"မေမေ... သားသား ချမ်းတယ်..."
ကုတင်ပေါ်တွင် အိပ်နေသော နေထိုက်စံလေး၏ တိုးလျလျ ညည်းတွားသံကြောင့် စံအိမ် လန့်နိုးလာရကာ သားလေးကို စမ်းကြည့်လိုက်တော့ တစ်ကိုယ်လုံး ပူခြစ်နေပြီး တုန်ယင်နေ၏။
"သားသား... သားသား အို ဘုရားရေ... ကိုယ်တွေ အရမ်း ပူနေပါလား။"
စံအိမ် အထိတ်တလန့် ဖြစ်သွားပြီး ဘာလုပ်ရမှန်း မသိအောင် ပြာယာခတ်သွားရကာ အဖျားကျဆေး ရှာရန် ဘီရိုကို ဆွဲဖွင့်၊ ရေဝတ်တင်ရန် ရေခွက်သွားယူနှင့် တစ်ယောက်တည်း ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်... အိပ်ခန်းတံခါး ပွင့်လာပြီး ဧည့်ခန်းထဲတွင် အိပ်နေသော နေမင်းသခင် အပြေးအလွှား ဝင်လာလေသည်။
"စံအိမ် ဘာဖြစ်လို့လဲ ...သားလေး ဖျားလို့လား။"
သူက စံအိမ့် လက်ထဲမှ ရေဇလုံကို လှမ်းယူလိုက်ပြီး ကုတင်ဘေးသို့ အမြန် ရောက်သွားကာ သားလေး၏ နဖူးကို စမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွား၏။ ထို့နောက် စံအိမ့်ဘက်သို့ လှည့်ကာ ...
"စိတ်အေးအေးထားပါ ... သားလေး အဖျားကြီးနေတာ။ ကိုယ် ရေပတ်တိုက်ပေးမယ်။ မင်း ဆေးသွားယူ။"
သူက သားလေး အင်္ကျီကို ချွတ်ကာ ရေဝတ်ဖြင့် သေချာ ဂရုတစိုက် ပတ်တိုက်ပေးလျှင် စံအိမ်လည်း ဆေးသွားယူကာ ဆေးတိုက်လိုက်၏။ သူတို့ နှစ်ယောက်သား ကလေးအနားတွင် မအိပ်ဘဲ အဖျားကျအောင် ညဝက်ခန့် ပြုစုပေးခဲ့ကြရသည်။
မနက် (၄) နာရီခန့်လောက်မှ သားလေးရဲ့ အသက်ရှူသံလေးများ ပုံမှန် ပြန်ဖြစ်သွားပြီး အဖျားလည်း သိသိသာသာ ကျသွားကာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့၏။
အခန်းထဲတွင် ညအိပ်မီးသီး ဝါဖျော့ဖျော့လေးသာ လင်းနေကာ စံအိမ် ကုတင်ဘေးရှိ ကော်ဇောပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်ရင်း ကုတင်စွန်းကို မှီကာ မျက်လုံးများကို မှိတ်ထားလိုက်ကာ သူမ မျက်တောင်စွန်းများတွင် မျက်ရည်စများ တွဲခိုနေလေသည်။
ထိုစဉ်... သူမ ဘေးနား ကော်ဇောပေါ်သို့ သခင် ဝင်ထိုင်လိုက်သည်ကို သတိထားလိုက်မိပေမယ့် သူမ လှည့်မကြည့်ဖြစ်။
"စံအိမ်..."
"..."
" အရမ်း လန့်သွားတယ် မဟုတ်လား။"
သူမ ပခုံးလေးကို အသာအယာ လှမ်းဖက်လိုက်သည်။
စံအိမ်လည်း ရုန်းမထွက်မိပဲ သူမ ခေါင်းလေးက သူ့ ပခုံးပေါ်သို့ အလိုလို မှီကျသွား၏။
"တောင်းပန်ပါတယ်..."
သခင် သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်ရင်း ...
"မင်းတစ်ယောက်တည်း ဘယ်လောက်တောင် ပင်ပန်းခဲ့ရမလဲ... ကိုယ့်ရဲ့ အမိုက်အမဲ စိတ်ရိုင်းတွေနဲ့ မင်းကို ဘယ်လောက်တောင် ရက်ရက်စက်စက် အနာတရ ဖြစ်စေခဲ့လဲ ဆိုတာ... ကိုယ် ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ပေါက်လာတဲ့အထိ တကယ်ကို မုန်းတီးမိတာပါ။
စံအိမ် မျက်တောင်များ တုန်ခတ်သွားပြီးအတိတ်က ဒဏ်ရာများက ရင်ဘတ်ထဲတွင် ပြန်လည် နာကျင်လာရသည်။
"ကိုယ် အမှားကြီး မှားခဲ့ပါတယ် ..."
သခင် စံအိမ့်ဘက်သို့ ကိုယ်ကို လှည့်လိုက်ကာ သူမ လက်ဖဝါးလေးကို၊ သူ့ လက်ဖြင့် အသာအယာ လှမ်း၍ အုပ်မိုး ဆုပ်ကိုင်လိုက်၏။
"..."
သူမကိုယ်လေးက အလိုလို တောင့်တင်းသွားကာ စံအိမ် ရုန်းထွက်ရန် ကြိုးစားလိုက်ပေမယ့် သခင်က သူမ လက ကလေးကို လွတ်ထွက်သွားမည် စိုးသည့်အလား ဆုပ်ကိုင်ထားလေသည်။
"ခဏလေး... ခဏလေးပဲ ဖြစ်ဖြစ် ကိုယ့်ကို ဒီလိုလေး ကိုင်ထားခွင့် ပြုပါ။"
သခင့် အသံတွင် တောင်းပန် တိုးလျှိုးမှုများ အပြည့်အဝ ပါဝင်နေကာ မျက်ဝန်းများထဲတွင် မျက်ရည်စများ ရစ်ဝိုင်းနေ၏။
"မင်း ရင်ထဲက ဒဏ်ရာတွေကို ချက်ချင်း ပျောက်ကင်းသွားအောင် ကိုယ် မလုပ်ပေးနိုင်ဘူး ဆိုတာ ကိုယ် သိပါတယ်။ မင်း ကိုယ့်ကို အခုချက်ချင်း ခွင့်လွှတ်ဖို့လည်း ကိုယ် မတောင်းဆိုရဲပါဘူး။ ဒါပေမယ့်... ကျန်နေသေးတဲ့ ကိုယ့်ရဲ့ တစ်သက်တာ အချိန်တွေ အားလုံးကို ပေးပြီး... မင်း ခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် ကိုယ် အကြွေးဆပ်ခွင့် ပြုပါ။ မင်းနဲ့ သားလေးကို ကိုယ့် အသက်ထက် ပိုပြီး မြတ်မြတ်နိုးနိုး စောင့်ရှောက်သွားပါ့မယ်။"
"..."
သူ့စကားအဆုံးအဆုံးတွင် ဘာကြောင့်ရယ်မှန်းမသိ စံအိမ့်
မျက်ဝန်းများမှ မျက်ရည်တစ်ပေါက်က ပါးပြင်ထက်သို့ လိမ့်ဆင်းသွားလေသည်။
ထိုအခါ ထိုမျက်ရည်စလေးများအား သခင်က အခြား လက်တစ်ဖက်ဖြင့် သူမ ပါးပြင်ထက်က မျက်ရည်ပေါက်လေးကို အသာအယာ သုတ်ဖယ်ပေးလိုက်၏။
"မငိုပါနဲ့တော့ ... မင်း မျက်ရည်ကျတာကို မြင်ရတာ ကိုယ့် ရင်ဘတ်ကို ဓားနဲ့ အမွှန်းခံနေရသလိုပဲ။"
"..."
သူတို့ကြားတွင် စကားသံလေးတွေ တိတ်ဆိတ်သွားခဲ့ပေမယ့် သခင်က စံအိမ့်ကိုယ်လေးကို ဖက်ထားရာမှ မလွှတ်ပေးသလို စံအိမ်ကလည်း သခင့်ရင်ခွင်ထဲမှ မရုန်းထွက်ခဲ့။
သူမလိုချင်ခဲ့တဲ့ ရင်ခွင်နွေးနွေးလေးပဲမလား။
____________
မိုးလင်းစ နေရောင်ခြည် နုနုလေးက ပြတင်းပေါက် မှန်တံခါးကို ဖြတ်သန်းကာ အိပ်ခန်းလေးထဲသို့ ဖြာကျလာ၏။
စံအိမ် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လျှင် ပထမဆုံး သိလိုက်ရသည်က သူမ ခေါင်းအုံး နုနုလေးပေါ်တွင် သက်တောင့်သက်သာ ရောက်နေခြင်းပင်။ မနေ့ညက သားလေး အဖျားကျသွားပြီးနောက် ကုတင်ဘေး ကော်ဇောပေါ်တွင် သခင့်ရင်ခွင်ထဲ အားပါးတရ ငိုချရင်း သူမ ဘယ်အချိန် အိပ်ပျော်သွားမှန်းပင် မသိလိုက်။ သေချာသည်ကတော့ နေမင်းသခင် သူမကို ကုတင်ပေါ်သို့ တင်ပေးခဲ့ခြင်း ဖြစ်ရမည်။
သူမ ဘေးနားသို့ အမြန် လှည့်ကြည့်လိုက်လျှင် သားလေးကတော့ ကိုယ်ပူ လုံးဝ ကျသွားပြီး စောင်လေးကို ရင်ဘတ်ထိ ခြုံကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲ။ စံအိမ် သားလေး၏ နဖူးလေးကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွ နမ်းလိုက်ပြီးမှ သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်မိသည်။
ထို့နောက် ကုတင်ပေါ်မှ ဖွဖွဆင်းကာ ရေချိုးခန်းထဲ ဝင်၍ မျက်နှာသစ်လိုက်ပြီး ဆံပင်ရှည်များကိုတော့ ခဲရောင် ဖဲကြိုးကလစ်လေး တစ်ခုဖြင့် နောက်ကျောဘက်တွင် ခပ်လျော့လျော့လေး စုညှပ်ထားလိုက်သည်။
ထိုစဉ်... မီးဖိုချောင်ဘက်ဆီမှ ကော်ဖီနံ့နှင့်အတူ ပေါင်မုန့်မီးကင်နံ့ သဲ့သဲ့ကို ရလိုက်သဖြင့် စံအိမ် အခန်းပြင်သို့ ထွက်လာခဲ့လျှင်
မီးဖိုချောင်ထဲတွင် နေမင်းသခင်အား တွေ့လိုက်ရ၏။
"နိုးပြီလား ..."
သူမ ခြေသံကို ကြားတော့ သခင်က လှည့်ကြည့်လာ၏။
"အင်း... သားလေးလည်း အဖျားကျသွားပါပြီ။"
စံအိမ် ခေါင်းညိတ်ပြရင်း ကောင်တာနားသို့ တဖြည်းဖြည်း လျှောက်လာခဲ့လေသည်။
"တော်သေးတာပေါ့။"
သခင်က ပြုံးလိုက်ပြီး သူ ဖျော်ထားသော ကော်ဖီပူပူ တစ်ခွက်ကို စံအိမ့် ရှေ့သို့ တိုးပေးလိုက်သည်။
"ရော့... ကော်ဖီ သောက်လိုက်ဦး။
မင်းအကြိုက်ပဲ"
"ကျေးဇူးပဲ "
"အဟွန်း "
"ဘာရယ်တာလဲ။ "
"ဘာမှမဟုတ်ပါဘူး။ "
ဘာမှမဟုတ်ပါဘူးဆိုပြီး စံအိမ့်ကိုကြည့်ကာ ပြုံးစေ့စေ့လုပ်နေတာကြောင့် မျက်စောင်းဖွဖွလေး ထိုးပစ်လိုက်သည်။
"ချစ်ဖို့ကောင်းတုန်းပဲ။ "
"ဟင် "
"ငယ်ငယ်တုန်းကအတိုင်းပဲ ချစ်ဖို့ကောင်းတုန်းပဲလို့။
ဘာမှမလုပ်ပဲ အေးအေးငြိမ်ငြိမ်လေး နေနေတာတောင် ချစ်ဖို့ကောင်းနေတာ အသည်းယားစရာကောင်းလောက်အောင်။ "
"အို ... ရှင်ဘာတွေလာပြောနေတာလဲ။
သားလေးကမှ နေမကောင်းပါဘူးဆို။ "
လူကို မျက်တောင်မခတ် စိုက်ကြည့်ကာ ပြောနေတဲ့ စကားေတွကြောင့် တစ်ကိုယ်လုံး ဖိန်းတိန်းရှိန်းတိန်းဖြစ်ကာ ရင်ခုန်တာလိုလို ဘာလိုလိုနှင့် ရှက်သွေးလေးတွေ ဖြာလာရသည်။
စဉ်းစားကြည့်မှ ယောက်ျားတစ်ယောက်ကြောင့် သူမ ရင်မခုန်ခဲ့တာတောင် ဘယ်လောက်ကြာပြီလဲ။
သူမ နှလုံးသားကလည်း အမှတ်ဉာဏ်ထားတယ်ထင်ပါရဲ့။
နေမင်းသခင် ကြောင့်ပဲ ရင်ခုန်တတ်တော့သတဲ့။
_______________
မတ်လ ကုန်ဆုံး၍ ဧပြီလဆန်းသို့ ကူးပြောင်းလာပြီ ဖြစ်ကာ
လေထုထဲတွင် နွေရာသီ၏ အပူငွေ့များ ပါဝင်လာသော်လည်းညနေစောင်း အချိန်များတွင်တော့ ခပ်သဲ့သဲ့ တိုက်ခတ်လာသော လေပြေများက သင်္ကြန်အကြို အငွေ့အသက်ကို သယ်ဆောင်လာတတ်၏။
ပိတောက်ပင်ကြီးတွေထက်တွင် ရွှေဝါရောင် အဖူးအငုံလေးများက လေအဝှေ့တွင် တစ်သိမ့်သိမ့် တုန်ခါနေကြပြီး၊ စက္ကူပန်းရုံကြီးများကတော့ မျက်စိကျိန်းမတတ် ရဲရဲတောက် ပွင့်ဖူးနေဆဲ။
ညနေ ရုံးဆင်းပြီး အားနေချိန်တွင် စံအိမ် ဆိုဖာပေါ်တွင် ထိုင်ကာ စာအုပ် တစ်အုပ်ကို ဖတ်နေကာ နေထိုက်စံလေးကတော့ အခန်းထဲတွင် သူ့အဖေ ဝယ်ပေးထားတဲ့ အရုပ်အစုံနှင့်အတူ သူ့အဖေနှင့်ကစားနေလေသည်။
ထိုစဉ် သူမ နောက်ကျောဘက်ဆီမှ ရင်းနှီးနေသော ခြေသံတစ်ခု နီးကပ်လာကာ စာအုပ်ပေါ်မှ အကြည့်မလွှဲရသေးခင်မှာပင်တောင့်တင်းသော ရင်အုပ်ကြီး တစ်ခုက သူမ ကျောပြင်လေးကို အနောက်မှနေ၍ ခပ်ဖွဖွ လာရောက် မှီကပ်လာလေသည်။
ထို့နောက် သခင့် လက်မောင်း နှစ်ဖက်က သူမ ပခုံးလေးကို အသာအယာ သိုင်းဖက်လာပြီး သူ့ မေးစေ့က သူမ ပခုံးစွန်းလေးပေါ်သို့ နေရာယူလာ၏။
"စာဖတ်နေတာလား..."
သူမ နားရွက်ဖျားလေးနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်၏။
"အင်း..."
"သင်္ကြန်ရောက်တော့မယ်နော်။ "
"..."
"မှတ်မိသေးလား ... ကိုယ်တို့ နှစ်ယောက် အတူတူ လျှောက်လည်ခဲ့တဲ့ ပထမဆုံး သင်္ကြန်လေ။ အဲ့ဒီတုန်းက ကိုယ့် ဆိုင်ကယ်နောက်မှာ ထိုင်ပြီး မင်း ကိုယ့်ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားခဲ့တာလေးကို ကိုယ် တစ်သက်လုံး မေ့လို့ မရဘူး။"
သူ့စကားများကြောင့် စံအိမ့် ဦးနှောက်ထဲတွင် အတိတ်ပုံရိပ်များက ရုပ်ရှင်ပြသလို ကွက်ကွက်ကွင်းကွင်း ပေါ်လာသည်။
ထိုအချိန်များက သူမဘဝရဲ့ အပျော်ဆုံး အချိန်တွေထဲမှ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါသည်။
ဒါပေမယ့် ...
"ရှင်... အဲ့ဒါတွေကို မှတ်မိသေးတယ်ပေါ့။"
စံအိမ်က ခပ်တိုးတိုးလေး မေးလိုက်သည်။
"မှတ်မိတာပေါ့ ..."
"အဲ့အချိန်တုန်းကရော လက်စားချေဖို့စက်သက်ဟန်ဆောင်ခဲ့တာတွေပဲလား။ "
"ဟင် ..."
ရုတ်တရတ်ဆန်လှတဲ့ သူမ မေးခွန်းကြောက့် သူဆွံအသွားရသည်။
သူမကတော့ သူ့ကို မကြည့်ပဲ အကြည့်လွှဲနေရဲ့။
အပိုင်း (၄၅) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)