Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၃၈)

စံအိမ် ရုံးရောက်လျှင် လှေကားကနေ သူမကို စိုက်ကြည့်နေတဲ့ နေမင်းသခင်ကို မြင်လိုက်ရတာကြောင့် စံအိမ်

စုပ်သပ်လိုက်မိသည်။

"ကျစ် "

ကိုကို ထိုးထားတဲ့ နှုတ်ခမ်းထောင့်မှ ဒဏ်ရာတွေက မကျက်သေးဘဲ ညိုမည်းနေဆဲပင်။

စံအိမ် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်ပြီး၊ သူ့ကို မမြင်ယောင်ပြုကာ လှေကားပေါ်သို့ တက်ရန် ပြင်လိုက်လျှင် ...

"စံအိမ်..."

သခင် သူမ ရှေ့သို့ အမြန် လှမ်းပိတ်ရပ်လိုက်လေသည်။

"ကျစ် ... ရှင် ဘာနှောက်ယှက်ဦးမလို့လဲ။ "

"ကိုယ်နှောက်ယှက်မလို့မဟုတ်ပါဘူး။ "

"အဲ့တာဆိုဖယ် ..."

"တောင်းပန်တယ်။ "

ရုတ်တရတ်ထွက်လာတဲ့ တောင်းပန်စကားကြောက့် စံအိမ် သူ့အား ဖျတ်ခနဲ မော့ကြည့်လိုက်ကာ ...

"ဘာကိုလဲ။ "

"ဟိုနေ့ကကိစ္စအပါအဝင် အရာအားလုံးအတွက် "

"မလိုဘူး။ "

"အဲ့တာဆို ကိုယ့်ကိုပြန်လက်ခံပေး။ "

"ကျစ် ... ရှင် ဒီ့ထက်ပိုပြီး မနှောက်ယှက်တော့ရင်ကောင်းမယ်။

ရှင် ဘာကိုမှလည်း မျှော်လင့်မနေနဲ့တော့ ... ကျွန်မတို့က ဘာ်တော့မှ ဖြစ်မလာနိုင်တော့ဘူး။ ကျွန်မ လက်ထပ်တော့မယ်။ "

"ဘာ..."

သူ့တစ်ခုလုံး တောင့်တင်းသွားရပြီး၊ မျက်လုံးအစုံက မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားသည်။

"ဘာ... ဘာ... ပြောလိုက်တယ်"

"ကျွန်မ လက်ထပ်တော့မယ် အဲ့တာကြောင့် ရှင့်အပြုအမူတွေကို ရပ်တန်းက ရပ်ပေးပါ။ "

"မယုံဘူး ... မင်းကိုယ့်ကိုညာနေတာ။ အဲ့လိုကီ့းတော့ မရက်စက်ပါနဲ့ကွာ။ "

သခင် နောက်သို့ ခြေတစ်လှမ်း ယိုင်ထွက်သွားပြီး ခေါင်းကို အတင်း ခါရမ်းလိုက်သည်။ သူ့ မျက်နှာကြီး တစ်ခုလုံး သွေးဆုတခ ဖြူရော်သွားပြီး၊ အသက်ရှူရ အလွန် ခက်လာကာ ရင်ဘတ်ကို လက်ဖြင့် ဖိထားလိုက်သည်။

"ယုံတာ မယုံတာ ရှင့်အပိုင်းပဲ။ "

"ကိုယ် လက်မခံနိုင်ဘူး။ မင်းက ကိုယ့် မိန်းမလေ... သားက ကိုယ့် သားလေကွာ..."

"ဒီမှာ ကျွန်မက ရှင့်မိန်းမ မဟုတ်တော့သလို သားနဲ့ ရှင်နဲ့လည်း ဘာမှ မဆိုင်ဘူး။ ကျွန်မတို့ သားအမိအပေါ် တကယ်ကောင်းပေးတဲ့သူ။

ကျွန်မကို တကယ် နားလည်ပေးနိုင်တဲ့ ယောက်ျား တစ်ယောက်နဲ့... ကျွန်မ ဘဝသစ် စတော့မယ်။

ရှင် အဲ့လောက်တော့ သဘောထားကြီးပေးပါ။"

"ဘာကို သဘောထားကြီးရမှာလဲကွာ ...စံအိမ်... တောင်းပန်ပါတယ်ကွာ... အဲ့ဒီလို မလုပ်ပါနဲ့..."

တိမ်ဝင်နေသော အသံနှင့်အတူ သူမ လက်နှစ်ဖက်အား ဆုပ်ကိုင်လိုက်လျှင် ချက်ချက်းရုန်းခါသွားလေသည်။

" ကိုယ် တောင်းပန်ပါတယ်။ ဘယ်သုလဲ ဟိုကောင်လား။ မင်း သူ့ကို မချစ်ပါဘူး... မင်း သူ့ကို တကယ် မချစ်ဘူး မလား ဟင်။ မင်း ရင်ထဲမှာ ကိုယ် ရှိနေသေးတယ် ဆိုတာ... ကိုယ်... ကိုယ် သိတယ် စံအိမ်..."

သခင် ရူးသွပ်နေသော လူတစ်ယောက်လို အထစ်ထစ် အငေါ့ငေါ့ဖြင့် အသနားခံနေမိသည်။

"ရှင်က ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေတာပဲ ... ချစ်တယ် ကျွန်မ သူ့ကို ချစ်တယ်။"

"..."

သခင့် တစ်ကိုယ်လုံး ကျောက်ရုပ်လို ငြိမ်သက်သွားရသည်။

"ရှင့်လို ကျွန်မကို နှိပ်စက်တဲ့သူကိုချစ်ပြီး သူ့လို ကျွန်မ‌အပေါ်ကြင်နာပေးတဲ့သူကို မချစ်ရအောင် ကျွန်မရူးနေတာမှမဟုတ်တာ။ "

စံအိမ်က အေးစက်စက် မျက်ဝန်းများဖြင့် သခင့်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

စကားဆုံးသည်နှင့် စံအိမ် သူ့ကိုယ်ကြီးကို ပခုံးနှင့် တွန်းတိုက်ပစ်ကာ လှေကားပေါ်သို့ ခပ်သုတ်သုတ် ပြေးတက်ခဲ့လိုက်တော့သည်။

_______________

"အန်တီလှိုင်... သားလေး... သားလေးက ဘယ်ရောက်သွားရတာလဲ"

စံအိမ် အန်တီလှိုင့် လက်မောင်းနှစ်ဖက်ကို အတင်း မေးလိုက်ကာ ကျောင်းဝင်းထဲသို့ အရူးတစ်ယောက်လို လိုက်လံ ရှာဖွေနေမိသည်။

"အန်တီ... အန်တီလည်း မသိဘူး သမီးရယ်... အန်တီ ကျောင်းလာကြိုတော့ ကလေးက မရှိတော့ဘူး..."

အန်တီလှိုင်က ငိုသံပါကြီးဖြင့် ဖြေရင်း သူမလက်နှစ်ဖက်ကို ရင်ဘတ်ပေါ် တင်ကာ ထိတ်လန့်တကြား ပြောရှာသည်။

"အန်တီ နေ့တိုင်း လာကြိုနေကျ အချိန်လေးပဲဟာကို... ဒီနေ့မှ ကားလမ်းပိတ်နေလို့ ၅ မိနစ်လောက်လေး နောက်ကျသွားတာ... ရောက်တော့ သားသားက ကျောင်းထဲမှာ မရှိတော့ဘူး တဲ့..."

" ဆရာမတွေကိုရော... ဆရာမတွေကို မမေးကြည့်ဘူးလား"

"မေးတယ်... အန်တီ အကုန်လုံးကို လိုက်မေးပြီးပြီ။ ဆရာမတွေကလည်း ကျောင်းဆင်းချိန်ဆိုတော့ ကလေးတွေ အရမ်းများပြီး ရှုပ်နေလို့ ဘယ်သူ ခေါ်သွားမှန်း မသိလိုက်ဘူး တဲ့... ဂိတ်စောင့် ဦးလေးကြီးကလည်း ကလေးတွေ ပြေးထွက်သွားကြတာ အများကြီးမို့ သတိမထားမိလိုက်ဘူးတဲ့ သမီးရယ်..."

အန်တီလှိုင့် စကားဆုံးသည်နှင့် စံအိမ့် ခြေအစုံက ရုတ်တရက် အားအင် ကုန်ခမ်းသွားသလို ယိုင်နဲ့သွားရသည်။

"အို... သမီး"

အန်တီလှိုင်က လဲကျတော့မည့် စံအိမ့်ကို ပြာပြာသလဲ လှမ်းထိန်းထားလိုက်ရသည်။

"သား ... သားရေ။ "

စံအိမ် ရင်တွေ ပူလာကာ ပတ်ဝန်းကျင်မှ ဆူညံနေသော ကလေးများ၏ အသံများ၊ ကားဟွန်းသံများ အားလုံးက စံအိမ့် နားထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားပြီး... တစ်ကမ္ဘာလုံးက လေဟာနယ် တစ်ခုထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

ထိုအချိန်... သူမ လက်ကိုင်အိတ်ထဲမှ ဖုန်းလေးက အချိန်ကိုက်ပင် တဆတ်ဆတ် တုန်ခါလာလေသည်။

"Ring... Ring... Ring..."

စံအိမ် တုန်ယင်နေသော လက်ချောင်းများဖြင့် အိတ်ဇစ်ကို ကတိုက်ကရိုက် ဆွဲဖွင့်ကာ ဖုန်းကို ထုတ်ယူလိုက်ကာ ကိုင်လိုက်သည်နှင့် တစ်ဖက်မှ အသံက ချက်ချင်းထွက်ပေါ်လာ၏။

"စံအိမ်... သားလေးကို လိုက်ရှာနေတာလား။"

"နေမင်းသခင်"

စံအိမ်က ပတ်ဝန်းကျင်ကို လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ အသံကုန် အော်ပစ်လိုက်သည်။ လမ်းသွားလမ်းလာများက သူမကို လှည့်ကြည့်သွားကြသော်လည်း သားလေးကို စိတ်ပူစိတ်နှင့်အတူ သူ့ကိုလည်း ဒေါသဖြစ်နေမိတာကြောင့် ဘာကိုမှ မမှုနိုင်တော့ပေ။

"ရှင် ခေါ်သွားတာမလား။ဘယ်မှာလဲ အခုချက်ချင်း ပြော... ကျွန်မ သားလေး ရှင့်ဆီမှာ ရှိနေတာ မလား။ ရှင် ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲ ဟမ် ...ရှင့်မှာ လူစိတ်ရော ရှိသေးရဲ့လား"

"ဟိုး ... အဲ့လောက်ကြီးလည်း မပြောပါနဲ့ဦးကွာ။

ဟုတ်တယ် ... သားကို ကိုယ်ခေါ်သွားတာ။

ဘယ်နေရာလဲဆိုတာတော့ မင်းသိပါတယ်။

ကိုယ်တို့အိမ်ပဲလေ။ "

"တောက် ... ဘာလို့ ကျွန်မသားကို ခေါ်သွားရတာလဲ။

အခုချက်ချင်းပြန်လာပို့။ "

"ဟင့်အင်း ... မပို့ချင်ပါဘူး။ "

"နေမင်းသခင် "

စံအိမ်က မျက်ရည်များ တပေါက်ပေါက် ကျဆင်းရင်း ဒေါသတကြီး ထပ်အော်လိုက်သည်။

"ရှင် အဲ့ဒီလောက်တောင် အောက်တန်းကျသွားပြီလား!"

"ဟုတ်တယ်... ကိုယ် အောက်တန်းကျသွားပြီ။ ကိုယ် ရူးသွားပြီ"

"တောက် "

"ကဲပါ ... ဒေါသတွေလျှော့ပြီး လာခဲ့ပါ။ "

"တီ... တီ... တီ..."

သူပြောချင်တာပြောပြီး စံအိမ် ဘာမှထပ်ပြီး မပြောလိုက်ရခင်မှာပင်၊ တစ်ဖက်မှ ဖုန်းချသွားလေပြီ။

စံအိမ်တို့နေရာနှင့် သူသားကိုခေါ်သွားအိမ်က ဝေးတာကြောင့်

စံအိမ်လည်း အချိန်ဆွဲမနေတော့ပဲ အန်တီလှိုင့်ကိုပြန်လွှတ်ကာ တက္ကစီတစ်စီးကို လှမ်းတားပြီး အမြန်ထွက်လာခဲ့လိုက်တော့သည်။

_______

ကားပေါ်မှ ဆင်းလိုက်သည်နှင့် စံအိမ့် ခြေလှမ်းများက ခဲဆွဲထားသလို ရုတ်တရက် လေးလံသွားရသည်။ မျက်စိရှေ့တွင် မြင်နေရသည်မှာ အရင်က သူမတို့ လက်ထပ်ပြီးခါစက နေခဲ့တဲ့ စံအိမ်ကြီးဖြစ်ကာ သူမရဲ့ အတိတ်က နာကျင်မှုတွေနှင့် ပြည့်နှက်နေတဲ့ နေရာဆိုလည်း မမှားပေ။

အရာအားလုံးက အရင်အတိုင်းမပြောင်းလဲပါ။

ခြံထဲမှာ ဘယ်သူမျှ မမြင်ပေမယ့် ခြံတံခါးက ပွင့်နေသည်မို့ စံအိမ် တန်းပြီး ဝင်လာခဲ့လိုက်ကာ သော့မခတ်ထားသည့် အိမ်ထဲကိုလည်း

ဝင်လာခဲ့လိုက်၏။

"သားသား... မေမေ လာပြီ။"

စံအိမ်ကသာ အသံပြုလိုက်ပေမယ့် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်နေတာမို့ စံအိမ် စိတ်ထဲထင့်နေမိရင်း အပေါ်ထပ်သို့ လှေကားအတိုင်း တက်သွားလိုက်သည်။

အပေါ်ထပ်သို့ ရောက်လျှင် အရင်က သူမတို့နေခဲ့သည့် အိပ်ခန်တံခါးက ခပ်ဟဟလေး ပွင့်နေသည်ကို တွေ့လိုက်ရတာကြောင့်

စံအိမ့် ရင်ဘတ်ထဲမှ နှလုံးသားက ဗုံတီးနေသလို အပြင်းအထန် ခုန်ပေါက်လာရသည်။စံအိမ် တံခါးကို လက်တုန်တုန်ဖြင့် ဖြည်းညင်းစွာ တွန်းဖွင့်လိုက်လျှင် မီးရောင် မှိန်မှိန်လေးသာ ထွန်းလင်းထားကာ စံအိမ့် မျက်လုံးများက အခန်းလယ်ရှိ ကုတင်ကြီးဆီသို့ အလျင်အမြန် ရောက်သွားရသည်။

အပိုင်း (၃၉) ဆက်ရန် ...

« ရှေ့အခန်း - အပိုင်း (၃၇) နောက်အခန်း - အပိုင်း (၃၉) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ