကားလုံးများကြောင့် သခင့် တစ်ကိုယ်လုံး အေးစက် တောင့်တင်းသွားရသည်။
ဘေးမှ လူများကလည်း အခြေအနေ မဟန်သည်ကို ရိပ်မိကာ တိတ်ဆိတ်သွားကြ၏။
"ရှင့်လက်စွပ်ကို ပြန်သိမ်းလိုက်ပါ။ ပြီးတော့... နောက်တစ်ခါ ကျွန်မ အလုပ်လုပ်တဲ့ နေရာကို လာပြီး ဒီလို ပြဿနာတွေ လာမရှာပါနဲ့။ ကျွန်မ ရှင့်ကို... ဘယ်တော့မှ... ပြန်ပြီး လက်မထပ်နိုင်ဘူး။"
စံအိမ်က ခပ်ပြတ်ပြတ် ပြောချလိုက်ပြီး ဒူးထောက်နေသော သခင့်ကို ကျောခိုင်းကာ လှည့်ထွက်သွားလေတော့သည်။ လင်းသန့်က ကြောင်အမ်းအမ်းဖြင့် ကျန်ခဲ့ပြီးမှ စံအိမ့် နောက်သို့ အမြန် လိုက်သွားရ၏။
အပိုင်း (၄၈) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)