Bububai ဝတ္ထု သခင့်စံအိမ် အခန်းစာရင်း

အပိုင်း (၃၀)

အထပ်မြင့် အဆောက်အအုံတစ်ခု၏ ထိပ်ဆုံးထပ်ရှိ သီးသန့် VIP ခန်းထဲတွင် သခင် လက်ထဲ၌ ဝီစကီခွက်ကို ကိုင်ထားပြီး တစ်နေရာရာကို ဆွေးဆွေးမြေ့မြေ့စိုက်ကြည့်နေကာ ကျောပြင်ကို ကြည့်ရုံဖြင့် အထီးကျန်ဆန်မှုများက အတိုင်းသား ပေါ်လွင်နေ၏။

"မင်း စံအိမ့်ကို လိုက်မရှာတော့ဘူးလား။ လက်လျှော့လိုက်ပြီလား။"

ဇေယျက သခင့်အကြောင်းတွေအကုန် သိနေသူပီပီ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

ဇေယျ စကားဆုံးသည်နှင့် သခင့် လက်ထဲမှ ဝီစကီခွက်ကို ကိုင်ထားသော လက်ချောင်းများ ရုတ်တရက် တင်းခနဲဖြစ်သွားကာ နှုတ်ခမ်းထောင့်လေးအားတွန့်ချိုး၍ ခါးသက်သက် ပြုံးလိုက်ကာ ...

"အင်း... ငါ ရပ်လိုက်ပြီ ဇေယျ။"

သခင် အဖြေပြန်ပေးလိုက်ပြီး ဝီစကီကို တစ်ငုံ ငုံလိုက်ကာ မှန်ပြတင်းပေါက်ဘက်သို့ ပြန်လှည့်လိုက်၏။

"ငါ သူ့ကို လွတ်လပ်ခွင့် ပေးလိုက်တာပါ။"

သခင် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်လေသည်။

"လွတ်လပ်ခွင့်"

"ဟုတ်တယ်... သူငါ့ကြောင့် အများကြီး နာကျင်ရပြီးပြီ။

အခုထိ ငါက အတ္တကြီးကြီးနဲ့ သူ့ကို ပြန်ရှာပြီး ငါ့နား ပြန်မခေါ်ထားရက်တော့ပါဘူး။ "

ဒါပေမယ့် တကယ်ရော သူလက်လွှတ်နိုင်နေရဲ့လား

ကားမောင်းရင်း လမ်းဘေးတွင် ဆံပင်ရှည်ရှည် သူမနှင့်တူတဲ့ အရိပ်လေးဖြစ်ဖြစ် တွေ့လိုက်တိုင်း သူ့နှလုံးသားက ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် တဒိတ်ဒိတ် ခုန်လာကာ အရူးတစ်ယောက်လို ပြေးဆင်းကြည့်ခဲ့ရသည့် အကြိမ်ပေါင်းက မရေမတွက်နိုင်ခဲ့ပါ။

ညဘက်တွေလည်း အိပ်မပျော်တာကြောင့် အခုဆို သူအိပ်ဆေးစွဲနေခဲ့ပါပြီ။

သခင် လက်ထဲမှ ဝီစကီများကို တစ်ကျိုက်တည်း အကုန်မော့သောက်လိုက်၏။ လည်ချောင်းတစ်လျှောက် ပူလောင်စွာ စီးဆင်းသွားသော အရက် အရှိန်က သူ့ရင်ဘတ်ထဲမှ တောက်လောင်နေသော အလွမ်းမီးတောက်များကိုတော့ အနည်းငယ်မျှပင် မငြိမ်းသတ်နိုင်ခဲ့ပေ။

လွမ်းတယ် ဆိုသည့် စကားလုံးက အပြောလွယ်သလောက် တကယ့် လက်တွေ့ ခံစားရချိန်တွင်တော့ ရုပ်ပိုင်းဆိုင်ရာအရပါ သေမတတ် နာကျင်ရလွန်းလှပါသည်။

________________

သခင် ဒီနေ့ အလုပ်နည်းနည်းအားတာကြောင့် ရှောပင်းမောတွေဘက်ကို လာစစ်နေခြင်းဖြစ်၏။

ထိုစဉ်...သူ့ အကြည့်များက လူအုပ်ကြားထဲမှ ရင်းနှီးလွန်းနေသော ကျောပြင်ငယ်လေးတစ်ခုဆီသို့ ရုတ်တရက် ရောက်ရှိသွားလေသည်။

အပြာနုရောင် မြန်မာဝမ်းဆက်လေးကို ဝတ်ထားပြီး အရပ်အမောင်း ကိုယ်ဟန်သွင်ပြင်... အရာအားလုံးက သူ နေ့တိုင်း ညတိုင်း အိပ်မက်ထဲထိ လွမ်းဆွတ် ပုံဖော်နေရသည့် စံအိမ်နှင့် တစ်ထပ်တည်း။

သူ့ ရင်ဘတ်ထဲမှ နှလုံးသားတစ်ခုလုံးက အပြင်သို့ ခုန်ထွက်မတတ် "ဒိုင်း" ခနဲ ဆောင့်ခုန်သွားပြီး၊ တစ်ကိုယ်လုံးရှိ သွေးများက ပြောင်းပြန်စီးဆင်းသွားသလို ပူထူသွားရသည်။

ငါးနှစ်လုံးလုံး သူ အရူးအမူး လိုက်ရှာခဲ့ရသော ထိုကျောပြင်လေးကို သူ ဘယ်တော့မှ အမှတ်မှားစရာ အကြောင်းမရှိပေ။

ထို့ထက်ပို၍ သေချာသွားစေသည်က ထိုမိန်းကလေးက ဘေးဘက်ရှိ ကလေးကစားစရာ ဆိုင်လေးဘက်သို့ မျက်နှာတစ်ခြမ်း လှည့်လိုက်ချိန် ဖြစ်သည်။

"စံ... စံအိမ်..."

သခင့် နှုတ်ခမ်းဖျားမှ အက်ကွဲတုန်ရီသော အသံလေးတစ်ခု ထွက်ကျလာ၏။

ဟုတ်ပါတယ် ... သူ့ရဲ့ စံအိမ်... လွန်ခဲ့သော ငါးနှစ်ကထက် အနည်းငယ် ပို၍ ရင့်ကျက်သွားပုံရသော်လည်း၊ သူမရဲ့ အပြစ်ကင်းသော မျက်ဝန်းလေးများကတော့ သူ အရူးအမူး ချစ်ခဲ့ရသည့် စံအိမ် အစစ်အမှန်ပင်။

သူမကို လွတ်လပ်ခွင့် ပေးထားမည်ဆိုသော ဆုံးဖြတ်ချက်များက အခုလို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရချိန်တွင်တော့ အရာမထင်တော့ပေ။ သူ့ခြေထောက်များက သူ့ အသိစိတ်ကို ကျော်လွန်ကာ စံအိမ် ရှိရာဆီသို့ အလိုအလျောက် လှမ်းထွက်သွားခဲ့သည်။

သခင့် နှုတ်ခမ်းထောင့်တွင် ငါးနှစ်တာ ကာလအတွင်း တစ်ခါမှ မဖြစ်ထွန်းခဲ့တဲ့ ဝမ်းသာအားရ အပြုံးတစ်ခု ပေါ်လာကာ မျက်ဝန်းအိမ်တွင်လည်း ကြည်နူးမှု မျက်ရည်များ ရစ်သိုင်းလာတော့၏။

ကိုယ် မင်းကို ရှာတွေ့ပြီ စံအိမ်...

သူ့ခြေလှမ်းများက သူမရှိရာဆီသို့ မသိမသာ ခပ်မြန်မြန် လျှောက်သွားမိကာ သူမနား ရောက်ခါနီးလေးမှာပင် ...

"မေမေ..."

ရုတ်တရက်... လူအုပ်ကြားထဲမှ ကလေးတစ်ယောက်အသံလေးနှင့်အတူ ထိုကလေးလေးက စံအိမ့်ဆီသို့ ပြေးလာကာသူမကို အတင်း ပြေးဖက်လိုက်၏။

ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့ အခိုက်အတန့် ရှေ့သို့ လှမ်းနေသော သခင့် ခြေလှမ်းများက လေထဲတွင်ပင် တုံ့ခနဲ ရပ်တန့်သွားကာ သူ့ အပြုံးများကလည်းပျောက်ကွယ်၍ တစ်ကိုယ်လုံး ကျင်တက်သွားရ၏။

"အို... သားလေး ... ဖြည်းဖြည်း လာပါကွယ် ချော်လဲဦးမယ်...အရုပ်တွေရွေးခဲ့ပြီလား။ "

"ဟုတ် "

"အဲ့တာဆို မေမေတို့ပိုက်ဆံသွားရှင်ရအောင် လာလက်တွဲ..."

စံအိမ်တို့သားအမိ သူ့ရှေ့မှပျောက်ကွယ်သွားသည်အထိ ငေးကြည့်မိကာ သူမကျောပြင်လေး ပျောက်ကွယ်သွားသည်နှင့် သူ့ခြေထောက်များက မခိုင်တော့သလို ယိုင်နဲ့သွားရ၏။

မေမေ... တဲ့လား။

ထိုစကားလုံးလေး နှစ်လုံးက သခင့် နှလုံးသားတစ်ခုလုံးကို မိုးကြိုးပစ်ချလိုက်သလို ထုံကျဉ်သွားရသည်။

စံအိမ့်မှာ... ကလေး... ကလေး ရှိနေပြီတဲ့...

သူ့ နှလုံးသားတစ်ခုလုံး အစိမ်းလိုက် ဆွဲဖြဲခံလိုက်ရသလို နာကျင်လွန်းလှသဖြင့် သူ အသက်ရှူရန်ပင် မေ့လျော့နေမိသည်။

သူမက သူမဟုတ်တဲ့ အခြားသူနဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေခဲ့ပြီပဲ။

နာကျင်လွန်း၍ မျက်ရည်များပင် ထွက်မလာနိုင်တော့ဘဲ မျက်လုံးအိမ်တစ်ခုလုံး ပူနွေးခြောက်ကပ်နေ၏။

_____________

"အဟက်..."

သခင် ဝီစကီပုလင်းကို ပါးစပ်နဲ့တေ့ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ခါးသက်သက် ရယ်မောလိုက်၏။

သူ့အသိထဲတွင် 'မေမေ ' ဆိုတဲ့ အသံလေးနှင့် သူမအပြုံးလေးတွေပဲ ပဲ့တင်ထပ်နေ၏။

" အပြုံးတွေက လှနေလိုက်တာ ... ကိုယ် တန်ဖိုးမထားတတ်ခဲ့တဲ့ ရတနာလေးကို တခြားတစ်ယောက်က နူးနူးညံ့ညံ့လေး ထိန်းသိမ်းပေးထားတာပဲ။ မင်းကို ပိုင်ဆိုင်သွားတဲ့ အဲ့ဒီယောက်ျားက... သိပ်ကံကောင်းပါတယ်။ "

သခင့် အသံက တဖြည်းဖြည်း တိမ်ဝင်သွားပြီး အက်ကွဲလာကာ

လည်ပင်းကြောများ ထောင်ထလာပြီး ရင်ဘတ်ထဲမှ လေကို ခက်ခဲစွာ ရှူထုတ်လိုက်ရသည်။

"ခွပ်... ဝုန်း"

လက်ထဲမှ အရက်ခွက်ကို နံရံဆီသို့ အားကုန်လွှဲပေါက်လိုက်ကာ ကွဲကြေသွားသော သခင် ဖန်ကွဲများကြားသို့ ဒူးထောက်ကျသွားရသည်။

"အား..."

လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို တင်းကျပ်စွာ ဖိဆုပ်ထားပြီး ကြမ်းပြင်ပေါ်သို့ ခေါင်းငုံ့ကာ ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။

________________

ဒီနေ့ စံအိမ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ရုတ်တရက် ဝယ်ယူလိုက်သည့် ရှယ်ယာရှင်အသစ် ရောက်လာမည့်နေ့ ဖြစ်သောကြောင့် MD မှစ၍ ဝန်ထမ်းအားလုံး အထူးတလည် ပြင်ဆင်နေကြရသည်။

"စံအိမ်ရေ... ရှယ်ယာရှင်အသစ်က MD တို့နဲ့အတူ ဓာတ်လှေကားထဲက ထွက်လာပြီတဲ့။ စာရင်းဖိုင်တွေ အစည်းအဝေးခန်းထဲ မြန်မြန် သွားပို့ပေးလိုက်ပါဦး။"

ဌာနမှူး၏ လှမ်းပြောသံကြောင့် စံအိမ် ခေါင်းညိတ်ပြလိုက်ပြီး ဖိုင်တွဲများကို ရင်ခွင်ထဲ ပိုက်ကာ အစည်းအဝေးခန်းမရှိရာသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့လိုက်သည်။

အခန်းထဲရောက်လျှင် ဖိုင်တွဲများကို လူကြီးများ ထိုင်မည့် နေရာအသီးသီးတွင် စနစ်တကျ လိုက်လံချထားပေးရ၏။

ထိုစဉ်... အစည်းအဝေးအခန်းတံခါးပွင့်လာကာ အစည်းအဝေးခန်းထဲ ထိုင်နေကြတဲ့ သူအားလုံးရဲ့ နှုတ်ဆက်သံကိုကြားလိုက်ရတာကြောင့် ဖိုင်တွဲများကို ချနေရင်း အသံကြားရာသို့ လှည့်ကြည့်လိုက်လျှင် စံအိမ့် မျက်လုံးများ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံးရှိ သွေးများ ရုတ်တရက် အေးခဲသွားသလို ခံစားလိုက်ရသည်။

"သ... သခင်..."

အပိုင်း (၃၁) ဆက်ရန် ...

Author -Anna Lynn

« ရှေ့အခန်း - အပိုင်း (၂၉) နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ