"အဲ့အချိန်တုန်းကရော လက်စားချေဖို့သက်သက်ဟန်ဆောင်ခဲ့တာတွေပဲလား။ "
"ဟင် ..."
ရုတ်တရတ်ဆန်လှတဲ့ သူမ မေးခွန်းကြောက့် သူဆွံအသွားရသည်။
သူမကတော့ သူ့ကို မကြည့်ပဲ အကြည့်လွှဲနေရဲ့။
"တကယ်ချစ်ခဲ့တာပါ။
ကိုယ်မင်းကို ချစ်တဲ့ အချစ်တွေက တကယ်စစ်မှန်ခဲ့ပါတယ်။
"စစ်မှန်တယ် ... အဲ့ဒီတုန်းက ကျွန်မကို နေ့တိုင်း ငရဲကျသလို ခံစားရအောင် နှိပ်စက်ခဲ့တာတွေကရော... အဲ့ဒါက စစ်မှန်တဲ့ အချစ်နဲ့ ချစ်တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်တွေလား "
စံအိမ့် အသံများ တုန်ရီနေပြီး မျက်ရည်များ ဝဲတက်လာ၏။
"တောင်းပန်ပါတယ်။
ဒါပေမယ့် ကိုယ်မင်းကိုချစ်ခဲ့တာတော့ အမှန်တွေပါ။
နောက်ပြီး အခုမှလည်းမဟုတ်ပါဘူး။
ကိုယ်မင်းကို ကလေးဘဝကတည်းက ချစ်ခဲ့ရတာပါ။ "
"..."
"စံအိမ်... မင်း ကိုယ့်ကို တကယ်ပဲ မမှတ်မိတော့ဘူးလား။"
"ဘာကို မှတ်မိရမှာလဲ။ ကျွန်မ မှတ်မိတာက ရှင့်ရဲ့ ရက်စက်မှုတွေနဲ့ ကျွန်မရဲ့ မျက်ရည်တွေပဲ ရှိတယ်။"
" မေတ္တာရိပ်ဂေဟာ..."
သခင့် နှုတ်ခမ်းဖျားမှ ထွက်ကျလာသော 'မေတ္တာရိပ်' ဆိုသည့် စကားလုံးကြောင့် စံအိမ့် မျက်တောင်များ ဆတ်ခနဲ တုန်ခတ်သွားပြီး ကိုယ်လုံးလေးပါ တောင့်တင်းသွားရသည်။
"ကိုယ်ကတော့ မင်းကို တစ်ရက်မှ မေ့မရခဲ့ဘူး။ "
"..."
"ဒီချောကလက်လေးကိုရော မှတ်မိလား။ "
သခင် သူ့အိတ်ကပ်ထဲမှ ချောကလက်တောင့်လေးအားထုတ်ကာ စံအိမ့်လက်ထဲထည့်ပေးလိုက်လျှင် စံအိမ် မျက်လုံးများ ဝိုင်းစက်ကာ ပြူးကျယ်သွားပြီး သခင့် မျက်နှာကို အံ့ဩတကြီး စိုက်ကြည့်နေမိသည်။
"ဟင် ..."
စံအိမ် ချောကလက်တောင့်လေးအား ခပ်ဖွဖွဆုပ်ကိုင်လိုက်၏။
သိပ်သိတာပေါ့ ... စံအိမ့်ဘဝမှာ ပထမဆုံးစားဖူးတဲ့ အကောင်းစားချောကလက်လေး။
"ရှင်... ရှင်က..."
"မင်းက ကိုယ့်ရဲ့ ငယ်ချစ်ဦးပါ "
"..."
"ကိုယ်မင်းကို သဝန်တိုပြီး အဲ့ဒီနေ့က ကိုယ်တို့ နောက်ဆုံး တွေ့ဆုံခြင်း ဖြစ်သွားမယ် ဆိုတာကို ကိုယ် ကြိုသိခဲ့ရင် မင်းကို အဲ့ဒီလို ကိုယ် အတင်းအကျပ် လုပ်ခဲ့မှာ မဟုတ်ပါဘူး။
မင်းကို သေချာပေါက် ပြန်ချော့မယ်လို့ ကိုယ် ဆုံးဖြတ်ထားခဲ့တယ်။ ဒါပေမယ့်... အဲ့ဒီ အပတ်မှာပဲ ဒယ်ဒီ ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားခဲ့တယ်။ မိသားစု ပြဿနာတွေ ရှယ်ယာ ကိစ္စတွေ ကြားမှာ
အများကြီးရှုပ်ထွေးသွားခဲ့တာ။ အဲ့ဒီနောက် ကိုယ် နိုင်ငံခြားကို ချက်ချင်း ထွက်သွားခဲ့ရတာပဲ။ "
"ဒါပေမယ့် ... ကိုယ် နိုင်ငံခြားမှာ ရောက်နေတဲ့ တစ်လျှောက်လုံးလည်း... မင်းကို မေ့တဲ့ နေ့ဆိုတာ တစ်ရက်မှ မရှိခဲ့ဘူး။ "
စံအိမ့် မျက်ဝန်းများမှ မျက်ရည်ပူများက ပါးပြင်ပေါ်သို့ စီးကျလာကာ သူ့ကို မော့ကြည့်ရင်း ဒေါသတကြီး ပြန်မေးလိုက်သည်။
"အဲ့ဒီလို ချစ်ခဲ့တယ် ဆိုရင်... ပြန်တွေ့တဲ့ အချိန်ကျတော့ ကျွန်မကို ဘာလို့ လက်စားချေဖို့ လက်ထပ်ခဲ့တာလဲ... ဘာလို့ ကျွန်မကို အဲ့ဒီလောက် ရက်ရက်စက်စက် နှိပ်စက်ခဲ့ရတာလဲ။ အဲ့ဒီတုန်းက ရက်စက်ခဲ့တဲ့ ရှင်နဲ့ အခု တစ်ယောက်တည်းပဲ ဟုတ်ရဲ့လား။"
"အဲ့ဒါက... ကိုယ့်ဘဝရဲ့ အကြီးမားဆုံးသော နောင်တပဲ။
ကိုယ့်အစ်မရဲ့ ဒဏ္ဍာရီ စာအုပ်ထဲမှာ မင်း နာမည်နဲ့ ပုံတွေကို တွေ့လိုက်ရတဲ့ အခိုက်အတန့်က ကိုယ့်ဘဝကို ချောက်ကမ်းပါးထဲ တွန်းချလိုက်သလိုပဲ။ ကိုယ် ရူးသွပ်သွားခဲ့တယ်။"
"..."
"ဒါပေမယ့်... မင်းကို နာကျင်အောင် လုပ်နေတဲ့ အချိန်တိုင်း... ကိုယ့်ရဲ့ နှလုံးသားက အစိမ်းလိုက် အဆွဲနုတ်ခံနေရသလို အရမ်း နာကျင်ခဲ့တာပါ။ "
"အခုရော ..."
"..."
"အခုရော ဘာလို့ ..."
"ကိုယ်သိပြီးပြီ ... ကိုယ်အားလုံးသိပြီးပါပြီ။
ထက်အာကာက ကိုယ့်ကို အားလုံး ရှင်းပြလို့ ကိုယ်သိခဲ့ပါပြီ။ "
"ဟမ့်..."
သူ့စကားကြောင့် စံအိမ် မဲ့ပြုံးလေးပြုံးလိုက်သည်။
သခင် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး စံအိမ့် လက်နှစ်ဖက်ကို အုပ်မိုး ဆုပ်ကိုင်လိုက်ကာ ...
"ကိုယ်မှားခဲ့တဲ့ အမှားတွေကို ပြန်ပေးဆပ်ခွင့်ပြပါ။
ကျန်နေသေးတဲ့ အချိန်တွေမှာ ကိုယ့်ကို အခွင့်အရေးလေး တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ်... ထပ်ပေးပါ စံအိမ်။"
စံအိမ် သူ့အား အတန်ကြာအောင် စိုက်ကြည့်လိုက်ပြီးမှ သူ့လက်ဖဝါးထဲမှ သူမလက်နှစ်ဖက်ကို ရုန်းထွက်လိုက်၏။
"သားလေးကို သွားကြည့်လိုက်ဦးမယ်။ "
စံအိမ် သခင့်အား ကျောခိုင်းကာ အခန်းထဲ ဝင်သွားလျှင် သခင် ခေါင်းငိုက်စိုက်ကျကာကျန်ခဲ့လေသည်။
_____________
"ဒေါက် ဒေါက် "
စံအိမ် အဝတ်တွေလျှော်ပြီး လှမ်းနေတုန်း အခန်းရှေ့မှ တံခါးခေါက်သံကြောင့် တံခါးဆီသို့ လျှောက်သွားလိုက်ကာ တံခါးဖွင့်လိုက်သည်နှင့် သခင့်အမေအား တွေ့လိုက်ရ၏။
"အန်တီ..."
"မြေးလေး ရှိတယ်မလားသမီး... ။"
"ဟုတ် ... ရှိတယ် အန်တီ။ "
"အေး အေး "
စံအိမ်နှင့်အတူ အခန်းထဲအတူပါလာသော ဒေါ်အေးမြရိပ်အားမြင်လျှင် နေထိုက်စံလေးက သူ့အဘွားအား ပြေးဖက်လေ၏။
"ဘွား ဘွား "
"အေး... မြေးလေး..."
နေထိုက်စံလေး ကျောင်းပိတ်ရက်တိုင်း ဒေါ်အေးမြရိပ်က လာလည်ရာ သူမကို နေထိုက်စံလေးက မစိမ်းတော့ပဲ ခင်တွယ်နေပြီဖြစ်၏။
"ရော့... သားသားအတွက် ဖွားဖွား ယူလာတာ။ "
သူမ လက်ထဲမှ အရုပ် ဘူးကြီးများကို နေထိုက်စံလေးလက်ထဲ ထည့်ပေးလိုက်ပြီး သူမပါ ဘေးမှာ ဝင်ထိုင်လိုက်၏။
သားအချစ် မြေးအနှစ်ဆိုသလို ဒေါ်အေးမြရိပ်တစ်ယောက်
တစ်ယောက်တည်းရှိတဲ့ ဒီမြေးဦးလေးကို သည်းသည်းလှုပ်နေကာ မတွေ့ရ မနေနိုင်ဖြစ်နေလေသည်။
ထို့ကြောင့် ကျောင်းပိတ်ရက်တိုင်းလာတွေ့ကာ ကျောင်းဖွင့်တဲ့ နေ့တွေများဆို သူမမှာ အိမ်မှာ ပျင်းနေရ၏။
စံအိမ်နဲ့ သားကို ပြန်ပေါင်းစေချင်လှပြီဆိုပေမယ့်လည်း ကာယကံရှင်ဖြစ်တဲ့ ချွေးမလေးကိုလည်း အတင်းမတောင်းဆိုရက်။
ပြန်ပေါင်းကြဖို့တော့ မျှော်လင့်ရတာပါပဲ။
မြေးလေးကိုလည်း မိတကွဲ ဖတကွဲ မဖြစ်စေချင်ပါ။
"အန်တီ ... ကော်ဖီနဲ့ မုန့် စားပါဦးရှင့် "
"အို ... အပိုလုပ်လို့သမီးရယ်။
ဧည့်သည်လည်း မဟုတ်ပဲနဲ့ကွယ်။ "
"အဟင်း ... ထမင်းရော စားခဲ့ပြီလား အန်တီ။
မစားရသေးရင် တစ်ခါတည်း စားသွားပါလားရှင့်။ "
"စားခဲ့ပြီ သမီး ... ဘာဟင်းချက်စားကြတာလဲ။ "
"ကြက်သားကြော်နဲ့ အစိမ်းကြော်လေးကြော်ပြီး ပဲရွက်ဟင်းချိုလေးကြိုထားတာ အန်တီ "
"ဪ အေးအေး ကောင်းတယ် ကောင်းတယ်။ "
"ဟုတ် ... အဲ့ဒါဆို စံအိမ် အဝတ်လှမ်းနေတာလေး ဆက်လှမ်းလိုက်ဦးမယ်ရှင့် "
"အေးအေး ... သွားသွား အန်တီက ဧည့်သည်လည်းမဟုတ်ဘူး လုပ်စရာရှိတာသာ အေးဆေးသွားလုပ် "
"ဟုတ် "
စံအိမ် မတ်တပ်ထရပ်ကာ အဝတ်သွားလှမ်းဖို့ ပြင်ရုံရှိသေး အခန်းရှေ့မှ တံခါးခေါက်သံ ထပ်ကြားလိုက်ရတာကြောင့် သွားဖွင့်တော့ နေမင်းသခင် ဖြစ်နေ၏။
"အင့် ... စံအိမ်နဲ့ သားအတွက် ကိုယ် မုန့်ဝယ်လာတာ။ "
"..."
သူမလက်ထဲသို့ မုန့်ထုပ်လှမ်းပေးလျှင် ဘာမှပြန်မပြောပဲ ယုထားလိုက်သည်။
"ဟာ ... မာမီရောက်နေတာလား။ "
"အေး ... မြေးလေး ကျောင်းပိတ်တုန်းလေ။ "
"ဟုတ် "
"ဖေဖေ မြန်မြန်လာ ... သားနဲ့ဆော့ရအောင် ဘွားဘွားက အရုပ်အသစ်တွေ အများကြီး ဝယ်လာပေးတာ။ "
"ဟုတ်လား ... အဲ့ဒါဆို ဆော့ကြမယ်ဗျာ။ "
သခင် သားရှေ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ကာ အတူ ဆော့ပေးလိုက်၏။
ဒေါ်အေးမြရိပ်ကတော့ ထိုသားအဖကို ကြည့်ပြီး တပြုံးပြုံးနှင့်ပင်။
အပိုင်း (၄၆) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)