Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၃၅)

"သား... ဘာတွေ ဖြစ်လာတာလဲ။ မျက်နှာလည်း သိပ်မကောင်းဘူး။ အလုပ်ကိစ္စ အဆင်မပြေတာ ရှိလို့လား။"

‌ဆိုဖာပေါ်တွင် ခေါင်းငိုက်စိုက်ကျကာထိုင်နေတဲ့ ဒေါ်အေးမြရိပ် မနေနိုင်စွာ မေးလိုက်သည်။

"မာမီ..."

"ဘာဖြစ်လို့လဲ သား... တစ်ခုခု စိတ်ညစ်စရာရှိရင် မေမေ့ကို ပြောပြနော်"

သားလေး အရင်လို စိတ်ရောဂါပြန်ဖြစ်သွားမှာ သိပ်ကြောက်ပါသည်။

"မာမီ... မာမီ့မှာ မြေးလေး တစ်ယောက် ရှိနေပြီ သိလား။"

"ဟင်..."

ဒေါ် အေးမြရိပ် တစ်ကိုယ်လုံး ဆတ်ခနဲ ဖြစ်သွားရသည်။

"သား... သား အခု ဘာပြောလိုက်တယ်။ မြေး... မြေးလေး ဟုတ်လား။ "

"ဟုတ်တယ် ... ကျွန်တော်ပြောတဲ့ စံအိမ့်မှာ သားလေးတစ်ယောက်ရှိနေပြီဆိုတာ။

အဲ့တာ တခြားသူနဲ့ရတဲ့ကလေးမဟုတ်ဘူး။

ကျွန်တော့်ရင်သွေးလေးပဲ။ "

"အို... ဘုရား... ဘုရား..."

ဒေါ် အေးမြရိပ် သူမ၏ ရင်ဘတ်ကို ဖိကာ အလန့်တကြား ရေရွတ်လိုက်မိသည်။

"သား... သား ပြောတာ တကယ်လား။

စံအိမ့်မှာ... ကလေး ပါသွားခဲ့တာလား။"

"ဟုတ်တယ် ...ကျွန်တော် ... ကျွန်တော်လည်း အခုမှ သိရတာ။သားလေးက... ကျွန်တော်နဲ့ တစ်ပုံစံတည်းပဲ မာမီ။

ဒါပေမယ့် ကျွန်တော့်အရှေ့မှာ ကျွန်တော့်သားလေးကို မြင်နေရပြီး

သားလို့ မခေါ်ရတဲ့ ခံစားချက်ကြီးက တအားနာကျင်ရတယ်ဗျာ။ "

"သားရယ် ..."

ဒေါ် အေးမြရိပ်၏ မျက်ဝန်းများမှ မျက်ရည်များ ကျဆင်းလာ၏။

"စံအိမ်ကရော သားကို ..."

"သူ ကျွန်တော့်ကို ခွင့်မလွှတ်ဘူး မာမီ... သူ ကျွန်တော့်ကို အသေအလဲ မုန်းနေပြီ။"

သခင်က ကြမ်းပြင်ကို လက်သီးဖြင့် ခပ်ဆတ်ဆတ် တစ်ချက် ထုလိုက်ရင်း၊ မျက်ရည်များကြားမှ ဒေါသနှင့် နောင်တများ ရောယှက်နေသော မျက်နှာဖြင့် ဆက်ပြောလိုက်သည်။

"သူ ပြောတာ မှန်ပါတယ် ... ကျွန်တော်က တိရစ္ဆာန်ထက်ဆိုးတဲ့ကောင်ပါ။ သူ့ကို လူမဆန်တဲ့လုပ်ရပ်တွေနဲ့ နှိပ်စက်ခဲ့တာ။

ကျွန်တော်တို့ ဒီမှာ ပျောက်နေတုန်းက တောထဲရောက်နေကြတာ။

ကျွန်တော် သူ့ကို တောထဲခေါ်သွားပြီး သံကြိုးနဲ့တုတ်ထားခဲ့တာ။

နောက်ဆုံး သူ့ကို ကလေးယူဖို့တောင် ကျွန်တော်ခွင့်မပြုခဲ့ဘူး မာမီ။

အဲ့တာကြောင့် ကိုယ်ဝန်ရှိနေတော့ ကျွန်တော့်ကြောင့် ထွက်ပြေးသွားခဲ့တာထင်တယ်။ "

သခင့် စကားများ ကြားရသောအခါ ဒေါ် အေးမြရိပ် ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး မျက်ရည်များ တသွင်သွင် စီးကျလာသည်။ မိန်းမသား အချင်းချင်း၊ မိခင် အချင်းချင်းမို့ ရင်ဘတ်ထဲမှပင် အောင့်တက်လာ၏။

"အခုမှ သားလေးက ကြီးလာပြီ ဆိုတော့မှ... ဖခင် နေရာကို ယူချင်တဲ့ ကျွန်တော့်ကို သူက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။"

_________

ဒီနေ့လည်း စံအိမ် ရုံးဆင်း၍ ထွက်လာချိန်တွင်၊ ရုံးရှေ့ရှိ ပလက်ဖောင်းဘေး၌ ရပ်ထားသော အနက်ရောင် ကားကြီးကို မြင်လိုက်ရပြန်သည်။ ထိုကားကြီး ဘေးတွင် လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ မှီရပ်နေသော နေမင်းသခင်က သူမကို မြင်သည်နှင့် မျက်နှာတွင် အားတက်သွားသော အပြုံးတစ်ခု ဖုံးလွှမ်းသွား၏။

စံအိမ်က အံကို တင်းတင်းကြိတ်ကာ၊ သူ့ကို မမြင်ယောင်ပြုပြီး ဘတ်စ်ကား မှတ်တိုင်ဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။

"စံအိမ်..."

နောက်မှ လိုက်ပါလာသော သခင့် ခြေသံနှင့်အတူ ဩရှရှ ခေါ်သံက ကပ်ပါလာပေမယ့် စံအိမ် ခြေလှမ်းကို မရပ်ဘဲ ပို၍ ခပ်မြန်မြန် လျှောက်လိုက်သည်။

"စံအိမ်... ကိုယ်နဲ့ ခဏလောက် စကားပြောရအောင်ပါ။ ကော်ဖီလေး တစ်ခွက်လောက် ဖြစ်ဖြစ် အတူတူ သောက်ရအောင်လေ နော်။"

သခင်က သူမ၏ ဘေးနားမှ ယှဉ်လျှောက်ရင်း၊ အသံကို အတတ်နိုင်ဆုံး နူးညံ့အောင် ထိန်းကာ အသနားခံနေသည်။ ရုံးမှ ပြန်ထွက်လာသော ဝန်ထမ်းတချို့က သူတို့ နှစ်ယောက်ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်သွားကြ၏။

ထိုအခါ စံအိမ် ခြေလှမ်းကို ရပ်ပစ်လိုက်ပြီး၊ သခင့်ဘက်သို့ ရုတ်တရက် လှည့်ကာ စူးရဲစွာ စိုက်ကြည့်လိုက်ကာ ...

"ရှင် မရှက်ပေမယ့် ကျွန်မ ရှက်တယ် နေမင်းသခင်

ကျွန်မကို လာပြီး ပြဿနာ မရှာပါနဲ့တော့။ "

"ကိုယ် ပြဿနာ ရှာနေတာ မဟုတ်ပါဘူး စံအိမ်ရယ်... ကိုယ် မင်းကို တောင်းပန်ချင်လို့ပါ။ မင်း ကိုယ့်ကို ဘယ်လောက်ပဲ မုန်းမုန်း... ကိုယ့်ကို မင်းတို့ သားအမိ အနားမှာ ရှိခွင့်လေးတော့ ပေးပါကွာ။ ကလေး အတွက်ပဲ ဖြစ်ဖြစ်..."

"တော်ပါတော့ ... ရှင့်ရဲ့တောင်းပန်စကားတွေ ကြားရလွန်းလို့ ကျွန်မ နားတွေ ခါးနေပြီ။ ရှင့်ရဲ့ 'တောင်းပန်ပါတယ်' ဆိုတဲ့ စကားက

ကျွန်မ နာကျင်ခံစားခဲ့ရ‌တာတွေအတွက် ဘာလုပ်ပေးနိုင်မှာမို့လို့လဲ။

ပြီးတော့... 'ကလေး' ဆိုတဲ့ စကားကို ရှင့် ပါးစပ်ကနေ ထပ်မဟနဲ့သား‌ေလးက ကျွန်မ တစ်ယောက်တည်းရဲ့ သားပဲ။ ရှင့်လို လူဆီက ဘာပတ်သက်မှုမှ ကျွန်မတို့ သားအမိ မလိုချင်ဘူး။ "

စံအိမ့် စကားလုံးများက သခင့် နှလုံးသားကို သံရည်ပူများ လောင်းချလိုက်သလို ပူလောင်သွားစေသည်။ သူမကိုလည်း ဒေါသမထွက်ရက်ပေ။ သူ မှားခဲ့သည်ကိုး။

"ကိုယ် သိပါတယ်... ကိုယ်က ခွင့်လွှတ်လို့ မရတဲ့ ကောင်ပါ။ ဒါပေမယ့် စံအိမ်... လူတစ်ယောက်ကို အမှားပြင်ခွင့် တစ်ခါလေးတောင် မပေးတော့ဘူးလားဟင်။ ကိုယ် မင်းနဲ့ သားလေး အတွက် ဘာမဆို လုပ်ပေးပါ့မယ်။ ကိုယ့် အသက်ကို တောင်းရင်တောင် ကိုယ် ပေးဖို့ အသင့်ပါကွာ..."

သခင့် မျက်ဝန်းများထဲတွင် မျက်ရည်စများ ရစ်ဝဲလာ၏။

သို့သော် စံအိမ့်က‌ေတာ့ သူ့ကို မသနားမိပဲ ခပ်ဟဟ တစ်ချက် ရယ်လိုက်ပြီး၊ သခင့် မျက်လုံးများကို တည့်တည့် စိုက်ကြည့်ကာ ...

"ကျွန်မတို့ သားအမိနဲ့ ဝေးဝေးမှာ နေပေးပါ ... အဲ့တာပဲ ကျွန်မ တောင်းဆိုပါတယ်။ "

___________

ရုံးပိတ်ရက်ဖြစ်တာကြောင့် စံအိမ် အိမ်အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်နေရသည်။

သားလေးက နေ့လည်တစ်ရေးတစ်မော အိပ်နေတာကြောင့် သားအမိနှစ်ယောက်တည်းရှိတဲ့အိမ်လေးက တိတ်ဆိတ်နေ၏။

ထိုအချိန် ...

"ဒေါက်... ဒေါက်... ဒေါက်..."

ရုတ်တရက် ထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် စံအိမ် လုပ်လက်စများကို ရပ်တန့်လိုက်ပြီး၊ ဧည့်ခန်းဆီသို့ လျှောက်လာခဲ့သည်။ ခါတိုင်းလို ကိုကိုလာတယ်လို့ပဲ ထင်ကာ တံခါးကို ဖွင့်လိုက်ချိန်တွင်... သူမ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး ဆတ်ခနဲ အေးခဲသွားရသည်။

တံခါးဝမှာ ရပ်နေသူမှာ ကိုကိုမဟုတ်ပဲ နေမင်းသခင်၏ မိခင်၊ ဒေါ် အေမြရိပ်ဖြစ်နေ၏။

"အန်တီ..."

စံအိမ့် နှုတ်ဖျားမှ အလန့်တကြား အသံထွက်သွားမိသည်။

စံအိမ့်ကို မေတ္တာစစ်တွေပေးခဲ့တဲ့ အမျိုးသမီးပဲ။

ဒေါ် အေးမြရိပ် စံအိမ့်ကို မြင်သည်နှင့် သူမ မျက်ဝန်းအစုံတွင် မျက်ရည်များ ရုတ်တရက် ရစ်ဝဲလာတော့သည်။

"သမီး... သမီးလေး စံအိမ်။"

"အန်တီ... အန်တီ့ကို အထဲဝင်ခွင့် ပြုမလား သမီး။"

"..."

စံအိမ် နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်မိသည်။ နေမင်းသခင်ရဲ့ မိသားစုဝင် မည်သူ့ကိုမျှ သူမ မပတ်သတ်ချင်ပေမယ့် လူကြီးတစ်ယောက် ဖြစ်နေသည့်အပြင် ဒေါ် အေးမြရိပ်၏ အသနားခံနေသော မျက်နှာကို မြင်လိုက်ရတာကြောင့် မငြင်းနိုင်ပဲ ခေါင်းညိတ်ပြလိုက်၏။

အိမ်ထဲဝင်လိုက်သည်နှင့် စားပွဲပေါ်တွင် ပြန့်ကျဲနေသော ကလေးကစားစရာ အရုပ်လေးများကို မြင်သောအခါ ဒေါ်အေးမြရိပ် လက်များက တဆတ်ဆတ် တုန်ယင်လာပြီး မျက်ရည်တစ်ပေါက် "တောက်" ခနဲ ကျဆင်းသွားရသည်။

"ဘာကိစ္စ ရှိလို့လဲ အန်တီ။ '

"ပထမဆုံး သမီးကို အန်တီ တောင်းပန်ပါရစေ။ "

"မဟုတ်တာ ... အန်တီက စံအိမ့်အပေါ် အများကြီးကောင်းပေးခဲ့တာပါ။ "

"ဒါပေမယ့် ... သား သားက ..."

"သူ့အကြောင်းဆိုရင်တော့ စံအိမ်တို့ ဆက်ပြောဖို့အဆင်ပြေမယ် မထင်ဘူး အန်တီ"

"နေပါဦး ... နေပါဦး သမီးရယ် အန်တီပြောတာလေး ခဏလေးပဲ နားထောင်ပေးပါလို့ အန်တီတောင်းဆိုပါရစေကွယ်။

အန်တီ လာတာ... အန်တီ့ သားလေး သေသွားမှာကို ထိုင်မကြည့်ရက်နိုင်တော့လို့ပါ။ "

ထိုစကားကြောင့် စံအိမ့် မျက်မှောင်များ ကျုံ့သွားရသည်။

"သူ့သားက သေမယ် ဟက်... နေမင်းသခင်က အဲ့ဒီလောက်တောင် အသက်ပျော့သလား" ဟု သူမ စိတ်ထဲမှ လှောင်ပြောင်လိုက်မိသည်။

"သူ့ဘာသာ ဘာဖြစ်ဖြစ် စံအိမ်နဲ့မဆိုင်ဘူးထင်တယ် အန်တီ "

"သမီး... သမီး ဒေါသထွက်တာ၊ နာကျင်တာတွေကို အန်တီ အပြည့်အဝ နားလည်ပါတယ်။

အတိတ်က သူ သမီးကို အထင်လွဲပြီး နှိပ်စက်ခဲ့တာတွေက လုံးဝ ခွင့်လွှတ်စရာ အကြောင်း မရှိဘူး ဆိုတာ အန်တီ သိပါတယ်။ ဒါပေမယ့်..."

ဒေါ် အေးမြရိပ်က စကားကို ခဏရပ်လိုက်ပြီး၊ အသက်ကို ခက်ခဲစွာ ရှူသွင်းလိုက်သည်။

"ဒါပေမယ့်... အဲ့ဒီအချိန်တုန်းက... သခင်က သာမန်လူ တစ်ယောက်လို စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိခဲ့ဘူး သမီး။ သူ... သူစိတ်ရောဂါ ခံစားနေခဲ့ရတာပါ။ "

"..."

စံအိမ့် ရင်ဘတ်ထဲတွင် နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားသလို ခံစားလိုက်ရကာ ဒေါ် အေးမြရိပ်အား မျက်လုံးအဝိုင်းသားဖြင့်

မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိသည်။

"ဘယ်လို "

ဒေါ် အေးမြရိပ် မျက်ရည်များ တသွင်သွင် စီးကျလာရင်း၊ ခေါင်းညိတ်ပြလိုက်ကာ ...

"ဟုတ်တယ် သမီး သားက စိတ်ရောဂါကို အချိန်အတော်ကြာ ခံစားနေခဲ့ရတာပါ။ "

မထင်မှတ်ထားပဲ သိလိုက်ရတဲ့ အကြောင်းအရာတွေကြောင့် စံအိမ့် တစ်ကိုယ်လုံး တုန်ယင်လာရသည်။ သူမ မှတ်မိသည်။ စံအိမ်တို့ အတူနေခဲ့ကြစဉ်က သခင် ညဘက်များတွင် အိပ်မက်ဆိုးများ မက်ကာ အော်ဟစ်နိုးလာတတ်ပြီး၊ တစ်ခါတစ်ရံ အကြောင်းမဲ့ ဒေါသတကြီး ပေါက်ကွဲတတ်သည်ကို သူမ တွေ့ခဲ့ဖူးသည်။ ထိုအချိန်က အလုပ်ပန်းလို့သာ သူမ ထင်ခဲ့မိသည်။

"သူ သမီးကို နှိပ်စက်ခဲ့တာတွေကလည်း အထင်လွဲလို့ဆိုတာထက် စိတ်ရောဂါကြောင့် ပိုဆိုးရွားသွားခဲ့တာပါ။ သမီး ထွက်သွားတော့ သားရဲ့ စိတ်ရောဂါက တအားဆိုးပြီး ပေါ်လာခဲ့တာပဲ။ သူ ဆေးရုံမှာ စိတ်ရောဂါ ကုသမှုတွေ အပြင်းအထန် ခံယူခဲ့ရတယ်။

သမီးမရှိတဲ့နောက် သူ့ကိုယ်သူ အကြိမ်ကြိမ်သတ်သေဖို့လည်း ကြိုးစားခဲ့ဖူးတယ် သမီး "

စံအိမ်က အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိပြီး၊ နံရံကို ကျောဖြင့် မှီထားလိုက်ရသည်။ သူမ၏ မျက်ဝန်းထဲမှ မျက်ရည်များက သူမ မသိလိုက်ဘဲ ပါးပြင်ပေါ်သို့ စီးကျလာ၏။

" သမီးမရှိတော့တဲ့နေ့ကစပြီး သားက သေလူတစ်ယောက်လိုဖြစ်နေခဲ့တာပါ။ညတိုင်း သမီး နာမည်ကို ခေါ်ပြီး ငိုတယ်။ အခု သမီးနဲ့ မြေးလေးကို ပြန်တွေ့တဲ့ အချိန်မှာ... သူအရမ်းပျော်နေရှာတာပါ။ ဒါပေမယ့် သမီးက သူ့ကို ခါးခါးသီးသီး ငြင်းလိုက်တော့...

သူ့အရင် စိတ်ရောဂါဟောင်းတွေ ပြန်ထလာတော့မလား ဆိုပြီး အန်တီ ရူးမတတ် စိုးရိမ်နေလို့ပါ သမီးရယ်။ "

"..."

"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး အန်တီ့ သားလေးကို တစ်ကြိမ်လေးပဲ... တစ်ကြိမ်လေးပဲ ခွင့်လွှတ်ပေးပြီး အခွင့်အရေးလေး ပြန်ပေးပါကွယ်... နော်... အန်တီ တောင်းပန်ပါတယ်။"

သူမအရှေ့တွင် မျက်ရည်အရွှဲသားနှင့် ဒေါ်အေးမြရိပ်အား ကြည့်ပြီး စံအိမ်လည်း စိတ်မကောင်းဖ်ြမိပေမယ့် သူမ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကလည်း လွယ်လွယ်မေ့ဖျောက်ပစ်လို့မှ မရပဲ။

"စံအိမ်လည်း အန်တီ့ကို တောင်းပန်ပါတယ်။

သူ့ကို ပြန်လက်ခံဖို့ဆိုတာကတော့ စံအိမ့်အတွက်လည်း မဖြစ်လို့ပါ။ "

"အင်းပါကွယ် ... အဲ့တာဆိုလည်း အန်တီ အတင်းအကြပ်ကြီး

မတောင်းဆိုတော့ပါဘူး။

ဒါနဲ့ အန်တီ မြေးလေးနဲ့ တွေ့လို့ရမလားကွယ်။ "

"သားလေးက အိပ်နေတာပါ။

အန်တီတွေ့ချင်ရင် ဝင်တွေ့လို့ရပါတယ်။ "

"ကျေးဇူးပါကွယ်။ "

ဒေါ်အေးမြရိပ် ခပ်ယဲ့ယဲ့လေးပြုံးကာ စံအိမ်ဝင်သွားတဲ့ အခန်းထဲ လိုက်ဝင်သွားလျှင် အိပ်ယာပေါ်တွင် အိပ်နေတဲ့ မြေးလေးအား မြင်လိုက်ရကာ သူမရင်ထဲ ဖြန်းခနဲ။

တကယ်ကို သားနဲ့ချွတ်စွတ်ပါ။

သားငယ်ငယ်တုန်းကနဲ့ တထေရာတည်းပင်။

မြေးလေးကိုကြည့်ကာ ပြုံးရင်း မခြောက်သေးတဲ့ ပါး‌ပြင်ပေါ် သို့ မျက်ရည်တွေ ထပ်ကျလာရပြန်သည်။

"ကျေးဇူးတင်ပါတယ် ... ကျေးဇူးတင်ပါတယ်ကွယ်။

ဟို ... အန်တီ တခါတလေတော့ မြေးလေးကို လာတွေ့လို့ရမလားဟင် အမြဲတမ်းမဟုတ်ပါဘူးကွယ်။

သမီးအဆင်မပြေဘူးဆိုရင်လည်း ရပါတယ်။ "

"ရပါတယ် ... အန်တီတွေ့ချင်တဲ့အချိန် အချိန်မရွေးလာတွေ့လို့ရပါတယ်။

ဒါပေမယ့် ရုံးဖွင့်ရက်တွေဆိုရင်တော့ စံအိမ်တို့ ရုံးဆင်းချိန်မှပဲ အိမ်မှာရှိမှာပါ။ "

"အေးပါကွယ် ... အခုလို ခွင့်ပြုပေးတဲ့အတွက်လည်း အန်တီထပ်ပြီး ကျေးဇူးတင်ပါတယ်ကွယ်။ "

အပိုင်း (၃၆) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃၄) နောက်အခန်း - အပိုင်း (၃၆) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ