စံအိမ် ဘယ်လိုပဲငြင်းငြင်း သားက သူ့သားဆိုတာ ယုံကြည်တာကြောင့် အခုဆို သူနေ့တိုင်း သားလေးကို စံအိမ် မသိအောင် သွားသွားတွေ့၏။
အခုဆို သားလေးကလည်း သူ့ကို တော်တော်ခင်နေပြီဖြစ်သည်။
အဖေအနေနှင့် မဟုတ်ပေမယ့်ပေါ့။
__________
ဒီနေ့ စံအိမ် မန်နေဂျာနဲ့ တခြားကုမ္ပဏီနဲ့အစည်းအဝေးကို လိုက်သွားရတာကြောင့် ဂျာကြီးက ထိုမှပြန်လာတာနှင့် ရုံးပြန်မဝင်ခိုင်းတော့ပဲ
ရုံး စောစော ဆင်းခဲ့ရ၏။ လမ်းထိပ်မုန့်ဆိုင်ကနေ သား အကြိုက်ဆုံး ကြက်ဥပူတင်းလေးကို ဝင်ဝယ်ကာ သားလေးကိုထားနေကျ အန်တီလှိုင့်အိမ်ကို တန်းလာခဲ့လိုက်သည်။
သို့သော်... စံအိမ် ခြံဝင်းရှေ့သို့ အရောက်တွင် ခြေလှမ်းများ ရပ်တန့်သွားရသည်။ အရှေ့မှ မြင်လိုက်ရတဲ့ မြင်ကွင်းေကြာင့် မျက်လုံးများ ပြူးကျယ်သွားပြီး၊ လက်ထဲမှ ပူတင်းဘူးလေးပင် မြေကြီးပေါ်သို့ လွတ်ကျသွားတော့သည်။
"ဟား... ဟား... ဝါး... ဦးဦး သခင်... ထပ်လုပ်... ထပ်လုပ်... သားသား ပျံနေပြီ။"
နေထိုက်စံလေး၏ ကြည်လင်သော ရယ်မောသံလေးများက ပဲ့တင်ထပ်နေ၏။ သားလေးကို လေထဲသို့ မြှောက်တင်ထားသော
သခင့် မျက်နှာပေါ်တွင်လည်း နှစ်လိုမှုအပြည့်နှင့် ပြုံးရွှင်နေလေသည်။
ထိုမြင်ကွင်းလေးက ဘေးလူ တစ်ယောက်အတွက်တော့ အလွန် လှပသော မြင်ကွင်းမျိုး ဖြစ်နေသော်လည်း... စံအိမ့် အတွက်မူ နှလုံးသားကို ဆွဲထုတ်ခံလိုက်ရသလို အလွန် ထိတ်လန့်စရာ ကောင်းနေ၏။
"သားလေး..."
စူးရှပြီး တုန်ယင်နေသော စံအိမ့် အော်သံကြောင့်... ရယ်မောနေသော သခင်ရော နေထိုက်စံလေးပါ ဆတ်ခနဲ လန့်သွားပြီး လှည့်ကြည့်လာကြသည်။
"မေမေ..."
နေထိုက်စံလေးက သူ့အမေကိုမြင်သည်နှင့် သခင့် လက်မောင်းပေါ်မှနေ၍ ဝမ်းသာအားရလှမ်းခေါ်လိုက်သည်။
စံအိမ်က မျက်ရည်များ ရစ်ဝဲနေသော မျက်လုံးများဖြင့် သူတို့ နှစ်ယောက်ဆီသို့ အရူးတစ်ယောက်လို ပြေးသွားလိုက်ပြီး သခင့် လက်ထဲမှ နေထိုက်စံလေးကို အကြမ်းပတမ်း အတင်း လုယူလိုက်ပြီး၊ သားလေး၏ မျက်နှာလေးကို သူမ ရင်ခွင်ထဲသို့ အတင်းအကျပ် ဖိကပ် ဖက်တွယ်ထားလိုက်သည်။
"ရှင်... ရှင် ဒီမှာ ဘာလာလုပ်တာလဲ နေမင်းသခင်"
စံအိမ်က ကလေးကို ကျောဘက်သို့ ပို့ကာ ကွယ်ထားရင်း သခင့်ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။
"စံအိမ်... ကိုယ်... ကိုယ် သားလေးကို လာတွေ့တာပါ။"
"ဘယ်သူက ရှင့်သားလဲ ကျွန်မ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလေ... သားလေးက ရှင့်သား မဟုတ်ဘူးလို့ရှင် ဘာလို့ နားမလည်ရတာလဲ။ ရှင် ဘာလို့ ကျွန်မတို့ သားအမိကို လိုက်ပြီး ဒုက္ခပေးနေရတာလဲ။ ကျွန်မဆီကနေ ရှင် ဘာတွေ ထပ်ပြီး လိုချင်နေသေးလို့လဲ... ရှင် အခုထိလက်စားချေလို့ အားမရသေးဘူးလား။ "
စံအိမ် မျက်ရည်များ ပေါက်ခနဲ ကျဆင်းလာရင်း အော်ဟစ်လိုက်သည်။ လမ်းသွားလမ်းလာ တချို့က လှည့်ကြည့်သွားကြသော်လည်း သူမ ဂရုမစိုက်နိုင်တော့ပေ။ သူမ ခေါင်းထဲတွင် သားလေးကို ဆုံးရှုံးရတော့မည် ဆိုသည့် အတွေးကသာ အုပ်စိုးနေလေသည်။
"ကျွန်မတို့ ဘဝထဲကနေ ထွက်သွားပေးပါလို့ ကျွန်မ တောင်းပန်ပါတယ်။
ကျွန်မမှာ ဒီသားလေး တစ်ယောက်ပဲ ရှိတာပါ။ ကျွန်မ သားလေးကို ရှင့်လို လူယုတ်မာ တစ်ယောက်နဲ့ လုံးဝ ပတ်သက်ခွင့် မပေးနိုင်ဘူး... ထွက်သွား"
"..."
သခင်က မျက်လွှာ ချလိုက်ကာ လက်သီးကို တင်းကြပ်စွာဆုပ်ထားသဖြင့် သွေးကြောများပင် ထောင်ထနေသည်။
သူမ မှန်ပါသည်။ သူဟာ လူယုတ်မာ တစ်ယောက် ဖြစ်ခဲ့တာပါ။ ကိုယ့်အနားမှာ အားကိုးတကြီး ရှိနေခဲ့တဲ့ မိန်းကလေးကို အထင်လွဲမှုတွေ မာနတွေနဲ့ အကြင်နာ ကင်းမဲ့စွာ လူမဆန်စွာ နှိပ်စက်ခဲ့တာ။ အခုမှ သူမဆီကနေ ဖခင်တစ်ယောက်ရဲ့ အခွင့်အရေးကို သူ ဘယ်လို မျက်နှာနဲ့ တောင်းဆိုရဲမှာလဲ။
"ကိုယ် သိပါတယ် ... ကိုယ်က မင်း အမုန်းခံရလောက်အောင် ယုတ်မာခဲ့တဲ့ ကောင်ပါ..."
"..."
"ဒါပေမယ့်... မင်း ဘယ်လောက်ပဲ ငြင်းငြင်း သားလေးက ကိုယ့်သွေးသား ဆိုတာ ကိုယ် အပြည့်အဝ ယုံကြည်တယ်။ မင်း ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ... ကိုယ့်နှလုံးသားက သိနေတယ်။"
သခင် စံအိမ့် ရှေ့သို့ ခြေတစ်လှမ်း တိုသွားလိုက်လျှင် စံအိမ်က လန့်ပြီး နောက်သို့ ဆုတ်သွားသဖြင့်၊ သခင် ရပ်လိုက်ပြီး သူမရှေ့တွင်ရုတ်တရက် "ဒူးထောက်" ချလိုက်သည်။
"အို..."
"ကိုယ် မင်းဆီကနေ သားလေးကို လုမယူပါဘူး။
ကိုယ် တောင်းပန်ပါတယ်... အရင်က မင်းကို အထင်လွဲပြီး နှိပ်စက်ခဲ့မိတဲ့ ကိုယ့်ရဲ့ မိုက်မဲမှုတွေကို ကိုယ်နောင်တရနေပါပြီ။"
သခင်က မျက်ရည်များ ကျဆင်းလာရင်း၊စံအိမ့် အင်္ကျီစွန်းလေးကို ဖွဖွလေး လှမ်းကိုင်လိုက်သည်။
"မင်း ကိုယ့်ကို ခွင့်မလွှတ်နိုင်ဘူး ဆိုတာ ကိုယ် သိပါတယ်။ မင်း ကိုယ့်ကို ဆက်ပြီး မုန်းထားလို့ ရပါတယ်။ ဒါပေမယ့်... သားလေးနဲ့ ပတ်သက်ပြီးတော့တော့ ကိုယ့်ကို ရက်ရက်စက်စက် အဆက်မဖြတ်ပါနဲ့တော့ကွာ။ အဝေးကနေပဲ ဖြစ်ဖြစ်... ဖခင်တစ်ယောက် အနေနဲ့ သားလေးကို ဂရုစိုက်ခွင့်၊ လာကြည့်ခွင့်လေးတော့ ကိုယ့်ကို ပေးပါ... နော်... ကိုယ် တောင်းပန်ပါတယ်။"
နေထိုက်စံလေးကလည်း စံအိမ့် ကျောနောက်မှနေ၍ ငိုနေသော သခင့်ကို ကြည့်ကာ၊ သူ့မေမေရဲ့ အင်္ကျီစကို ဆွဲရင်း...
"မေမေ... ဦးဦး သခင် ငိုနေပြီ။ သားသား... ဦးဦးဆီ သွားချင်တယ်။"
"ဟင့်အင်း ... မေမေတို့ အိမ်ပြန်ကြမယ်နော် သား ... လာ။ "
စံအိမ် သားကို ပွေ့ချီကာ နေရာမှ လှည့်ထွက်ခဲ့လိုက်၏။
သခင်ကတော့ ထိုနေရာတွင် ဒူးထောက်လျက်ပဲ ကျန်ရစ်ခဲ့လေသည်။
"မေမေ ဦးဦးသခင်က ဘာလို့ ငိုနေတာလဲဟင် "
"အွန်း ... နောက်ဆို မေမေ မသိရင် ဘယ်သူနဲ့မှ စကားမပြောရဘူးနော်။ "
"ဟုတ် .... ဦးဦးသခင်ရောလား မေမေ "
"ဟင် ... အွန်း ဟုတ်တယ်။ "
"ဘာလို့လဲဟင် ... ဦးဦးသခင်က သားကိုချစ်ပါတယ်။
မုန့်တွေလည်းကျွေးတယ် သားနဲ့လည်း ဆော့ပေးတယ်။"
"နေထိုက်စံ ... မေမေက မပြောရဘူးဆို မပြောနဲ့ပေါ့ ။
မင်းက ဘာတွေ အတွန့်တက်ချင်နေတာလဲ။ "
"ဟုတ်... သားသား နားထောင်ပါ့မယ်။ "
သားလေးက အော်လိုက်တော့ ငိုမဲ့မဲ့လေးဖြစ်သွားပေမယ့် စံအိမ်လည်း မတတ်နိုင်ပါ။
သူပေးခဲ့တဲ့ ဒဏ်ရာတွေက တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ကျက်သွားမည့် အနာမျိုးမှ မဟုတ်ပဲ။
_____________
နေ့လယ်စာ စားချိန်တိုင်း စံအိမ့် စားပွဲပေါ်သို့ ဈေးကြီးတဲ့ အစားအသောက်တွေက အချိန်မှန် ရောက်လာတတ်သည်။
ဘယ်သူပို့ပေးနေတာလဲဆိုတာ အသိသာကြီးမို့
စံအိမ် ထိုအစားအသောက်များကို အမှိုက်ပုံးထဲကိုပဲ ထည့်ပစ်ပေမယ့် အမြဲရောက်လာ၏။
"စံအိမ်..."
သခင်က ဩရှရှ အသံဖြင့် လှမ်းခေါ်ရင်း သူမရှေ့သို့ ခြေတစ်လှမ်း တိုးလာလျှင် စံအိမ် သူ့အားရွံရှာစရာ သတ္တဝါ တစ်ကောင်ကို ကြည့်သလို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"ဖယ်... လမ်းဖယ်ပေး။"
"ကိုယ်တို့ စကားခဏလောက် ပြောရအောင်ပါ စံအိမ်ရယ်။ ၅ မိနစ်... ၅ မိနစ်လောက်ပဲ ဖြစ်ဖြစ် ကိုယ့်ကို အချိန်ပေးပါ။"
"ကျွန်မမှာ ရှင်နဲ့ပြောစရာ ဘာမှမရှိဘူး ... ဖယ်"
"ကိုယ် တောင်းပန်ပါတယ်ကွာ... မင်း ကိုယ့်ကို မုန်းနေတာကို အကုန်လုံးကို ကိုယ် နားလည်ပါတယ်။ ဒါပေမယ့်... ကိုယ့်ကို တစ်ကြိမ်လေးပဲ ခွင့်လွှတ်ပေးလို့ မရဘူးလား ။ မင်းနဲ့ သားလေး အတွက်
အကောင်းဆုံးဖြစ်စေရပါမယ်
ကိုယ့်ဆီ ပြန်လာပေးပါနော်။ "
သခင်က မျက်ရည်များ ရစ်ဝဲလာသော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်ကာ၊ ကလေးတစ်ယောက်လို အားကိုးရာမဲ့စွာ အသနားခံနေပေမယ့် စံအိမ့်အတွက်တော့ ဒဏ်ရာဟောင်းများကို အပ်နှင့် ထိုးဆွလိုက်သလို ဖြစ်သွားစေသည်။
စံအိမ် အံကို တင်းတင်းကြိတ်ကာ သခင့် မျက်နှာကို တည့်တည့် စိုက်ကြည့်လိုက်ပြီး ...
"ခွင့်လွှတ်ရမယ်...ဟုတ်လား ရှင်က ဘာကို ခွင့်လွှတ်ခိုင်းနေတာလဲ"
"ကျွန်မကို ချစ်ဟန်ဆောင်ပြီး ကျွန်မနှလုံးသားကို ကစားခဲ့တာအတွက်လား။ကျွန်ကို လက်ထပ်ပြီး နှိပ်စက်ခဲ့တာတွေအတွက်လား။
ဒါမှမဟုတ် ကျွန်မကို တောထဲမှာ တိရစ္ဆာန်တစ်ကောင်လို ... "
"တော်ပါတော့ တော်ပါတော့ကွာ ကိုယ်တောင်းပန်ပါတယ်။
တကယ်တောင်းပန်ပါတယ်။ "
"ကျွန်မ မွေးလာမယ့်ကလေးကို ရွံပါတယ်ဆိုတဲ့ရှင်က အခုမှလာပြီး
ဘာ မဏ္ဍပ်တိုက်တက်ပြချင်နေတာလဲ။ ရှင့်မှာ နှလုံးသားရော ရှိသေးရဲ့လား ။ "
သခင့် တစ်ကိုယ်လုံး သွေးဆုတ်သွားသလို ဖြူရော်သွားရသည်။
စံအိမ့် နှုတ်ဖျားမှ ထွက်ကျလာသော စကားလုံးတိုင်း ထိချက်ပြင်းလှ၏။
" ကိုယ် တကယ် တောင်းပန်ပါတယ်။
ကိုယ့်ကို မင်းကျေနပ်တဲ့အထိ အပြစ်ပေးပါ။"
"ရှင့်ကို အပြစ်ပေးဖို့ အချိန်တောင် ကျွန်မမှာ မရှိဘူး။ နောက်ပြီး ရှင့်လို လူမျိုးကို ကျွန်မ မုန်းလည်း မမုန်းတော့ဘူး... ဘာလို့လဲ သိလား ... ရှင့်ကို ကျွန်မရဲ့ ဦးနှောက်ထဲကနေ အပြီးတိုင် ဖျက်ထုတ်ပစ်လိုက်ပြီ မို့လို့ပဲ"
အပိုင်း (၃၅) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)