ဒေါ်အေးမြရိပ် လာရောက်တွေ့သွားပြီးနောက် စံအိမ့် နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု ဝင်ရောက်မွှေနှောက်သွားသလို ရှုပ်ထွေးသွားခဲ့သည်။ သို့သော်... နေမင်းသခင်က စိတ်ရောဂါဖြစ်ခဲ့တာဆိုသည့် ထိုတစ်ခုတည်းနှင့် သူမ ခံစားခဲ့ရသည့် နာကျင်မှုများကို လွယ်လွယ်ကူကူ ချေဖျက်ပစ်၍ မရနိုင်သေးပေ။ ဒဏ်ရာက နက်ရှိုင်းလွန်းနေဆဲပင်။
မူကြိုကျောင်းရှေ့တွင် မိဘများ ကလေးလာကြိုသည့် ကားများဖြင့် စည်ကားနေသည်။ဒီနေ့ အန်တီလှိုင်က နေမကောင်းတာကြောင့် စံအိမ်ကိုယ်တိုင် သားလေးကို လာကြိုခြင်း ဖြစ်သည်။
သို့သော် ကျောင်းတံခါးဝသို့ အရောက်တွင်... သူမ၏ ခြေလှမ်းများ ရုတ်တရက် တန့်ရပ်သွားရသည်။
ကျောင်းရှေ့ လမ်းနံဘေးရှိ သစ်ပင်ရိပ်အောက်တွင်
နေမင်းသခင် ရပ်နေကာ သူ့ မျက်ဝန်းများက ကျောင်းပေါက်ဝမှ ထွက်လာသည့် ကလေးများကိုသာ မျှော်လင့်တကြီး လိုက်ကြည့်နေလေသည်။
ကျိန်းသေပေါက် သားဆီလာတယ်ဆိုတာသိနေတာကြောင့် စံအိမ် အံကို ခပ်တင်းတင်းကြိတ်လိုက်မိ၏။
"မေမေ"
ကျောင်းဝင်းထဲမှ ပြေးထွက်လာသော သားလေးက စံအိမ့်ကို မြင်သည်နှင့် ဝမ်းသာအားရ ပြေးဖက်လာကာ စံအိမ်က သားလေးကို ပွေ့ချီလိုက်ချိန်တွင်... သခင့် မျက်လုံးများက သူတို့ သားအမိဆီသို့ ရောက်လာပြီး သူ၏ တင်းမာနေသော မျက်နှာကြီးပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
သခင် ခြေလှမ်းကျဲကြီးများဖြင့် သူတို့ သားအမိရှေ့သို့ လျှောက်လာလိုက်ကာ ...
"စံအိမ်..."
တိုးညင်းစွာ ခေါ်လိုက်ရင်း စံအိမ့် ရင်ခွင်ထဲရှိ သားလေးကို အလွန်အမင်း တမ်းတနေသော မျက်ဝန်းများဖြင့် ငေးကြည့်လိုက်သည်။
"သားသား... ဦးကို မှတ်မိတယ်မလား။ဦးဦးက သားသား ကြိုက်မယ်ထင်လို့ အရုပ် လာပေးတာ။"
သခင် လက်ထဲရှိ စက်ရုပ်ကြီးအား နေထိုက်စံလေးရှေ့သို့ လှမ်းပေးလိုက်လျှင် နေထိုက်စံလေးက စက်ရုပ်ကြီးကို မြင်သောအခါ မျက်လုံးလေးများ အရောင်လက်သွားပြီး လက်ကလေး လှမ်းဆွဲရန် ပြင်လိုက်လေသည်။
"ဖယ်စမ်း"
"ဖြန်း "
စံအိမ် သားလေး၏ လက်ကို အတင်းဆွဲဖယ်လိုက်ပြီး၊ သခင့် လက်ထဲမှ စက်ရုပ်ကြီးကို ခပ်ကြမ်းကြမ်း ရိုက်ချပစ်လိုက်သည်။
"မေမေ..."
နေထိုက်စံလေးက လန့်သွားပြီး စံအိမ့် ပခုံးကို အတင်း ဖက်လာ၏။
"..."
သခင် မြေပြင်ပေါ် ကျကွဲသွားသော အရုပ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ စံအိမ့်ကို နာကျင်စွာ မော့ကြည့်လိုက်၏။
"စံအိမ်ရယ်... ကိုယ် သားလေးကို အရုပ်လေး တစ်ရုပ်ပဲ ပေးချင်ရုံ သက်သက်ပါ။ ဘာမှ ထပ်မတောင်းဆိုပါဘူး။ ဘာလို့... ဘာလို့ ဒီလောက်ထိ ရက်စက်ရတာလဲ ကွာ။"
"ကျွန်မက ရက်စက်တယ် ဟုတ်လား"
စံအိမ်က ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာကာ သားလေးကို အနားရှိ ကျောင်းဆရာမ တစ်ယောက်ထံ ခဏ အပ်လိုက်ပြီး သခင့် ရှေ့သို့ ခြေတစ်လှမ်း တိုးရပ်လိုက်သည်။
"ရှင်က အရုပ်လေး တစ်ရုပ်နဲ့ ဖခင် မေတ္တာကို ပြချင်နေတာလား။
ဒီကလေးက ရှင်မလိုချင်ခဲ့တဲ့ကလေးဆိုတာ မေ့နေတာလား။
ကျွန်မက ဒီလောက်လေးနဲ့ အလွယ်တကူ ကျေအေးမယ်ထင်နေတာလား နေမင်းသခင်"
"အဲ့လိုသဘောမျိုး မဟုတ်ပါဘူးကွာ ။ ကိုယ် အမှားလုပ်ခဲ့တာကို အပြည့်အဝ ဝန်ခံပါတယ်။ ကိုယ့်ကို မင်း သတ်ချင်ရင်တောင် ကိုယ် အသေခံပေးပါ့မယ်။ ဒါပေမယ့်... ကိုယ့်ကို မင်းတို့ သားအမိ အနားမှာ ရှိနေခွင့်လေးတော့ ပေးပါတော့ကွာ... နော်။"
သခင် စံအိမ့် လက်မောင်းနှစ်ဖက်ကို လှမ်းကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် စံအိမ်က ရွံရှာသလို နောက်သို့ ဆုတ်ရှောင်လိုက်ကာ ...
"ကျွန်မကို လာမထိနဲ့ "
အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"ရှင့်မျက်နှာကို မြင်တိုင်း... အရင်က ကျွန်မ နာကျင်ခံစားခဲ့ရတာတွေကို ပြန်ပြန်မြင်နေရလို့ ကျွန်မ ရူးတော့မယ် သိလား။ ကျွန်မကို ထပ်ပြီး မနှိပ်စက်ပါနဲ့တော့။ ကျွန်မ မျက်စိရှေ့ကနေ ထွက်သွားပေးပါ"
ပြောပြီးသည်နှင့် စံအိမ် ဆရာမ လက်ထဲမှ သားလေးကို အမြန် သွားပွေ့ချီကာ လမ်းထိပ်ရှိ တက္ကစီ တစ်စီးကို တားပြီး ထွင်လာခဲ့လိုက်တော့သည်။
ကားလေး တဖြည်းဖြည်း ထွက်ခွာသွားသည်ကို ကြည့်ရင်း
နေမင်းသခင် ကျောင်းရှေ့ လမ်းမထက်တွင် ကျောက်ရုပ် တစ်ရုပ်လို ရပ်ကျန်ခဲ့ကာ သူ့မျက်ဝန်းမှ မျက်ရည်ပူများက ပါးပြင်ပေါ်သို့ ကျဆင်းလာပြန်၏။
______________
"စံအိမ်..."
ခပ်နွေးနွေး ခေါ်သံလေးကြောင့် စာရင်းများစစ်နေရင်း
စံအိမ် ဆတ်ခနဲ မော့ကြည့်လိုက်မိသည်။
"ဟုတ်... ကိုလင်းသန့် ဘာကိစ္စ ရှိလို့လဲဟင်။ ဟိုဘက်က Marketing အသုံးစရိတ် စာရင်းတွေက လကုန်မှ ထွက်မှာမို့လို့..."
"မဟုတ်ပါဘူး ... အလုပ်ကိစ္စ မဟုတ်ပါဘူး။"
လင်းသန့် သဘောကျစွာ ပြုံးလိုက်ရင်း လက်ထဲတွင် ကိုင်လာသော ကော်ဖီခွက်နှင့် ကိတ်မုန့်ဘူးလေးကို စံအိမ့် စားပွဲပေါ်တွင် ဖြည်းညှင်းစွာ ချပေးလိုက်သည်။
"စံအိမ် ဒီတလော အချိန်ပိုတွေ ဆင်းပြီး စာရင်းတွေနဲ့ချည်း နပန်းလုံးနေရတာ တွေ့လို့... ခေါင်းလေး ဘာလေး ရှင်းသွားအောင် ကော်ဖီလေး သောက်လိုက်ပါဦး။ အလုပ်ချည်းပဲ အရမ်း မဖိနဲ့လေ။ ကျန်းမာရေး ထိခိုက်ဦးမယ်။"
"အို... ဒုက္ခရှာလို့ ကိုလင်းသန့်ရယ် အားနာစရာကြီး။"
"အားနာစရာ မလိုပါဘူး ဗျာ လုပ်ဖော်ကိုင်ဖက်တွေပဲ... ကိုယ်က တစ်ခုခု ဝယ်ကျွေးချင်လို့ပါ။ ဒါနဲ့... ဒီနေ့ ညနေ မိုးရွာမယ့်ပုံ ပေါက်တယ်။ စံအိမ် ပြန်ရင် ကိုယ် လိုက်ပို့ပေးမယ်လေ။ စံအိမ့်သားလေးကို မူကြိုက ဝင်ကြိုရဦးမယ် မဟုတ်လား။ ကလေးနဲ့ မိုးထဲလေထဲ ဘတ်စ်ကား တိုးစီးနေရရင် ကလေး ဖျားလိမ့်မယ်။"
"မ... မပို့ပါနဲ့ ကိုလင်းသန့် ရပါတယ်။ ဒီနေ့ သားလေးကို အန်တီ သွားကြိုပေးမှာပါ။ စံအိမ် တစ်ယောက်တည်းမို့လို့ အေးဆေး ပြန်လို့ ရပါတယ်။ ကော်ဖီအတွက်တော့ ကျေးဇူးတင်ပါတယ် ရှင်။"
စံအိမ်က တည်ငြိမ်ယဉ်ကျေးစွာဖြင့်ပင် အပြတ် ငြင်းဆိုလိုက်သည်။
ကိုလင်းသန့် သူမကို စိတ်ဝင်စားနေတယ်ဆိုတာ ရိပ်မိပါသည်။
ဒါပေမယ့် သားလေးရင်ထဲကို ပထွေးဆိုတဲ့ သူစိမ်းကိုလည်း ဆွဲမသွင်းချင်ပါ။
သားလေးက စံအိမ့်ဘဝမို့ သားလေးကသာ အရာရာဖြစ်၏။
ထို့ကြောင့် လက်မခံနိုင်တာ သေချာနေတာကြောင့် လိုတာထက်ပိုပြီးလည်း ရောပြီး မျှော်လင့်ချက်တွေမပေးချင်ပါ။
"ဟုတ်ပါပြီ အဲ့ဒါဆိုလည်း ဂရုစိုက်ပြန်ဦးနော်။ ကော်ဖီက အေးသွားရင် အရသာ မရှိတော့ဘူး... အခုပဲ သောက်လိုက်ဦး။"
"ဟုတ်ကဲ့။ "
ထိုအချိန် သူတို့သတိမထားမိလိုက်တာက သူတို့နှစ်ယောက်စကားပြောနေကြတာ အစအဆုံးကို အံကြီးကြိတ်ကာကြည့်နေတဲ့ နေမင်းသခင်ရှိနေ၏။
သခင့် ရင်ဘတ်ထဲတွင် နာကျင်မှု၊ ဒေါသနှင့် သဝန်တိုမှုတို့က မီးတောင်တစ်ခု ပေါက်ကွဲသလို တဝုန်းဝုန်း ဆူပွက်လာလေသည်။
သူမကို အဝေးကနေ ငေးကြည့်ရုံနဲ့ ကျေနပ်ပါတော့မယ်ဟု တွေးထားလိုက်ပေမယ့် နေမင်းသခင်ဆိုသည့် လူသားသည်... ယခုလက်တွေ့တွင် သူမအနားသို့ တခြားယောက်ျားတစ်ယောက် ကပ်လာသည်ကို မြင်လိုက်ရချိန်တွင်တော့ အားလုံး တစ်စစီ ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
"တောက်"
သခင့် နှုတ်ဖျားမှ အလွန် ကျယ်လောင်ပြင်းထန်သော တောက်ခေါက်သံ တစ်ချက် ထွက်ပေါ်လာလေသည်။ ထိုအသံက ကျယ်လွန်းသဖြင့် အနီးအနားရှိ ဝန်ထမ်းအချို့ပင် လန့်သွားပြီး လှည့်ကြည့်လာကြ၏။ သို့သော် နေမင်းသခင်၏ တည်တင်းမှုန်ကုတ်နေတဲ့ မျက်နှာထားကို မြင်လိုက်ရချိန်တွင် အားလုံး ခေါင်းပြန်ငုံ့သွားကြလေသည်။
သခင် လင်းသန့် ကျောပြင်ကို တစ်စစီ ဆွဲဖြဲပစ်တော့မည့်အလား စိုက်ကြည့်လိုက်ပြီး မှန်တံခါးကို ခပ်ကြမ်းကြမ်း တွန်းဖွင့်ကာ... စံအိမ့် စားပွဲရှိရာသို့ မုန်တိုင်းတစ်ခုလို အရှိန်အဟုန်ပြင်းစွာ လျှောက်သွားလိုက်သည်။
သခင် သူမစားပွဲရှေ့သို့ ရောက်သည်နှင့် ခြေလှမ်းများကို "တုံ့" ခနဲ ရပ်ပစ်လိုက်ပြီး စားပွဲပေါ်တွင် တင်ထားသော လင်းသန့် ပေးသွားသည့် ကော်ဖီခွက်နှင့် ကိတ်မုန့်ဘူးတွေ ခပ်စူးစူးစိုက်ကြည့်လိုက်သည်။
ထို့နောက် သခင့် နှုတ်ခမ်းထောင့်စွန်းများက လှောင်ပြုံးတစ်ခုလို တွန့်ကွေးသွားကာ စားပွဲပေါ်ရှိ ကော်ဖီခွက်နှင့် မုန့်ဘူးကို ဆွဲယူလိုက်ကာ ...
"ဘုတ်... ခွပ်..."
"အို..."
ရုတ်တရတ်ဆန်လှသော သူ့အပြုအမူေကြာင့် စံအိမ် လန့်ဖျပ်ပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိကာ စားပွဲဘေးရှိ အမှိုက်ပုံးထဲသို့ ကော်ဖီခွက်ရော မုန့်ဘူးပါ တပြိုင်နက်တည်း အရှိန်ပြင်းပြင်း ပစ်ပေါက်ခံလိုက်ရ၏။ မသောက်ရသေးသော ကော်ဖီရည်တချို့က အမှိုက်ပုံးအပြင်ဘက် ကြမ်းပြင်ပေါ်သို့ပင် လွင့်စင်လာကာ ရုံးခန်းထဲရှိ လူများအားလုံး မျက်လုံးတွေပြူးကုန်ကြတော့သည်။
"ရှင် ... ရှင်ဘာလုပ်တာလဲ။ "
စံအိမ် အံကိုတင်းတင်းကြိတ်ကာ ခပ်အုပ်အုပ်ဆိုလျှင်
သခင်က စားပွဲကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ကိုယ်ကို စံအိမ့်ရှေ့သို့ အနည်းငယ် ကိုင်းညွတ်လိုက်ပြီး ...
"ကော်ဖီသောက်ချင်ရင် ကိုယ်ဝယ်ပေးမယ်။
တွေ့သမျှ ယောက်ျားပေးတာ မယူနဲ့ "
"ရှင် ... "
စံအိမ် ဒေါသထွက်လွန်းတာကြောင့် နှုတ်ခမ်းကို ပျက်ထွက်လုမတတ်ကိုက်ထားလိုက်ရသည်။
ဒါသက်သက် သူမကို စော်ကားနေတာပဲ။
"ကိုယ့် ရုံးခန်းထဲ လိုက်ခဲ့ ... မင်းတို့သူဌေးကို တင်ပြရမယ့် ရှယ်ယာအချက်အလက်တွေလာယူ။ "
အပိုင်း (၃၇) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)