Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၄၆)

စံအိမ် ဒီနေ့ ကိုလင်းသန့်နှင့်အတူ တစ်ဖက်ကုမ္ပဏီနှင့် အစည်းအဝေးလိုက်သွားရကာ ညနေ အပြန်တွင်တော့

မိုးရွာလေတော့သည်။

ထို့ကြောင့် ကိုလင်းသန့်ကပဲ လိုက်ပို့မယ်ဟုပြောကာ စံအိမ်လည်း ငြင်းလို့ မကောင်းတော့တာနှင့် သူ့ကားနှင့်ပဲ လိုက်ခဲ့လိုက်တော့၏။

ကိုလင်းသန့်က ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဆိုပေမယ့် သူဌေးသာူတစ်‌ေယာက် ဖြစ်တာကြောင့် ဝန်ထမ်းနှင့်ပင်မတူပေ။

ရုံးလာလျှင်လည်း ကိုယ်ပိုင်ကားနှင့် အပြင်အဆင်ကလည်း သူဌေးတောင် အရှုံးပေးရ၏။

စံအိမ် ခြံရှေ့သို့ ရောက်သောအခါ လင်းသန့်က ကားပေါ်မှဆင်းပြီး သူမဘက်က ကားတံခါးကိုလည်း လာဖွင့်ပေးလေသည်။

"ကျေးဇူးပဲ ကိုလင်းသန့်... ဒီအထိ လိုက်ပို့ပေးရတာ အားနာလိုက်တာ။"

စံအိမ် ကားပေါ်မှ ဆင်းရင်း ပြုံးကာ နှုတ်ဆက်လိုက်သည်။

"ရပါတယ်ဗျာ... လမ်းကြုံနေတာပဲဟာကို။ အားနာစရာ မလိုပါဘူး။ မနက်ဖြန် ရုံးမှာ တွေ့မယ်နော်။"

လင်းသန့် ပြုံးပြရင်း ပြောလိုက်ရင်း စံအိမ့် ဆံနွယ်လေးများပေါ်သို့ ကျနေသော အမှိုက်စလေးကို သတိထားမိသွားပြီး မရည်ရွယ်ဘဲ လက်လှမ်းကာ အသာအယာ ဖယ်ရှားပေးလိုက်၏။

စံအိမ် အနည်းငယ် လန့်သွားသော်လည်း လင်းသန့်က အမှိုက်စလေးအား ထောင်ပြလာတာကြောင့် ဘာမှမပြောဘဲ ခေါင်းလေးကိုသာ

ဖွဖွညိတ်ပြကာ ပြုံးလိုက်မိသည်။

သို့သော်... ထိုမြင်ကွင်းကို ခြံဝရံတာပေါ်မှနေ၍ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေသော မျက်ဝန်းနက်ကြီး တစ်စုံ ရှိနေသည်ကိုတော့ သူတို့ နှစ်ဦးလုံး သတိမထားမိခဲ့ကြပေ။

နေမင်းသခင် မေးရိုးများ တင်းခနဲ ဖြစ်သွားပြီး ဝရံတာ လက်ရန်းကို ဆုပ်ကိုင်ထားသော သူ့ လက်ဖဝါးကြီးများမှာ အကြောများ ပြိုင်းပြိုင်းထလာသည်အထိ တင်းကျပ်သွားရသည်။

ဒီနေ့ သူ့ကုမ္ပဏီမှာ အလုပ်ရှုပ်နေတာကြောင့် သူမတို့ ကုမ္ပဏီဘက်ကို မသွားဖြစ်ပဲ သူ့အလုပ်ပြီးတာနှင့် စံအိမ်လည်း ရုံးဆင်းလောက်ပြီလို့ ထင်ပြီး သူမတို့ တိုက်ခန်းဘက်ကို တန်းလာခဲ့လိုက်၏။

သို့သော် သူမက မရောက်သေးတာကြောင့် သူကိုယ်တိုင်ပဲ သားကို သွားခေါ် ထားလိုက်သည်။

သားလေးက အခု ဆော့နေကာ သူက သူမကို မျှော်နေတုန်း ယခုမြင်ကွင်းကို မြင်လိုက်ရခြင်းပင်။

အဲ့ကောင်ကိုလည်း သူသိသည်။

ကုမ္ပဏီမှာ စံအိမ့်အနား လိုက်ကပ်နေသည့်ကောင်ပင်။

သခင် ဒေါသကို ထိန်းချုပ်ရန် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သော်လည်း သူ့ ခြေလှမ်းများက အခန်းရှေ့သို့ အလိုအလျောက် ဦးတည်သွားခဲ့လေပြီ။

စံအိမ် အခန်းရှေ့အရောက် သော့ဖွင့်ဖို့ လုပ်လျှင် မဖွင့်လိုက်ရပဲ တံခါးက ပွင့်သွားတာကြောင့် အံ့ဩသွားရပေမယ့် သခင့်ကို မြင်လိုက်ရတာကြောင့် ဘာမှ မပြောပဲ အခန်းထဲ ဝင်လာခဲ့လိုက်၏။

"မေမေ ပြန်လာပြီလား။ "

"အေး ... သားလေး "

မိုးတွေရွာနေတာကြောင့်အိမ်အရင်ဝင်ပြီးမှ သားကို သွားကြိုဖို့လုပ်ထားပေမယ့် သားလေးက အိမ်ရောက်နှင့်နေပြီဖြစ်လေသည်။

"ပြန်ရောက်ပြီလား..."

"အင်း..."

အေးစက်စက်နှင့် အနည်းငယ် မာသလိုဖြစ်နေတဲ့ သူ့အသံကြောင့်

စံအိမ် ခပ်တန်းတန်း ပြန်ဖြေရင်း၊ သူ့ကို ရှောင်ကာ အခန်းထဲသို့ ဝင်သွားလိုက်သည်။

သို့သော် သူမ အခန်းထဲရောက်လျှင် နေမင်းသခင်ကပါ အခန်းထဲ လိုက်ဝင်လာကာ သူ့ကိုယ်လုံးကြီးနှင့် သူမကို နံရံကြားတွင် ပိတ်လိုက်၏။

"ဘာလုပ်တာလဲ... ဖယ် ကျွန်မ ရေချိုးတော့မလို့။"

စံအိမ် မျက်လွှာချကာ ရှောင်ထွက်ရန် ကြိုးစားလိုက်သည်။

"အဲ့ကောင်က ဘာလို့လိုက်ပို့တာလဲ..."

"မိုးရွာနေလို့ပေါ့ ... ရှင်နဲ့မဆိုင်ဘူး ဖယ်။ "

"ကျစ်..."

သူမစကားအား သူစိတ်ပျက်စွာ စုပ်တစ်ချက်သပ်လိုက်ပြီး သူမ ခါးသိမ်သိမ်လေးကို လျှပ်တစ်ပြက် လှမ်းဆွဲလိုက်ကာ သူ့ ရင်ခွင်ကျယ်ကြီးထဲသို့ အတင်းအကြပ် ဆွဲကပ်ပစ်လိုက်သည်။

"အမေ့ "

စံအိမ့် ရင်ဘတ်လေးက သူ့ ရင်အုပ်ကြီးနှင့် ဖိကပ်သွားပြီး သူမ နှုတ်ခမ်းဖျားမှ ထိတ်လန့်တကြား အာမေဍိတ်သံလေး ထွက်ပေါ်သွားရသည်။

"လွှတ်... နေမင်းသခင်... ဘာလုပ်တာလဲ ဖယ်ပေး။"

စံအိမ် သူ့ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် တွန်းထုတ်ရန် ကြိုးစားပေမယ့် သူက မလွှတ်ပေးပဲ သူမ ခါးလေးကို ပိုမို တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး သူမ မျက်နှာလေးဆီသို့ သူ့ မျက်နှာကို ငုံ့ချလိုက်လျှင်

စံအိမ် ချက်ချင်း မျက်နှာ လွှဲပစ်လိုက်၏။

"ဆောရီး "

သခင် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး နံရံကို ထောက်ထားသော သူ့ လက်ကို ဖယ်ကာ သူမ ခါးလေးကို ညင်သာစွာ ပြန်လွှတ်ပေးလိုက်သည်။ ထို့နောက်... သူ့ကိုယ်လုံးကြီးက အားလျော့သွားသလို သူမ ပခုံးလေးပေါ်သို့ မှီချလိုက်ကာ သူ့ မျက်နှာကို စံအိမ့် လည်တိုင် ကျော့ကျော့လေးနှင့် ပခုံးကြားတွင် အပ်လိုက်ပြီး သက်ပြင်းပူကြီး တစ်ခုကို လေးလံစွာ မှုတ်ထုတ်လိုက်သည်။

"ကိုယ် ရူးတော့မယ် ထင်တယ် စံအိမ်..."

"မင်း အနားကို တခြား ယောကျ်ားတွေ လာကပ်တာ မင်းကို ကြည့်တာ မင်းကို ထိတာ... ကိုယ် နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ မင်း ကိုယ့်ကို ခွင့်မလွှတ်သေးဘူး ဆိုတာ ကိုယ် သိပါတယ်။ ဒါပေမယ့်... ကျေးဇူးပြုပြီး ကိုယ့်ကို ဒီထက် ပိုပြီး ရူးသွပ်သွားအောင် မလုပ်ပါနဲ့တော့။"

သူ့ မေးဖျားက စံအိမ့် လည်တိုင်နုနုလေးကို လာရောက် ပွတ်တိုက်မိနေပြီး သူ့နှုတ်ခမ်းနွေးနွေးက သူမ လည်တိုင်ကို မထိတထိ လာရောက် ထိကပ်နေလေသည်။ ထိုအထိအတွေ့ကြောင့် စံအိမ့် တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ ထလာပြီး၊ ရင်ဘတ်ထဲတွင် လိပ်ပြာလေးများ ပျံသန်းနေသလို ရင်ခုန်လာရ၏။

"..."

သခင် သူ့ မျက်နှာကို အနည်းငယ် မော့လိုက်ပြီး စံအိမ့် မျက်နှာလေးကို သူ့လက်ဖဝါး နှစ်ဖက်ဖြင့် အသာအယာ အုပ်ကိုင်လိုက်ကာ ...

"ကိုယ်မင်းကို ချစ်တယ်။

ကိုယ်မင်းကို ဆုံးရှုံးရမှာကြောက်တယ်။

ကိုယ့်ရှေ့မှာ တခြားယောကျ်ား တစ်ယောက်ကို အဲ့ဒီလို ထပ်ပြီး မပြုံးပြပါနဲ့... ကိုယ် တောင်းပန်ပါတယ်။"

ပြောရင်းနှင့်ပင် သခင့် အကြည့်များက စံအိမ့်ရဲ့ တုန်ယင်နေသော နှုတ်ခမ်းဖျားလေးများဆီသို့ ရောက်ရှိသွားကာ လေထုက အလွန် ပူနွေးလာပြီး အချိန်တွေက ရပ်တန့်သွားသလိုပင်။

သူ့ မျက်နှာက တဖြည်းဖြည်း နီးကပ်လာကာ ဝင်သက်ထွက်သက် လေငွေ့များက သူမ နှုတ်ခမ်းပေါ်သို့ လာရောက် ရစ်ဝိုင်းနေ၏။

စံအိမ် အသက်ရှူရန်ပင် မေ့လျော့နေမိကာ သူမ ဦးနှောက်က 'တွန်းထုတ်လိုက်' ဟု အမိန့်ပေးနေသော်လည်း သူမ ခန္ဓာကိုယ်နှင့် နှလုံးသားကတော့ ထိုယောကျ်ား၏ ညို့ငင်အားအောက်တွင် လုံးလုံးလျားလျား ကျရှုံးနေခဲ့ပြီ ဖြစ်သည်။ သူမ မျက်တောင်လေးများက အလိုလို စင်းကျသွားပြီး မျက်လုံးများကို မှိတ်ထားလိုက်မိတော့သည်။

သခင့် နှုတ်ခမ်းများက သူမ နှုတ်ခမ်းဖျားလေးများပေါ်သို့ ညင်သာ နူးညံ့စွာ၊ သို့သော်လည်း တားဆီး၍မရသော ရမ္မက်ငွေ့များဖြင့် ဖိကပ် နမ်းရှိုက်လိုက်လေတော့သည်။

"ပြွတ်စ် ... ပြွတ် "

အခန်းထဲဝယ် နှုတ်ခမ်းချင်း စုပ်လျက် နမ်းရှိုက်သံလေးတွေ ထွက်ပေါ်လာပေမယ့် အရှိန်ကောင်းလာတဲ့ မိုးသံတို့က လွှမ်းကာ ဖုံးသွားလေသည်။

နေမင်းသခင်ကလည်း ထိုအရာကို အခွင့်ကောင်းယူကာ သူမနှုတ်ခမ်းဖူးဖူးလေးအား မွတ်သိပ်စွာ စုပ်ယူနမ်းရှိုက်နေကာ လွှတ်ပေးဖို့ပင် မေ့လျော့နေတော့သည်။

အိမ်ရှေ့ခန်းမှ သားလေးကတော့ အရုပ်တွေနှင့်ဆော့နေကာ အချစ်ဆိုး ဆိုးနေတဲ့ သူ့အဖေ လူဆိုးကြီးကို မသိရှာတော့ပေ။

အပိုင်း (၄၇) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၅) နောက်အခန်း - အပိုင်း (၄၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ