သားလေးက တအားပူဆာတာကြောင့် ရုံးပိတ်ရက်မှာ သားလေးကို စံအိမ်နှင့် နေမင်းသခင်ပါအတူ ကစားကွင်းကို လိုက်ပို့ပေးခဲ့ပြီး အပြန် ပန်းခြံဝင်လိုက်၏။
သူမက ရင်ဖုံးအင်္ကျီ အဖြူရောင်လေးကို ပန်းနုရောင် ချည်ထည်လုံချည်လေးနှင့် တွဲဖက် ဝတ်ဆင်ထားကာ ဆံပင်လေးကို နှစ်ဆင့် ပုံစံ သေသပ်စွာ ညှပ်ထားပြီး အပေါ်ယံ ဆံနွယ်တစ်ဝက်ကို ပန်းနုရောင် ဖဲကြိုးကလစ်လေးဖြင့် နောက်ကျောဘက်တွင် ခပ်လျော့လျော့ စုနှောင်ထားသည်။ ဖြူဝင်းသော ပါးပြင်နှစ်ဖက်ထက်တွင်တော့ သနပ်ခါးပါးကွက်လေးများက မြန်မာဆန်ဆန် ကျက်သရေရှိလွန်းလှသည်။
မြက်ခင်းပြင်ပေါ်တွင် ခင်းထားသော ဖျာလေးပေါ်၌ နေမင်းသခင်က ပေါ့ပေါ့ပါးပါး တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ကာ ခြေပစ်လက်ပစ် ထိုင်နေပြီး သူ့အကြည့်များက စံအိမ့်ဆီသို့သာ ရောက်ရှိနေပြီး ပါးပြင်ထက်က သနပ်ခါးလေးနှင့် သူမလေးကို စက္ကန့်မလပ် ငေးမောနေလေသည်။
" ကဲ... ဖေဖေနဲ့ မေမေ သားသား ဓာတ်ပုံ ရိုက်ပေးမယ်"
နေထိုက်စံလေးက သူ့အဖေဝယ်ပေးထားတဲ့ ကင်မရာ သေးသေးလေးကို ကိုင်ကာ တက်ကြွစွာ ပြောလိုက်သည်။
ထိုအခါ စံအိမ်ရော သခင်ပါ ခေါင်းညိတ်ပြလိုက်၏။
သို့သေည် ထိုင်နေကြတာက ခပ်ခွာခွာ ဖြစ်နေရာ ...
"ဟင့်အင်း... မဟုတ်ဘူးလေ မေမေရဲ့။ ပုံထဲမှာ သေးသေးလေး ဖြစ်သွားမှာပေါ့။ ဖေဖေ့ အနားကို ကပ်ထိုင်။"
နေထိုက်စံလေးက ကင်မရာကို ချကာ စံအိမ့် အနားသို့ ပြေးလာပြီးသူမ ကိုယ်လုံးလေးကို သခင့်ဘက်သို့ အတင်း တွန်းပို့လေတော့သည်။ စံအိမ်က ဟန်ချက်ပျက်ကာ သခင့်ဘက်သို့ ယိုင်သွားချိန်တွင်... သခင့် လက်မောင်းကြီး တစ်ဖက်က စံအိမ့် ခါးသိမ်သိမ်လေးကို အားပါပါဖြင့် ဖမ်းဆွဲကာ သ့၏ ရင်ခွင်ထဲသို့ အတင်း ဖိကပ်လိုက်လေတော့သည်။
"အို"
စံအိမ် လန့်အော်လိုက်မိသည်။
သခင့်ရဲ့ ကျယ်ပြန့်သော ရင်အုပ်ကြီးနှင့် သူမ ပခုံးလေးက တစ်သားတည်း ပူးကပ်သွားပြီး၊ ယောကျ်ားတစ်ယောက်၏ ပြင်းရှရှ ကိုယ်သင်းနံ့က သူမ နှာခေါင်းထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာ၏။
"ဒီလောက်ဆို ရပြီလား ဖေ့သား ကင်မရာမင်းလေး..."
သခင် စံအိမ့်ကို အလွတ်မပေးဘဲ တင်းကျပ်စွာ ဆက်ဖက်ထားရင်းသားဖြစ်သူကို မေးဆတ်ကာ လှမ်းမေးလိုက်သည်။ သူ့ အသံက အောင်နိုင်သူ တစ်ယောက်၏ အသံများဖြင့် ပြည့်နှက်နေပြီး စံအိမ့် ခါးပေါ်ရှိ သူ့လက်ချောင်းများကမူ မသိမသာလေး လှုပ်ရှားကာ ပွတ်သပ်နေလေသည်။
"ရပြီ... ဒါပေမယ့် ဖေဖေက မေမေ့ကို ကြည့်ထား။ မေမေကလည်း ဖေဖေ့ကို ပြန်ကြည့်။ ပြုံးထားနော် နှစ်ယောက်လုံး"
နေထိုက်စံလေးက ဓာတ်ပုံဆရာ တစ်ယောက်လို အမိန့်ပေးပြန်သည်။
စံအိမ် ရုန်းထွက်ရန် ကြိုးစားသော်လည်း သားလေးရှေ့တွင် အခြေအတင် ဖြစ်မည်စိုးသဖြင့် အံကြိတ်ကာ ငြိမ်နေလိုက်ရသည်။
သူမက ဒေါသတကြီးဖြင့် သခင့်ဘက်သို့ မော့ကြည့်လိုက်လျှင် သခင်ကလည်း သူမကို ကြည့်နေရာ အကြည့်ချင်း ဆုံသွားကြလေသည်။
သူ့အကြည့်များက စံအိမ့် မျက်လုံးများမှတစ်ဆင့် သနပ်ခါး လိမ်းထားသော ပါးပြင်လေးများ၊ ထိုမှတစ်ဆင့် ပန်းသွေးရောင် သမ်းနေသော နှုတ်ခမ်းဖျားလေးများဆီသို့ အစီအစဉ်တကျ ဆင်းသက်သွား၏။
"ရှင်... ဘာကြည့်နေတာလဲ ကလေးရှေ့မှာ အခွင့်အရေး မယူနဲ့နော်။"
စံအိမ်က တိုးတိုးလေး ခြိမ်းခြောက်လိုက်သည်။
သူမ အသံက မာထန်နေသော်လည်း ရင်ဘတ်ထဲက နှလုံးသားလေးကတော့ အထိန်းအကွပ်မဲ့စွာ ခုန်ပေါက်နေလေပြီ။
သခင်က ခပ်ဟဟ ရယ်မောလိုက်ရာ ရင်အုပ်ကြွက်သားများ လှုပ်ခတ်သွားပြီး စံအိမ့် ကျောပြင်လေးကိုပါ လာရောက် ထိတွေ့သွား၏။
"မေမေ ပြုံးလေ ... မျက်နှာကြီးက ဆူပုတ်နေတာပဲ။ ဖေဖေ... မေမေ့ကို ပြုံးအောင် လုပ်ပေးလိုက်။ မေမေ့ ပါးကို နမ်းလိုက်လေ
သားသား သူငယ်ချင်းတွေရဲ့ ဖေဖေတွေလိုမျိုး"
နေထိုက်စံလေး၏ ရုတ်တရက် ထွက်ပေါ်လာသော အကြံပေးသံကြောင့် စံအိမ် မျက်လုံးများ ပြူးကျယ်သွားရသည်။
"ဟင် သား ... သား ဘာတွေ လျှောက်ပြော..."
စံအိမ် စကားပင် ဆုံးအောင် မပြောလိုက်ရ။ နေမင်းသခင် ဆိုသော ထိုလူသားက အခွင့်အရေးကို လက်တစ်လုံးမျှပင် အလွတ်မပေးတတ်သူ မဟုတ်လား။ သခင်က သူ့ လက်တစ်ဖက်ဖြင့် စံအိမ့် မေးစေ့လေးကို ဆတ်ခနဲ ဆုပ်ကိုင်ကာ သူ့ဘက်သို့ အတင်း လှည့်စေလိုက်ပြီး သူမ၏ သနပ်ခါး လိမ်းထားသော ပါးပြင်နုနုလေးဆီသို့ သူ၏ နှုတ်ခမ်းအစုံကို နက်နက်ရှိုင်းရှိုင်း ဖိကပ် နမ်းရှိုက်လိုက်လေတော့သည်။
"ချပ်"
"ဟေး ရပြီ... အရမ်းလှတာပဲ ဖေဖေနဲ့ မေမေက"
နေထိုက်စံလေးက ဝမ်းသာအားရ ထခုန်လေတော့သည်။
စံအိမ် တစ်ကိုယ်လုံး အေးခဲ တောင့်တင်းသွားရကာ ပါးပြင်ထက်သို့ ကျရောက်လာသော သခင့်ရဲ့ ပူနွေးသော နှုတ်ခမ်းအတွေ့က သူမသွေးကြောများထဲသို့ လျှပ်စစ်စီးကြောင်း တစ်ခုလို စီးဝင်သွားပြီး တစ်ကိုယ်လုံးကို ထူပူသွားစေသည်။
သခင်က ချက်ချင်း ခွာမသွားသေးဘဲ သူ့နှာခေါင်းဖျားဖြင့် သူမ ပါးပြင်ပေါ်ရှိ သနပ်ခါးရနံ့ သင်းသင်းလေးကို အားပါးတရ ရှူရှိုက်လိုက်သေးသည်။
ထို့နောက် သူက စံအိမ့် နားရွက်ဖျားလေးနားသို့ တိုးကပ်ကာ...
"သားလေးရဲ့ အမိန့်ကို ကိုယ်က ဖီဆန်လို့မှ မရတာ မိန်းမရာ... ခွင့်လွှတ်ပေးပါ။ ဒါပေမယ့်... မင်း ပါးပေါ်က သနပ်ခါးနံ့လေးက အရင်ကထက် ပိုမွှေးလာသလိုပဲ..."
အက်ကွဲသြရှသော လေသံဖြင့် တိုးတိုး ရေရွတ်လိုက်လျှင်
စံအိမ် သူ့ရင်ဘတ်ကို အားကုန်တွန်းကာ အမြန် ရုန်းထွက်လိုက်သည်။ သူမ မျက်နှာ တစ်ခုလုံး နီရဲနေပြီးပါးပြင်ထက်က သနပ်ခါးကွက်လေးများပင် ပူတက်သွားသလို ထင်ရ၏။ သူမ အသက်ရှူသံများ မြန်ဆန်နေပြီး ဒေါသထွက်ရမလား၊ ရှက်ရမလား မဝေခွဲတတ်အောင် ဖြစ်နေလေသည်။
"ရှင်... ရှင် တော်တော် အရှက်မရှိတဲ့ လူပဲ "
စံအိမ်က အံကြိတ်ကာ ပြောလိုက်ပြီး သားလေး ရှိရာဘက်သို့ အမြန် လှည့်ထွက်သွားလိုက်တော့သည်။
နေမင်းသခင်ကတော့ မြက်ခင်းပြင်ပေါ်တွင် သက်တောင့်သက်သာ ဆက်ထိုင်နေရင်း သူမ၏ ပန်းနုရောင် ဖဲကြိုးကလစ်လေးနှင့် နောက်ကျောဘက်တွင် လှုပ်ခတ်နေသော ဆံနွယ်လေးများကို ငေးကြည့်ကာ အောင်နိုင်သူ တစ်ယောက်၏ အပြုံးဖြင့် ကျေနပ်စွာ ရယ်မောနေလေတော့သည်။ စိတ်ထဲကနေလည်း သားလေးကို တိတ်တဆိတ် ကျေးဇူးတင်နေမိ၏။
____________
"ကဲ... ရပြီ ... ရေဖွင့်ကြည့်လိုက်။"
သခင် ပိုက်ပြင်ရာမှ ထလာပြီး လက်ကို ဆေးကြောရင်း လှမ်းပြောလိုက်လျှင် စံအိမ်က ဘေစင်မှ ရေပိုက်ကို ဖွင့်ကြည့်လိုက်ရာအောက်သို့ တစ်စက်မှ ယိုကျမလာတော့ပေ။
"အိမ်မှာ ယောက်ျားသား တစ်ယောက် ရှိနေတော့လည်း... အရာရာ အဆင်ပြေတယ် မဟုတ်လား။"
"တော်ပါ... ပိုက်လေး တစ်ခါ ပြင်ပေးတာနဲ့ပဲ ဂုဏ်ဆာမနေနဲ့။"
စံအိမ် မျက်စောင်းတစ်ချက် ထိုးလိုက်သော်လည်း သူမ လေသံတွင် အရင်ကလို ဒေါသတွေ မပါဝင်တော့ဘဲ မသိမသာ နူးညံ့နေခဲ့ပြီ ဆိုတာကိုတော့ သူမကိုယ်တိုင်လည်း သတိမထားမိခဲ့ပေ။
ဒီရက်ပိုင်းတွေအတွင်း သခင်က ထူးဆန်းနေသည်။ ညတိုင်း အိမ်မှာ အိပ်တတ်သည့် အကျင့်ကတော့ ဖျောက်မရသေးသော်လည်း မီးသီးကျွမ်းလျှင် လဲပေးခြင်း၊ အခုလို ရေပိုက်ပြင်ပေးခြင်း၊ မနက်စောစော သားလေးကို ကျောင်းလိုက်ပို့ပေးခြင်း စသည့် အိမ်ထောင်ဦးစီး တစ်ယောက်၏ တာဝန်များကို တိတ်တဆိတ် ဝင်ရောက် ယူငင်လာ၏။
______________
အပိုင်း (၄၄) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)