Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၄၀)

ထိုနေ့က ပေးခဲ့ရသော ကတိတစ်ခုကြောင့် စံအိမ်နောင်တရနေရလိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့မိပေ။

"သားလေးကို လာတွေ့လို့ ရတယ်" ဆိုသော စကားတစ်ခွန်းကို အခွင့်ကောင်းယူကာ နေမင်းသခင် ဆိုသည့် ထိုယောကျ်ားသည် အိမ်ကို နေ့တိုင်းရောက်လာနေတော့သည်။

"ဝါး... လှလိုက်တာ ဖေဖေ ... သားသား လိုချင်နေတာ အဲ့ဒီ စက်ရုပ်ကြီး..."

ဧည့်ခန်းထဲမှ ထွက်ပေါ်လာသော သားလေးရဲ့ ရွှင်လန်းတက်ကြွနေသော အသံလေးကြောင့် မီးဖိုချောင်ထဲတွင် ထမင်း ချက်နေသော

စံအိမ့် လက်များ ဆတ်ခနဲ ရပ်တန့်သွားရသည်။ ထို့နောက် အံကို တင်းတင်းကြိတ်လိုက်မိ၏။

"ဖေဖေ" ဆိုသော အခေါ်အဝေါ်ကို သားလေးက သိပ်ကို ယဉ်ပါးစွာ ခေါ်ဝေါ်နေလေပြီ။ ကလေးဆိုသည်မှာ အနားကပ်ပြီး အလိုလိုက်ပေးသောသူကို ခင်တွယ်တတ်သည့် သဘာဝရှိသည်မို့ သားလေးကို သူမ အပြစ်မတင်ရက်။ သို့သော်... ထိုအချက်ကို အသုံးချကာ နေ့တိုင်း ရောက်လာတတ်သော နေမင်းသခင် ကိုတော့ သူမ အမြင်ကတ်မိသည်။

သူရောက်လာချိန်ဆိုလျှင် သူမ အတတ်နိုင်ဆုံး အပြင်မထွက်ရအောင် နေ၏။

သားလေးကိုလည်း ဖေဖေလို့ ခေါ်ဖို့ သူပဲ သင်ပေးထားခြင်းပင်။

သို့သော် ဒီနေ့ သူရောက်လာကတည်းက သားလေးကို ကော်ဖီသောက်ချင်တယ်လို့ ပြောလိုက်ရာ သားလေးကိုယ်တိုင် စံအိမ့်ကို ကော်ဖီလာမှာတာကြောင့် သွားပို့ပေးရပေဦးမည်။

စံအိမ် ဟင်းချက်ပြီး ကော်ဖီတစ်ခွက် ဖျော်ကာ ဧည့်ခန်းထဲသို့ ထွက်လာချိန်တွင် ဆိုဖာပေါ်၌ သားလေးကို ပေါင်ပေါ်တင်ကာ အရုပ်အသစ် တစ်ရုပ်ကို ဖောက်ပေးနေသော သခင့်ကို မြင်လိုက်ရသည်။

"ကော်ဖီ ရပြီ..."

စံအိမ် ခပ်ပြတ်ပြတ် လေသံဖြင့် ပြောကာ၊ ကော်ဖီခွက်ကို ဧည့်ခန်းစားပွဲပေါ်သို့ ခပ်ဆောင့်ဆောင့်လေး ချပေးလိုက်၏။ သူမ အသံကို ကြားတော့ သခင်က သားလေးကို ဆော့ခိုင်းထားခဲ့ပြီး ခေါင်းမော့ကာ စံအိမ့်ကို မမှိတ်မသုန် စိုက်ကြည့်လာသည်။

ထိုအကြည့်များ...

လူရှေ့သူရှေ့တွင်သာ ယဉ်ကျေးနေသော်လည်း သူမနှင့် နှစ်ကိုယ်တည်း အကြည့်ချင်း ဆုံချိန်တိုင်း လူကို စားမတတ် ဝါးမတတ်နှင့် အရိုင်းဆန်လွန်းလှတဲ့ အကြည့်များ။

သူမ အမုန်းဆုံးပင်။

"ကျေးဇူးပဲ ..."

သခင် နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွတ်ကာ ပြုံးလိုက်ရင်း၊စားပွဲပေါ်ရှိ ကော်ဖီခွက်ကို လှမ်းယူလိုက်သည်။ ထိုသို့ ယူလိုက်ချိန်တွင် သူ့ လက်ချောင်းများက ကော်ဖီခွက်ကို မကိုင်ဘဲ ခွက်ကို ချပေးနေသော စံအိမ့် လက်ဖမိုးလေးကို တမင်သက်သက် ပွတ်တိုက်သွားလေသည်။

"အ့..."

စံအိမ် လျှပ်စစ်ဓာတ်လိုက်သွားသလို လက်ကို အမြန် ပြန်ရုတ်လိုက်ပြီး သခင့်ကို မျက်မှောင်ကြုတ်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူကတော့ ဘာမှမဖြစ်သလို ကော်ဖီခွက်ကို ယူကာ တစ်ငုံ သောက်လိုက်ပြီး ...

"ဒီနေ့ ကော်ဖီက အရင်နေ့တွေကထက် ပိုချိုသလိုပဲ။"

ခပ်တည်တည်ဖြင့် သူမ မျက်လုံးများကို တည့်တည့်ကြည့်ကာ ပြောလိုက်လေသည်။ သူ့ အကြည့်များက စံအိမ့် မျက်ဝန်းများမှ တစ်ဆင့် ဆင်းသက်သွားပြီး သူမ၏ နှုတ်ခမ်းဖူးဖူးလေးများဆီသို့ ရောက်သွားကာ အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေလေသည်။

ထိုအခိုက်အတန့်တွင် စံအိမ် မျက်နှာတစ်ခုလုံး ပူထူသွားရပြီး ဒေါသကြောင့် အသက်ရှူသံများပင် မြန်လာရသည်။ သို့သော် သားလေး ရှေ့တွင်မို့ သူမ ပေါက်ကွဲပစ်၍လည်း မရ။

"မေမေ... ဖေဖေကလေ သားသားကို ဒီအပတ် ပိတ်ရက်ကျရင် ကစားကွင်း လိုက်ပို့မယ်တဲ့ မေမေပါ လိုက်ခဲ့နော်..."

သားလေးက အရုပ်လေးကို ကိုင်ထားရင်း စံအိမ့်ကို မော့ကြည့်ကာ အပြစ်ကင်းစင်စွာ ပူဆာလာလေသည်။

သူမ သခင့်ကို ချက်ချင်း လှည့်ကြည့်လိုက်တော့ သခင်က ဆိုဖာနောက်မှီကို မှီချလိုက်ရင်း လက်နှစ်ဖက်ကို ရင်ဘတ်တွင် ယှက်ကာ "မင်း ဘယ်လို ငြင်းမလဲ" ဟူသော အောင်နိုင်သူ၏ အပြုံးဖြင့် သူမကို စိန်ခေါ်သလို ကြည့်နေ၏။

"မေမေက အလုပ်... အလုပ်လေးတွေ မပြတ်သေးလို့ပါ သားသားရယ်။ သားသားပဲ သွားလိုက်နော်။"

စံအိမ် အတင်း ပြုံးပြကာ သားလေးကို ချော့မော့လိုက်သည်။

"ဟာ... မေမေကလည်း..."

နေထိုက်စံလေးက မျက်နှာလေး ငယ်သွား၏။

ထိုအခါ သခင် ရှေ့သို့ အနည်းငယ် ကိုင်းလာပြီး စံအိမ့်ကို ကြည့်ကာ သားကို နှစ်သိမ့်လိုက်သည်။

"မေမေက မအားရင်လည်း ရပါတယ်။ ဖေဖေက မေမေ အားတဲ့အထိ စောင့်မှာပေါ့။ ဖေဖေတို့ သုံးယောက် အတူတူ သွားရဖို့အတွက်ဆို ဖေဖေက ဘယ်လောက်ကြာကြာ ဖြစ်ဖြစ် စောင့်နိုင်ပါတယ်။ ဟုတ်တယ်မလား... စံအိမ်။"

သူ့ စကားလုံးတိုင်းက ကလေးကို ပြောနေခြင်း ဖြစ်သော်လည်း၊ အဓိပ္ပာယ် အရင်းအမြစ်ကတော့ စံအိမ့်ကို ရည်ရွယ်နေမှန်း သူမ ကောင်းကောင်း သဘောပေါက်သည်။

"ရှင်... ရှင် ပြန်သင့်ပြီ နေမင်းသခင် ... သားလေး အိပ်ချိန် ရောက်တော့မယ်။"

"အင်း... ပြန်ရမှာပေါ့။"

သခင် ပြောပြီး မတ်တတ်ရပ်လိုက်၏။

သူ့ အရပ်အမောင်းက စံအိမ့်ထက် အများကြီး ပိုမြင့်နေသဖြင့် အနားသို့ ကပ်လာချိန်တွင် စံအိမ် အလိုလို နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။

သခင် သားလေး၏ ပါးကို တစ်ချက် နမ်းလိုက်ပြီး စံအိမ့် အနားသို့ တမင်သက်သက် တိုးကပ်သွားလိုက်သည်။

ထို့နောက် ပြုံးစေ့စေ့ကြည့်လျက် တံခါးပေါက်ဆီသို့ လျှောက်သွားလေတော့သည်။

"မေမေ... ဖေဖေက မနက်ဖြန် ထပ်လာမှာလားဟင်..."

သားလေးရဲ့ အမေးစကားကြောင့် စံအိမ် သက်ပြင်းတစ်ချက်ကို ချလိုက်ကာ ခေါင်းညိတ်ပြလိုက်၏။

_____________

အိမ်လေး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး၊း အိပ်ခန်းထဲတွင်တော့ သားလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေပြီ။ ပုံမှန်ဆိုလျှင် ဒီအချိန်သည် စံအိမ့်အတွက် တစ်နေကုန် ပင်ပန်းသမျှကို အနားယူရမည့် အချိန်ဖြစ်သော်လည်း ဒီနေ့ညတော့ ထိုသို့ မဟုတ်ခဲ့ပေ။

စံအိမ်က အိပ်ခန်းထဲမှ ထွက်လာပြီး ဧည့်ခန်းဘက်သို့ အကြည့်ရောက်သွားချိန်တွင် သူမ ဒေါသများက တဟုန်းဟုန်း ဆောင့်တက်သွားရသည်။

ဧည့်ခန်းထဲရှိ ကုလားထိုင်ပေါ်တွင် နေမင်းသခင်က သူ့အိမ်သူ့ယာလို ခြေပစ်လက်ပစ် ထိုင်နေပြီး သူ့ရဲ့ ရှပ်အင်္ကျီ ကြယ်သီးနှစ်လုံးကို ဖြုတ်ထားသဖြင့် ကျယ်ပြန့်သော ရင်အုပ်ကြွက်သား အချို့က ဟနေသော ကော်လာကြားမှ ရေးတေးတေး ပေါ်နေကာ အင်္ကျီလက်များကိုလည်း တံတောင်ဆစ်အထိ ခေါက်တင်ထားလေသည်။ တီဗွီမှ လာနေသော နိုင်ငံတကာ သတင်းလိုင်းတစ်ခုကို မျက်မှောင် ကုတ်ကာ စိတ်ဝင်တစား ကြည့်နေပြီး စံအိမ် ရောက်လာသည်ကိုပင် သတိထားမိပုံ မပေါ်ပေ။

"နေမင်းသခင်"

"..."

သူမက ခေါ်တော့ သူက ဘာလဲဆိုတဲ့ ပုံစံနှင့် မော့ကြည့်လာကာ မေးဆတ်ပြနေ၏။

"နာရီလည်း ကြည့်ဦး ... ည (၁၀) နာရီ ထိုးနေပြီ ရှင် ပြန်တော့ "

"ကိုယ် သိပါတယ် ... ဒါပေမယ့် ကိုယ် နည်းနည်း ပင်ပန်းနေလို့။ ခဏလောက် ထိုင်အနားယူနေတာပါ။"

သူက လေသံအေးအေးဖြင့် တုံ့ပြန်လိုက်ပြီး ကုလားထိုင်နောက်မှီကို ပို၍ပင် သက်တောင့်သက်သာ မှီချလိုက်သေးသည်။

"ရှင်..."

စံအိမ်က ဒေါသတကြီးဖြင့် သူ့အနားသို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်ကာ ...

"ဒီမှာ ...ဒါရှင့်အိမ် မဟုတ်ဘူး ... ရှင် သားလေးကို လာတွေ့တာ ကျွန်မ ခွင့်ပြုပေးပြီးပြီ။ အခု သားလည်း အိပ်သွားပြီ။

ရှင့်ကို ဒီမှာ ဆက်နေခွင့် ပေးထားစရာ အကြောင်းမရှိဘူး။ အခုချက်ချင်း ထ... ပြန်တော့"

စံအိမ်က ပြောပြောဆိုဆိုဖြင့် သခင့် လက်မောင်းကို လှမ်းဆွဲကာ အတင်း ဆွဲထူလိုက်သည်။ သို့သော် တောင့်တင်း ခိုင်မာလွန်းသော ကိုယ်လုံးကြီး တစ်လက်မလေးမျှပင် ရွေ့မသွားခဲ့ပေ။

"ထစမ်း ... ရှင်ပြန်တော့လို့ "

စံအိမ် အားမလိုအားမရဖြင့် သူ့ လက်မောင်းကို နှစ်ဖက်စလုံးဖြင့် အတင်း ဆွဲချီကာ အတင်း မောင်းထုတ်ရန် ကြိုးစားလေတော့သည်။ သူမ မျက်နှာလေးမှာ ဒေါသကြောင့် နီရဲနေပြီး၊ အသက်ရှူသံများလည်း မြန်ဆန်လာတော့၏။

ထိုအခါ သခင့် နှုတ်ခမ်းထောင့်တွင် မသိမသာ အပြုံးတစ်ခုက ဖျတ်ခနဲ ပေါ်လာကာ သူက စံအိမ့် အားကို အလိုက်သင့်လေး လွှတ်ပေးထားလိုက်၏။

ထို့နောက် ရုတ်တရက်... သူ့လက်တစ်ဖက်ကို စံအိမ့် ခါးသိမ်သိမ်လေးဆီသို့ လှမ်းကာ ဆွဲဖက်လိုက်ပြီး သူ့ ကိုယ်ဘက်သို့ အားပါပါဖြင့် ဆွဲဆောင့်လိုက်လေသည်။

"အို..."

စံအိမ် လန့်အော်ရန်ပင် အချိန်မရလိုက်။ သူမ ကိုယ်လုံးလေးက ဟန်ချက်ပျက်ကာ ရှေ့သို့ ယိုင်ကျသွားပြီး၊ နေမင်းသခင်ရဲ့ ကျယ်ပြန့် မာကျောသော ရင်အုပ်ကြီးပေါ်သို့ "ဘုတ်" ခနဲ ပြုတ်ကျသွားလေတော့သည်။

"အင့် ...လွှတ်"

စံအိမ် သူ့ရင်ဘတ်ကို အတင်း တွန်းကာ ထရန် ကြိုးစားသော်လည်း

သခင့် လက်မောင်းကြီး နှစ်ဖက်က သူမ ခါးနှင့် ကျောပြင်ကို တင်းကျပ်စွာ ပွေ့ဖက် ချုပ်နှောင်လိုက်ပြီ ဖြစ်၏။

သူမ အတင်း ရုန်းကန်လိုက်မှုကြောင့် သူမ ဆံပင်ကို ညှပ်ထားသော ဖဲကြိုးကလစ်လေးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဆံနွယ်များက သူမ ပခုံးပြင်နှင့် သခင့် ရင်ဘတ်ပေါ်သို့ ဖရိုဖရဲ ပြန့်ကျဲသွားလေသည်။

"ကိုယ့်ကို ဘာလို့ ဒီလောက်တောင် နှင်ထုတ်နေရတာလဲ။ "

သခင်က သူမ လည်ပင်းသားလေးနားသို့ မျက်နှာကို အပ်ကာ တိုးတိုးလေး မေးလိုက်ရာ သူ့ အသက်ရှူငွေ့ နွေးနွေးများက စံအိမ့် နားရွက်ဖျားလေးကို လာရောက် ရိုက်ခတ်နေသဖြင့် စံအိမ့် တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားရသည်။

" ဟုတ်တယ် နှင်ထုတ်တယ် ... ရှင်က ဧည့်သည်ဆိုရင် ဧည့်သည်လို နေလေ။ မျက်နှာပြောင်တိုက်ပြီး အိမ်ထဲမှာ အတင်း ဝင်မနေနဲ့။ လွှတ်စမ်း"

စံအိမ်က သူ့ရင်ဘတ်ကို လက်သီးဖြင့် အားကုန် ထုရိုက်ရင်း အော်ပစ်လိုက်သည်။

သို့သော် သခင်က မျက်နှာတစ်ချက်မပျက်ပဲ စံအိမ့်ကို ပို၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး စံအိမ့် ဆံနွယ်များကြားမှ ခေါင်းလျှော်ရည်နံ့ သင်းသင်းလေးကို အားပါးတရ ရှူရှိုက်လိုက်သည်။

"ကိုယ်က ဧည့်သည် မဟုတ်ဘူး။

မင်းရဲ့ လင်ယောက်ျား အနေနဲ့ ဒီအိမ်မှာ နေခွင့် အပြည့်အဝ ရှိတယ်။"

"ကျွန်မတို့က ကွာရှင်းပြီးသား"

စံအိမ် အံကြိတ်ကာ တုံ့ပြန်လိုက်လျှင် ...

"ဘယ်တုန်းကလဲ။ "

"တေယက် ... ရှင် "

"အဟက် "

သခင် သူမရဲ့ ဒေါသတကြီး ငေးကြည့်နေသော မျက်ဝန်းများကို စိုက်ကြည့်ရင်း ခပ်ဟဟ ရယ်လိုက်ပြ သူမနှုတ်ခမ်းဖျားလေးကို လက်မဖြင့် ခပ်ကြမ်းကြမ်းလေး ပွတ်ဆွဲလိုက်ပြီး...

"တအား စွာနေတာပဲ ... အဲ့လောက်လည်း မစွာပါနဲ့ ကိုယ်က မင်းရန်သူမဟုတ်ပါဘူး။ ထပ်စွာနေရင် ဒီည ကိုယ် ဒီအိမ်ကနေ ပြန်မှာ မဟုတ်ဘူး... မင်း အခန်းထဲအထိ လိုက်အိပ်ရလိမ့်မယ်။"

သူ့စကားကြောင့် စံအိမ့် တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားရပြီးရုန်းကန်နေမှုများ ချက်ချင်း ရပ်တန့်သွားရသည်။ နေမင်းသခင် ဆိုသည်မှာ ပြောလျှင် ပြောသည့်အတိုင်း လုပ်ရဲသော လူစားမျိုးမှန်း သူမ အသိဆုံး ဖြစ်သည်။

စံအိမ် ငြိမ်ကျသွားမှသာ သခင်က ကျေနပ်စွာ ပြုံးလိုက်ပြီး၊ သူမခါးကို ဖက်ထားသော လက်များကို ဖြေလျှော့ပေးလိုက်၏။

ထိုအခါ စံအိမ် ချက်ချင်းပင် ဆိုဖာပေါ်မှ အလန့်တကြား ထရပ်လိုက်ပြီး သူ့ကို ခပ်ဝေးဝေးမှနေ၍ ရွံရှာစွာ စိုက်ကြည့်နေလိုက်သည်။

"ဒီညတော့ပြန်တော့မယ်နော် ... ဒါပေမယ့် ..."

တံခါးပေါက်ဆီသို့ လှမ်းနေရင်းမှ ခြေလှမ်းကို ရပ်လိုက်ပြီး၊ စံအိမ့်ဘက်သို့ ခေါင်းပြန်လှည့်ကာ အေးစက်စက် အပြုံးဖြင့် ဆက်ပြောလိုက်သည်။

"မနက်ဖြန်... ကိုယ် စောစော လာခဲ့မယ် မိန်းမ။ "

အပိုင်း (၄၁) ဆက်ရန် ...(ဇာတ်သိမ်းချင်ပြီလားဟင်)

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃၉) နောက်အခန်း - အပိုင်း (၄၁) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ