Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၃၂)

ရုံးရှေ့ရှိ ဘတ်စ်ကားမှတ်တိုင်တွင် လူအုပ်ကြီးကြားထဲ တိုးဝှေ့ကာ ကားစောင့်နေသော စံအိမ့်ကို... အနည်းငယ် လှမ်းသော နေရာရှိ အနက်ရောင်ကားကြီးပေါ်မှ နေမင်းသခင် ငေးကြည့်နေမိသည်။

သူ့ကားမှန်များကို ချထားသဖြင့် အပြင်ဘက်မှ သူ့ကို မမြင်နိုင်သော်လည်း သူ့အကြည့်များကတော့ လူအုပ်ထဲမှ ကျောပြင်လေးဆီသို့သာ တည့်မတ်စွာ ကျရောက်နေ၏။

မကြာမီ လူအပြည့်ပါလာသော ဘတ်စ်ကားပေါ်သို့ လက်ဆွဲအိတ်လေးကို ရင်ခွင်ထဲ အတင်းပိုက်ကာ ကားပေါ်သို့ တိုးဝှေ့တက်သွားလေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း သခင် မျက်မှောင်များ တွန့်ချိုးသွားပြီး ကားစတီယာရင်ကို ကိုင်ထားသော လက်ချောင်းများ တင်းကျပ်သွားရသည်။

သခင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ကားစက်နှိုးကာ ဘတ်စ်ကားနောက်မှ ခပ်ခွာခွာလေး လိုကသွားလိုက်သည်။

နောက်မှတ်တိုင်အရောက်တွင် စံအိမ်က ကားပေါ်မှ ဆင်းလာပြီး ခပ်သုတ်သုတ် လျှောက်သွားလျှင် သခင်လည်း ကားကို ရပ်ကာ ကားမှန်ကို ချပြီး သူမ နောက်ကျောလေးကို အဝေးမှ မျက်ခြည်မပြတ် လိုက်ကြည့်နေမိသည်။

စံအိမ်က လမ်းထိပ်ရှိ ဆိုင်တန်းလေးများဘက်သို့ ကွေ့ဝင်သွားလိုက်ပြီး သံပန်းတံခါးနှင့် ခြံဝင်းလေး တစ်ခုထဲသို့ ဝင်သွားလိုက်သည်။ ထိုနေရာသည် နေထိုက်စံလေးကို နေ့ဘက်တွင် အပ်ထားသော နေရာဖြစ်၏။

"မေမေ..."

အသံစူးစူးလေးနှင့်အတူ ခြံထံမှ သားလေးထွက်လာလျှင် စံအိမ် ဒူးထောက်ထိုင်ချကာ ပြေးလာသော သားလေးကို လက်နှစ်ဖက် ဆန့်တန်းကာ ဖမ်းယူလိုက်သည်။

"ပွေ့..."

သားလေးက စံအိမ့် ရင်ခွင်ထဲသို့ အရှိန်နှင့် တိုးဝင်လာပြီး စံအိမ့်လည်ပင်းကို လက်မောင်းသေးသေးလေးများဖြင့် အတင်း ဖက်ထားကာ စံအိမ်လည်း သားလေးရဲ့ ကိုယ်လုံးလေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ပါးဖောင်းဖောင်းလေးများကို ဘယ်ပြန်ညာပြန် အကြိမ်ကြိမ် နမ်းရှိုက်လိုက်သည်။

စံအိမ် တစ်နေကုန်ပင်ပန်းခဲ့ရသမျှ ဒီအချိန်လေးမှာတင် အားလုံးပျောက်ကွယ်သွားရတော့သည်။

"မေမေ့ သားလေး... ဒီနေ့ရောလိမ္မာရဲ့လား။ နေ့လည်က ထမင်း အများကြီး စားလား။ "

သားလေး နဖူးလေးကို သူမ နဖူးနှင့် အပ်ကာ မေးလိုက်လျှင် နေထိုက်စံလေးက ခေါင်းလေးတဆတ်ဆတ်ညိတ်ကာ ပြန်ဖြေ၏။

"ဟုတ်ကဲ့ မေမေ "

ခပ်လှမ်းလှမ်းမှ သူမတို့ သားအမိကို ငေးကြည့်နေသော သခင်လည်း ထိုမြင်ကွင်းလေးအား ကြည့်၍ အလိုလိုပြုံးနေမိ၏။

သခင်အတန်ကြာ စိုက်ကြည့်နေမိရင်း သူ့မျက်လုံးများက စံအိမ့် ရင်ခွင်ထဲမှ ကလေးငယ်လေးဆီသို့ တည့်မတ်စွာ ရောက်ရှိသွားကာ

ကိုယ်လေး တောင့်တင်းသွားရသည်။

သခင့် ငယ်ရုပ်နှင့် တော်တေယ်တူနေတဲ့ ထိုကလေးလေးဆီမှ သခင်အကြည့်မခွာနိုင်ဖြစ်နေမိ၏။

စံအိမ်သာ ထိုကလေးက သူ့သားပါလို့ပြောရင် သူခြွင်းချက်မရှိ ယုံပါသည်။

ထိုအခိုက်အတန့်... ထိုကလေးလေး၏ အပြုံးလေးကို မြင်လိုက်ရချိန်တွင် သခင့် ရင်ဘတ်ထဲမှ နှလုံးသားက အလိုအလျောက် ဆောင့်ခုန်သွားပြီး၊ ရှင်းပြမရသော ရင်းနှီးမှုတစ်ခု ရုတ်တရက် အပြင်းအထန် ရိုက်ခတ်သွား‌၏။

စံအိမ်က သားလေးကို ချီလိုက်ပြီး လမ်းထိပ်ရှိ မုန့်ဆိုင်ရှေ့တွင် ရပ်လိုက်ကာ မုန့်တွေဝယ်ပေးလိုက်လျှင် သားလေးက မုန့်ကို စားရင်း စံအိမ့် ပါးပြင်ကို ရွှတ်ခနဲ လှမ်းနမ်းလိုက်ရာ စံအိမ် အသံထွက်သည်အထိ ရယ်လိုက်လေသည်။

ထိုရယ်သံလေးက သခင့် နားထဲသို့ ဝင်ရောက်လာချိန်တွင်တော့

သခင့် မျက်ဝန်းအိမ်များ ရုတ်တရက် ပူနွေးလာပြီး အမြင်အာရုံများ ဝေဝါးလာကာ မျက်နှာကို လက်နှင့် အုပ်ကာ နောက်မှီခုံပေါ်သို့ လေးလံစွာ မှီချလိုက်မိသည်။

"မင်း တကယ် ပျော်နေတာပဲ "

_______________

စံအိမ် အခုတလော အလုပ်မှာ အမြဲတမ်းလိုလို သခင်နှင့် မျက်နှာချင်းဆိုင် တွေ့နေရတာ သူမအတွက် မသက်သာလှပါ။

ထို့ကြောင့် အလုပ်ထွက်ချင်ပေမယ့် တခြားအလုပ်အသစ်မှာ ပြန်စဖို့ဆိုတာလည်း မလွယ်ကူလှ။

ထိုအလုပ်လေးနဲ့ကလည်း အသားကျနေပြီမို့ အဆင်ပြေနေပြီဖြစ်၏။

တစ်ယောက်တည်းဆို ဘာမှ မဖြစ်ပေမယ့် သားလေးရော ရှိနေတာကြောင့် အရာရာကို စဉ်းစားချင့်ချိန်နေရသည်။

_______________

နေမင်းသခင် ဒီနေ့လည်း သူကိုယ်တိုင်ပင် မသိလိုက်ခင် မနေ့က နေရာလေးသို့ ရောက်လာမိပြန်သည်။

ဒီနေ့တော့ ကားကို လမ်းထိပ်မှာ ရပ်ထားခဲ့ပြီး မနေ့က သူမတို့ သားအမိနှစ်ယောက်ဝင်သွားတဲ့ အိမ်ဘက်သို့ ခြေလျင်လျှောက်လာခဲ့လိုက်၏။ suitအပြည့်အစုံနှင့် သူ့ပုံစံက အခြေခံ လူတန်းစား ရပ်ကွက်ထဲမှာတော့ အထူးတဆန်းဖြစ်နေကာ ရပ်ကွက်ထဲက လူတွေက ကွက်ကြည့်ကွက်ကြည့်ကြည့်နေကြလေသည်။

ဒါပေမယ့် သခင်က ထိုအကြည့်များကို ဂရုမစိုက်ပဲ မနေ့က ခြံကိုသာ တန်းတန်းမတ်မတ်လျှောက်ခဲ့လိုက်၏။

ဒီအချိန်ဆို စံအိမ်က ရုံးမှာပဲ ရှိနေမယ်ဆိုတာသိ‌တာကြောင့် သူတမင် ရွေးလာခဲ့ခြင်းပင်။

သို့သော် သူကိုယ်တိုင်လည်း ဘာလို့ လာမိမှန်း စဉ်းစားလို့မရ။

မနေ့က သေချာ တွေ့လိုက်ရတဲ့ ထိုကလေရဲ့ မျက်နှာလေး အပြုံးလေးများက သခင့် မျက်လုံးထဲတွင် စွဲထင်နေပြီး မနေ့ညက တစ်ညလုံး အိပ်လို့ပင်မပျော်။

ခြံဝင်းလေးရှေ့သို့ ရောက်လျှင် သခင် လှမ်းကြည့်လိုက်ရာ စံအိမ့် သားလေးက တစ်ယောက်တည်း ရောင်စုံ ပလတ်စတစ် ကားလေး တစ်စီးကို ကိုင်ကာ ဆော့ကစားနေသည်ကို မြင်လိုက်ရသည်။

ဝတ်ထားတဲ့ တီရှပ် အဖြူလေးနှင့် ဘောင်းဘီတိုလေးက သန့်ရှင်းသပ်ရပ်နေပြီး ပါးဖောင်းဖောင်းလေးများက ပန်းသီးလေး နီရဲနေကာ ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးလေးကို သူချစ်နေမိတာလည်း မထူးဆနးပါဘူး။ထိုကလေးလေးကို ကြည့်ရင်း သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ နှုတ်ခမ်းထောင့်စွန်းများက အပေါ်သို့ ကွေးတက်သွားပြန်သည်။

ထိုစဉ်... ကလေး တွန်းလွှတ်လိုက်သော ပလတ်စတစ် ကားလေးက သံပန်းတံခါး အောက်ခြေက ဟာနေသော နေရာမှတစ်ဆင့် အပြင်ဘက် လမ်းမပေါ်သို့ လိမ့်ထွက်လာပြီး သခင့် ဖိနပ် အနားသို့ လာတိုက်မိကာ ရပ်သွားလေသည်။

"ဟာ..."

နေထိုက်စံလေး အသံလေး ထွက်သွားပြီး တံခါးနားသို့ ပြေးသွားလိုက်ကာ တံခါးအပြင်ဘက်တွင် ရပ်နေသော နေမင်းသခင့်ကို အောက်မှနေ၍ မော့ကြည့်လိုက်ပြီးမျက်လုံးဝိုင်းဝိုင်းလေးများက အနည်းငယ် ပြူးကျယ်သွား၏။

သခင် သူ့ခြေထောက်နားက ကားရုပ်လေးကို ငုံ့ကောက်လိုက်ပြီး ဒူးတစ်ဖက်ကို ထောက်ကာ ဆောင့်ကြောင့် ထထိုင်လိုက်၍ အရှေ့မှ ကလေးလေးအား စိုက်ကြည့်ကာ ...

"ဒါ... သား ကားလေးလား။"

သခင်က ကားလေးကို သံပန်းတံခါးကြားမှ ကမ်းပေးရင်း မေးလိုက်သည်။

"ဟုတ်... သားသား ကားလေး မေမေ ဝယ်ပေးထားတာ။"

နေထိုက်စံလေးက သခင့် လက်ထဲမှ ကားလေးကို လှမ်းယူရင်း ဖြေလေသည်။

"သား နာမည် ဘယ်လို ခေါ်လဲ။"

"နေထိုက်စံ... သားသားနာမည် နေထိုက်စံပါ ခင်ဗျ။ "

"နေထိုက်စံ "

နာမည်လေးကို သံယောင်လိုက်ကာ ရေရွတ်ရင်း သခင့်ရင်ထဲ ဖျင်းခနဲဖြစ်သွားရသည်။

"ဟုတ် ...ဦးဦးရော နာမည် ဘယ်လိုခေါ်လဲ။ ဦးဦးက အရပ်ကြီး အရှည်ကြီးပဲနော်။"

ကားလေးကို ရင်ခွင်ထဲ ပိုက်ထားရင်း လူကြီးတစ်ယောက်လို ရဲတင်းစွာ ပြန်မေးလိုက်တဲ့အမေးလေးကြောင့် သခင် အသံထွက်ကာ ရယ်လိုက်မိသည်။

"ဦးဦး နာမည်က... သခင် တဲ့။ နေမင်းသခင် လို့ ခေါ်တယ်။"

သခင်က ပြောရင်းဖြင့် သူ့လက်ကို သံပန်းတံခါးကြားထဲသို့ တိုးဝင်ကာ နေထိုက်စံလေး၏ ဆံပင်လေးများကို ဖွဖွလေး သပ်တင်ပေးလိုက်၏။

"..."

ကလေး ခေါင်းလေးနှင့် သူ့လက်ဖဝါး ထိတွေ့သွားသော စက္ကန့်ပိုင်းလေးအတွင်းမှာပင်... သခင့် တစ်ကိုယ်လုံး လျှပ်စစ်စီးသွားသလို ကျင်တက်သွားပြီး နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ ဆောင့်ခုန်သွားရသည်။

သခင် နေထိုက်စံလေး၏ မျက်နှာကို အနီးကပ် သေချာ စိုက်ကြည့်လိုက်ကာ ...

'ဘာလို့... ဒီကလေးက ငါနဲ့ ဒီလောက်တူနေရတာလဲ... မဟုတ်မှလွဲရော...'

သခင့် ဦးနှောက်ထဲတွင် လျှပ်စီးလက်သလို အတွေးတစ်ခု ဝင်လာသော်လည်း၊ ချက်ချင်းပင် ထိုအတွေးကို ပြန်ဖျောက်ဖျက်ပစ်လိုက်သည်။

'မဖြစ်နိုင်ပါဘူး ... သူမက သူ့ကို အဲ့ဒီလောက် မုန်းနေတာ... သူ့ရင်သွေးကို မွေးမယ်တဲ့လား။ '

သူက ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ သို့သော် သူမျက်ဝန်းများကတော့ ကလေးငယ်ရဲ့ မျက်နှာလေးပေါ်မှ လုံးဝ မခွာနိုင်အောင် ဖြစ်နေ၏။

အထူးသဖြင့် ထိုရဲတင်းပြီး စူးရှသော အကြည့်လေးများက သူနှင့် အလွန် တူနေသည်။

"ဦးဦး..."

နေထိုက်စံလေးက သခင့်ကို စိုက်ကြည့်နေရင်း လက်သီးဆုပ် သေးသေးလေးကို သံပန်းတံခါး အပြင်ဘက်သို့ ထုတ်ကာ သခင့် Suit အင်္ကျီပေါ်ရှိ ရွှေရောင် ကြယ်သီးလေးကို လှမ်းကိုင်ကြည့်လိုက်ကာ ...

"ဦးဦး အင်္ကျီက လှတယ်နော် ... သားသား ကြီးလာရင်လည်း အဲ့ဒီလို အင်္ကျီမျိုး ဝတ်မှာ။"

"ဝတ်ရမှာပေါ့ကွ... သား ကြီးလာရင် ဦးဦးက အများကြီး ဝယ်ပေးမှာပေါ့။"

သခင်က ထိုကလေးလေးရဲ့ လက်ဖဝါး သေးသေးလေးကို သူလက်ကြီးများဖြင့် အုပ်မိုးကာ ညင်သာစွာ ဆုပ်ကိုင်ထားလိုက်သည်။ သူများ ကလေးဆိုတာ သိနေပေမယ့် ဒီကလေးလေးကို အရာရာ ပုံအပ်ထားချင်လောက်အောင် သူ ရူးသွပ်စွာ သံယောဇဉ် တွယ်နေမိလေသည်။

"သားသား... ချောကလက် စားမလား။"

သခင် သူ့ အင်္ကျီအိတ်ကပ်ထဲမှ ကြိုဝယ်လာခဲ့သော နိုင်ငံခြားဖြစ် ချောကလက်ဘူး အသေးလေး တစ်ဘူးကို ထုတ်ပေးလိုက်သည်။

စံအိမ် သိပ်ကြိုက်တဲ့ ချောကလက်‌ဆိုလည်း မမှား။

"ဝါး... ချောကလက် စားမယ်... စားမယ်။"

နေထိုက်စံလေးက ပျော်ရွှင်စွာဖြင့် လှမ်းယူလိုက်ပြီးမှ မျက်လုံးလေး ကလည်ကလည် လုပ်ကာ...

"ဒါပေမယ့်... မေမေက သူများကျွေးတာတွေ မစားရဘူးတဲ့။

မေမေ သိရင် ဆူလိမ့်မယ်။"

"ဦးဦးက သူများမှ မဟုတ်တာ။

ဦးဦးနဲ့ သား အခုပဲ သူငယ်ချင်းဖြစ်သွားကြပြီ မဟုတ်ဘူးလား။

မေမေ့ကို မပြောနဲ့လေ ဒါက ဦးဦးနဲ့ သားသားနဲ့ နှစ်ယောက်တည်း သိတဲ့ လျှို့ဝှက်ချက် ဟုတ်ပြီလား။"

သခင် မျက်စိတစ်ဖက် မှိတ်ပြကာ လက်သန်းလေးကို ထောင်ပြလိုက်လေသည်။

"ဟုတ်... လျှို့ဝှက်ချက်။"

နေထိုက်စံလေးကလည်း ရယ်ကာ သူ့ လက်သန်းသေးသေးလေးဖြင့် သခင့် လက်သန်းကြီးကို လာရောက် ချိတ်တွယ်ကာ ကတိပေးလိုက်သည်။

"သားသား ရေ... အိမ်ထဲ ဝင်လာခဲ့တော့လေ နေပူလာပြီ။"

ထိုစဉ်... အိမ်ထဲမှ အန်တီကြီး၏ လှမ်းခေါ်သံ ထွက်ပေါ်လာကာ

သခင်က ချက်ချင်း နေရာမှ မတ်တတ်ရပ်လိုက်သည်။ သူ ဒီထက်ပိုပြီး အချိန်ကြာကြာ နေ၍ မဖြစ်တော့ပေ။ တစ်ယောက်ယောက် မြင်သွားလျှင် စံအိမ် သိသွားပြီး ပြဿနာ ပိုကြီးသွားနိုင်သည်။

"ဦးဦး သွားတော့မယ်နော် သား"

"ဟုတ်ကဲ့... ဦးဦး သခင် တာ့တာ..."

နေထိုက်စံလေးက ချောကလက်ဘူးလေးကို ကိုင်ကာ လက်ပြနှုတ်ဆက်လိုက်လျှင် သခင်လည်း ခေါင်းညိတ်ပြပြီး နောက်သို့ လှည့်ကာ ကားရှိရာသို့ ခြေလှမ်းလေးလံစွာဖြင့် ပြန်လည် လျှောက်လှမ်းလာခဲ့လိုက်၏။

ကားပေါ်ရောက်လျှင်... သခင် စတီယာရင်ပေါ်သို့ ခေါင်းအပ်ကာ မျက်လုံးများကို စုံမှိတ်ထားလိုက်မိသည်။

အပိုင်း (၃၃) ဆက်ရန် ... Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၃၁) နောက်အခန်း - အပိုင်း (၃၃) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ