"သ ... သခင် "
စံအိမ့် မျက်နှာတစ်ခုလုံး သွေးဆုတ်ကာ ဖြူရော်သွားပြီး နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်ယင်လာရသည်။
"ဘုတ်..."
လက်ထဲတွင် ကိုင်ထားသော ဖိုင်တွဲများပင် လက်မှ လွတ်ကျကာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားတော့၏။
ထိုအသံကြောင့် အစည်းအဝေးခန်းထဲသို့ လျှောက်လာသော သခင့် ခြေလှမ်းများ တုံ့ခနဲ ရပ်သွားကာ သူ့အကြည့်များက ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော ဖိုင်များကို ကျော်လွန်ကာ၊ ကြောက်လန့်တကြား တုန်ယင်နေသော စံအိမ့် မျက်နှာလေးဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားလေသည်။
ထိုအခိုက်အတန့် ... သခင့် ရင်ဘတ်ထဲမှ နှလုံးသားက ဗုံတစ်လုံးကို ဆောင့်တီးလိုက်သလို "ဒိုင်း" ခနဲ ခုန်ပေါက်သွားကာ အချိန်တွေ ရပ်တန့်သွားသလိုပင်။
သူမကို ပြေးဖက်ချင်စိတ်များက သခင့် တစ်ကိုယ်လုံးကို လွှမ်းမိုးသွားသော်လည်း ဟိုနေ့က ရှောပင်မောလ်တွင် တွေ့ခဲ့ရသည့်... 'မေမေ' ဟု ခေါ်ကာ ပြေးဖက်လာသော ကလေးလေးရဲ့ ပုံရိပ်က
သခင့် ဦးနှောက်ထဲသို့ လျှပ်စီးလက်သလို ဝင်ရောက်လာတာကြောင့် ခေါင်းကိုခါယမ်းပစ်လိုက်ကာ သူထိုင်ရမည့်ခုံသို့ ဆက်လျှောက်လာခဲ့လိုက်သည်။
သို့သော် သခင့်ကိုမြင်တာနှင့် တုန်လှုပ်နေမိတဲ့ စံအိမ်က သူရှေ့သို့ ခြေတစ်လှမ်းတိုးလာတိုင်း နောက်သို့ ခြေလှမ်းများ ဆုတ်မိလေလေ ဖြစ်၏။ သူမ မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းနေပြီး ထိတ်လန့် တုန်လှုပ်နေမိသည်။ နောက်ဆုံး သူမ နောက်ဆုတ်ရင်း စားပွဲစွန်းနှင့် ငြိကာ လဲကျတော့မည့် ဆဲဆဲတွင်...
သခင့် လက်တစ်ဖက်က ဝှေ့ယမ်းလာပြီး သူမ ခါးသိမ်သိမ်လေးကို ထိန်းကိုင်ပေးလိုက်လေသည်။
"အ... လွှတ် လွှတ်ပါ"
စံအိမ် ကြောက်လန့်တကြား အော်ကာ ရုန်းထွက်လိုက်သည်။
သူမရဲ့ ထိုပုံစံလေးက သခင့် ရင်ဘတ်ကို ဓားနှင့် ထိုးဆွလိုက်သလိုပင်။ ကိုယ်က မင်းအတွက် အခုထိ ရွံစရာကောင်းပြီး ကြောက်စရာကောင်းတဲ့ကောင် ဖြစ်နေတုန်းပဲလား ...။ သခင် သူ့လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ပြီး နောက်သို့ တစ်လှမ်း ဆုတ်ကာ ...
"ဆောရီး ... လဲကျတော့မှာမို့လို့ ဖမ်းပေးလိုက်တာပါ။ "
"..."
တခြားသူတွေကလည်း သုမတို့နှစ်ယောက်ကို ဝိုင်းကြည့်နေကြတာကြောင့် စံအိမ် အံကြိတ်ကာ နေရာမှာ ဝင်ထိုင်လိုက်၏။
ဒီလောက်ထိဆုံတတ်တဲ့ ရေစက်ဆိုးကြီးကလည်း မုန်းဖို့ကောင်းလိုက်တာ။
________________
စံအိမ့်ကို ဟိုတစ်နေ့က တွေ့လိုက်တဲ့နေ့မှစ၍ နေမင်းသခင် ထိုကုမ္ပဏီသို့ သွားစရာမလိုပဲ အကြောင်းအမျိုးမျိုးရှာပြီး သွားတော့သည်။
သူမမှာ ဆိုင်သူရှိနေပြီဆိုတာသိပေမယ့် မျက်နှာလေးပဲဖြစ်ဖြစ် မြင်ချင်တာကြောင့် အလုပ်ဗန်းပြကာ ခဏခဏသွားနေမိရာ သူ့ဝန်ထမ်းတွေပင် အထူးတဆန်းအံ့ဩနေကြ၏။
___________
ရုံးဆင်းချိန်ရောက်တော့တာကြောင့် ဝန်ထမ်းအားလုံးလိုလို ပြန်သွားကြပြီဖြစ်ကာ စံအိမ်သာ နောက်ဆုံး ကျန်နေသော စာရွက်စာတမ်းအချို့ကို မိတ္တူကူးရန် မိတ္တူစက်ခန်းထဲတွင် အလုပ်ရှုပ်နေရသည်။
စက်ထဲမှ ထွက်လာသော စာရွက်များကို သပ်ရပ်စွာ စုစည်းနေစဉ်...
"ကျီ..."
မှန်တံခါး တွန်းဖွင့်လိုက်သံနှင့်အတူ ရင်းနှီးနေသော ရေမွှေးနံ့ခပ်ပြင်းပြင်းက တိုးဝင်လျှင် စံအိမ့် ကျောပြင်လေး ဆတ်ခနဲ တုန်သွားရသည်။ လှည့်မကြည့်ပဲနှင့်ပင် သူမ အနောက်တွင် ဘယ်သူ ရပ်နေသလဲ ဆိုတာကို အလိုအလျောက် သိနေ၏။
စံအိမ်က စာရွက်များကို အမြန်ယူကာ နောက်သို့ လှည့်လိုက်လျှင်မျှော်လင့်ထားသည့်အတိုင်းပင် နေမင်းသခင်က စံအိမ့်ကို စိုက်ကြည့်နေ၏။
သူမလှည့်လာတော့ သူက သူမကို တစ်ချက်မျှသာ စိုက်ကြည့်ပြီးသူမဘေးရှိ စာရွက်စာတမ်း စင်များဘက်သို့ အကြည့်လွှဲသွားကာ ...
"Audit ဝင်မယ့် ဖိုင်တွေက ဘယ်မှာလဲ။"
" ဒုတိယ အထပ်မှာပါ ။"
"အလုပ်ဆင်းနေပြီ ... ဘာလို့ မပြန်သေးတာလဲ။"
"ပြန်တော့မှာ"
သူက စံအိမ်တို့ သူဌေးတောင် လေးစားရတဲ့သူဖြစ်နေတာကြောင့်
စကားမပြောချင်ပေမယ့် ပြန်ပြောရကာ ချက်ချင်းပဲ အပြင်ထွက်လာခဲ့လိုက်သည်။
_______________
နေမင်းသခင် လက်ထဲတွင် ဝီစကီ ခပ်ပြင်းပြင်း တစ်ခွက်ကို ကိုင်ထားပြီး၊ ပြတင်းပေါက်မှ လရောင်အောက်ရှိ ဥယျာဉ်ကို ငေးကြည့်နေမိသည်။
သို့သော်... သူ့အကြည့်များက ဥယျာဉ်ထဲတွင် မရှိပဲ ခိုးကြည့်ခဲ့ရသော စံအိမ့် မျက်နှာလေးကိုသာ မြင်ယောင်နေ၏။ ထိုမျက်နှာလေးကို တွေးမိတိုင်း နှုတ်ခမ်းထောင့်စွန်းများက မသိမသာ ကွေးတက်သွားပြီး အပြုံးတစ်ခုက အလိုအလျောက် ပေါ်လာလေသည်။
ထိုစဉ် ဧည့်ခန်းထဲသို့ ဒေါ်အေးမြရိပ် ဝင်လာကာ သားဖြစ်သူကို သူမ ငေးကြည့်လိုက်မိကာ မျက်နှာပေါ်မှ ခပ်ရေးရေး အပြုံးတစ်ခုကို သူမ ရုတ်တရက် မြင်လိုက်ရတာကြောင့် ရင်ထဲလှိုက်ခနဲဖြစ်သွားရ၏။
စံအိမ် မရှိေတာ့သည့် နေ့မှစ၍ အပြုံးတွေ လုံးဝ ပျောက်ကွယ်သွားခဲ့သော သားဖြစ်သူ၏ မျက်နှာမှ ထိုအပြုံးကို ပြန်မြင်လိုက်ရသောကြောင့် ဒေါ်အေးမြရိပ် ရင်ထဲတွင် လှိုက်ခနဲ ဝမ်းသာသွားရကာ သူ့အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး...
"သား... အခုတလော အရမ်းပြုံးနေပါလား။ ဘာတွေ ပျော်စရာတွေ ရှိနေလို့လဲ။"
မိခင်ဖြစ်သူ၏ အသံကြောင့် သခင် ဆတ်ခနဲ အသိဝင်လာပြီး လှည့်ကြည့်လိုက်ကာ လက်ထဲမှ ဝီစကီခွက်ကို ဘေးနားရှိ စားပွဲပုလေးပေါ်သို့ ဖြည်းညှင်းစွာ တင်လိုက်ပြီး...
"အဟင်း... ကျွန်တော် စံအိမ့်ကို ပြန်တွေ့ပြီ မာမီ။"
သခင့် စကားကြောင့် ဒေါ်အေးမြရိပ် မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် ဝမ်းသာမှုနှင့် အံ့ဩမှုတို့ တစ်ပြိုင်နက် ပေါ်လာကာ ...
"ဟယ်... တကယ်လား သား တကယ်... တကယ် ပြန်တွေ့ပြီလား။ အဲ့ဒါဆိုရင်..."
ဒေါ်အေးမြရိပ်က စကားကို ခဏရပ်လိုက်ပြီး သားဖြစ်သူ၏ ညှိုးငယ်နေသော မျက်ဝန်းများကို အကဲခတ်လိုက်၏။
"အဲ့တာ သား... သားကို ပြန်လက်မခံဘူးလား ကွယ်။"
စိုးရိမ်တကြီး မေးလိုက်သော ဒေါ်အေးမြရိပ် အမေးကြောင့် သခင်ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ...
"သူ့မှာ... ပိုင်ရှင် ရှိနေပြီ မာမီ ... သားလေး တစ်ယောက်တောင် ရနေပြီ...။"
"အို..."
ဒေါ်အေးမြရိပ် ရင်ဘတ်ကို ဖိကာ အာမေဍိတ်သံ ထွက်သွားရသည်။ သူမ၏ မျက်နှာ လုံးဝ ပျက်ယွင်းသွားပြီး သားဖြစ်သူအတွက် သနားလွန်းလှသဖြင့် မျက်ရည်များပင် ဝဲတက်လာရသည်။
" ကျွန်တော် အရမ်း နောက်ကျသွားခဲ့ပြီ။ မဟုတ်ရင်လည်း... ကျွန်တော့်လို လူယုတ်မာတစ်ယောက်ကို သူပြန်လက်ခံမှာ မဟုတ်ပါဘူး။ အခုတော့ ကြိုးစားခွင့်တောင် မရှိတော့ဘူးပေါ့..."
သူမကို အတင်းအဓမ္မ လုယူချင်သည့် စိတ်များ မရှိတော့ပေ။ သူမ သူ့ေကြာင့် လုံလောက်တာထက်ပိုပြီး နာကျင်ခဲ့ရပြီးပါပြီ။
သူမ ပျော်ရွှင်နေတယ်ဆိုရင်... အခြားယောက်ျား တစ်ယောက်ရဲ့ရင်ခွင်ထဲမှာပဲ ဖြစ်နေပါစေ... သူ ကျေနပ်ပါတယ်။
"တန်ဖိုးထားတဲ့သူ လက်ထဲမှာ... သူ ပျော်နေပါတယ်။"
ကျွန်တော် မပေးနိုင်ခဲ့တဲ့ နွေးထွေးမှုတွေကို အဲ့ဒီလူက ပေးထားနိုင်တယ် နေမှာပေါ့။ "
သခင့် အသံက တဖြည်းဖြည်း တိမ်ဝင်သွားကာ စကားပြောနေရင်း ရင်ဘတ်က အောင့်တက်လာ၏။
"ဒီတိုင်း... ဒီတိုင်းလေးပဲ အဝေးကနေ ငေးကြည့်နေရုံလေးနဲ့ပဲ လုံလောက်ပါတယ်... သူပျော်နေတယ်ဆိုရင်ပဲ ကျွန်တော် ကျေနပ်ပါပြီ "
သခင့် စကားများကြောင့် ဒေါ်အေးမြရိပ် မျက်ရည်များ ထိန်းမရတော့ဘဲ ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာကာ အရှေ့မှ ကိုယ်လုံးကြီးအား ရင်ခွင်ထဲသို့ ထွေးပွေ့ထားပေးလိုက်သည်။
"သားရယ်..."
နွေးထွေးသော ရင်ခွင်ထဲ ရောက်သွားချိန်တွင်တော့ သခင်ယောက်ျားတန်မဲ့ ရင်ဘတ်တစ်ခုလုံး တသိမ့်သိမ့် တုန်ယင်လာအောင် အသံတိတ် ငိုချလိုက်တော့သည်။
အပိုင်း (၃၂) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)