Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၄၂)

စံအိမ် မီးဖိုချောင် ကောင်တာရှေ့တွင် မတ်တတ်ရပ်ကာ မနက်စာအတွက် ကြက်ဥကြော်ရန် ပြင်ဆင်နေစဉ်...နောက်ကျောဘက်ဆီမှ ခြေသံဖွဖွလေးတစ်ခု နီးကပ်လာသည်ကို ရုတ်တရက် သတိထားလိုက်မိ၏။ လှည့်ကြည့်ရန်ပင် အချိန်မရလိုက်ခင် တောင့်တင်း ခိုင်မာသော ရင်အုပ်ကြီး တစ်ခုက သူမ ကျောပြင်လေးဆီသို့ မထိတထိ လာရောက် ဖိကပ်လာပြီး ရင်းနှီးနေသော ကိုယ်သင်းနံ့သင်းသင်းက နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။

"အို..."

စံအိမ် လန့်သွားပြီး လက်ထဲမှ ကြက်ဥပင် ပြုတ်ကျမတတ် ဖြစ်သွားရသည်။

"ဘာချက်နေတာလဲ... မိန်းမ"

အက်ကွဲသြရှနေတဲ့ လေသံက သူမ နားရွက်ဖျားလေးနားမှ ကပ်၍ ထွက်ပေါ်လာ၏။ နေမင်းသခင် ... ဒီလူ... မနေ့ညက ဆိုဖာပေါ်မှာ အိပ်ပြီး မနက်မိုးလင်းတာနဲ့ ပြန်မယ်လို့ ပြောထားပြီး အခုချိန်ထိ မပြန်သေးဘဲ သူမကို လာနှောင့်ယှက်နေခြင်း ဖြစ်သည်။

စံအိမ် ဒေါသတကြီးဖြင့် နောက်သို့ လှည့်ကြည့်လိုက်လျှင် သခင်က ညက ဝတ်ထားသော အနက်ရောင် ရှပ်အင်္ကျီကိုပင် ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း ကြယ်သီးများကို ရင်ဘတ်အလယ်လောက်အထိ ဖြုတ်ထားသဖြင့် ရင်အုပ်ကြွက်သားများက အထင်းသား ပေါ်နေပြန်၏။

"ဘယ်သူက ရှင့် မိန်းမလဲ ...ဖယ် ညက ဘာကတိပေးထားလဲ။ မိုးလင်းတာနဲ့ ရှင့်မျက်နှာကို ထပ်မမြင်ရ‌ေစနဲ့လို့ ကျွန်မ ပြောထားတယ် မဟုတ်လား။"

စံအိမ် ဒယ်အိုးကို မီးပိတ်လိုက်ပြီး သူ့ကို တွန်းဖယ်ရန် ကြိုးစားလိုက်လျှင်သခင်က ဖယ်မပေးသည့်အပြင် ရှေ့သို့ တစ်လှမ်း ထပ်တိုးလာပြီး သူ့ လက်မောင်း နှစ်ဖက်ကို စံအိမ့် ဘေးတစ်ဖက်တစ်ချက်စီရှိ ကောင်တာ စားပွဲစွန်းပေါ်သို့ ထောက်လိုက်၏။

"ကိုယ်က ပြန်မလို့ပါပဲ..."

သခင် နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ ပြုံးလိုက်ရင်း စံအိမ့် မျက်နှာလေးဆီသို့ ခေါင်းကို အနည်းငယ် ငုံ့ချလိုက်ကာ ...

"ဒါပေမယ့်... မီးဖိုချောင်ထဲကနေ အရမ်း မွှေးတဲ့ အနံ့လေး ရနေလို့ ဝင်လာခဲ့တာ။"

" ဘာမွှေးရမှာလဲ ... ဘာမှတောင် မချက်ရသေးဘူး။

အခုချက်ချင်း ဖယ်... "

စံအိမ် အံကြိတ်ကာ ပြောလိုက်ရင်း သူ့ရင်ဘတ်ကို လက်သီးဆုပ်လေးဖြင့် တွန်းလိုက်၏။

သခင်ကလည်း သူမ တွန်းထုတ်မှုကို ဂရုမစိုက်ဘဲ လက်တစ်ဖက်ကို မြှောက်ကာ သူမဆံနွယ်များကြားမှ နားရွက်ဖျားလေးကို သူ့လက်ဖျားဖြင့် ခပ်ဖွဖွလေး ပွတ်ဆွဲသွားလိုက်လေသည်။

"အ့... ရှင် ဘာလုပ်တာလဲ။ "

စံအိမ်က ရှက်ဒေါသဖြင့် ခေါင်းကို ရှောင်ဖယ်လိုက်သော်လည်း သခင်က လွတ်မပေးဘဲ သူ့မျက်နှာက သူမ ပါးပြင်လေးနားသို့ ပို၍ တိုးကပ်လာပြီး နှာခေါင်းဖျားဖြင့် ပါးပြင်ပေါ်ရှိ သနပ်ခါး ပါးပါးလေးကို ထိမတတ် နီးကပ်စွာ ရှူရှိုက်လိုက်သည်။

"ကြက်ဥကြော်နံ့က မွှေးတာ မဟုတ်ဘူး ... မင်း ပါးပြင်ပေါ်က သနပ်ခါးနံ့လေးက မွှေးနေတာ ပြီးတော့..."

သူမ မျက်လုံးများကို ညို့အားပြင်းသော မျက်ဝန်းနက်ကြီးများဖြင့် တည့်တည့် စိုက်ကြည့်လိုက်ကာ ...

"အခုပုံစံလေးက အရင်တုန်းက မနက်လင်းတိုင်း ကိုယ့်ကို မနက်စာ ပြင်ပေးနေတဲ့ ချစ်စရာကောင်းတဲ့ ကိုယ့် မိန်းမလေး အတိုင်းပဲ..."

"စိတ်ကူးယဉ်မနေနဲ့။ "

စံအိမ် မျက်နှာတစ်ခုလုံး နီရဲလာပြီး ဒေါသက ငယ်ထိပ်အထိ ဆောင့်တက်သွားရကာ မီးဖိုကောင်တာပေါ်ရှိ ယောက်မကို ကောက်ကိုင်ကာ သူ့ကို ရွယ်လိုက်ပြီး ...

"အခုချက်ချင်း နောက်ဆုတ် ... မဆုတ်ရင် ရှင့် ခေါင်းကို ရိုက်ခွဲပစ်မယ်။"

သခင် ယောက်မကို မြင်တော့ သဘောကျစွာဖြင့် အသံထွက်ကာ ရယ်မောလိုက်ကာ သူ့ရယ်သံသြသြကြီးက မီးဖိုချောင်လေးထဲတွင် ဟိန်းထွက်သွားတော့သည်။

"ကြမ်းလှချည်လား ... ကိုယ့် ယောက်ျားကိုယ် ယောက်မနဲ့ ရိုက်ဖို့ လုပ်နေတယ်။ ရိုက်လေ... ရိုက်ချင်ရင် ရိုက် ... မင်း လက်ချက်နဲ့ သေရမယ် ဆိုရင်တောင် ကိုယ်က ကျေနပ်ပြီးသား။"

ပြောပြောဆိုဆိုဖြင့် သခင် သူ့ခေါင်းကို စံအိမ့် ရှေ့သို့ တမင်သက်သက် တိုးပေးလိုက်သေးသည်။ သူ့ရဲ့ အရှက်မရှိသော အမူအရာကြောင့် စံအိမ် ပို၍ ဒေါသထွက်လာရပြီး ဘာလုပ်ရမှန်း မသိတော့လောက်အောင် ဖြစ်သွားရသည်။

"ရှင်... ရှင် ... သားလေး နိုးလာတော့မယ် ရှင် အခုချက်ချင်း ပြန်‌ေတာ့ "

စံအိမ်က ယောက်မကို ပြန်ချလိုက်ပြီး နေရာမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

ထိုအခါ သခင်က သူမ လက်ကောက်ဝတ်လေးကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်ပြီး သူ့ ရင်ခွင်ထဲသို့ အသာအယာ ဆွဲသွင်းလိုက်ကာ ...

"သားလေး နိုးလာရင် ပိုတောင် ... မေမေနဲ့ ဖေဖေ မနက်စောစော ချစ်ကြည်နူးနေတာကို သားလေး မြင်သွားရင်ဝမ်းသာသွားမှာပေါ့မဟုတ်ဘူးလား..."

"ရှင်... "

စံအိမ် ဒေါသတွေက ပိုလို့ဆောင့်တက်လာကာ သူမ ခြေထောက်ကို သူ့ ခြေထောက်ပေါ်သို့ အားကုန် ပစ်ပေါက်ကာ နင်းချလိုက်တော့သည်။

"အာ့"

သခင် နာသွားတာကြောင့် မျက်မှောင်ကြုတ်သွားပြီး သူမကို ဖက်ထားသော လက်များ အနည်းငယ် လျော့ရဲသွားလျှင် ထိုအခွင့်အရေးကို ယူကာ စံအိမ် သူ့ရင်ခွင်ထဲမှ အမြန် ရုန်းထွက်လိုက်ပြီး ခပ်လှမ်းလှမ်းသို့ ပြေးထွက်သွားလိုက်သည်။

သူမရင်ဘတ်လေးက နိမ့်ချည် မြင့်ချည် ဖြစ်နေပြီး အသက်ရှူသံများ မြန်ဆန်နေ၏။

သခင် နာသွားသော ခြေထောက်ကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး

စံအိမ့်ကို ပြန်မော့ကြည့်လာကာ သူ့ နှုတ်ခမ်းထောင့်တွင်တော့ နာကျင်နေသည့် ကြားမှ ကျေနပ်နေသော အပြုံးတစ်ခုက ချိတ်ဆွဲထားဆဲ။

"မင်း ဒေါသထွက်နေတဲ့ ပုံလေးက... ပိုပြီး ဆွဲဆောင်မှု ရှိတယ် သိလား ။"

"ထွက်သွား"

စံအိမ်က လက်ညှိုးထိုးကာ အော်ပစ်လိုက်သည်။

"အိုကေ... အိုကေ... ကိုယ် ပြန်ပါ့မယ်။

ဒေါသကလည်း ကြီးလိုက်တာ။ "

သခင် လက်နှစ်ဖက်ကို မြှောက်ကာ အရှုံးပေးသည့် ဟန်ဖြင့် ပြုံးစစ ပြောလိုက်ပြီး မီးဖိုချောင် အပေါက်ဝဆီသို့ နောက်ဆုတ်ကာ ထွက်သွားလေတော့သည်။ မီးဖိုချောင် အပြင်ဘက် ရောက်သည်အထိ သဘောကျနေသော ရယ်သံသဲ့သဲ့ကို စံအိမ် ကြားနေရဆဲပင်။

_____________

ဧည့်ခန်းထဲရှိ ဆိုဖာခုံရှည်ပေါ်တွင် စံအိမ် ထိုင်နေကာ

သူမနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်ပေါ်တွင်တော့... နေမင်းသခင်က ခြေချိတ်ထိုင်ကာ သူမကို မမှိတ်မသုန် စိုက်ကြည့်နေ‌ေလ၏။

ထုံးစံအတိုင်း အနက်ရောင် ရှပ်အင်္ကျီကို လက်မောင်းရင်းအထိ ခေါက်တင်ထားပြီးသူ့ရဲ့ ညို့အားပြင်းသော မျက်ဝန်းနက်ကြီးများက စံအိမ့် မျက်နှာပေါ်မှ တစ်စက္ကန့်မျှ ခွာမသွားပေ။

ထိုအကြည့်များအောက်တွင် စံအိမ် သက်တောင့်သက်သာ မရှိလှ။ လက်ထဲမှ မဂ္ဂဇင်းစာအုပ်ကိုသာ အာရုံစိုက်ထားဟန် ဆောင်နေရသော်လည်း စာရွက်ပေါ်က စာလုံးများက သူမ ခေါင်းထဲ တစ်လုံးမှ ဝင်မလာခဲ့။

"မေမေ... မေမေ"

ထို တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်က နေထိုက်စံလေးရဲ့ တက်ကြွသော အသံလေးပင် ဖြစ်သည်။ သားလေးက လက်ထဲတွင် ပုံဆွဲစာအုပ် တစ်အုပ်ကို ကိုင်ကာ အခန်းထဲသို့ ပြေးဝင်လာ၏။

"ဘာဖြစ်လို့လဲ သားသား..."

စံအိမ်က စာအုပ်ကို ချကာ သားလေးကို ပြုံးပြလိုက်သည်။

"သားသား ပုံဆွဲထားတယ် မေမေ ဒီမှာကြည့်..."

နေထိုက်စံလေးက စာကြည့်စားပွဲပုလေးကို ကွင်းရှောင်ကာ စံအိမ့် အနားသို့ ပြေးလာလေသည်။ သို့သော် သားလေးက သူမဆီ တန်းမလာဘဲ တစ်ဖက် ဆိုဖာပေါ်က သခင့်ဆီသို့ အရင် သွားလိုက်၏။

"ဖေဖေ... လာ ဒီကို လာခဲ့ ... မေမေ့ဘေးမှာ လာထိုင်။"

သခင့် လက်မောင်းကြီးကို ဆွဲကာ အတင်း ခေါ်လေတော့လျှင် သခင်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ချိတ်ဆွဲကာ စံအိမ့်ကို တစ်ချက် ကြည့်လိုက်၏။

"သားက ခေါ်နေတော့လည်း... ဖေဖေ သွားရတော့မှာပေါ့။"

သခင် မတ်တတ်ရပ်လိုက်ပြီး စံအိမ် ထိုင်နေသော ဆိုဖာခုံရှည်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာလေသည်။ စံအိမ် မျက်မှောင်ကြုတ်ကာ အနည်းငယ် နောက်ဆုတ်လိုက်သော်လည်းသခင်က သူမ ဘေးကပ်လျက်တွင် ဝင်ထိုင်ချလိုက်လေပြီ။

"ကဲ... ပြပါဦး သားသားရဲ့ ပုံလေး။"

သခင်က မေးလိုက်လျှင် နေထိုက်စံလေးက သူတို့ နှစ်ယောက်ကြားရှိ ကျဉ်းမြောင်းသော နေရာလေးထဲသို့ အတင်း တိုးဝင်ကာ မတ်တတ်ရပ်လိုက်ပြီး ပုံဆွဲစာအုပ်ကို ဖြန့်ပြလိုက်သည်။

စာရွက်ပေါ်တွင် ရောင်စုံခဲတံများဖြင့် ဆွဲထားသော တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် လက်ချင်းဆုပ်ကိုင်ထားကြကာ ပြုံးပျော်နေကြသည့် မိသားစုပုံဖြစ်၏။

"ဒါက ဖေဖေ ဒါက မေမေ၊ အလယ်က သားသားလေ။ လှလား ဟင်။"

ပုံလေးကိုကြည့်ပြီး စံအိမ့် ရင်ဘတ်ထဲတွင် တစ်ချက် ဆို့နင့်သွားရသည်။ သားလေးရဲ့ ဖြူစင်လွန်းသော ဆန္ဒလေးက ထိုစာရွက်ပေါ်တွင် အထင်းသား။

"လှတာပေါ့ သားရဲ့ မေမေ့သားလေးက အရမ်း တော်တာပဲ။"

စံအိမ် သားလေးရဲ့ ခေါင်းလေးကို ပွတ်သပ်ကာ ချီးကျူးလိုက်သည်။

"ဒါပေမယ့်လေ မေမေ..."

နေထိုက်စံလေးက မျက်နှာလေးကို မော့ကာ စံအိမ့်ကို ကြည့်လာကာ ...

"ပုံထဲမှာတော့ ဖေဖေနဲ့ မေမေက လက်ချင်း ကိုင်ထားကြတယ်။ အပြင်မှာကျတော့ ဘာလို့ မကိုင်ကြတာလဲဟင်။"

သားလေးအမေးကြောင့် စံအိမ် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"အဲ... အဲ့ဒါက..."

သူမ ဘာပြန်ဖြေရမှန်း မသိခင်မှာပင် နေထိုက်စံလေးက သူမလက်လေးတစ်ဖက်ကို ဆတ်ခနဲ ဆွဲယူလိုက်၏။

ထို့နောက် သခင့် လက်တစ်ဖက်ကိုလည်း လှမ်းဆွဲယူကာ... စံအိမ့် လက်ဝါးလေးကို သခင့် လက်ဖဝါးကြီးပေါ်သို့ အတင်း ဖိချကာ တင်ပေးလိုက်လေတော့သည်။

"အို"

စံအိမ်က လန့်ပြီး လက်ကို ပြန်ရုတ်ရန် ကြိုးစားလိုက်‌ေပမယ့်

နောက်ကျသွားလေပြီ။

နေမင်းသခင်ရဲ့ လက်ချောင်းရှည်ကြီးများက သူမ လက်ချောင်းသွယ်သွယ်လေးများကြားသို့ အလွန် လျင်မြန်ကျွမ်းကျင်စွာ တိုးဝင်ယှက်နွယ်လာပြီး သူမ လက်တစ်ဖက်လုံးကို ခိုင်မာ တင်းကျပ်စွာ ဆုပ်ကိုင် ချုပ်နှောင်လိုက်လေပြီ။

"နေမင်းသခင်... လွှတ်"

စံအိမ် အံကြိတ်ကာ တိုးတိုးလေး ဟန့်လိုက်ပေမယ့်

သခင်က လွှတ်မပေးသည့်အပြင် သူ့ လက်မဖြင့် စံအိမ့် လက်ခုံလေးကို ခပ်ဖွဖွ ပွတ်သပ်လိုက်သေးသည်။ ထို့နောက် သူက သားလေးကို ငုံ့ကြည့်ကာ ...

"သားသား မေမေက ဖေဖေ့ကို စိတ်ဆိုးနေတုန်းမို့လို့ လက်မကိုင်ချင်တာ ဖြစ်မယ် သားသားရဲ့။ ဖေဖေကတော့ မေမေ့လက်လေးကို ဒီလို အမြဲတမ်း ကိုင်ထားချင်တာပေါ့။ မေမေ့ကို သားသားက ကူပြီး ပြောပေးပါဦးလား။ ဖေဖေ့ကို ခွင့်လွှတ်ပြီး လက်လေး ဆက်ကိုင်ထားခွင့် ပြုပါလို့..."

သခင့် စကားများက သားလေးကို ပြောနေခြင်း ဖြစ်သော်လည်း

သူ့ အကြည့်များကတော့ စံအိမ့် မျက်လုံးများဆီသို့ စိုက်ကြည့်နေလေ၏။

"မေမေကလည်း... ဖေဖေ့ကို ခွင့်လွှတ်လိုက်ပါနော်။ ဖေဖေက မေမေ့ကို အရမ်း ချစ်တာတဲ့ သားသားကို ပြောတယ်။ သားသားတို့ သုံးယောက် အတူတူ‌ေနပြီး အတူတူအိပ်ကြမယ်လေ... နော် မေမေ။"

နေထိုက်စံလေးကတော့ သူ့အဖေ သင်ပေးထားတာတွေနဲ့ သူ့ကိုယ်ပိုင် ဆန္ဒလေးတွေပေါင်းကာ စံအိမ့်ကို အတင်း ပူဆာလေတော့သည်။ ထို့နောက် သူ့လက်သေးသေးလေး နှစ်ဖက်ဖြင့် စံအိမ်နှင့် သခင်တို့ ယှက်နွယ် ဆုပ်ကိုင်ထားသော လက်ကြီးနှစ်ဖက်ကို အပေါ်မှနေ၍ အုပ်မိုးကာ ထပ်ကိုင်လိုက်၏။

သားလေးရဲ့ မျက်နှာငယ်လေးနှင့် သူမကို မျှော်လင့်တကြီးကြည့်နေ‌ေသာ အကြည့်များကြောင့် စံအိမ် လုံးဝ အရည်ပျော်သွားရ‌ တော့ကာ သခင့် လက်ထဲမှ သူမ လက်ကို အတင်း ရုန်းထွက်နေတာကို ရပ်လိုက်တော့သည်။

သူမ ငြိမ်ကျသွားသည်ကို သိသည်နှင့် သခင်က နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ အောင်နိုင်သူ တစ်ယောက်လို ပြုံးလိုက်ကာ စံအိမ့် ဘေးသို့ ပို၍ တိုးကပ်လာပြီး သူမ နားရွက်ဖျားလေးနားသို့ ကိုယ်ကို အနည်းငယ် ကိုင်းကာ...

"ကျေးဇူးပဲ... "

လေပြေလေးနှင့် ခပ်တိုးတိုးဆိုလိုက်၏။

ဘာကို ကျေးဇူးတင်လဲ ဆိုတာကိုတော့ သူကိုယယ်တိုင်သာ သိနိုင်ပါလိမ့်မည်။

အပိုင်း (၄၃) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၁) နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ