Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၃၃)

သခင် မီးခိုးတလူလူ ထွက်နေသော စီးကရက်တစ်လိပ်ကို ညှပ်ထားသော်လည်း၊ တစ်ချက်လေးမျှ ဖွာရှိုက်ခြင်း မရှိဘဲ တစ်နေရာရာကိုသာ အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေမိသည်။

"ဒေါက်... ဒေါက်..."

တံခါးခေါက်သံနှင့်အတူ သူ့ရဲ့ ကိုယ်ရေးအရာရှိ မင်းထက် ဝင်လာကာ သူ့ လက်ထဲတွင် အညိုရောင် ဖိုင်တွဲတစ်ခု ပါလာ၏။

"ဘော့စ်... မနေ့က ဘော့စ် စုံစမ်းခိုင်းထားတဲ့ မစံအိမ်ရဲ့ အချက်အလက်တွေ ရပါပြီ ။"

မင်းထက်စကားကြောင့် သခင်လက်ထဲမှ စီးကရက်ကို ပြာခွက်ထဲသို့ ထိုးချေကာ ငြိမ်းသတ်လိုက်သည်။

"ပြော... "

"သူတို့က အခု သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ သိပ်မဝေးတဲ့ ရပ်ကွက်တစ်ခုမှာ တိုက်ခန်းငှားပြီး နေပါတယ်။ သားလေးတစ်ယောက်ရှိပြီး သားအမိနှစ်ယောက်တည်းနေကြတာပါ။ "

"နှစ်ယောက်တည်း..."

သခင့် မျက်ခုံးများ ပင့်တက်သွားရသည်။

"သူ့ယောကျ်ားက ဘယ်သွားနေလို့လဲ။ "

" အိမ်နီးချင်းတွေနဲ့ ရပ်ကွက်လူကြီးတွေဆီက စုံစမ်းရသလောက်တော့... မစံအိမ့်မှာ ယောကျ်ား မရှိပါဘူး။

Single Mother (တစ်ကိုယ်တော် မိခင်) တစ်ယောက်ပါတဲ့။"

"ဘာ"

သခင့် နှုတ်ဖျားမှ အာမေဍိတ်သံ တစ်ခု ထွက်ကျသွားပြီး ဆတ်ခနဲ တုန်ယင်သွားကာ အသက်ရှူနှုန်းများ ရုတ်တရက် မြန်ဆန်လာပြီး

မင်းထက်ကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်မိသည်။

"မင်း... မင်း အခု ဘာပြောလိုက်တယ်။ သေချာ စုံစမ်းခဲ့ရဲ့လား။ ကလေးတစ်ယောက်လုံး ရှိနေတာ၊ ဘယ်လိုလုပ် ယောကျ်ား မရှိရမှာလဲ"

"သေချာပါတယ် ဘော့စ်"

မင်းထက်က ဖိုင်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ကာ စားပွဲပေါ်သို့ ချပေးလိုက်သည်။

"ဒါက ရပ်ကွက်ရုံးက သူ(မ)ရဲ့ ဧည့်စာရင်း မှတ်တမ်းပါ။

အဲ့ရပ်ကွက်ထဲကို သူတို့ စရောက်လာကတည်းက သားအမိနှစ်ယောက်တည်းပါတဲ့။ အဲ့ဒီအချိန်ကတည်းက အခုချိန်ထိ... သူမ ကိုယ်တိုင် ခင်ပွန်း ကွယ်လွန်သွားပြီ လို့ပဲ ပတ်ဝန်းကျင်ကို ပြောထားပါတယ်။ "

"..."

မင်းထက် စကားလုံးတိုင်းက သခင့် ဦးနှောက်ထဲသို့ မိုးကြိုးပစ်ချလိုက်သလို တဒိုင်းဒိုင်း ဝင်ရောက်ပေါက်ကွဲသွားတော့သည်။

သခင့် တစ်ကိုယ်လုံးရှိ သွေးများ အားလုံး ခေါင်းထဲသို့ ဆောင့်တက်သွားသလို ခံစားလိုက်ရပြီး၊ မျက်စိရှေ့ရှိ မြင်ကွင်းများပင် ရုတ်တရက် ဝေဝါးသွားရသည်။

သူ စားပွဲပေါ်ရှိ စာရွက်ကို တုန်ယင်နေသော လက်များဖြင့် ကမန်းကတန်း ဆွဲယူလိုက်ကာ စာရွက်ပေါ်ရှိ စာလုံးများကို ဖတ်နေရင်း သူ့ဦးနှောက်ထဲသို့ အကြောင်းအရာအချို့က အစီအရီဝင်ရောက်လာတော့သည်။

သခင့် ရင်ဘတ်တစ်ခုလုံးပေါက်ကွဲထွက်တော့မည့်အလား အပြင်းအထန် ဆောင့်ခုန်လာတော့၏။

"ဒါ... ဒါဆို..."

သခင့် မျက်ဝန်းအိမ်များက ရုတ်တရက် နီရဲလာပြီး၊ ထိန်းချုပ် မရသော မျက်ရည်စများက ချက်ချင်း ရစ်ဝဲတက်လာလေသည်။

နေထိုက်စံလေး၏ မျက်နှာလေးက သူ့အာရုံထဲတွင် ထင်ရှားစွာ ပေါ်လာကာ ဘာကြောင့် ထိုကလေးက သူနှင့် တစ်ထပ်တည်း တူနေရသလဲ ဆိုသည့် အဖြေကို ယခုမှ သူ အသေအချာ ရှင်းလင်းစွာ သိလိုက်ရ‌တော့သည်။

နေထိုက်စံလေးက သူ့သား ...သူနဲ့ စံအိမ်တို့ရဲ့ သားလေးပဲ။

"ဘော့စ် ... အဆင်ပြေရဲ့လား။ "

မင်းထက် ဘော့စ်ရဲ့ ပုံမှန်မဟုတ်သော အမူအရာကို ကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်၏။

"မင်းသွားလို့ရပြီ "

"ဟုတ်ကဲ့ "

မင်းထက် အခန်းအပြင်သို့ ရောက်သွားသည်နှင့်တပြိုင်နက် ပါးပြင်ထက် မျက်ရည်တို့ ဖြိုင်ဖြိုင်မိုးသွားတော့သည်။

သူ့သားဆိုတာ သိလိုက်ရတာကြောင့် ကြည်နူးဝမ်းသာမှုနှင့်အတူ

ထိုအချိန်က သူမပုံစံလေးကို မြင်ယောင်မိတော့ ရင်ထဲစို့နင့်သွားရသည်။

သူမ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရှာမလဲ။ ကလေးတစ်ဖက်နဲ့ ဘယ်လိုတွေများ ရုန်းကန်ခဲ့ရမလဲ။

"တောင်းပန်ပါတယ် ... ကိုယ် တကယ် တောင်းပန်ပါတယ်။

ကိုယ်က လူယုတ်မာကြီး ပါကွာ..."

____________

"စံအိမ်ရေ ...ဘော့စ်က အစည်းအဝေးခန်းထဲကို အခုချက်ချင်း လာခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ်"

မားကတ်တင်းအဖွဲ့က မသင်ဇာ လာပြောတဲ့ စကားကြောင့် စံအိမ်

စိတ်ညစ်သွားရသည်။

ဘော့စ်ဆိုတာ နေမင်းသခင်ကိုပြောတာဖြစ်ပြီး စံအိမ်တို့အလုပ်ရှင်သူဌေးကိုတော့ အားလုံးက သူဌေး(သို့မဟုတ်) ဆရာဟုသာ ခေါ်ကြ၏။

"ရှင် ... စံအိမ်တစ်ယောက်တည်းလား။"

"ဟုတ်တယ် ... ဟိုမှာစောင့်နေတယ် သွားလိုက်ဦးနော် "

"ဟုတ် "

မသွားလို့လည်း မရတာကြောင့် စံအိမ် လေးပင်စွာ ထလာခဲ့ရ၏။

အစည်းအဝေးခန်းထဲရောက်တော့ သူနဲ့စံအိမ်နှစ်ယောက်တည်းရှိကာ စံအိမ့်ကိုမြင်သည်နှင့် ထိုင်ရာမှ ထလာပြီး စံအိမ့် ရှေ့တည့်တည့်၌ လာရပ်လေသည်။

ထို့နောက် သခင် သူမမျက်နှာလေးအား ‌စိုက်ကြည့်ပြီး ...

"စံအိမ်..."

"..."

"သား... သားလေးက... ကိုယ့်သားလေးမလား။"

"ဟင် "

စံအိမ့် ရင်ဘတ်ထဲသို့ ဓားတစ်ချောင်းနှင့် အပြင်းအထန် ထိုးစိုက်ချလိုက်သလို ခံစားလိုက်ရ၏။

"ရှင်... ရှင် ဘယ်လိုလုပ် သားလေးကို..."

"ကျေးဇူးပြုပြီး အမှန်အတိုင်းဖြေပေးပါကွာ ... ကိုယ် သိချင်လို့ ရူးတော့မယ် ..."

လွန်ခဲ့သော လေးနှစ်ကျော်ကတည်းက သူ့သွေးသားလေး တစ်ယောက် ဒီလောကကြီးထဲ ရောက်နေခဲ့တာကို သူ အခုမှ သိရသည်ဆိုသော အသိက သူ့ရင်ကို တမြေ့မြေ့လောင်ကျွမ်းနေသလိုပင်။

"မဟုတ်ဘူး။"

"ဘယ်... ဘယ်လို..."

"ဟုတ်တယ်... ရှင် ကြားတဲ့အတိုင်းပဲ။ သားက ရှင့်သား မဟုတ်ဘူး။

ရှင်မေ့နေပြီလား။

ရှင်ကျွန်မကို ဘယ်တုန်းက ကလေးယူခွင့်ပြုခဲ့လို့လဲ။ "

"ဒါပေမယ့် ...မယုံဘူး။

မင်းကိုယ့်ကို လိမ်နေတာ ... သားက ကိုယ့်သားဆိုတာသေချာတယ်။ "

ပြောရင်းနှင့်ပင် စံအိမ့် ကိုယ်လေးကို ရုတ်တရက် သူ့ရင်ခွင်ထဲသို့ အတင်းအကျပ် ဆွဲသွင်း ဖက်တွယ်လိုက်တော့သည်။

"ရှင် ဘာလုပ်တာလဲ။

လွှတ် ... လွှတ်စမ်း။ "

"တောင်းပန်ပါတယ်။

ကိုယ်တောင်းပန်ပါတယ်။

မင်းကြိုက်တဲ့အပြစ်ပေးပါ။"

"နေမင်းသခင် ရှင့်ကို ကျွန်မ လွှတ်လို့ပြောနေတယ်နော်။"

"သားက ကိုယ့်သားဟုတ်တယ်မလားကွာ။

ကိုယ့်ကိုမညာပါနဲ့ "

သခင် မျက်ရည်များကျဆင်လာပြီး ဒူးထောက်ကျသွားကာ စံအိမ်လက်ကလေးနှစ်ဖက်အား ဆုပ်ကိုင်လိုက်၏။

"မဟုတ်ဘူးလို့ ပြောနေတယ်မလား။

ကျွန်မကို ကျွန်မကို လွှတ်ပေးပါတော့။"

စံအိမ် သူ့လက်ထဲမှ ရုန်းထွက်ကာ အပြင်ထွက်ခဲ့လိုက်တော့သည်။

_____________

"ဟဲ့ စံအိမ်နဲ့ ဘော့စ်နဲ့က တစ်ခုခုပဲနော် "

"အေး ငါလည်း အဲ့တာပဲပြောမလို့ "

"ဟုတ်တယ် ... ငါလည်း သတိထားမိတာကြာပြီ "

စံအိမ်မရှိချိန် ရုံးခန်းထဲမှာတော့ သူမတို့အကြောင်းကို စိတ်ဝင်တစားပြောနေကြ၏။

"ဘော့စ်က စံအိမ်ကိုများကြိုက်နေတာလား။ "

"ဟာ ... မဖြစ်နိုင်တာ။ "

"အေးလေ ... စံအိမ်က အပျိုမှမဟုတ်တာ။

ကလေးရော ရှိတာကို "

"ဟဲ့ ... ကလေးအမေပေမယ့် အပျိုရှုံးအောင်လှတာလည်း ထည့်ပြောဦး "

"ဒါပေမယ့် ဘော့စ်လို ဥစ္စာပေါ ရုပ်ချော မိန်းမမှန်သမျှ ခေါင်းခေါက်ရွေးလို့ရနိုင်တဲ့ သူကတော့ ကြိုက်မှာမဟုတ်ပါဘူးဟ။ "

"ဟာ ... မသိတော့ဘူးဟာ။

ဒါပေမယ့် သူတို့ကြားမှာ တစ်ခုခုရှိတာတော့သေချာတယ်။ "

______________

စံအိမ် သားလေး အန်တီကြီးလှိုင့်ဆီမှာ အပ်ပြီး ရုံးသွားရန် ဘတ်စ်ကားမှတ်တိုင်သို့ လျှောက်လာခဲ့လိုက်သည်။

ဒါပေမယ့် လမ်းထိပ်သို့ အအရောက်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရင်တွေ ဒိန်းခနဲ ဆောင့်ခုန်သွားရ၏။

နေမင်းသခင် စီးနေကျ အနက်ရောင် ကားကြီးက လမ်းထိပ်၌ အသင့်စောင့်နေပြီး သူမကိုမြင်သည်နှင့် ကားပေါ်မှ ဆင်းကာ သခင် သူမရှေ့တွင် ပိတ်ရပ်လိုက်လေသည်။

"စံအိမ်... ကားပေါ်တက် ကိုယ်တို့ စကားပြောရအောင်။"

"..."

စံအိမ် မျက်မှောင်ကြုတ်ကာ လှည့်ထွက်ရန် ပြင်လိုက်သော်လည်း၊ ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များကို သတိထားမိသွားသဖြင့် အံကိုကြိတ်ကာ ကားပေါ်သို့ ဝင်ထိုင်လိုက်ရသည်။

သခင် စတီယာရင်ပေါ်တွင် လက်နှစ်ဖက်ကို တင်ထားရင်း၊ ခေါင်းကို အနည်းငယ် ငုံ့ကာ အသက်ကို ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် သူမဘက်သို့ လှည့်ကာ ...

"စံအိမ် သားက ကိုယ့်သားပဲဆိုတာ သေချာတယ်။

ကိုယ်အများကြီး မှားခဲ့တယ် ဆို‌ပေမယ့်... သားက ကိုယ်နဲ့လည်း ဆိုင်ပါတယ်ကွာ..."

သူ့စကားကြောင့် စံအိမ် ဒေါသထွက်သွားရကာ သူ့ကို စူးစူးရဲရဲကြည့်လိုက်ပြီး ...

" သားက ရှင့်သား မဟုတ်ပါဘူးလို့ ကျွန်မ ဘယ်နှခါ ပြောရမလဲ။"

"အိုကေ ... မင်းပြောသလို သားက ကိုယ့်သား မဟုတ်ရင်တောင်... မင်းက ကိုယ့်မိန်းမပဲ ... အဲ့တာကြောင့် မင်ူရဲ့သားက ကိုယ့်သားပဲ"

"ဘာ ...ဘယ်သူက ရှင့်မိန်းမလဲ"

"ကိုယ့်အမှားတွေအတွက် ကိုယ် ဒီလို မ‌ေပြာသင့်‌ေပမယ့်... မင်းနဲ့ကိုယ်က တရားဝင် လက်ထပ်ထားတဲ့ လင်မယားတွေပဲ။ဘယ်တုန်းကမှလည်း မကွာရှင်းထားရသေးဘူး။ အဲ့တာကြောင့် မင်းက အခုထိ ကိုယ့်မိန်းမ ဖြစ်နေတုန်းပဲ။"

သခင့်စကားကြောင့် စံအိမ် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ ...

"အဟမ့် ...ဘယ်လောက်ပဲ တရားဝင် လက်ထပ်ထားပါစေ... လင်နဲ့မယား ကွဲနေတာ သုံးနှစ်ပြည့်ရက် အလိုအလျောက် ကွာရှင်းပြီးသား ဖြစ်သွားတာ ရှင် မသိဘူးလား။"

သူမစကားကြောင့် သူ့မျက်နှာ တင်းခနဲဖြစ်သွားကာ ရင်ထဲကလည်း ဆစ်ခနဲ နာကျင်သွားရသည်။

"ဒါပေမယ့် အဲ့တာ... မင်းကို ကိုယ်ရှာမတွေ့ခဲ့တာလေ။

မင်းက ကိုယ့်ဆီက ထွက်ပြေးပြီး... အပုန်းကောင်းနေခဲ့တာလေ "

"ရှင် နှိပ်စက်ခဲ့လို့လေ..."

စံအိမ် ပါးပြင်ထက်သို့ မျက်ရည်များ ကျဆင်းလာကာ အော်ပစ်လိုက်သည်။

"တောင်းပန်ပါတယ် ... ကိုယ် တောင်းပန်ပါတယ်ကွာ..."

ငိုသံစွက်နေသော အသံများဖြင့် တောင်းပန်တိုးလျှိုကာ စံအိမ့် လက်သီးဆုပ်လေးများကိုလည်း ဆုပ်ကိုင်လိုက်သည်။

စံအိမ်က ရုန်းဖယ်ရန် ကြိုးစားသော်လည်း၊ သူက ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

"ကိုယ် အဖြစ်မှန် အားလုံးကို သိပြီးသွားပါပြီ ... ကိုယ် မှားမှန်း သိပါပြီ..."

သူမ လက်ကလေးများကို သူ့ နဖူးနှင့် အပ်ကာ၊ မျက်ရည်များ ကျဆင်းရင်း ရှိုက်ကြီးတငင် တောင်းပန်နေတော့သည်။

"မင်းနဲ့ သားလေး အပေါ်မှာ ကိုယ် လုပ်ခဲ့တဲ့ အပြစ်တွေက ဘယ်လိုမှ ခွင့်လွှတ်လို့ မရဘူး ဆိုတာ ကိုယ် သိပါတယ်။ ဒါပေမယ့်... ကိုယ့်ကို တစ်ကြိမ်လေးပဲ... တစ်ကြိမ်လေးပဲ အခွင့်အရေး ပြန်ပေးပါကွာ။ ကိုယ် တောင်းပန်ပါတယ် စံအိမ်ရယ်..."

"ကျွန်မရုံးနောက်ကျနေပြီ ဖယ်ပေးပါ။ "

"ကိုယ် ... ကိုယ် ..."

"အခု ကျွန်မကို အလုပ်ပြုတ်အောင်ပါ လုပ်ချင်နေတာလား။ "

"မဟုတ်ပါဘူး ... ကိုယ် "

"ဖယ် ..."

"အင်းပါ ... ကိုယ်လိုက်ပို့မယ်လေ"

"မလိုပါဘူး။ "

အပိုင်း (၃၄) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃၂) နောက်အခန်း - အပိုင်း (၃၄) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ