Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၄၁)

ရုံးပိတ်ရက်ဖြစ်ကာ နေမင်းသခင်က မနက်အစောကြီးကတည်းက စံအိမ်တို့အိမ်ကို ရောက်နေပြီး ခါတိုင်းလိုပင် စံအိမ်အတင်းမောင်းထုတ်တော့မှ ပြန်သွားလေသည်။

သခင်ပြန်သွားလျှင် သခင့်ကားကြီး မျက်စိအောက်မှ ပျောက်ကွယ်သွားသည်အထိ နေထိုက်စံလေးက တံခါးကို လက်လေးနှစ်ဖက်ဖြင့် ကိုင်ကာ ငေးကြည့်နေဆဲဖြစ်ကာ စံအိမ် သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိသည်။

"သားသား... လာလေ သား အိမ်ထဲ ဝင်ရအောင် "

စံအိမ် လှမ်းခေါ်လိုက်လျှင် နေထိုက်စံလေးက တံခါးဆီမှ လှည့်ထွက်လာပြီး စံအိမ့် အနားသို့ နှေးကွေးစွာ လျှောက်လာလေသည်။

မျက်နှာလေးက ပုံမှန်လို တက်ကြွမနေဘဲ တစ်ခုခုကို အလေးအနက် စဉ်းစားနေသည့် ပုံပေါက်နေ၏။ စံအိမ့် အနားသို့ ရောက်သောအခါ ‌ေနထိုက်စံလေးက သူမ ရင်ဖုံးအင်္ကျီစလေးကို လက်သေးသေးလေးများဖြင့် ဆုပ်ကိုင်လာကာ ...

"မေမေ..."

အသံလေးက ခပ်တိုးတိုးလေး ထွက်ပေါ်လာ၏။

"ပြောလေ သား... ဘာဖြစ်လို့လဲ ဟင် ... ဘာစားချင်တာရှိလို့လဲ။ "

စံအိမ် ပြုံးပြရင်း သားလေးရဲ့ ဆံပင်နုနုလေးများကို လက်ဖြင့် သပ်တင်ပေးလိုက်သည်။

ထိုအခါ သားလေးက ခေါင်းကို ခပ်ဖြည်းဖြည်း ရမ်းလိုက်သည်။ ထို့နောက် သူ၏ ကြည်လင်နေသော မျက်ဝန်းဝိုင်းဝိုင်းလေးများဖြင့် စံအိမ့် မျက်လုံးများကို တည့်တည့် မော့ကြည့်လာပြီး...

"မေမေ... သား သူငယ်ချင်းတွေကကျ သူတို့ ဖေဖေ မေမေတွေနဲ့ တစ်အိမ်တည်းမှာ အတူတူ နေကြပြီး သားသားတို့ကကျတော့ ဘာလို့ အတူတူ မနေရတာလဲ ဟင်။ ဖေဖေက ဘာလို့ တခြားကို ပြန်ပြန်သွားရတာလဲ။"

"ဟင် ..."

သားလေးစကားကြောင့် စံအိမ့် ရင်ဘတ်ထဲမှ နှလုံးသားလေးသည် ပြင်းထန်စွာ တုန်လှုပ်သွားရသည်။ အသက်ရှူသံများ ရုတ်တရက် ရပ်တန့်သွားပြီး ပါးပြင်ပေါ်ရှိ သနပ်ခါး အေးအေးလေးကပင် သူမ၏ ထူပူသွားသော မျက်နှာကို မကူညီနိုင်တော့ချေ။

ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသလိုပင်။ သားလေးရဲ့ ဖြူစင်လွန်းသော ဘာရည်ရွယ်ချက်မှ မပါသော ထိုမေးခွန်းလေးက စံအိမ့် ရင်ဝကို ဓားဖြင့် အကြိမ်ကြိမ် ထိုးစိုက်လိုက်သလို နာကျင်လွန်းလှ၏။

"သားသားရယ်..."

သူမ ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ကာ ထိုင်ချလိုက်ပြီး သားလေး မျက်နှာနှင့် တစ်တန်းတည်း ဖြစ်အောင် ကိုယ်ကို နှိမ့်လိုက်၏။

နေထိုက်စံလေးက အဖြေကို သိချင်စိတ်ဖြင့် သူမ မျက်နှာကို စူးစမ်းစွာ ကြည့်နေဆဲ။

စံအိမ် မျက်ရည်များ ဝဲတက်မလာစေရန် အံကို တင်းတင်း ကြိတ်ထားရသည်။ သားလေးရှေ့တွင် သူမ ငိုပြ၍ မဖြစ်။ အဖေ မကောင်းကြောင်းကိုလည်း သားလေးကို ပြောပြ၍ မရ။ လူကြီးတွေရဲ့ ရှုပ်ထွေးလွန်းသော အမုန်းတရားများနှင့် အတ္တများကို ဒီလို ဖြူစင်လွန်းသည့် ကလေးငယ် တစ်ယောက်က ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ။

စံအိမ် တုန်ယင်နေသော လက်ချောင်းလေးများဖြင့် သားလေးရဲ့

ပါးပြင်နုနုလေးကို အသာအယာ အုပ်ကိုင်လိုက်ကာ ...

"သားသား... ဒီလိုလေ သားရဲ့..."

စံအိမ်က လည်ချောင်းထဲတွင် တစ်ဆို့နေသော အလုံးကြီးကို အတင်း မျိုချကာ အတတ်နိုင်ဆုံး နူးညံ့တည်ငြိမ်သော လေသံလေးဖြင့် ...

"ဖေဖေနဲ့မေမေကလေ... တစ်ခါတလေကျရင် အလုပ်တွေ အရမ်း များကြတယ်လေ သားရဲ့။ ဖေဖေကလည်း ဖေဖေ့ အလုပ်တွေနဲ့ ဖေဖေ နေရတဲ့ နေရာ ရှိတယ်။ မေမေကလည်း သားသားနဲ့ အတူတူ နေဖို့ ဒီအိမ်လေးကို သဘောကျလို့ ဒီမှာ နေတာလေ။"

"ဒါပေမယ့်... ဖေဖေက သားသားတို့နဲ့ အတူတူ နေချင်တယ်လို့ ပြောတယ်လေ မေမေရဲ့။"

ထပ်ထွက်လာတဲ့ သားလေးရဲ့စကားကြောင့် စံအိမ် နေမင်းသခင်ကို မေတ္တာလှမ်းပို့လိုက်မိသည်။

"ဖေဖေက... အဲ့လို ပြောတယ်လား "

စံအိမ်က အသံကို မနည်း ထိန်းကာ မေးလိုက်ရ၏။

"ဟုတ် ... မနက်က သားသားကို အရုပ် ဆော့ပြရင်းနဲ့ ပြောတာ။ မေမေသာ ခွင့်ပြုရင် ဖေဖေက ဒီအိမ်ကြီးမှာ အတူတူ နေလို့ ရတယ်တဲ့။"

နေထိုက်စံလေးက ဘာမှ နားမလည်ဘဲ သူ့အဖေ သင်ပေးထားသည့်အတိုင်း ပြန်ပြောပြနေလေသည်။

"မေမေက ဖေဖေ့ကို အတူတူနေဖို့ ခွင့်မပြုလို့လားဟင်..."

"အို... သားရယ်..."

သူမ ရှေ့သို့ တိုးကာ သားလေးရဲ့ ကိုယ်လုံးလေးကို ရင်ခွင်ထဲသို့ အတင်း ဆွဲယူကာ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်မိသည်။

"မေမေက ဖေဖေနဲ့ အတူတူမနေချင်လို့လားဟင်။ "

နေထိုက်စံလေးက စံအိမ့် ကျောပြင်ကို သူ့ လက်သေးသေးလေးများဖြင့် ပြန်ဖက်ရင်း ထပ်မေးပြန်၏။

"မဟုတ်ပါဘူး သားရယ်...ဖေဖေက အလုပ်တွေ များလို့ အခုလို အတူတူ မနေနိုင်သေးတာပါ။

အခုတော့ မေမေတို့ ထမင်းသွားစားကြမယ်နော်။

မေမေ သားကြိုက်တဲ့ ပုစွန်ထုပ်ချက်ထားတယ် လာ။ "

"ဟာ ... တကယ်လား မေမေ "

"တကယ်ပေါ့ ... လာ သွားစားကြမယ်။ "

"ဟုတ် ဟုတ် "

ပုစွန်ထုပ်ဟင်းဆိုတာနဲ့ မျက်နှာလေးက ချက်ချင်းဝင်းလက်သွားလေသည်။

ပုစွန်ကြိုက်တာလည်း ကျိန်းသေပေါက် သူ့အဖေနဲ့ တူတာပဲပေါ့။

စံအိမ့် အကြိုက်ထဲမှာ မပါပါ။

___________

နေမင်းသခင်က တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးကာ အခွင့်အရေးကို ရသလောက်ယူလာ၏။

သားလေးကို အကြောင်းပြကာ ညစာ အတူစားသည်။ ထို့နောက် သားလေးက ပုံပြင်ပြောပြမှ အိပ်မည်ဟု ပူဆာသဖြင့် ကလေးအိပ်ရာဝင်သည်အထိ နေသည်။ ကလေး အိပ်ပျော်သွားချိန်တွင်လည်း "ကိုယ်ပါ အိပ်ပျော်သွားလို့" ဟူသော ဆင်ခြေဖြင့် ညဉ့်နက်မှ ပြန်တတ်၏။ နောက်ရက်ကျတော့ အလုပ်တွေ အရမ်းများထားလို့ ခေါင်းနည်းနည်း ကိုက်နေလို့ သားလေးဘေးမှာ ခဏလောက်ပဲ လှဲနေပါရစေ" ဆိုကာ ဝင်အိပ်သွားပြီး မနက်မိုးလင်းမှ ပြန်လေသည်။

သူ့မှာ မကုန်နိုင်တဲ့ ဉာဏ်နီဉာဏ်နက်တွေ အမျိုးမျိုးရှိနေ၏။

စံအိမ် ဘယ်လောက်ပင် အတင်း မောင်းထုတ် မောင်းထုတ်ထုတ်

သူက‌တော့မျက်နှာပြောင်တိုက်ကာ နေမြဲနေလေသည်။

ဒီနေ့လည်း အခု ည၁၁နာရီ ထိုးသည်အထိ မပြန်သေးတာကြောင့် သွားပြောရပြန်ဦးမည်။

အစကတော့ မိုးတွေသည်းနေတာကြောင့် ဘာမှမပြောပဲ ထားပေမာ့် မိုးက တစ်ညလုံး စဲမယ့်ပုံပင်မပေါ်။

အညှိုးနဲ့များ ရွာချနေသလား မှတ်ရ၏။

"ဒီမှာ "

စံအိမ် ဧည့်ခန်း ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ကာ နိုင်ငံတကာ စီးပွားရေး ဂျာနယ် တစ်အုပ်ကို ဇိမ်ကျကျ ဖတ်နေသော သခင့်အနားသို့ လျှောက်သွားကာ စကားစလိုက်လျှင် သူက ခပ်တည်တည်ပဲ မော့ကြည့်လာလေသည်။

"ရှင် ပြန်တော့ ... အချိန်လည်း လွန်နေပြီ။ ညတိုင်း ညတိုင်း

ဒီလိုမျိုး လာပြီး အရှက်မရှိ လာအိပ်နေတာ ရှင် မရှက်ဘူးလား။ သားလေးလည်း အိပ်သွားပြီ ရှင့်မှာ ဒီအိမ်မှာ ဆက်နေစရာ အကြောင်းပြချက် မရှိဘူး။ ထ... အခုချက်ချင်း ပြန်တော့ "

သခင်က ဂျာနယ်ကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး စားပွဲပေါ်သို့ တင်လိုက်ကာ အနက်ရောင် ရှပ်အင်္ကျီ လက်ရှည်ကို တံတောင်ဆစ်အထိ ခေါက်တင်ထားပြီး ရင်ဘတ် ကြယ်သီး နှစ်လုံးကိုလည်း ဖြုတ်ထားသဖြင့် သူ့ရဲ့ တောင့်တင်းလှသော ရင်အုပ်ကြွက်သားများက မီးရောင်အောက်တွင် အထင်းသား ပေါ်လွင်နေလေသည်။

ထို့နောက် သူ့ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခုက ခပ်ဟဟ ပေါ်လာကာ ...

"အပြင်မှာ မိုးတွေ အရမ်းသည်းနေတယ်လေကွာ။ လေကလည်း တိုက်နေတာ။

ဒီလို ရာသီဥတု မျိုးမှာ ကိုယ့်ကို အတင်း နှင်ထုတ်ရက်တယ်ပေါ့ "

"မိုးရွာတော့ရော ဘာဖြစ်လဲ ... ရှင်ကားပါတာပဲ။

ဆင်ခြေတွေ ပေးမနေနဲ့... "

စံအိမ်ဘယ်လိုပြောပြော သခင်ကလည်း နည်းနည်းလေးမျှ အလျော့မပေးဘဲ တင်းခံထားလေသည်။

"ကားက... စက်နှိုးလို့ မရဘူး ဖြစ်နေတယ် စံအိမ်ရဲ့။ ဘက်ထရီ ဒေါင်းသွားတာလား မသိဘူး။ မနက်မှပဲ ဝပ်ရှော့ကို ဖုန်းဆက်ခေါ်ရတော့မယ်။"

သခင် မျက်တောင် တစ်ချက် မခတ်ဘဲ လိမ်လိုက်၏။

"ရှင် လာလိမ်မနေနဲ့ ... ရှင်လာတုန်းကတောင် ကားက အကောင်းကြီး ... ရှင် ညတိုင်း တစ်ခုမဟုတ် တစ်ခု ဉာဏ်ဆင်ပြီး အိမ်မှာ လာအိပ်နေတာ ကျွန်မ မသိဘူး မထင်နဲ့။ ရှင့်မှာ ဒရိုင်ဘာ ရှိတယ်လေ... ဖုန်းဆက်ခေါ်လိုက်။ ဒါမှမဟုတ် တက္ကစီ ငှားပြန်"

စံအိမ်ကသာ ပြောချင်တာတွေ ပြောနေပေမယ့် သူ့အာရုံထဲတွင်တော့ ဘာစကားသံမှ ဝင်မလာတော့ပဲ အံလေးကြိတ်လိုက် နှုတ်ခမ်းလေးကိုက်လိုက်နှင့် စိတ်ဆိုးနေတဲ့ သူမမျက်နှာလေးအား ပြုံးပြီးကြည့်နေရင်း သူမလက်ကောက်ဝတ်လေးကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်လေသည်။

"အို "

ခံလိုက်ရပြန်ပြီ။

စံအိမ်ကိုက အမှတ်မရှိတာပါ။

စံအိမ့် ကိုယ်လုံးလေးမှာ ဟန်ချက်ပျက်ကာ ဆိုဖာပေါ်တွင် ထိုင်နေသော သခင့်၏ ရင်ခွင်ထဲသို့ "ဘုတ်" ခနဲ ပြုတ်ကျသွားပြန်တော့သည်။

"ဘာလုပ်တာလဲ"

ရုန်းလိုက် ဆွဲလိုက်နှင့် သူရဲ့ကျယ်ပြန့်သော ရင်အုပ်ကြီးက စံအိမ့် ကျောပြင်နှင့် တစ်သားတည်း ပူးကပ်သွားပြီး သူမ ကိုယ်လုံးလေး တစ်ခုလုံးက သူ့ ပေါင်ပေါ်တွင် ရောက်ရှိနေလေပြီ။

"ဖယ်... ရှင် ဘာလုပ်တာလဲ"

"ခဏလေး "

အက်ရှရှလေသံနှင့်အတူ ဖြူနုသော သူမလည်တိုင်လေးဆီသို့ မျက်နှာကို ငုံ့ချလိုက်ကာ နှာခေါင်းဖျားဖြင့် လည်ပင်းသားလေးများကို ခပ်ဖွဖွ ပွတ်ဆွဲကာ လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ကိုယ် မပြန်ချင်ဘူး ..."

ထို့နောက် သူမ နားထင်စပ်လေးကို နှုတ်ခမ်းဖြင့် ခပ်ဖွဖွ နမ်းရှိုက်ရင်း ဆက်ပြောလေသည်။

"မင်း ဘယ်လောက်ပဲ မောင်းထုတ် မောင်းထုတ်... ကိုယ်မပြန်ချင်ဘူး။ ဉာဏ်ဆင်တယ်ပဲ ပြောပြော မျက်နှာပြောင်တိုက်တယ်ပဲ ပြောပြော... မင်းနဲ့ သားလေး ရှိတဲ့ ဒီနေရာမှာပဲ ကိုယ် နေချင်တယ်။ မင်းက ကိုယ့် မိန်းမပဲ။ ကိုယ့် မိန်းမအိမ်မှာ ကိုယ် အိပ်တာ ဘာမှားနေလို့လဲ။"

"ရှင် လူစကားပဲနားမလည်တာလား။

ကျွန်မတို့ ဘာမှမဆိုင်တဲ့အကြောင့် ရှင်နားလည်အောင် ဘယ်နှခါ ပြောနေရမှာလဲ။ "

စံအိမ် မျက်ရည်များ ဝဲတက်လာရင်း အံကြိတ်ကာ ရုန်းလိုက်ပေမယ့် သခင် သူမ မေးစေ့လေးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အတင်း မော့စေလိုက်ပြီး ဒေါသတကြီး ငေးကြည့်နေသော မျက်ဝန်းများကို တည့်တည့် စိုက်ကြည့်လိုက်၏။

"ကိုယ်တို့ ဘယ်တုန်းကမှ မကွာရှင်းခဲ့ဖူးဘူး စာရွက်ပေါ်မှာရော... ဒီနှလုံးသားထဲမှာရော၊ ဒီခန္ဓာကိုယ်ထဲမှာရော မင်းက အမြဲ ကိုယ့်အပိုင်ပဲ "

ပြုံးစစဖြင့် ပြောလိုက်ရင်း သူမခါးလေးကို ပို၍ အတင်း ဆွဲကပ်လိုက်၏။

"ရှင်... ရှင်က တကယ့် အရိုင်းအစိုင်းပဲ"

"ဟုတ်တယ်... မင်းနဲ့ ပတ်သက်လာရင် ကိုယ်က အရိုင်းအစိုင်းပဲ။ ဒါကြောင့်... ကိုယ့်ကို ဆက်ပြီး ဒေါသထွက်အောင် မလုပ်နဲ့ ။

မင်း ဆက်ပြီး အော်နေရင် သားလေး နိုးလာလိမ့်မယ်။ သားလေး နိုးလာရင်တော့... ဖေဖေနဲ့ မေမေ ချစ်ကြည်နူးနေတာပါလို့ ကိုယ်ပြောလိုက်မှာပဲ။ "

"တောက် ...ဒီည... ဆိုဖာပေါ်မှာပဲ အိပ်။ မနက်ဖြန် မနက် မိုးလင်းတာနဲ့ ရှင့် မျက်နှာကို ကျွန်မ ထပ်မမြင်ချင်ဘူး"

စံအိမ် အံကို ခပ်တင်းတင်းကြိတ်ပြီး ပြောလိုက်ကာ သူ့ကိုယ်ထဲမှ အတင်းရုန်းထွက်၍ အိပ်ခန်းဆီသို့ လှည့်ထွက်ခဲ့လိုက်တော့သည်။

သခင်ကတော့ ဆိုဖာ နောက်မှီကို မှီချလိုက်ရင်း ဒေါသတကြီးဖြင့် ထွက်သွားသော စံအိမ့် ကျောပြင်လေးကို ငေးကြည့်ကာ ကျေနပ်စွာ ပြုံးနေလေတော့သည်။

ဒီညလည်း... ဉာဏ်များသော မုဆိုးကြီးသည် သားကောင်ငယ်လေး၏ အိမ်တော်တွင် အိပ်စက်ခွင့် ရသွားပြန်လေပြီဖြစ်၏။

အပိုင်း (၄၂) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၄၀) နောက်အခန်း - အပိုင်း (၄၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ